အခန်း ( ၁၈၆ )

ကျင့်ကြံခြင်း၏သုခဘုံ

ပိုင်ရှောင်ချန်းမှာသက်ပြင်းချလိုက်ကာ ညမုဆိုး ကိုစာနာမိသွားပြီး သူ၏ပြန်ပေးဆပ်ရန်အသင့်ဖြစ်နေခြင်းကို လေးစားမိသွားသည်။

“သူက သူလျှိုတစ်ယောက်ဖြစ်လာတာ အံ့သြစရာမရှိဘူး။ သူကတကယ်ကို တမူထူးခြားတာပဲ” ထိုမိန်းကလေး၏ မျက်နှာကို ပြန်စဉ်းစားမိပြီးနောက် သက်ပြင်းချလိုက်လေသည်။

များမကြာမီ သူကအခြားအတွင်းစည်းဂိုဏ်းသားများ၏ အင်မော်တယ်ဂူများနှင့်အတူတည်ရှိသော ညမုဆိုး ၏အင်မော်တယ်ဂူထဲသို့ ရောက်သွားလေသည်။ ၎င်းမှာရိုးရိုးဂူတစ်ခုဖြစ်ကာ ပိုင်ရှောင်ချန်းအား ဂိုဏ်းအတွင်းရှိ ညမုဆိုး ၏ဘဝမှာမည်မျှကြမ်းတမ်းကြောင်းကို ပိုမိုရှင်းလင်းစွာနားလည်သွားစေသည်။

ထိုဂူမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ပိုင်ရှောင်ချန်းပိုင်သည့်ဂူ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်သာ ကြီးမားပြီး ရေကန်နှင့် ဆေးဖော်စပ်ရန်အခန်းငယ်များလည်း မရှိပေ။ ထိုဂူမှာ အိပ်ရာနှင့်တရားအားထုတ်ရန်ဖျာသာရှိသည့် ကျောက်တုံးအခန်းတစ်ခုထက်မပိုပေ။

“သူ ဒီလိုပုံစံနဲ့ ဘယ်လိုများရှင်သန်နေခဲ့တာလဲ” သူကတွေးတောလိုက်သည်။ ခေါင်းကိုယမ်းလိုက်ပြီး တရားထိုင်ရန် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်ဖြစ်၍ ညအချိန်မှာ ဂိုဏ်းသားများ ကောင်းမွန်စွာ အနားယူအိပ်စက်နိုင်သည်။

သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ခြားနားလေသည်။ ညဥ့်အချိန်ရောက်လာသော်လည်း ပိုင်ရှောင်ချန်းမှာ လေထုထဲအထိ ပဲ့တင်ထပ်နေသော အော်ဟစ်သံများကိုကြားနေရသေးသည်။ ဂိုဏ်းသားများက တဖန်ပြန်လည်အားပြည့်သန်စွမ်းလာပြီး အချင်းချင်းတိုက်ခိုက်ရန်အမှောင်ထုကိုသုံးကာ အခွင့်အရေးယူနေပုံရသည်။

ဂိုဏ်း၏စည်းမျဉ်းစည်းကမ်းများအရ ဂိုဏ်းသားများမှာ တစ်ဦးကိုတစ်ဦး သတ်ရန် ယူဆမထားကြသော်လည်း အရာအားလုံးကိုခွင့်ပြုထားလေသည်။ ထိုကဲ့သို့သော ဂိုဏ်း၏စစ်မှန်သော ရက်စက်ကြမ်းကြုတ်မှုများမှာ ည၏အမှောင်ထုထဲတွင် တောက်ပနေတော့သည်။

ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ကွဲပြားခြားနားသောပတ်ဝန်းကျင်ကို လိုက်လျောညီထွေရှိအောင်နေရန် ခက်ခဲနေသည်။ အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူက အပြင်ဘက်သို့ မထွက်ဘဲ အင်မော်တယ်ဂူ၏ဝင်ပေါက်တွင် ထောင်ချောက်တချို့ကို ဂရုတစိုက်ထောင်ထားလိုက်သည်။ ထို့နောက်မှသာ သူကနောက်တဆင့်တက်ရန်အတွက် တင်ပျဥ်ခွေကာ တွေးတောဆင်ခြင်နေတော့သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့သွားသည့်တလျှောက် သူက လူလိမ် ညမုဆိုး ကို မေးမြန်းစုံစမ်းမှုများ လုပ်ခဲ့သည်။ ထို့ကြောင့် ထာဝရတည်မြဲခြင်းရတနာများက အလယ်တောင်ထိပ်ဟုခေါ်သော ကြီးမားသည့်လက်၏လက်ခလယ်ပေါ်တွင်တည်ရှိသည်ကိုလေ့လာသိရှိခဲ့သည်။

အလယ်တောင်ထိပ်၏ လက်ချောင်းအထက်ပိုင်းမှာ အကြီးအကဲများ နေထိုင်ရာနေရာဖြစ်ပြီး အတွင်းစည်းဂိုဏ်းသားများအတွက် တားမြစ်ထားသည့်နေရာတစ်ခုဖြစ်သည်။ တကယ်တမ်းတွင် တောင်ထိပ်လေးခုစလုံးမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအတွက်သာ သီးသန့်ဖယ်ထားခြင်းဖြစ်လေသည်။

ညမုဆိုး ကဲ့သို့သောအတွင်းစည်းဂိုဏ်းသားများကို လက်၏နောက်ကျောရှိနေရာတွင်သာကန့်သတ်ထားသည်။

လက်ချောင်းအထက်ပိုင်းကိုမူ သာမန်အကြီးအကဲများနှင့် ဓမ္မအစောင့်အရှောက်များပင် ဝင်ခွင့်မရရှိပေ။

လူလိမ် ညမုဆိုးအနေဖြင့် ရှေးဟောင်းရတနာများအနီးသို့ မချဉ်းကပ်နိုင်ခြင်းအပြင် အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိချင်ခဲ့သည့် အကြောင်းအရင်းများထဲမှတစ်ခုဖြစ်လေသည်။ သို့မှသာ သူကနေထိုင်ရန် တောင်ထိပ်လေးခုအနက်မှ တစ်ခုကိုရွေးနိုင်လိမ့်မည်။

” အခြေခိုင်မာခြင်းအဆင့်က ပထမခြေလှမ်းပဲ” ပိုင်ရှောင်ချန်းက တွေးတောလိုက်သည်။
“ငါက အလယ်တောင်ထိပ်ကိုရွေးချယ်မယ်။ နောက်နှစ်ဆင့်လောက် လုပ်ဆောင်ပြီးရင်.. ဓမ္မအစောင့်အရှောက်ဖြစ်လာမယ်။ ငါက လူသားတာအိုအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံမှာလို့ ဟန်ဆောင်နေရတာ တကယ်ကိုဆိုးတာပဲ။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် ကိုရောက်သွားဖို့က အရမ်းကိုကို့ရို့ကားယားနိုင်တယ်။ ဒီလိုမှမဟုတ်ရင် ငါကအကြီးအကဲတစ်ဦး ဖြစ်လာနိုင်သေးတာပဲ”

” ဓမ္မအစောင့်အရှောက်ဖြစ်လာပြီးရင် ငါက မဟာအကြီးအကဲတစ်ယောက်ဖြစ်ဖို့ကလဲ လိုသေးတယ်။ ဒါက သုံးခုမြောက်ခြေလှမ်းဖြစ်ပြီး နောက်ဆုံးအဆင့်ပဲ။ အဲဒီအချိန်မှာ ငါက မဟာအကြီးအကဲရဲ့ အင်မော်တယ်ဂူအောက်ခြေမှာရှိတဲ့ ထာဝရတည်မြဲခြင်း ရှေးဟောင်းရတနာတွေကို ရနိုင်လိမ့်မယ်”
ပိုင်ရှောင်ချန်းက သက်ပြင်းမောချလိုက်သည်။ သူက ရည်မှန်းချက်များပြည့်မီရန် အချိန်အနည်းငယ်ယူရလိမ့်မည်ကို သိသည်။ သာမန် အတွင်းစည်းဂိုဏ်းသားတစ်ယောက်အဖြစ်မှ အလယ်တောင်ထိပ် ၏ မဟာအကြီးအကဲတစ်ယောက် ဖြစ်သည်အထိ လျှောက်ရမည့်လမ်းမှာ ရှည်လျားပေလိမ့်မည်။ သို့သော် ၎င်းနှင့် ပတ်သက်၍ မဖြစ်နိုင်သည့်အရာမရှိပေ။

ရည်မှန်းချက်ပန်းတိုင်များကို အခိုင်အမာစိတ်ထဲထားပြီးနောက် ပိုင်ရှောင်ချန်းက မျက်လုံးများကိုပိတ်ကာ ကျင့်ကြံခြင်းကိုစတင်လိုက်လေသည်။ သူက ယခုအချိန်တွင် ခရမ်းရောင်ချီကောင်းကင်တံတားကျင့်စဥ်ကိုလျစ်လျူရှုထားကာ ထာဝရအသက်ရှည်နည်းပညာရပ်၏ ထာဝရကောင်းကင်ဘုရင်အပိုင်းကို အာရုံစိုက်လိုက်သည်။

သူက ဤနေရာတွင် ကျင့်ကြံပါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ကျင့်ကြံခြင်းထက် ကွဲပြားခြားနားပါရဲ့လား ဆိုသည်ကိုလွန်စွာသိချင်စိတ်ပြင်းပြလေသည်။

သူက ထာဝရကောင်းကင်ဘုရင်ကို ထုတ်ဖော်လိုက်သည်နှင့်တပြိုင်နက်သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတုံးက ထာဝရကောင်းကင်ဘုရင်ကို ကျင့်ကြံပါက သူ၏သက်စောင့်အားအမြောက်အများကို ဖြုန်းတီးရာရောက်နေသည်။ အဖိုးတန်သောပစ္စည်းများနှင့် ဆေးလုံးများကို အများအပြား မထောက်ပံ့နိုင်ပါက ကျင့်ကြံ၍မရခဲ့ပေ။

သို့သော် သူကဤနေရာတွင် ကျင့်ကြံပြီးနောက်သွေးချီများက မြေပြင်ပေါ်ထကြွလာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသည်။ ထို့နောက် လျင်မြန်စွာပင် သူ၏သက် စောင့်အားကိုပြန်လည်ဖြည့်တင်းခြင်းနှင့် ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်အောင် လုပ်ဆောင်ပေးတော့သည်။

နောက်တစ်နေ့တွင် သူ့ခန္ဓာကိုယ်ထဲသို့ ကြောက်မက်ဖွယ်စီးကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားသည်။ သူက အရင်ကထက်စာလျှင် ပိုမိုအားကောင်းလာကြောင်း ပြောနိုင်သည်။

သူ၏မျက်လုံးမှာ ဖျတ်ခနဲပွင့်လာပြီး ဝမ်းမြောက်ပျော်ရွှင်သည့်အရောင်များလည်း တောက်ပနေသည်။

“ဒီနေရာက သုခဘုံအတိုင်းပဲ” သူက မြေပြင်ပေါ်ကို လူ့ဘီလူးကြီး၏ ထာဝရအရေပြားအားပွတ်နေသကဲ့သို့ ပွတ်သပ်လိုက်လေသည်။ သူ၏စိတ်နှလုံးမှာလည်း စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

“ထာဝရအသက်ရှည်နည်း ပညာရပ်က တကယ်ကို တမူထူးကဲတာပဲ။ ဒီလူ့ဘီလူးကြီးက အထွတ်အထိပ်အဆင့်ရောက်တဲ့အထိ မကျင့်ကြံခဲ့လို့ သေဆုံးခဲ့ရတာပဲနေမှာ…။ သေဆုံးပြီးခဲ့တာတောင်မှ သူ့ရဲ့အလောင်းက နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာတဲ့အထိ ကြွင်းကျန်ရစ်နေတာပဲ။ ဒီကိုယ်က ပုပ်သိုးတာမရှိသလို တခြားအရာတွေလဲမဖြစ်ပဲနဲ့ နောက်ဆုံးတော့ ဂိုဏ်းရဲ့အခြေခံအုတ်မြစ်အဖြစ် အဆုံးသတ်သွားတာပေါ့”

“ဒါက ထာဝရအသက်ရှည်နည်း ပညာရပ်ကဘယ်လောက်တောင် မယုံနိုင်စရာကောင်းလဲဆိုတာ ပြသတာပဲ” ထိုသို့စဥ်းစားမိပြီး သူက ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်တော့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ လေးရက်ကြာသွားသောအခါ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အနည်းငယ် အကျွမ်းတဝင်ဖြစ်သွားစေရန် အပြင်သို့ထွက်လိုက်လေသည်။ သူနေကျအတိုင်း လူလိမ် ညမုဆိုး ကိုအချက်အလက်များမေးမြန်းကာ အတွင်းစည်းဂိုဏ်းသားများ၏ မျက်နှာများကို မှတ်မိစေရန် စတင်လုပ်ဆောင်တော့သည်။

ထို့အပြင်သူ၏ မျက်နှာအမူအယာကိုလည်း ပိုမို၍ ရက်စက်ဟန်ပေါက်အောင် လုပ်ဆောင်လေသည်။ မကြာမီတွင် သူကလူသတ်ငွေ့များ ထွက်ပေါ်လာစေရန်အတွက် အရည်အချင်း အနည်းငယ်လိုအပ်ကြောင်း သဘောပေါက်သွားကာ ချက်ချင်းပင် လေ့ကျင့်တော့သည်။ သူက ရယ်မောသံကိုပင် ယခင်ကထက် ယုတ်မာကောက်ကျစ်ပြီး ကျောရိုးထဲစိမ့်ဝင်လုမတတ် ကြောက်မက်ဖွယ်ကောင်းအောင် အစမ်းလေ့ကျင့်တော့သည်။

သို့သော် ညမုဆိုး မှာ အတွင်းစည်းဂိုဏ်းသားအနေဖြင့်အဆင့်မြင့်နေပြီဖြစ်ပြီး အခြေခိုင်မာခြင်းအဆင့်နှင့်သာ အလှမ်းဝေးနေခြင်းဖြစ်သည်။ လူအများစုစဥ်းစားကြသည့်အတိုင်း သူသာ လူသားတာအို အခြေခိုင်မာခြင်းအဆင့်နီးပါး စွမ်းအားကြီးမားသွားပါက အခြားအတွင်းစည်းဂိုဏ်းသားများက ရန်စရဲတော့မည်ဖြစ်သည်။

နေ့ရက်များကုန်လွန်သွားပြီး တစ်နေ့တွင် ပိုင်ရှောင်ချန်းက ထာဝရကောင်းကင်ဘုရင်ကို သူ၏အင်မော်တယ်ဂူထဲတွင် ကျင့်ကြံနေစဉ်သူ၏မျက်နှာအမူအယာမှာ တစ်ချက်လက်သွားလေသည်။ သူကအန္တရာယ်ရှိပြီး ယုတ်မာကောက်ကျစ်ဟန်ကို လုပ်ယူလိုက်ရင်း စူးရှပြတ်သားသော အကြည့်ဖြင့် အင်မော်တယ်ဂူ၏အပေါက်ဝကို ကြည့်လိုက်လေသည်။

မကြာမီတွင် အပြင်ဘက်မှအသံတစ်သံကိုကြားလိုက်ရသည်။

” ဂိုဏ်းတူညီလေး ညမုဆိုး …ငါပါ။ ကျောက်ဝူချန်းပါ…။ ခဏလောက်ထွက်လာပေးလို့ရမလား”

ပိုင်ရှောင်ချန်းက ချက်ချင်းပင် လူလိမ် ညမုဆိုး အား ကျောက်ဝူချန်းအကြောင်းမေးမြန်းလိုက်သည်။ ထိုသူမှာလည်း မြေခဓားကမ္ဘာသို့သွားခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိလိုက်သည်။

အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ဟန် ပေါ်အောင် တတ်နိုင်သမျှ လုပ်ယူထားလိုက်ရင်း လူသတ်ငွေ့များ ထုတ်ဖော်ထားလျက် အင်မော်တယ်ဂူမှထွက်လာလေသည်။ ဝင်ပေါက်၏မီတာအနည်းငယ်အကွာတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိလေသည်။

” ခင်ဗျား ဘာလိုချင်တာလဲ” ပိုင်ရှောင်ချန်းက အေးစက်စက်မေးလိုက်သည်။ ကျောက်ဝူချန်းက သူ့အားခြုံခိုတိုက်ခိုက်ခဲ့သော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားများအုပ်စုမှတစ်ယောက်ဖြစ်ပြီး ပိုင်ရှောင်ချန်းက သူတို့အားစတင်သတ်ဖြတ်သည့်အခါ အကြောက်လွန်နေသူတစ်ဦးလည်းဖြစ်သည်။

ကျောက်ဝူချန်း၏မျက်နှာမှာ သေလုမတတ်ဖြူဖျော့သွားပြီး တချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်ကာ ခက်ထန်မာကျောပုံပေါက်သွားလေသည်။ သူက အချိန်မရွေး ခုန်အုပ်တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသော ဝံပုလွေနှင့်အလွန်တူသွားသည်။ သူကပိုင်ရှောင်ချန်းအား ခေါင်းအစခြေအဆုံးကြည့်လိုက်ကာ ဝတ်ကျေတန်းကျေပြုံးပြကာ ပြောလိုက်သည်။
” ဂိုဏ်းတူညီလေး ညမုဆိုး… ငါတို့တစ်ယောက်နဲ့တစ်ယောက်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက မင်းကောင်းကောင်းနေနေတယ်ဆိုတာကိုယုံကြည်ပါတယ်”

“ငါဒီမှာ အရေးကြီးကိစ္စရှိလို့တော့မဟုတ်ပါဘူး။ ငါတို့မြေခဓားကမ္ဘာမှာကျရှုံးခဲ့သူတွေက အတူတူစုရုံးပြီး အချက်အလက်တွေဖလှယ်မယ်။ ပြီးတော့ လူသားတာအိုအခြေခိုင်မာခြင်းအဆင့်ကို ဘယ်လိုရောက်အောင် လုပ်ရမယ်ဆိုတာ ဆွေးနွေးကြမှာ…။ အခုဂိုဏ်းတူညီလေးလည်း ပြန်ရောက်ပြီဆိုတော့ သူတို့ကလည်း မင်းကိုလာဖို့ဖိတ်ကြမယ်လို့ ငါထင်တယ်” ကျောက်ဝူချန်းအပါအဝင် မြေခဓားကမ္ဘာမှာကျရှုံးခဲ့သူတိုင်း အလွန်အဆင်မပြေသောအနေအထားတွင်ရောက်နေကြလေသည်။ သူတို့မှာ အတွင်းစည်းဂိုဏ်းနှင့် အခြေခိုင်မာခြင်းအဆင့်ကြားတွင် တစ်နေကာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့်သူတို့မှာ လူသားတာအိုအခြေခိုင်မာခြင်းအဆင့်ကို ရောက်အောင်လုပ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိကြတော့ပေ။

ကံမကောင်းစွာပင် လူသားတာအိုအခြေခိုင်မာခြင်းအဆင့် ရောက်ရှိရန် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးများစွာလိုအပ်ပြီး ထိုကဲ့သို့ဆေးလုံးမျိုးကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ဂိုဏ်းသားများမှာ ခါးသက်စွာပင် စျေးကြီးကြီးပေးဝယ်ကြရလေသည်။ ထို့ကြောင့် မြေခဓားကမ္ဘာမှ အသက်ရှင်ကျန်ရစ်သူများမှာ မဟာမိတ်ဖွဲ့လိုက်ကြသည်။ ထို့အတွက်နှင့် ကျောက်ဝူချန်းမှာ ညမုဆိုး အား သူတို့နှင့်အတူပူးပေါင်းဖို့အတွက် တောင်းဆိုရန်ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်လေသည်။

” အော်…ဟုတ်လား ” ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ ခဏလောက်တွေးတောပြီးနောက် သူကခေါင်းညိတ်လိုက်သည်။ ထိုအဖွဲ့ထဲသို့ဝင်ရောက်ခြင်းက သူ့အတွက်သတင်းအချက်အလက်များရရှိစေပြီး နောက်လာမည့်နေ့များတွင် အကူအညီရစေမှာဖြစ်လေသည်။

ပိုင်ရှောင်ချန်းက သဘောတူလိုက်သည်ကိုတွေ့မြင်ရသည့်အခါ ကျောက်ဝူချန်းက ရယ်မောလိုက်ပြီးနောက် စုရုံးရာနေရာသို့ ဦးဆောင်ကာခေါ်ဆောင်သွားသည်။ သူတို့လမ်းလျှောက်သွားနေစဉ် သူက ပိုင်ရှောင်ချန်းကိုရံဖန်ရံခါကြည့်ကာ ဤ ညမုဆိုး မှာသူသိသည့် ညမုဆိုး နှင့်အတော်လေးကွဲပြားပုံပေါက်သည်ဟု တွေးမိလိုက်သည်။ သူ့ထံမှ ထွက်ပေါ်နေသည့် လူသတ်ငွေ့များမှာ ပိုမိုအားေကာင်းပြီး သူ့မျက်လုံးများရှိ ရက်စက်ကြမ်းကြုတ်ေသာ အကြည့်များက ကျောရိုးထဲထိ စိမ့်တက်သွားရသည်။

” ညမုဆိုး က မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် ကိုတော့မအောင်မြင်လောက်သေးပါဘူး” ကျောက်ဝူချန်းက တွေးတောလိုက်သည်။
“ဒါပေမဲ့ ပိုင်ရှောင်ချန်းဆီကနေ အသက်ရှင်ရက် ပြန်ရောက်လာတာက လွယ်ကူတဲ့အလုပ်မဟုတ်ဘူး” သူတို့က အတန်ကြာလျှောက်လာကြပြီး အချို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ပြောဆိုခဲ့ကြသည်။

သူတို့ကစုရုံးရာနေရာသို့ရောက်ရန် တစ်ဝက်အလိုတွင် ရုတ်တရက် ကောင်းကင်မှာမိုးကြိုးပစ်သံများအလား တဂျုံးဂျုံးမြည်ဟည်းသံများ စတင်ထွက်ပေါ်လာသည်။

ထိုနေရာတွင် သွေးရောင်ရှိသော မြူခိုးငွေ့များမှာ ပင်လယ်မှ ရေလှိုင်းလုံးများကဲ့သို့ တိုးဝှေ့တက်လာလေသည်။ အထက်ကောင်းကင်တွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအများအပြားပျံသန်းကာ ဖြတ်သွားပြီး နေရာတစ်နေရာတွင်ရပ်ကာ သူတို့၏မျက်နှာတွင် လေးစားသည့်အရိပ်အယောင်များ ရှိနေပြီး လမ်းကိုရှင်းလိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ အံ့သြထိတ်လန့်စွာဖြင့်မော့ကြည့်လိုက်သည်။ သူ၏နေရာနှင့် အတန်ငယ်ဝေးသောနေရာတွင် သွေးရောင်အခိုးအငွေ့များကြား သွေးရောင်အဆင်းရှိသော ဝေါယာဥ်တစ်ခုပေါ်လာသည်။ ၎င်းမှာ မီတာသုံးဆယ်ခန့်မြင့်မားကာ လက်စားချေလိုကာ ဒေါသတကြီး အော်ဟစ်နေသော ဝိညာဥ်များက ဝန်းရံထားသည်။

ဝေါယာဥ် ကိုပခုံးပေါ်တင်ကာသယ်ဆောင်လာသောသူများမှာ သုံးမီတာရှည်သော ဂါဂိုလီ နှင့်ဆင်တူသည့် အနက်ရောင်မြူခိုးများထွက်ပေါ်နေသော သရဲရှစ်ကောင်ဖြစ်လေသည်။ သူတို့၏အသားအရေမှာ အစိမ်းရောင်ရှိပြီး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ၏အငွေ့အသက်များနှင့် အေးစက်ပြီးရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ ဖြာထွက်နေကြသည်။

သွေးရောင်အဆင်းရှိ ဝေါယာဥ်၏ တစ်ဖက်တစ်ချက်တွင် သွေးရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော အစေခံများစီတန်းလိုက်ပါလာသည်။ သူတို့မှာ လှပသော်လည်း မျက်နှာမှာ ခံစားချက်ကင်းမဲ့နေကြကာ သူတို့၏လှပသော လက်များတွင် မီးအိမ်များကိုင်ဆောင်ထားကြလေသည်။ သူတို့၏ပုံမှာ သွေးအဆင်းရှိဝေါယာဥ်အတွက် အခိုးအငွေ့များအကြားဖြတ်သွားနိုင်ရန် လမ်းရှင်းပေးနေသကဲ့သို့ ဖြစ်နေသည်။

ထိုမြင်ကွင်းမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းနေလေသည်။

ပိုင်ရှောင်ချန်းက လုံးဝတုန်လှုပ်နေသော်လည်း သူကချက်ချင်းပင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရောက်လာသည်ဟု ယူဆမိလိုက်သည်။ သို့သော်သူက သွေးအဆင်းရှိဝေါယာဥ်အတွင်း၌ ထိုင်နေသူမှာ မိန်းမပျိုတစ်ဦးဖြစ်သည်ကို ချက်ချင်းသဘောပေါက်သိမြင်လိုက်သည်။

သူမက ကတ္တီပါနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ဆံပင်ရှည်များက လေညင်းနှင့်အတူ ညင်သာစွာလွင့်မြောနေသည်။

သူမ၏မျက်နှာမှာ ဇီးပွင့်လေးများဖြင့်အလှဆင်ထားသော သွေးမျက်နှာဖုံးကိုဝတ်ဆင်ထားသောကြောင့် မမြင်ရပေ။

သူမက မေးစေ့လေးအား လက်ဖြင့်ထောက်ကာ အတန်ငယ်ဝေးသောနေရာသို့ ငေးကြည့်လိုက်သည်။

သူမ၏ကျင့်ကြံခြင်းအခြေခံမှာ အခြေခိုင်မာခြင်းအဆင့်တွင်ရှိလေသည်။ သူမဆီမှထွက် ပေါ်နေသော စိတ်စွမ်းအင်ဖိအားများတွင် များပြားလှသောဒီရေစီးကြောင်းများ၏ အရိပ်အယောင်များကိုတွေ့ရပြီး သူမအနားတွင် သွေးရောင်အခိုးအငွေ့များအလိပ်လိပ်ထနေလေသည်။

ဤအခြင်းအရာအရ ထိုမိန်းမပျိုက မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

ပိုင်ရှောင်ချန်းက မျက်လုံးပြူးကာ မနာလိုမိသွားသည်။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ထိုပုံစံမျိုးလှည့်လည်သွားခွင့်မရခဲ့ပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူကို ထိုကဲ့သို့ဆက်ဆံခြင်းက ပိုင်ရှောင်ချန်းအားပင့်သက်ရှိုက်သွားစေသည်။

ကျောက်ဝူချန်းက ပိုင်ရှောင်ချန်းမှာ သွေးအဆင်းရှိဝေါယာဥ်အား ငေးကြည့်နေသည်ကိုမြင်လိုက်ရသောအခါ သူ၏နှလုံးမှာ တဆတ်ဆတ်တုန်သွားလေသည်။

“ဟေးးး။ မင်းသေချင်နေတာလား” သူကတီးတိုးပြောလိုက်သည်။ “မင်းခေါင်းငုံ့ထားပါဟ…။ မင်းဂရုမထားမိခင် သခင်မ​လေး ရွှယ်မေ့က မင်းရဲ့မျက်လုံးတွေကို ဖောက်ပစ်သွားလိမ့်မယ်။ သူမက အထီးကျန်ငရဲနယ်မြေမှာ ဒီရေစီးကြောင်း ကိုးခုအထိ အောင် မြင်ထားတာကွ”

အကယ်၍ ပိုင်ရှောင်ချန်းသာ သူ၏မဟာမိတ်အဖွဲ့ထဲသို့မ၀င်ခဲ့ဘူးဆိုလျှင် သူကထိုသို့ပြောပေးလိမ့်မည်မဟုတ်ပေ။

” သခင်မလေး ရွှယ်မေ့တဲ့လား” ပိုင်ရှောင်ချန်းကရုတ်တရက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏လက်ရွေးစင်များထဲမှ ထိုနာမည်အားပြန်လည်စဥ်းစားလိုက်သည်။ ခေါင်းကိုညွတ်လျက် ထိုနေရာဝန်းကျင်ရှိဂိုဏ်းသားများကိုကြည့်လိုက်ရာ သူ့နည်းတူ လူအားလုံး အရိုအသေပေးနေသည်ကို တွေ့လိုက်ရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset