သွေးမုန်တိုင်းပညာရပ် သည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏အလယ်တောင်ထိပ်မှ မှော်ပညာရပ်တစ်ခု ဖြစ်သည်။ ထို့အပြင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကသာလျှင် သွေးမုန်တိုင်းပညာရပ် ကို အပြည့်အဝထုတ်လွှတ်နိုင်သည်။ သို့သော် စုန့်ချွဲသည် ချီစွမ်းအင်စုစည်းမှုဂိုဏ်းသားဘဝကတည်းကပင် ထိုပညာရပ်ကို အနည်းငယ် အသုံးပြုနိုင်နေပြီဖြစ်သည်။ ယခုအခါ သူသည် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်နေပြီဖြစ်ရာ ထိုပညာရပ်ကိုအပြည့်အဝအသုံးပြုနိုင်နေလေပြီ။
( ကျုံးဖုန်ဆိုတာ မြန်မာလို အလယ်လို့ အဓိပ္ပါယ်ထွက်သောကြောင့် နောက်ပိုင်း ကျုံးဖုန်တောင်ထိပ်နေရာတွင် အလယ်တောင်ထိပ်ဟု သုံးနှုန်းသွားပါမည် )
ထိုကျင့်စဥ်၏ပထမပုံစံကပင် ကြောက်လန့်ဖွယ်ရာဖြစ်လေသည်။ ဓားသည် ခုတ်ပိုင်းချလိုက်ပြီး သွေးရောင်တောက်နေသောဓား၏အလင်းရောင်တန်းသည် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ တစ်ခုတည်းသောအရာကဲ့သို့ ပတ်ဝန်းကျင်ရှိအရာအားလုံးကိုကျော်လွန်ကာ ပိုင်ရှောင်ချန်းကို ပိုင်းချလိုက်လေ၏။
အနီးကပ်လေ့လာကြည့်ရှုလျှင် သွေးရောင်ဓားသည် တောက်ပပြီးပြိုးပြိုးပြက်ပြက်လင်းလက်နေသော ဓားချီစီးကြောင်းတစ်ခုဖြစ်ကာ အရာအားလုံးကိုလှီးဖြတ်နိုင်ပုံပေါ်လေသည်။ ပိုင်ရှောင်ချန်း၏ သစ်သားဓားက ထိုဓားကိုပိတ်ပင်တားဆီးရန်ကြိုးစားလိုက်သောအခါတွင် သစ်သားဓားသည် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားလေတော့၏။ သစ်သားဓားသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးကြိမ်ပြုလုပ်ထားသော်လည်း ချက်ချင်းပင်ပျက်စီးသွားလေတော့သည်။
ရွှေကျီးကန်းဓားသည် အရည်အသွေးပိုမိုကောင်းမွန်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးကြိမ်ပြုလုပ်ထားပြီးသားဖြစ်သည်။ သွေးဓားသည် ရွှေကျီးကန်းဓားကိုတိုက်မိသောအခါ ရွှေကျီးကန်းဓားသည် ဘေးသို့လွင့်စဥ်ထွက်သွားလေ၏။
စုန့်ချွဲသည် မိမိကိုယ်ကိုယုံကြည်မှုများအထွတ်အထိပ်ရောက်လျက် ရူးသွပ်စွာဟစ်ကြွေးလိုက်သည်။ သူနှင့်ပိုင်ရှောင်ချန်းတို့ ပထမဆုံးအကြိမ်တိုက်ခိုက်ကြစဥ်က သူ၏ကျင့်ကြံခြင်းအခြေခံမလုံလောက်မှုကြောင့် ဤ ပြောင်းပြန်သွေးဓားပုံစံကိုအသုံးမပြုနိုင်ခဲ့ပေ။ ယခုအခါတွင်မူ ဤပုံစံကို အသုံးပြုနိုင်နေပြီဖြစ်သည်။
ထိုပုံစံသည် သူ၏အလွန်အစွမ်းကြီးမားသောဝှက်ဖဲတစ်ချပ်ဖြစ်ကာ ထိုဝှက်ဖဲသည်အလုပ်ဖြစ်ကြောင်းသေချာစေရန် သူ၏နောက်ဆုံးလက်ကျန်အဖိုးတန်သွေးလုံးကိုပင် ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ရန်အသုံးပြုခဲ့လေ၏။ ထို့နောက်မှသာ သူသည် ပြောင်းပြန်သွေးဓားပုံစံကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။
ထိုအခါမှသာ သူသည်အောင်မြင်နိုင်သည်ကို လုံးဝသေချာသွားလေ၏။
” ကျုပ်ကို ကောင်းကင်စီးကြောင်းစွမ်းအင်ပေးမလား… အသေခံမလား…”
ကျင့်ကြံသူများယှဥ်ပြိုင်တိုက်ခိုက်ကြရာ၌ အကြံအစည်နှင့်လှည့်ကွက်များကို တစ်ခါတရံတွင်မဖြစ်မနေအသုံးပြုရလေသည်။ တစ်ချို့အချိန်တွေကျတော့လည်း ထိုမျှလောက်စဥ်းစားတွေးတောနေရန်မလိုအပ်ချေ။ တစ်ခါတရံတွင် ပြိုင်ဘက်ကိုအားနည်းအောင်လုပ်ကာ မိမိ၏အကောင်းဆုံးတိုက်ကွက်ကိုထုတ်သုံးရန်လိုအပ်ပေသည်။
စုန့်ချွဲသည် သူ၏လျှို့ဝှက်ပြန်လည်သက်သာနိုင်စွမ်းအားကြောင့် သူ၏ဒဏ်ရာများကိုအချိန်တိုအတွင်း ကုသပျောက်ကင်းနိုင်လိမ့်မည်ဟု အလွန်အမင်းယုံကြည်နေသည်။ သူ၏တိုက်ပွဲစွမ်းရည်အပြည့်အဝကိုပြန်ရသည်နှင့် သူ့အတွက်အောင်နိုင်မှုရရှိရန် အခက်အခဲမရှိတော့သည်မှာ လုံးဝသေချာနေလေသည်။
သို့သော် ပိုင်ရှောင်ချန်းသည် သူ၏ဓားအရေးနိမ့်သွားသော်လည်း သူ့ မျက်လုံးထဲတွင်ထူးဆန်းသော အရိပ်အယောင်တစ်ခု လက်သွားသည်။ ဤသွေးဓားနှင့်ပက်သတ်၍ ထူးခြားမှုတစ်ခုခုရှိနေသည်မှန်သော်လည်း ထိုအကြောင်းအရာကို ချင့်ချိန်တွေးတောနေဖို့အချိန်မရှိပေ။ သူ၏ကိုယ်မှထွက်နေသောမှေးမှိန်စပြုနေသည့်ရွှေရောင်အလင်းသည် ရုတ်တရက်အားပြင်းလာကာ သူ၏လက်နှစ်ချောင်းသည်လည်း စုန့်ချွဲ၏လည်မျိုကို ဦးတည်တိုက်ခိုက်လိုက်လေသည်။
သူသည် နှစ်ဦးနှစ်ဖက်လုံးအရှုံးဖြင့်တိုက်ပွဲကိုသိမ်းချင်နေသည်မှာ သိသာထင်ရှားနေလေသည်။
စုန့်ချွဲ၏မျက်နှာ လှုပ်ခတ်သွားပြီး ဆိုးရွားစွာ ရှုံ့မဲ့သွားသည်။ ရှောင်တိမ်းသွားခြင်းမပြုပဲ သူသည်အရှိန်အဟုန်မြှင့်လျက် ဆက်လက်တိုက်ခိုက်လေ၏။ သွေးဓားသည် ပိုင်ရှောင်ချန်း၏ပုခုံးပေါ်သို့ကျလာသည်နှင့်တပြိုင်နက် ပိုင်ရှောင်ချန်း၏လက်နှစ်ချောင်းသည်လည်း စုန့်ချွဲ၏လည်မျိုသို့ရောက်ရှိလာလေသည်။
အက်ကွဲသံတစ်ခုပေါ်ထွက်လာပြီး စုန့်ချွဲ၏လည်ပင်းသည်မှုန်ဝါးဝါးဖြစ်သွားကာ လည်ပင်း၏ပုံရိပ်သာကျန်နေခဲ့လေ၏။ ပိုင်ရှောင်ချန်း၏ တိုက်ခိုက်မှုသည် စုန့်ချွဲကိုမထိပဲ လေကိုသာတိုက်ခိုက်မိနေလေသည်။ တချိန်တည်းမှာပင် စုန့်ချွဲ၏ဓားသည် ပိုင်ရှောင်ချန်း၏ပုခုံးပေါ်သို့ကျရောက်လာရာ ရွှေရောင်အလင်းတန်းများပေါက်ကွဲထွက်လာလေတော့သည်။ သူ၏ထာဝရရွှေအရေပြားမှအစွမ်းများအားလုံးသည် ဓား၏တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရန်ပြုလုပ်လေတော့သည်။ ဓားသည် ပိုင်ရှောင်ချန်းကိုထိခိုက်မှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့ချေ။ ဓား၏အစွမ်းသည် ပိုင်ရှောင်ချန်း၏ခုခံကာကွယ်မှုအစွမ်းကိုမယှဥ်နိုင်သည်မှာ သိသာလေသည်။
စုန့်ချွဲနှင့် ပိုင်ရှောင်ချန်းတို့နှစ်ယောက်လုံး ကြက်သေသေနေကြသည်။ သို့သော် နှစ်ယောက်လုံးတုံ့ဆိုင်းမနေကြပေ။ သူတို့နှစ်ယောက်လုံးသည် အသေအချာပြီးပြည့်စုံအောင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိနေကြလေရာ သူတို့၏ရှိသမျှပညာရပ်များကို အစွမ်းကုန်ထုတ်သုံးနေကြလေ၏။
” သွေးပြောင်းပြန်တံဆိပ်တော် ” စုန့်ချွဲက အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏သွေးဓားချီသည်ပြိုလဲသွားပြီး မရေမတွက်နိုင်သောသွေးရောင်ချိပ်ပိတ်အမှတ်အသားများအဖြစ်ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းဆီသို့ဦးတည်ပျံသန်းသွားပြီး ပေါက်ကွဲသွားလေတော့သည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏လည်မျိုဖမ်းဆုပ်ကွက်သည် မန္တန်လက်ကွက်တစ်ခုအဖြစ်သို့ပြောင်းလဲသွားလေသည်။ သူ၏လက်ကိုစုန့်ချွဲထံဝှေ့ယမ်းကာ ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်း ပညာရပ်၏အစွမ်းများကို ထုတ်လွှတ်လိုက်လေ၏။ သူသည် ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်း ပညာရပ်ကိုရော လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့ပညာရပ်ကိုပါ အသုံးမပြုခဲ့ပေ။ သူသုံးခဲ့သည်မှာ အကြိမ်ကြိမ်အခါခါကျရှုံးခဲ့သော်လည်း လုံးဝလက်မလျော့ခဲ့သော လူသားထိန်းချုပ်နည်းမဟာမှော်ပညာရပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။
မြောက်ပိုင်းဂိုဏ်းမှာတုန်းက သူ၏လူသားထိန်းချုပ်နည်းမဟာမှော်ပညာကို ပြီးပြည့်စုံအောင်မကျင့်ကြံနိုင်ခဲ့ချေ။ တိရစ္ဆာန်အသေးလေးများအပေါ်တွင်ပင် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပဲ သူတို့၏ခြေချောင်းလက်ချောင်းလေးများကိုသာ ဦးတည်ရာမဲ့ရွေ့လျားအောင်ပြုလုပ်နိုင်ခဲ့ပေသည်။
သို့သော် ယခုအချိန်တွင် သူလိုချင်နေသည်မှာလည်း အပြည့်အဝထိန်းချုပ်နိုင်ရန်မဟုတ်ပဲ ကြုံရာကျပန်းအကျိုးသက်ရောက်မှုတစ်ခုခုပင်ဖြစ်သည်။
လူသားထိန်းချုပ်နည်း မဟာမှော်ပညာကိုထုတ်ဖော်လိုက်သည်နှင့် စုန့်ချွဲ၏လက်များနှင့်ခြေထောက်များသည် တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေမဖြစ်တော့ပေ။ သူ၏အနောက်ဘက်မှတစ်စုံတစ်ယောက်က ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်သလိုခံစားလိုက်ရပြီး ယိမ်းယိုင်သွားကာ လဲကျတော့မလိုပင်ဖြစ်သွားလေသည်။ သူ၏ခန္ဓာကိုယ်သည် တစ်စုံတစ်ခု၏လွှမ်းမိုးခြင်းကိုခံနေရကြောင်း သိလိုက်ရပြီးနောက် သူ၏မျက်နှာအမူအရာမှာအရောင်လက်သွားလေ၏။ ထို့အပြင် ပိုင်ရှောင်ချန်းသည် သူ၏ ဒန်တျန် ကိုဦးတည်ကာ ထပ်မံတိုက်ခိုက်နေလေပြီ။
ထိုအရာအားလုံးကို ပြန်လည်ပြောပြရန်အချိန်အနည်းငယ်ယူရပေလိမ့်မည်။ သို့သော် ထိုအဖြစ်အပျက်များသည် မီးခတ်ကျောက်မှမီးပွားကလေးလွင့်စင်လာသည့်အချိန်ပိုင်းလေးအတွင်းမှာပင်ဖြစ်ပွားခဲ့လေသည်။ ပိုင်ရှောင်ချန်းပတ်ပတ်လည်တွင် သွေးတံဆိပ်တော် များပေါက်ကွဲသွားသည်နှင့် တဝုန်းဝုန်းအသံများထွက်ပေါ်လာကာ ပိုင်ရှောင်ချန်း၏ပါးစပ်ထဲမှ သွေးများအန်ထွက်လာလေ၏။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် စုန့်ချွဲ၏ ဒန်တျန်ရှိရာ ဝမ်းဗိုက်နေရာသို့ လည်မျိုဖမ်းဆုပ်ကွက်ကိုသုံးကာ တိုက်ခိုက်လိုက်လေ၏။
ဒန်တျန်နေရာ သည် လွန်စွာမှအရေးကြီးသည်ဖြစ်ရာ စုန့်ချွဲသည်အလွန်အမင်းကြောက်လန့်သွားလေသည်။ တစ်ချက်လောက်အထိုးခံလိုက်ရရုံနှင့်သေမသွားနိုင်သော်လည်း ထိုနေရာတွင်သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များနှင့် ကောင်းကင်စီးကြောင်းစွမ်းအင်တို့တည်ရှိပေသည်။ သူသည်ဘေးသို့လှည့်ရှောင်ရန်ကြိုးစားလိုက်သော်လည်း ပိုင်ရှောင်ချန်း၏လည်မျိုဖမ်းဆုပ်ကွက်သည်ရုတ်တရက်နောက်မှအားပြင်းစွာလိုက်ပါလာလေ၏။
ချက်ချင်းပင် လည်မျိုဖမ်းဆုပ်ကွက်၏အစွမ်းများဖြင့်အားဖြည့်ထားသော ပိုင်ရှောင်ချန်း၏ညာလက်သည် စုန့်ချွဲ၏ဝမ်းဗိုက်ကိုလှမ်းရိုက်လိုက်ရာ စုန့်ချွဲ၏အသွေးနှင့်အသားကိုဖောက်ထွင်းသွားပြီး သူ၏ ဒန်တျန် ထဲရှိ စိတ်စွမ်းအင်ပင်လယ်ပြင်များအထိပါ ဖောက်ထွက်သွားလေ၏။
စုန့်ချွဲသည် မချိမဆံ့အော်ဟစ်လိုက်လေ၏။ အကယ်၍ ပိုင်ရှောင်ချန်းသာ လည်မျိုဖမ်းဆုပ်ကွက်၏အစွမ်းများဖြင့် သူ၏လက်ချောင်းများကိုဆွဲညှစ်လိုက်ပါက စုန့်ချွဲ၏စိတ်စွမ်းအင်ပင်လယ်ပြင်များပျက်စီးသွားနိုင်လေသည်။
ထိုအခြေအနေသို့ရောက်ရှိနေသော သာမန်လူဘယ်သူမဆို သူတို့ကိုယ်သူတို့ကာကွယ်ရန် စိတ်ထဲတွင်ရှင်းလင်းပြတ်သားနေလိမ့်မည်မဟုတ်ပေ။ သူတို့သည် စိတ်စွမ်းအင်ပင်လယ်ပြင်များ ပျက်စီးတော့မည့် ကံကြမ္မာကို လွန်ဆန်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် စုန့်ချွဲသည်ကား သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နံပါတ်တစ်လက်ရွေးစင်ဖြစ်လေသည်။ သူသည် သာမန်လူတစ်ယောက်မဟုတ်ပေ။
ထူးထူးခြားခြားဒုက္ခကြုံနေရခြင်းဖြစ်သော်လည်း သူသည် ပြတ်သားနေလေသည်။ ထို့ကြောင့်ပင် သူသည်ခန္ဓာကိုယ်ထဲရှိ ကောင်းကင်စီးကြောင်းစွမ်းအင်အားလုံးကို သူ၏ ဒန်တျန်နေရာ နှင့် ပိုင်ရှောင်ချန်း၏ညာလက်ရှိရာသို့ တဟုန်ထိုးပို့လွှတ်လိုက်လေသည်။
သူသည် ကောင်းကင်စီးကြောင်းစွမ်းအင်ကို တိုက်ခိုက်မှုတစ်ခုအနေဖြင့်အသုံးချလိုက်ခြင်းဖြစ်သည်။ ပြင်းထန်သောစွမ်းအားတစ်ခုကသူ၏ ဒန်တျန်နေရာ ကိုရိုက်ခတ်သွားလေရာ စိတ်စွမ်းအင်ပင်လယ်ပြင်ရှစ်ခုလုံးအက်ကွဲသွားသည်နှင့်အတူ အက်ကွဲသံများပေါ်ထွက်လာလေတော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ညာဘက်လက်ပေါ်သို့ ကြီးမားပြင်းထန်သောစွမ်းအားတစ်ခုပေါက်ကွဲထွက်လာလေ၏။
စုန့်ချွဲသည် ပိုင်ရှောင်ချန်း၏လက်ကိုဖယ်ထုတ်ပစ်ရန်အတွက် ကောင်းကင်စီးကြောင်းစွမ်းအင်များကိုစွန့်လွှတ်ပစ်နေပြီး သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များကိုပင်ဖျက်ဆီးပစ်နေသည်။ ကံကောင်းသည်မှာ သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များသည် ပျက်စီးမသွားပေ။ မျက်နှာတစ်ခုလုံးဖြူဖပ်ဖြူရော်ဖြစ်နေကာ သွေးများပွက်ပွက်အန်နေလျက် စုန့်ချွဲသည်ထပ်မံတုန့်ဆိုင်းမနေတော့ပဲ အလျင်အမြန်ပင်ထွက်ပြေးလေတော့သည်။
ဒဏ်ရာများရထားကာ အင်အားနည်းနေသည့်ကြားထဲမှပင် သူသည်ကျောက်စိမ်းပြား တစ်ခုကိုထုတ်ယူလိုက်ကာ ပြင်းပြင်းထန်ထန်ထုချေလိုက်လေ၏။ ချက်ချင်းပင် မြေခဓားကမ္ဘာ၏နေရာအနှံ့အပြား၌ သူချိတ်ဆက်ထားခဲ့သော စွမ်းအင်အမှတ်အသားများ စတင်အက်ကွဲစပြုလာလေ၏။
အက်ကွဲကြောင်းများသည် ဓား၏မျက်နှာပြင်တစ်လျှောက်တွင် လျင်မြန်စွာပျံနှံ့သွားလေ၏။ နဂိုအတိုင်းဆိုလျှင် စုန့်ချွဲသည် ထိုသို့ဖြစ်လာအောင်လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ဧရာမဓားကြီးတစ်ခုလုံးသည် အချိန်အကြာကြီးအကောင်းပကတိအတိုင်းရှိနေသည်မှာ ကောင်းကင်စီးကြောင်းစွမ်းအင်ကြောင့်ဖြစ်သည်။ ယခုအခါ ကောင်းကင်စီးကြောင်းစွမ်းအင်များမရှိတော့လေရာ ဓား၏အစွမ်းများသည်လျော့ကျလာပြီဖြစ်သည်။ ဓားသည် နဂိုကမှဘေးတိုက်ထောင်ထားသည်ဖြစ်ရာ ယခုအခါတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ထူးဆန်းသောမန္တန်အစီအရင်ကိုအသက်သွင်းလိုက်လေရာ ဓားသည်ပြိုကျလာလေတော့၏။
ပိုင်ရှောင်ချန်းသည် တောက်ပသောမျက်လုံးများဖြင့် သူ၏လက်ထဲရှိကောင်းကင်စီးကြောင်းစွမ်းအင်များကို စူးစမ်းကြည့်ရှုနေသည်။ ထို့နောက် ထပ်မံတုံ့ဆိုင်းမနေတော့ပဲ သူ၏လက်မှတစ်ဆင့် ထိုစွမ်းအင်များကိုစုပ်ယူလိုက်လေ၏။ ထိုစွမ်းအင်များ သူ၏ဒန်တျန်နေရာ ထဲသို့စီးဝင်သွားကာ ယခင်ရှိနေပြီးသား ကောင်းကင်စီးကြောင်းစွမ်းအင်များနှင့်ပေါင်းစည်းသွားသောအခါတွင် ကောင်းကင်ကိုတုန်လှုပ်စေပြီး မြေပြင်တစ်ခုလုံးလဲပြိုသွားစေနိုင်သောစွမ်းအင်များ သူ၏ကိုယ်တွင်းမှပေါ်ထွက်လာလေ၏။
ထူးထူးခြားခြားသန့်စင်မွန်မြတ်သော၊ တောင်များကိုဖျက်ဆီးပစ်နိုင်ပြီး ပင်လယ်ပြင်များကိုခမ်းခြောက်သွားစေနိုင်သော ကောင်းကင်တာအိုအငွေ့အသက်တစ်ခုပထွက်ပေါ်လာလေသည်။ ထိုအငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးပြည့်နှက်နေကာ တကွဲတပြားဖြစ်နေသောဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းသားလက်ကျန်များကို လုံးလုံးလျားလျားတုန်လှုပ်ချောက်ချားသွားစေလေ၏။ အငွေ့အသက်ထွက်ပေါ်လာသည့်ဘက်ဆီမှပင် ဧရာမမျက်နှာကြီးတစ်ခု လေထဲတွင်ပေါ်ထွက်လာသည်မှာ စိတ်ချောက်ချားဖွယ်ရာဖြစ်နေလေသည်။
ထိုမျက်နှာသည် ပိုင်ရှောင်ချန်း၏မျက်နှာပင်ဖြစ်သည်။
“ပိုင်ရှောင်ချန်းဟာ… ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားပြီပဲ။”
အဝေးတစ်နေရာတွင် စုန့်ချွဲသည်ပြေးလွှားနေရင်းမှ ပါးစပ်ထဲရှိသွေးများကိုထွေးထုတ်နေသည်။ အဖြစ်အပျက်အလုံးစုံကို သူတွေ့မြင်သွားသောအခါ ပိုင်ရှောင်ချန်း၏မျက်နှာအကြီးစားကို မုန်းတီးစွာဖြင့်မော့ကြည့်နေလေ၏။ ရဲရဲတောက်နေသောမျက်လုံးများဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရာ သူ၏လက်သီးများသည် သူ၏အရေပြားထဲသို့ပင်ပြန်စိုက်ဝင်သွားလေတော့သည်။ သွေးများတစက်စက်စီးကျလာနေသော်လည်း စုန့်ချွဲသည်လုံးဝသတိမထားမိပေ။
“ပိုင်… ရှောင်… ချန်း…”
လူအများဝေခွဲမရဖြစ်လျက် တုန်လှုပ်ချောက်ချားစွာကြည့်နေစဥ်မှာပင် ပိုင်ရှောင်ချန်း၏ ဒန်တျန်နေရာ ထဲရှိ ကောင်းကင်တာအိုအငွေ့အသက်သည် ပို၍အားကောင်းသန်မာလာလေ၏။ သူ၏စိတ်စွမ်းအင်ပင်လယ်ကိုးခုသည် လျင်မြန်စွာရွှေရောင်ပြောင်းသွားလေသည်။ ထိုသို့ရွှေရောင်ပြောင်းရန်မှာ သာမန်အားဖြင့်ရက်အနည်းငယ်မျှကြာမြင့်တတ်လေသည်။ ထိုသို့ စိတ်စွမ်းအင်ပင်လယ်ပြင်များလုံးဝရွှေရောင်ပြောင်းသွားချင်သည် အဓိပ္ပာယ်တစ်ခုတည်းသာရှိပေသည်။ ပိုင်ရှောင်ချန်းသည် အမှန်တကယ်ပင်…
ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိသွားခဲ့လေပြီ။
ထိုအခါတွင် သူ၏ကျင့်ကြံခြင်းအခြေ၊ သူ၏ပုန်းအောင်းနေသောအစွမ်းများ၊ သူ၏အသက်ပိုရှည်ခြင်း အားလုံးသည် ချက်ချင်းပင်အဆင့်မြင့်တက်သွားကြလေ၏။ တချိန်တည်းမှာပင် မြေခဓားကမ္ဘာထဲ၌ အလွန်အရေးပါသောအရာတစ်ခုဖြစ်ပျက်နေသည်ကို သူခံစားသိလိုက်ရလေ၏။ ပို၍အံ့အားသင့်ဖွယ်ကောင်းနေသည်မှာ ယခုတည်ရှိနေသောမိုးကောင်းကင်၏အလွန်တွင် ပို၍ရှေးကျသောကောင်းကင်နှင့်မြေကြီးတို့ရှိနေသည်ဟု ဘာကြောင့်မှန်းမသိခံစားနေရသည်။ ထိုကောင်းကင်နှင့်မြေကြီးသည် ကမ္ဘာဦးကဲ့သို့ ထူးခြားစွာ ရှေးဆန်နေသည်။
ထိုခံစားချက်သည် စက္ကန့်ပိုင်းမျှသာခံလိုက်ပြီး ပျောက်ကွယ်သွားလေသည်။ အစက ပိုင်ရှောင်ချန်းသည် စုန့်ချွဲနောက်သို့လိုက်ကာ အားနည်းနေသည်ကိုအခွင့်ကောင်းယူပြီး သတ်ပစ်ရန်လုပ်နေသေးသည်။ သို့သော် စုန့်ချွဲသည်ကျောက်စိမ်းပြားကိုထုချေလိုက်ပြီး စွမ်းအင်အမှတ်အသားများကိုဖျက်ဆီးပစ်လိုက်လေရာ မြေခဓားကမ္ဘာတစ်ခုလုံးရှိအရာအားလုံးသည် ပြောင်းလဲကုန်လေ၏။
မိုးခြိမ်းသံကဲ့သို့ကျယ်လောင်ပြင်းထန်လှသော အက်ကွဲသံများပေါ်ထွက်လာလေ၏။ မိုးကောင်းကင်နှင့် မြေပြင်ပေါ်တွင် ကြီးမားသောအက်ကွဲကြောင်းကြီးများ နေရာအနှံ့ပေါ်ထွက်လာလေ၏။ တောင်များစတင်ပြိုကျလာကာ လွင်ပြင်များစတင်အက်ကွဲကုန်လေ၏။ အရာအားလုံးပြိုကျပျက်စီးလာနေပြီဖြစ်သည်။
ဂိုဏ်းသားများအားလုံး တုန်လှုပ်ချောက်ချားနေကြလေပြီ။
ကမ္ဘာကြီးတစ်ခုလုံးလည်း ပြိုလဲကျနေလေပြီ။
“ဒါမကောင်းတော့ဘူးကွ… ဘာတွေဖြစ်နေတာလဲမသိဘူး။”
“ဘုရားရေ… မြေခဓားကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးတော့မှာလား။
ထိုအချိန်တွင် မြေခဓားချောက်၏အပြင်ဘက်၌ မြွေအကြေးခွံဆရာ၊ အူယန်ကျဲတို့အပြင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှ အကြီးအကဲများအားလုံးတို့သည် တင်ပျဥ်ခွေထိုင်လျက် တရားအားထုတ်နေကြလေသည်။ မြင့်မြတ်သောနယ်မြေ ပြန်ပွင့်လာရန်မှာ အချိန်တစ်လခန့်ကျန်ရှိနေသေးသည်။ ရုတ်တရက် သူတို့၏မျက်နှာများ အရောင်လက်လာပြီး ဓားကြီးရှိရာသို့ အားလုံးလှမ်းကြည့်လိုက်ကြလေ၏။
ဓား၏မျက်နှာပြင်တွင် ဖြန့်ကျက်ပေါ်ထွက်လာနေသော ကြီးမားသောအက်ကွဲကြောင်းကြီးများကို မြင်နေရလေပြီ။
“ဘာတွေများဖြစ်ကုန်ပြီလဲ…”
“မြေခဓားက တစ်စစီကွဲနေပါလား…”
“ဒုက္ခပါပဲ… ကျုပ်တို့လဲအထဲမဝင်နိုင်တော့ဘူး။” သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး ဧရာမဓားကြီးသည် အမှန်တကယ်ပြိုလဲကျတော့မည်ကို မယုံနိုင်ဖြစ်နေသည်။
သူတို့သည် ဓားထဲကိုဝင်ဖို့ကြိုးစားကြည့်သော်လည်း ဝင်၍မရပေ။
သူတို့လေးဦးလုံးသည် အကြောင်းအရာတစ်ခုတည်းကိုပင် တွေးနေမိကြသည်။ “ဓားကိုစတင်ရှာဖွေတွေ့ရှိခဲ့စဥ်တုန်းက ဂိုဏ်းလေးဂိုဏ်းရဲ့ခေါင်းဆောင်ကြီးတွေဟာ တည်နေရာပြောင်းရွှေ့အစီအရင်တွေ တပ်ဆင်ထားခဲ့ကြတယ်။ ဓားကမ္ဘာသာပြိုကျခဲ့လို့ရှိရင် အဲဒါတွေ အသက်ဝင်လာလိမ့်မယ်။ ဒါပေမယ့် ဂိုဏ်းသားတွေက ဂိုဏ်းကိုပဲပြန်ရောက်လာမလား… ဒါမှမဟုတ် ဘယ်နေရာကိုရောက်သွားမလဲဆိုတာကတော့ ကျုပ်တို့လဲမသိနိုင်ဘူး။”
မြေခဓားကမ္ဘာထဲတွင် မြေကြီးသည်ဆက်လက်ပြိုကျနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဧရာမမန္တန်အစီအရင်လေးခုပေါ်ထွက်လာပြီး တည်နေရာပြောင်းရွှေ့ခြင်းအစွမ်းများပေါက်ကွဲထွက်လာလေရာ ဂိုဏ်းသားအားလုံးကိုထိခတ်သွားလေ၏။
မတူညီသောဂိုဏ်းများမှဂိုဏ်းသားများသည် ကျင့်ကြံသည့်ပညာရပ်များမှာလည်းမတူကွဲပြားကြလေရာ သူတို့၏အငွေ့အသက်များသည်လည်း တစ်ယောက်နှင့်တစ်ယောက်ကွဲပြားခြားနားကြလေသည်။ ထို့ကြောင့်ပင် မတူညီသောအစီအရင်များက သူတို့ကိုတည်နေရာပြောင်းရွှေ့ပေးလိုက်လေ၏။
ဂိုဏ်းသားများကို တည်နေရာပြောင်းရွှေ့ခြင်းအစွမ်းများက လွှမ်းခြုံသွားကာ တစ်ယောက်ချင်းအလျင်အမြန်သယ်ဆောင်သွားလေတော့သည်။ ပိုင်ရှောင်ချန်းလည်းအပါအဝင်ဖြစ်သည်။ အလျင်အမြန်ဖြစ်ပျက်သွားသောကြောက်မက်ဖွယ်ရာကပ်ဘေးကိုကြည့်ရှုလျက်က အူယန်ကျဲပြောခဲ့သည်များကိုသတိရသွားကာ သူသည်အစွမ်းများကိုခုခံခြင်းမပြုပဲနေလိုက်လေ၏။
မျက်စိတမှိတ်အတွင်းမှာပင် သူ၏အမြင်အာရုံတစ်ခုလုံးအမှောင်ကျသွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းက သူ့အားခေါ်ဆောင်သွားလေတော့သည်။ သို့သော် ထိုအချိန်တွင် လက်သေးသေးလေးတစ်ခု သူ့ကို ထွက်မသွားရန် ဟန့်တားသည့်အလား ထွက်ပေါ်လာသည်။
” အချစ်လေး…တို့နဲ့အတူ ဒီမှာနေခဲ့ပြီး ကစားကြမယ်လေကွာ “