စုန့်ချွဲ၏ တည်နေရာရွှေ့ပြောင်းခြင်းပြုလုပ်ပေးနိုင်သည့် တန်ဖိုးကြီး ကျောက်စိမ်းပြားကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောက်လက်သွားသည်။ သူက လိုက်ဖမ်းရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ငုံ့ကြည့်လိုက်လေသည်။
ပေါက်ကွဲသွားသည့်သွေးစက်လုံးကြီးကြောင့် အောက်ရှိမြေကြီးမှာ လုံးဝကိုပြားကပ်နေပြီဖြစ်သည်။
” ခဏနေပါအုံး။ ” ပိုင်ရှောင်ချန်းက သံသယရှိသွားသည့် အမူအရာဖြင့် တွေးလိုက်သည်။ ” စုန့်ချွဲမှာ တည်နေရာရွှေ့ပြောင်းနိုင်တဲ့ ကျောက်စိမ်းပြားရှိနေရင် သူ့ရဲ့ ကိုးခုမြောက် ဒီရေစီးကြောင်း ကို ငါဝင်နှောင့်ယှက်နေတုံးက သုံးတာ ပိုသဘာဝမကျဘူးလား။ သူ့ရေဝဲကြီး ပြိုလဲသွားရင် သူက အဆိုးဆုံးအခြေအနေကိုရောက်သွားမှာလေ။”
” အဲ့တာကို သူက ကျောက်စိမ်းပြား ကိုမသုံးပဲ သွေးစက်လုံးကြီးသုံးပြီး ငါ့ကို ပြန်တိုက်သေးတာ။ သူက ဒဏ်ရာတောင်မှ ရသွားသေးတယ်။ သူ့ပုံကြည့်ရတာ တကယ်စိတ်တိုနေတဲ့ပုံပေါက်ပေမဲ့ အခုဒီလိုတွေးကြည့်လိုက်တော့…..အင်း….. ကြည့်ရတာ သူကအောက်မှာရှိတဲ့ သဲလွန်စတစ်ခုခုကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ပုံပဲ ” ထိုဖြစ်ရပ်ကို အချိန်အနည်းငယ် ထပ်၍စဥ်းစားလိုက်သောအခါ သူ၏မျက်လုံးများမှာ အရောင်လက်လာတော့သည်။
” ငါသူ့ကို နှောင့်ယှက်ပြီးတော့ ကိစ္စ နှစ်ခုထပ်ဖြစ်တယ်။ ပထမတစ်ခုက သူ့ရဲ့ ကိုးခုမြောက် ဒီရေစီးကြောင်း ပျက်စီးသွားပြီး မြေစီးကြောင်းစွမ်းအင်တွေ ပျံ့ကြဲကုန်တာ အဲ့တာကတော့ သမားရိုးကျပါပဲ။ ဒါပေမဲ့ ထူးဆန်းတာက သူ့ရဲ့ မြေစီးကြောင်းစွမ်းအင်တွေက အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး တိမ်တွေထဲထိမြင့်တက်သွားပြီးတော့မှ အရင်ထက် ပိုပြီးမြန်မြန်ဆန်ဆန် ပျံ့လွင့်သွားတဲ့ ကိစ္စပဲ။”
” ဒီတိုင်းကြည့်ရင်တော့ ဘာမှမဟုတ်ဘူးထင်ရပေမဲ့ အဲ့နှစ်ချက်က….အင်း…. တော်တော် သံသယဖြစ်ဖွယ်ကိစ္စပဲ။”
” သူတစ်ခုခုကို ဖုံးကွယ်နေတာပဲနေမှာ။”
” တိမ်တွေရယ် မြေကြီးပေါ်က သူ့ရဲ့ မန္တန်အစီအရင်ရယ်နဲ့ ပတ်သတ်တာတစ်ခုခုကို သူဖုံးကွယ်နေတာပဲ။ သူဖုံးကွယ်ထားတာကို သိဖို့ဆိုရင် အရင်ကနဲ့ အခုနဲ့ ကွာခြားသွားတဲ့ အရာတွေကို နှိုင်းယှဥ်ကြည့်မှရမယ်။ အဲ့တာဆိုရင် ငါ အဖြေထုတ်န်ိုင်လောက်ပါတယ်။” တိမ်များကို မော့ကြည့်လိုက်ပြီး ဒီရေစီးကြောင်း ရေဝဲကြီးမှာ အမှန်ပင် ပျောက်ကွယ်လွင့်စင်သွားပြီဖြစ်ကြောင်း သူက အတည်ပြုလိုက်သည်။
စုန့်ချွဲက မြေစီးကြောင်းစွမ်းအင်များကို တိုက်ရိုက် ပြန်ထုတ်လွှတ်လိုက်သည့်ပုံစံကြောင့် ရေဝဲ အကြွင်းအကျန်လေးများကျန်နေသေးသော်လည်း စောစောက ရေဝဲအကြီးကြီးနှင့် လုံးဝ မတူပေ။
“ကိုးခုမြောက် ဒီရေစီးကြောင်း နဲ့ လျော့နည်းနေတဲ့ မြေစီးကြောင်းစွမ်းအင်ကြောင့် တိမ်တွေက အားပျော့လာတာပဲ….” သူက မတူညီသောနေရာအနည်းငယ်သို့ သေချာအောင် မော့ကြည့်ပြီးနောက် မြေကြီးကို ပြန်၍ငုံ့ကြည့်လိုက်လေသည်။
ဝိညာဥ်စွယ်နှင့် ရှန်ကွမ်းထျန်ယုံတို့ကမူ ဘေးနားတွင်ရှိနေဆဲပင်။ ပိုင်ရှောင်ချန်းတစ်ယောက် ဘာများလုပ်နေပါသနည်းဟူသောအမူအရာဖြင့် ဝိညာဥ်စွယ်က ထူးဆန်းနေပြီး ရှန်ကွမ်းထျန်ယုံကမူ စိတ်ထဲတွင် အေးစက်စက်ရယ်မောလိုက်ကာ နောက်လှည့်၍ ထွက်ခွာသွားတော့သည်။
ပိုင်ရှောင်ချန်းကမူ အောက်ဘက်ရှိမြေကြီးကို လေ့လာနေသဖြင့် ရှန်ကွမ်းထျန်ယုံကို လျစ်လျူရှူလိုက်လေသည်။
” ဒီနေရာက ပုံမှန်ဆို အခြေခိုင်မာခြင်းအဆင့်အတွက် သင့်တော်တဲ့နေရာမဟုတ်ပါဘူး။ ဒါပေမဲ့ စုန့်ချွဲက ဒီနေရာကို ရွေးခဲ့တာ အကြောင်းတစ်ခုရှိရမယ်။ ပြီးတော့ သူက သဲလွန်စတွေအကုန်လုံး ဖျက်စီးသွားတာပဲ။” ပိုင်ရှောင်ချန်းကမူ မျက်မှောင်ကြုတ်ကာ လမ်းလျှောက်နေပြီး ခြေလှမ်းတစ်လှမ်းတိုင်းစီတွင် တိမ်များကို အချိန်ယူကာ မော့ကြည့်နေတော့သည်။
မကြာမီ စုန့်ချွဲတင်ပျဥ်ခွေထိုင်နေခဲ့သည့်နေရာတွင် သူက မတ်တတ်ရပ်သားဖြစ်နေတော့သည်။ ထိုနေရာတွင် သူက တိမ်များကို နောက်တစ်ခေါက်မော့ကြည့်လိုက်ပြီး နောက်ခြေလှမ်းတစ်လှမ်းထပ်လှမ်းရန် ပြင်လိုက်စဥ်မှာပင် သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူကထိုနေရာတွင် ရပ်တန့်လိုက်ပြီး မတ်တတ်ရပ်ကာ တိမ်ထဲသို့မော့ကြည့်နေတော့သည်။
ပထမတွင်မူ အရာရာတိုင်းမှာ ပုံမှန်ဖြစ်နေကာ ယခင်ကထက်ပင် ပို၍ ငြိမ်သက်နေသည့်ပုံစံပင် ဖြစ်နေလေသည်။ သိူ့သော်လည်း သူက တစ်စုံတစ်ခုကို အာရုံခံမိလိုက်လေသည်။ ထိုအရာမှာ အစစ်အမှန် ဟုတ်မဟုတ် သူကမသေချာသော်လည်း မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်၏ထိပ်ဆုံးဖြစ်သော သူ၏ ဒီရေစီးကြောင်း ကိုးခုရှိသည့် ကျင့်ကြံခြင်းအခြေ၏ အစွမ်းကြောင့် သူ့အတွက်ပင် ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားသည့်အရာတစ်ခုမှာ ထိုအထက်တွင်ရှိကြောင်း သူက ခံစားမိလိုက်လေသည်။
ထိုအရာကြီးကြောင့် သူ၏အတွင်းစိတ်တွင် ပြင်းထန်သော လိုအင်ဆန္ဒများထွက်ပေါ်လာပြီး သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းနှင့် ထိုအရာကြီးမှာ ဆက်စပ်နေသည့်အလား ခံစားလိုက်ရတော့သည်။
” အဲ့တာ…” အစတွင် သူက မယုံနိုင်သော်လည်းနောက်တွင် သူက တုန်ရီလာပြီး အသက်ရှူပင်မြန်လာတော့သည်။ ဘာမှထပ်တွေးမနေတော့ပဲ သူက လေပေါ်သို့ခုန်တက်လိုက်ပြီး အဝေးသို့ပျံထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ဝိညာဥ်စွယ်မှာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ပိုင်ရှောင်စောစောက ရပ်ခဲ့သည့်နေရာသို့သွားလိုက်ကာ တိမ်များကို မော့ကြည့်လိုက်လေသည်။ သို့သော်လည်း သူကမူ ထူးဆန်သည့်အရာတစ်ခုမှမတွေ့ပေ။ စုန့်ချွဲလို ထူးခြားမှော်ပစ္စည်းတစ်ခုရှိပြီး များစွာသော စွမ်းအင်ပေါင်းစုံသည့် နေရာများကို ဖွင့်ထားသည့်လူမှသာလျှင် မြင်နိုင်မည်ဖြစ်သည်။ သို့မဟုတ် ဒီရေစီးကြောင်း ကိုးခု၏အစွမ်းကိုရထားသည့် မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်၏ထိပ်ဆုံးအဆင့်သို့ရောက်နေသူသာ မြင်နိုင်မည်ဖြစ်သည်။
ဒီရေစီးကြောင်း ကိုးခုရထားသူမှာ ပို၍ပင်အလွယ်တကူနှင့် ရှင်းရှင်းလင်းလင်းမြင်နိုင်မည်ဖြစ်သည်။
အဆုံးတွင် ဝိညာဥ်စွယ်က ခေါင်းခါကာ ထွက်ခွာသွားတော့သည်။
သိပ်မကြာမီတွင် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့် ပြန်ရောက်လာပြီး သူနှင့်အတူ ဟိုယွင်ဖေးပါ ပါလာသည်။ ထိုအချိန်တွင် ဟိုယွင်ဖေးက သူ၏ ဒီရေစီးကြောင်း ကို ပြန်လည်စတင်နေပြီဖြစ်သည်။
” အစ်ကိုကြီးဟို။ အစ်ကို့ရဲ့ ဒီရေစီးကြောင်း ကိုဒီမှာစလိုက်။ ကျွန်တော် အစ်ကိုမြန်မြန်ပြီးအောင်လို့ ကူညီပေးမယ်။ ဒီနေရာအပေါ်က တိမ်တွေမှာ ထူးခြားတဲ့ အငွေ့အသက်တွေရှိတယ်လို့ ကျွန်တော်ထင်တယ်ဗျ။”
ဟိုယွင်ဖေးက ပြုံးလိုက်လေသည်။ သူက ပိုင်ရှောင်ချန်းကို အကြွင်းမဲ့ယုံကြည်သည့်အတွက် မေးခွန်းများထပ်မေးမနေတော့ပဲ အလျင်အမြန် တင်ပျဥ်ခွေ ထိုင်ချလိုက်ကာ မျက်လုံးများ မှိတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းက သူ့နောက်တွင်ရပ်ကာ သူ၏လက််ဝါးကို ဟိုယွင်ဖေး၏ နောက်ကျောပေါ်တွင် တင်လိုက်လေသည်။ ဟိုယွင်ဖေး၏ ဒီရေစီးကြောင်း ကိုလျင်မြန်စွာပြီးစီးစေရန် သူက စွမ်းအင်များထည့်ပေးလိုက်သောအခါ သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းမှာ လည်ပတ်သွားတော့သည်။
မကြာမီတွင် သူ၏ လေးခုမြောက် ဒီရေစီးကြောင်း မှာ ပေါ်ထွက်လာပြီး ရေဝဲတစ်ခုက အထက်ရှိ တိမ်တိုက်များနှင့် ချိတ်ဆက်သွားတော့သည်။ ခဏအကြာတွင် မြေစီးကြောင်းစွမ်းအင်များက အရပ်မျက်နှာပေါင်းစုံမှ ပြေးဝင်လာကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုအမြန်နှုန်းကို သဘောမကျသေးသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ပြီး ထိပ်ဆုံးမြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်၏ စွမ်းအင်များကိုသုံးကာ ဟိုယွင်ဖေးကို ပို၍လျင်မြန်စွာပင် တွန်းအားများပေးနေတော့သည်။ မကြာမီတွင် ငါးခုမြောက်နှင့် ခြောက်ခုမြောက် ဒီရေစီးကြောင်း များပါ ထွက်ပေါ်လာတော့သည်။
ပိုင်ရှောင်ချန်းတစ်ယောက်သာ ဒီရေစီးကြောင်း ကိုးခုကိုသုံး၍ ထိုသို့ပြုလုပ်နိုင်ခြင်းဖြစ်သည်။ သူက ကြီးကြီးမားမားလည်း ထပ်၍ပေးဆပ်လိုက်ရလေသည်။ သူက ယခုအချိန်တွင် လူတစ်ယောက်ထဲကိုသာ ကူညီနေရသဖြင့် ထိုမျှလောက်တော့ ပေးဆပ်နိုင်လေသည်။ လူနှစ်ယောက်ကိုသာ ကူညီနေပါက သူ၏ ထိပ်ဆုံးမြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကနေ ကျဆင်းသွားမည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူက ဟိုယွင်ဖေးကို ကူညီပေးရန် အစထဲက စိတ်ကူးရှိလေသည်။
ဟိုယွင်ဖေးကမူ နှလုံးသားများပင် တုန်ရီနေတော့သည်။ သူယခု ရရှိနေသောအရာမှာ စိတ်ပင်မကူးနိုင်လောက်သည့် ကံကောင်းမှုကြီးတစ်ခုဖြစ်လေသည်။ ဒီရေစီးကြောင်း သုံးခုမှာ တပြိုင်နက်ထဲတွင် နေရာတိုင်းရှိ မြေစီးကြောင်းစွမ်းအင်များကို စုပ်ယူနေခြင်းပင်ဖြစ်သည်။
” ရှောင်ချန်း…..” ဟိုယွင်ဖေးကမူ နှလုံးသားထဲတွင် နွေးထွေးမှုများကို ခံစားလိုက်ရလေသည်။
ပိုင်ရှောင်ချန်းကမူ ပြုံးလိုက်သည်။ ဟိုယွင်ဖေးက ဤအခြေအနေကို ပို၍သိချင်နေမည်စိုးသဖြင့် သူက လျင်မြန်စွာပြောလိုက်လေသည်။ ” ကျွန်တော်တို့လို ညီအစ်ကိုတွေဆိုတာ အမြဲတမ်း အပြန်အလှန်ကူညီနေရမှာပေါ့ဗျာ။ ပြီးတော့ ကျွန်တော်က ရှင်းရှင်းလင်းလင်းမြင်ရဖို့ ဒီနားက မြေစီးကြောင်းစွမ်းအင်တွေကို ရှင်းဖို့လိုနေလို့ပါ။”
သို့သော်လည်း ဟိုယွင်ဖေးကမူ ပိုင်ရှောင်ချန်းပြောသည့်အရာမှာ အမှန်ဆိုလျှင်တောင်မှ သူကတခြားနည်းဖြင့် သူ့ကိုယ်ကျိုးအတွက် အခွင့်ကောင်းယူနိုင်ကြောင်း သိလေသည်။ စောစောက ပိုင်ရှောင်ချန်းကို ကာကွယ်ရန် ဟိုယွင်ဖေးဆုံးဖြတ်ခဲ့သည်မှာ အလကားမဖြစ်တော့ပေ။
ပိုင်ရှောင်ချန်းကမူ ဟိုယွင်ဖေးကို ခုနစ်ခုမြောက် ဒီရေစီးကြောင်း ထိရောက်အောင် ကူညီလိုပါသော်လည်း ဟိုယွင်ဖေးကမူ ဆက်၍ ရှေ့မဆက်နိုင်တော့ပေ။ ထို့အပြင် သူ၏ ဒီရေစီးကြောင်း အပေါင်းအစုသုံးခုက တိမ်တိုက်များကို နောက်ထပ်တစ်ခါ အားနည်းသွားစေပြီဖြစ်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက တဖြည်းဖြည်းနှင့် ရှင်းရှင်းလင်းလင်းဖြစ်လာသည့် မှေးမှိန်နေသော အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်လေသည်။
ထိုအငွေ့အသက်မှာ တာအိုသူတော်စင်တစ်ပါးက သူ၏မျက်လုံးများကို ဖွင့်နေသည့်အလား ကြီးမြတ်ဖွယ်ကောင်းလှပြီး တစ်ကမ္ဘာလုံးအပါအဝင် ကောင်းကင်နှင့်မြေကြီးတို့မှာ ရှိခိုးသည့်အလား ဝပ်တွားသွားကြတော့သည်။
နှစ်ခေါက် သုံးခေါက်ထပ်မံ စစ်ဆေးပြီးသွားသောအခါ ပိုင်ရှောင်ချန်းမှာ တုန်ရီလာပြီး မျက်လုံးများမှာ ရူးသွပ်မှုများနှင့်အတူ တောက်ပလာတော့သည်။
” ဘုရားရေ…. ကောင်းကင်စီးကြောင်းစွမ်းအင်ပါလား။ ဂိိုဏ်းခေါင်းဆောင်ပြောတာမှန်တာပဲ။ မြေခဓားကမ္ဘာမှာ တကယ့်ကို ကောင်းကင်စီးကြောင်းစွမ်းအင်ကြိုးတစ်ကြိုး ရှိတာပဲကွ။ အဲ့တာဆို ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကို ရောက်ဖို့က ဖြစ်နိုင်တာပေါ့။”
“ ကောင်းကင်.. ကောင်းကင်စီးကြောင်းစွမ်းအင် ”
” ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ဆိုရင် အသက်နှစ်ပေါင်း ငါးရာတောင်ပိုရှည်မှာကွ။” ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်သည့်အလား ဖြစ်နေတော့သည်။ သူက စိတ်လှုပ်ရှားလွန်းလှသဖြင့် အသွေးအသားများမှာ တုန်ရီနေတော့သည်။
တချိန်ထဲမှာပင် ကီလိုမီတာ တစ်ရာနှစ်ရာအကွာတွင် စုန့်ချွဲက တောင်ထူထပ်သည့် တောင်ကြားတစ်ခုထဲတွင် တင်ပျဥ်ခွေထိုင်ရင်း သူ၏ ဖုန်းရွှေသံလိုက်အိမ်မြှောက်ကို ဟိုရွှေ့သည့်ရွှေ့လုပ်နေသည်။ အနည်းငယ်ကြာသောအခါ သူ၏ အမူအရာမှာပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းဘက်သို့ကြည့်လိုက်ပြီး လျင်မြန်စွာအားပျော့လာသည့် တိမ်တိုက်များကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်လုံးများမှာ ပြူးသွားပြီး ကယောင်ခြောက်ခြားဖြစ်သွားတော့သည်။
” မဟန်ဘူးဟေ့။” သူက စိုးရိမ်စိတ်များကြီးလာပြီး ရေရွတ်လိုက်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ နှစ်ပေါင်းများစွာကြိုးစားပြီး ထို ကောင်းကင်စီးကြောင်းစွမ်းအင်ကြိုးကို ရှာထားရခြင်းဖြစ်သည်။ အတုမဲ့သခင် မြေစီးကြောင်း ထိပ်ဆုံးအခြေခိုင်မာခြင်းအဆင့်သို့ ရောက်ခဲ့သည့် မျိုးဆက်မှစ၍ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်မှ ဂိုဏ်းသားများက သတင်းအချက်အလက်များရှာခဲ့ရသည်ဖြစ်သည်။ ထို့ကြောင့်သာ ထိုအချက်အလက်မှာ ယခုပြီးပြည့်စုံနေရခြင်းဖြစ်သည်။ ခြုံ၍ပြောရမည်ဆိုပါက သူတို့ဂိုဏ်းမှာ နှစ်ထောင်ပေါင်းများစွာ နိမိတ်များဖတ်ကာ တွက်ချက်ပြီးမှ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ထုတ်ဖော်ရမည့်နည်းလမ်းအား သေချာအောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း စုန့်ချွဲတို့၏ မျိုးဆက်မှာ သူတို့၏ သမိုင်းတွင် အရေးအကြီးဆုံးမျိုးဆက်တစ်ခုဖြစ်နေသည်ဖြစ်ပြီး စုန့်ချွဲမှာ ထိုမျိုးဆက်၏ အရေးကြီးဆုံး ဂိုဏ်းသားဖြစ်နေရခြင်း ဖြစ်သည်။ သူက အတုမဲ့သခင်ကို မှန်းဆ၍ပင်မရနိုင်သည့် ကြေးတစ်ခုကိုပေးဆပ်ကာ ဤအခွင့်ရေးကို အရယူခဲ့ရခြင်းဖြစ်သည်။
သူက စွမ်းအင်ပေါင်းဆုံသည့်နေရာအားလုံးကို အချိန်အများကြီးအကုန်ခံကာဖွင့်ခဲ့ရသည့်အပြင် အခြား မရေမတွက်နိုင်သည့် ပြင်ဆင်မှုများကိုပြုလုပ်ခဲ့ရလေသည်။ ထိုပြင်ဆင်ချက်အားလုံးမှာ ကောင်းကင်စီးကြောင်းစွမ်းအင်ကြိုးကို အသေအချာရယူနိုင်ဖို့ပင်ဖြစ်သည်။
ယခင်အကြံအစည်ကမူ သူ၏ ဒီရေစီးကြောင်းများကို စတင်ခဲ့သော စွမ်းအင်ပေါင်းဆုံသည့်နေရာတွင် အခြေခိုင်မာခြင်းအဆင့်သို့ အရင်ရောက်ရှိအောင် သွားရန်ဖြစ်သည်။ ကိုးခုမြောက် ဒီရေစီးကြောင်း ပြီးသွားပါက သူက ထိုစွမ်းအင်ကို ဖုန်းရွှေသံ လိုက်အိမ်မြှောင်နှင့်အတူ တွဲဖက်အသုံးချကာ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ဖမ်းဆီးစုပ်ယူပြီး ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ ဝင်ရန်ဖြစ်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းက သူ့ကို နှောင့်ယှက်ခဲ့သဖြင့် သူက သဲလွန်စများကို ဖျောက်ဖျက်လိုက်ရပြီး အနည်းငယ်ပို၍အားနည်သော စွမ်းအင်ပေါင်းဆုံသည့်နေရာသို့ မသွားချင်သွားချင်နှင့် သွားလိုက်ရလေသည်။ အကြံအစည်အသစ်မှာမူ ဖုန်းရွှေသံလိုက်အိမ်မြောင်တစ်ခုထဲကိုသာ အပြည့်အဝအားထားပြီး ကောင်းကင်စီးကြောင်းစွမ်းအင်ကို ဖမ်းဆီးရန်ဖြစ်သည်။
ပိုင်ရှောင်ချန်းက ထိုသဲလွန်စအသေးမွှားလေးများကို စုပေါင်းကာ ကောင်းကင်စီးကြောင်းစွမ်းအင်များ ကျဆင်းလာစေရန် လုပ်နိုင်လိမ့်မည်ဟု သူက လုံးဝမတွေးထားမိပေ။ ဤအချိန်တွင်မူ ပိုင်ရှောင်ချန်းတစ်ယောက်သာ ထိုစွမ်းအင်ကို အာရုံခံနိုင်သေးပါသော်လည်း ထိုစွမ်းအင်သာ ဆက်၍ဆင်းသက်လာပါက မြေခဓားကမ္ဘာထဲရှိကျင့်ကြံသူအားလုံးမှာ အာရုံခံနိုင်သွားမည်ဖြစ်သည်။
” သေစမ်း။ သေစမ်း။ သေစမ်းးးးးကွားးးးး။” သူက ဆံပင်များထောင်လာကာ ဒေါသတကြီး အော်ဟစ်နေတော့သည်။
” အဆင့်မြင့် ပြင်ဆင်မှုတွေနဲ့ အချိန်ကုန်နေလို့ မဖြစ်တော့ဘူးဟေ့။ ငါထပ်မစောင့်နိုင်တော့ဘူး။ အဲ့ ကောင်းကင်စီးကြောင်းစွမ်းအင်ကြိုး အောက်ကတစ်နေရာကို ကျလာတဲ့အချိန်ဆိုရင် တော်တော်နောက်ကျနေလောက်ပြီ။”
” ဘယ်ကောင်သိသိ ဂရုမစိုက်တော့ဘူးကွာ။ အဲ့ ကောင်းကင်စီးကြောင်းစွမ်းအင်ကျမလာခင် ငါအရင်ဖမ်းဆီးဖို့လိုတယ်။” ရူးသွပ်တော့မည့်လူတစ်ယောက်အလား စုန့်ချွဲက သူ၏လျှာဖျားကို ကိုက်လိုက်ပြီး ဖုန်းေရွှသံလိုက်အိမ်မြှောင်ပေါ်သို့ သွေးအနည်းငယ်ထွေးထုတ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သံလိုက်အိမ်မြှောက်ကို ဖိချလိုက်ကာ အော်ဟစ်လိုက်လေသည်။
” ကောင်းကင်စီးကြောင်းစွမ်းအင်။ ဒီနေရာကို ဆက်းသက်ပါလော့။” ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်သို့ သွေးများကျသွားသောအခါ ကောင်းကင်ကြီးကိုတုန်ခါစေနိုင်ပြီး မြေကြီးကိုကွဲအက်စေနိုင်သည့် စွမ်းအင်တစ်ခုထွက်လာပြီး လေထုကိုဖောက်ထွက်ကာ တိမ်တိုက်များထဲသို့ ပျံတက်သွားတော့သည်။ ထိုနေရာတွင် အဆိုပါစွမ်းအင်မှာ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ချိတ်ဆက်မိသွားပြီး အောက်သို့ ဆွဲချလိုက်လေတော့သည်။
လွန်ခဲ့သည့် အချိန်အနည်းငယ်တုံးက ထိုကောင်းကင်စီးကြောင်းစွမ်းအင်မှာ ဖြည်းဖြည်းချင်းဆင်းသက်နေပါသော်လည်း ယခုတွင်မူ ရှင်းရှင်းလင်းလင်းကြီးပေါ်လာပြီး ပြုတ်ကျလာလေတော့သည်။
ကောင်းကင်ကြီးတစ်ခုလုံးမှာ ချက်ချင်းပင် ရွှေရောင်ပြောင်းသွားပြီး စူးရှသော အလင်းတန်းများမှာ ထိုစွမ်းအင်ကြိုးဆီမှ ဖြာကျလာတော့သည်။ ထိုမြင်ကွင်းမှာ နေလုံးကြီး ကျဆင်းလာသည့်အတိုင်းပင်။
ထိုစွမ်းအင်ကြိုး၏အဆင့်မှာ အခြားအရာအားလုံး၏ အထက်တွင်ရှိလေသည်။ ထိုစွမ်းအင်မှာ ကောင်းကင်တာအိုတစ်ပါး၏ အားမာန်များကို ထုတ်လွှတ်နေပြီး လူတိုင်းက သတိထားမိသွားတော့သည်။
မြေခဓားကမ္ဘာထဲတွင် လုံးဝကို ထူးခြားဆန်းပြားသော မြင်ကွင်းတစ်ခုပေါ်လာတော့သည်။
ထိုအရာမှာ ကျင့်ကြံခြင်းလောကတွင် အလွန်အမင်းရှားပါးသည့်အရာတစ်ခုဖြစ်ပြီး မျက်လုံးနှင့်ကြည့်ခွင့်ရသူပင် မရှိသလောက်ရှားပါးသော အသက်ရှူမှားလောက်ဖွယ် အံ့သြဖွယ်အရာတစ်ခုဖြစ်သည်။
ထိုအရာမှာ အသက်နှစ်ပေါင်းငါးရာပိုရှည်မှုကို ပေးစွမ်းနိုင်ပြီး မြေစီးကြောင်းစွမ်းအင်အထက်တွင်ရှိကာ အခြေခိုင်မာခြင်းအဆင့်များထဲတွင် လုံးဝကို ထိပ်ဆုံးဖြစ်သည်။
ထိုစွမ်းအင်မှာ ရုပ်လုံးပေါ်လာသောအခါ ရွှေရောင်မီးခိုးမျှင်များကဲ့သို့ဖြစ်သွားပြီး ကောင်းကင်တာအိုတစ်ပါး၏ စိတ်စွမ်းအားများကို မြေခဓားကမ္ဘာတစ်ခုလုံးသို့ ဖြန့်ကျက်လိုက်လေတော့သည်။
ကျင့်ကြံသူအားလုံးမှာ ဆာလောင်မွတ်သိပ်မှုများဖြင့် ပြည့်နှက်နေသည့်အလား တုန်ရီနေကြပြီး လူသားအဆင့်ထက်ပင်ကျော်လွန်နေသည့် စိတ်ဓာတ်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။ သူတို့၏ သွေးများထဲမှ စိတ်ဆန္ဒများ ထကြွလာခြင်းပင်ဖြစ်သည်။
ကျိုးကြောင်းဆက်စပ်နိုင်စွမ်းကို ရိုက်ချိုးပစ်လိုက်သော မျှော်လင့်ချက်များမှာ သူတို့၏ အတွေးထဲသို့ဝင်ကုန်တော့သည်။ သူတို့မှာ ရူးသွပ်နေကြပြီဖြစ်သည်။
” ကောင်း…ကောင်းကင်စီးကြောင်းစွမ်းအင် ပါလား။”
” အဲ့တာ …. ကောင်းကင်စီးကြောင်းစွမ်းအင်ဟ။”
” အဲ့စွမ်းအင်က ငါ့ဟာကွ။”
မျက်စိတစ်မှိတ်အတွင်းတွင် ကျင့်ကြံသူအားလုံးနီးပါးမှာ စိတ်လှုပ်ရှားများနှင့် ရူးသွပ်စွာအော်ဟစ်နေကြတော့သည်။
ဒဏ်ရာရနေသော ကျုံးတာအို ကမူ တုန်ရီလာပြီး ခေါင်းကိုနောက်သို့ပစ်၍ အော်ဟစ်လိုက်လေသည်။
” ကောင်းကင်စီးကြောင်းစွမ်းအင်ပါလားကွ။”
ဝိညာဥ်စွယ်၊ ရှန်ကွမ်းထျန်ယုံနှင့် အခြား အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာ ရူးသွပ်နေကြပြီဖြစ်ပြီး ချီစုစည်းမှုအဆင့်ကျင့်ကြံသူများလည်း ထိုနည်းတူပင်။
သူတို့အားလုံးမှာ လှုပ်ရှားလိုက်ကြပြီး နေရာပေါင်းစုံမှ တစ်နေရာထဲသို့ ဦးတည်သွားနေကြတော့သည်။
ဤအချိန်တွင်မူ မည်သူက မည်သည့်ဂိုဏ်းကဖြစ်သည်ဆိုသောအချက်မှာ အရေးမပါတော့ပေ။ လူတိုင်းမှာ ရှုပ်ထွေးပွေလီစွာ တိုက်ခိုက်နေကြပြီဖြစ်သည်။