အခန်း (၁၅) လုန်ယွိနှင့်ပညာဖလှယ်ခြင်း
“ဘယ်သူများလဲလို့ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးပဲ ၊ ဒီကောင်လေးက ဘယ်အချိန် ပြန်ဆုတ်လာရမယ်ဆိုတာကို နားလည်တယ် ၊ သူ့နေရာတော့ သူ သိသားပဲ…”
ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံမိသည်နှင့် မည်သူဖြစ်ကြောင်း လုန်ယွိ ချက်ချင်းသိရှိသွားလေသည်။
သို့သော်… သိပ်မကြာမီ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက်နိမ့်တာ… ဒါပေမဲ့ သူသွားနေတာ အရမ်းမြန်တာပဲ… ၊ ပြီးတော့ မြူခိုးတွေကလည်း သူ့ကို လုံး၀ မထိခိုက်စေဘူးပဲ…”
လုန်ယွိ စိတ်ရှုတ်ထွေးစွာဖြင့် တွေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ… သူမကတော့ အခြေအနေသွားကြည့်ရမည် ဖြစ်သည်။ ထို့ပြင် ထိုလူငယ်ကိုလည်း အန္တရယ်ကင်းသည့် နေရာသို့ ပို့ဆောင်ပေးရပေဦးမည်။
ထိုလူငယ်ကို အန္တရယ်ကင်းသည့်နေရာသို့ ပို့ပြီးလျှင် အခြားသူများကို ဆက်လက်ရှာဖွေရဦးမည် ဖြစ်သည်။
သူမ သွားလေရာရာသို့ ထိုလူငယ်ကို ခေါ်ဆောင်သွား၍ မဖြစ်နိုင်ပေ။
အခြားသူဆိုလျှင် ပြဿနာမရှိသော်လည်း နဝမတောင်ထွတ်မှ တပည့်ကတော့ အလွန်မှ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလေသည်။ မည်သည့်နည်းနှင့်မှ သူမနှင့်အတူ လိုက်ပါနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ကျန်းလန် တောင်ပေါ်မှ ဆင်းလာလေသည်။
မြူခိုးများက နေရာတိုင်းတွင် ထူထပ်စွာ အုံ့မှိုင်းနေသော်လည်း ကျန်းလန်၏ ပတ်ဝန်းကျင်တွင်တော့ မြူခိုးများ ကင်းစင်လျှက်ရှိသည်။
ကျန်းလန် ခြေလှမ်းလှမ်းလိုက်တိုင်း မြူခိုးများကလည်း နောက်သို့ ဆုတ်ခွာလွင့်ပြယ်သွားကြသည်။
ထို့ကြောင့်… ကျန်းလန် လျှင်မြန်စွာသွားလာနေနိုင်ခြင်း ဖြစ်၏။
ဤသို့ဖြစ်ရသည်မှာ… ကျန်းလန်၏ တန်ခိုးစွမ်းအားကြောင့် မဟုတ်ပေ။ သူ၏ အသိပညာဗဟုသုတနှင့် နားလည်နိုင်စွမ်းများကြောင့် ဖြစ်လေသည်။
ထိုအချိန်… သူရှိရာသို့ လုန်ယွိလာနေသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။ လုန်ယွိက သူ့ကို အာရုံမခံမိခင်ကတည်းက သူက လုန်ယွိကို အာရုံခံမိနေခဲ့ခြင်း ဖြစ်သည်။
သူ့ပတ်ဝန်းကျင်တွင် ဂိုဏ်းတူအစ်မ’လုန်’ အပြင် အခြားရွှေပြဒါးကျင့်ကြံသူ တစ်ယောက်မှ မရှိပေ။
သို့သော်… ကျန်းလန်အတွက် လုန်ယွိက ရန်သူလား မိတ်ဆွေလား မသဲကွဲခင် အခြေအနေစောင့်ကြည့်ဖို့တော့ လိုအပ်သည်။
“သူက ငါ့ဆီလာနေတာဆိုတော့… ဘာလုပ်မလဲဆိုတာ စောင့်ကြည့်တာပေါ့…”
ကျန်းလန် တွေးလိုက်သည်။
ကျန်းလန်ကတော့ မည်သူ့ကိုမဆို သတိထားမည် ဖြစ်လေသည်။
လုန်ယွိသာ သူ့ကို ဒုက္ခပေးမည်ဆိုလျှင် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ကျန်းလန် တစ်ခါမှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။ သူကိုယ်တိုင်က ရွှေပြဒါးအမြုတေအဆင့်ဖြစ်သော်လည်း အဆင့်တူချင်း တစ်ခါမှ မယှဉ်ပြိုင်ဖူးသေးပေ။
ထို့ကြောင့်… ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြင့် တိုက်ခိုက်ရခြင်းက မည်သို့ဖြစ်လာမည်ကို ကျန်းလန် မခန့်မှန်းနိုင်ပေ။
ရှင်းကျောက်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့ခြင်းက သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသောကြောင့်ဖြစ်သည်။
“ဝှစ်…”
ကျန်းလန်ရှိရာသို့ လေအေးတစ်စ ဖြတ်သန်းတိုက်ခတ်သွားလေသည်။
ထို့နောက်… အပြာရောင်နှင့်အဖြူရောင် ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက် ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာလေသည်။
မိန်းမပျို၏ ခန္ဓာကိုယ်က သွယ်လျလှပလွန်းပြီး မျက်နှာလေးကလည်း အပြစ်တစ်စက်လေးပင် ဆိုစရာမရှိအောင် ချောမောလွန်းလှသည်။
ကောင်းကင်ထက်မှ ဆင်းသက်လာသည့် နတ်မိမယ်လေးအလား မြင်ကွင်းက ရင်သပ်ရှုမောစရာ ကောင်းလှသည်။
သို့သော်… မိန်းမပျို၏ မျက်ဝန်းများကတော့ လုံး၀ ခံစားချက်ကင်းမဲ့ကာ အေးစက်လျှက် ရှိသည်။
သူမ၏ပုံစံက ခံစားချက်မရှိသည့် ကြွေရုပ်လေးအလား ထင်မှတ်ရလေသည်။
ကျန်းလန်သည်ပင် သူမ၏ အလှတွင် တစ်ခဏမျှ မိန်းမောသွားရလေသည်။
အမှန်တော့… ကျန်းလန်သည်လည်း ခံစားချက်ရှိသည့် လူငယ်တစ်ယောက် မဟုတ်ပါလား။
မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကို ကျင့်ကြံထားသောကြောင့် မည်မျှပင် စိတ်ဓာတ်တည်ငြိမ်ပါစေ မိန်းမပျိုလေး၏ အလှအပကို မခံစားမိရအောင် သူက စက်ရုပ်တစ်ရုပ်မှ မဟုတ်ပေပဲ…။
သူ့ရှေ့သို့ ဆင်းသက်လာသည့် လုန်ယွိကို ကျန်းလန် သတိလက်လွတ်ဖြင့် ငေးမောနေမိသည်။
သို့သော်… ကျန်းလန် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းလိုက်သည်။
ဂိုဏ်းတူအစ်မက လောကတွင် ပြိုင်ဘက်ကင်းသည့် အလှလေး ဖြစ်ပါစေ သူမ၏ ရည်ရွယ်ချက်က ရှင်းကျောက်နှင့် တူညီနေလျှင်တော့ … ကျန်းလန် သူမကို အပြတ်ရှင်းပစ်ရပေလိမ့်မည်။
ကျန်းလန်က လုန်ယွိကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဂိုဏ်းတူအစ်မ’လုန်’…”
ဟု နှုတ်ဆက်လိုက်သည်။
လုန်ယွိက ကျန်းလန်ကို ခေါင်းတစ်ချက်ညိတ် အသိအမှတ်ပြုလိုက်ရင်း…
“ဂိုဏ်းတူမောင်လေး… အခြားအဖွဲ့ဝင်တွေကိုရော တွေ့မိသေးလား…”
ကျန်းလန်က…
“မတွေ့မိပါဘူး…”
လုန်ယွိ၏ မေးခွန်းက ကျန်းလန်ကို အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်စေသည်။
အဘယ်ကြောင့်ဆိုသော်… သူက ရှင်းကျောက်နှင့်တွေ့ဆုံခဲ့ပြီး ရှင်းကျောက်ကိုပင် သတ်ဖြတ်ပစ်ခဲ့ပြီးပြီ မဟုတ်ပါလား။
လုန်ယွိက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
“ဒါဖြင့်… မင်း ငါ့နောက်လိုက်ခဲ့ပါ… မင်းကို အန္တရယ်ကင်းတဲ့နေရာတစ်ခုကို အရင်ပို့ပေးမယ်…”
သူမက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း…
“မှော်ရုံနယ်မြေထဲမှာ ဒီလို မြူခိုးတွေဝေနေတယ်ဆိုတာ… အန္တရယ်ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ…”
ပြောပြီးသည်နှင့် လုန်ယွိက ကျန်းလန်ကို သူမ၏ တန်ခိုးစွမ်းအားများဖြင့် ရစ်ပတ်လိုက်ပြီး တောင်ပေါ်မှ ခေါ်ထုတ်သွားလေသည်။
သို့သော်… သိပ်မကြာမီပင် လုန်ယွိ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော်… ပတ်ဝန်းကျင်မှ မြူခိုးများ တစ်ဖြည်းဖြည်း နောက်သို့ ဆုတ်သွားသောကြောင့် ဖြစ်လေသည်။
သူမ စောစောက ကြုံတွေ့ခဲ့ရသည့် ထူထပ်လွန်းသည့် မြူခိုးများကြား လမ်းလျှောက်ရသည့် အဖြစ်အပျက်နှင့် အလွန်မှ ကွာခြားလွန်းလှသည်။
ထို့ပြင်… ဂိုဏ်းတူမောင်လေး သွားနေသည့် အမြန်နှုန်းကလည်း သူမထက် မနိမ့်ကြောင်း သတိပြုလိုက်မိသည်။ ထူးဆန်းသည်မှာ မြူခိုးများက ဂိုဏ်းတူမောင်လေးအပေါ်သို့ သက်ရောက်ခြင်း မရှိပေ။
လုန်ယွိ၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားသည်။
လုန်ယွိ ခြေလှမ်းများ ရပ်တန့်လိုက်သည်နှင့် ကျန်းလန်ကလည်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သို့သော်… ကျန်းလန် စကားတစ်ခွန်းမှ မပြောပေ။
လုန်ယွိက သူ့ကို အန္တရယ်ကင်းသည့်နေရာသို့ ခေါ်သွားမည်ဟု ပြောခဲ့ပြီးပြီဖြစ်သည်။ သူ့အနေဖြင့် အပိုစကားများ ထပ်ပြောနေစရာ အကြောင်း မရှိပေ။
ထို့ပြင်… စကားပြောလိုက်လျှင် အနည်းနှင့်အများ သတိလွတ်သွားပေလိမ့်မည်။
မှော်ရုံနယ်မြေဆိုသည်က အန္တရယ်လည်းများပြားသလို ကျန်းလန်အတွက် အစိမ်းသက်သက်နေရာတစ်ခုဖြစ်လေသည်။ ထို့ကြောင့်… သတိတစ်ချက်ပင် မလွတ်ရဲပေ။
လုန်ယွိက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် မြူခိုးများကို တစ်ချက်ကြည့်လိုက်ရင်း…
“ဒီမြူခိုးတွေပျောက်ကွယ်သွားအောင် ဂိုဏ်းတူမောင်လေး လုပ်နေတာလား…”
ကျန်းလန်က…
“ဒါက… လှည့်ကွက်သေးသေးလေးတစ်ခုပါ…”
ကျန်းလန် မြူခိုးများ ပျောက်ကွယ်သွားစေရန် လှည့်ကွက်တစ်ခုကို ရှာတွေ့ခဲ့သည်။
လုန်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…
“ဘယ်လိုလှည့်ကွက်မျိုးလဲ…”
မေးပြီးကာမှ လုန်ယွိ တစ်ချက်တုံ့ဆိုင်းသွားသည်။
သူမ၏ မေးခွန်းက တစ်ပါးသူ၏ ပညာကို စပ်စုနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
သူမက ချက်ချင်းပင် စကားကို ပြန်ပြင်ပြောလိုက်သည်။
“ဂိုဏ်းတူမောင်လေး မပြောချင်လည်း မပြောပါနဲ့… ပြဿနာမရှိပါဘူး ၊ ပြီးတော့… မင်း ငါ့ကို အဲဒီ ပညာပြောပြလည်း ငါက မင်းရဲ့ပညာကိုသင်ယူမှာ မဟုတ်ဘူး…”
သူမက တတိယတောင်ထွတ်မှ တပည့်ဖြစ်လေရာ နဝမတောင်ထွတ်မှ ပညာကို သင်ယူရန် မဖြစ်နိုင်ပေ။
ကျန်းလန်က…
“ကျွန်တော်က… ဆွဲငင်အားမန္တန်ကို အသုံးပြုပြီး အစီအရင်တစ်ခု ပြုလုပ်ထားတာပါ…”
ထို့နောက် ကျန်းလန်က သူပြုလုပ်ထားသည့် အစီအရင်အကြောင်း လုန်ယွိကို ရှင်းပြလိုက်သည်။
“အဲဒီအစီအရင်လုပ်ဖို့အတွက် ကျွန်တော်တို့ ထည့်စရာတစ်ခုတော့လိုတယ်… ၊ ပုလင်းတစ်လုံးလိုမျိုးပေါ့… ၊ အရင်ဆုံး မြူခိုးနည်းနည်းလောက်ကို ပုလင်းထဲကိုထည့်ရမယ်… ၊ ပြီးရင် ဆွဲငင်အားမန္တန်နဲ့ အစီအရင်လုပ်လိုက်ရင် ပတ်ဝန်းကျင်က မြုခိုးတွေကို တွန်းကန်ပစ်နိုင်တဲ့အစွမ်း ထွက်ပေါ်လာလိမ့်မယ်…”
ကျန်းလန်က ပြောနေရင်း သူ… အစီအရင်ပြုလုပ်ထားသည့် ပုလင်းလေးကို ထုတ်ပြလိုက်သည်။
“ပုလင်းထဲမှာ မြူခိုးတွေရှိနေမယ်ဆိုရင် ပုလင်းထဲက အရာနဲ့ ဆင်တူတဲ့ ပတ်ဝန်းကျင်က အရာတွေကို ဆွဲငင်အားမန္တန်က ဆန့်ကျင်ဘက်စွမ်းအားအဖြစ် တွန်းကန်ပစ်လိမ့်မယ် ၊ ဒါပေမဲ့… အရမ်းစွမ်းအားကြီးတဲ့အရာတွေကိုတော့ ဒီနည်းနဲ့ မတွန်းကန်နိုင်ဘူးပေါ့… ၊ ဒါကြောင့် လှည့်ကွက်သေးသေးလေးလို့ ပြောလိုက်တာပါဗျာ…”
ကျန်းလန်၏လက်ထဲမှ ပုလင်းလေးကိုကြည့်ပြီး လုန်ယွိ အနည်းငယ် အံ့အားသင့်သွားလေသည်။
အစီအရင်က ရိုးရှင်းမလိုနှင့် ရှုတ်ထွေးလှသည်ဟု သူမ ခံစားလိုက်ရသည်။
သက်ဆိုင်သည့် ဖွဲ့စည်းပုံနှင့် မန္တန်ကို သေသေချာချာ ပေါင်းစပ်စီရင်နိုင်ခြင်း မရှိပါက အစွမ်းထက်မည် မဟုတ်ပေ။
လုန်ယွိက မယုံကြည်နိုင်စွာဖြင့်…
“ဂိုဏ်းတူမောင်လေးက ဒီပညာတွေ ဘယ်လိုလုပ် တတ်နေရတာလဲ…”
အပွင့်လင်းဆုံးပြောရလျှင် ကျန်းလန်ပြောပြသည့် အစီအရင်ပညာက ခွန်လွန်တောင်မှ ပညာများနှင့်ပင် သိပ်ပြီး မတူညီလှပေ။
ကျန်းလန်က ချက်ချင်းခေါင်းငုံ့လိုက်ရင်း…
“နဝမတောင်ထွတ်မှာ စာအုပ်တွေအများကြီးရှိတယ်လေ ၊ ပြီးတော့… နဝမတောင်ထွတ်မှာက ကျွန်တော် တစ်ယောက်တည်းပဲရှိတာဆိုတော့… အမြဲတမ်း စာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်…”
ကျန်းလန်၏ စကားအဓိပ္ပါယ်က ရှင်းလင်းလေသည်။
သူ စာအုပ်များစွာကို လေ့လာခဲ့ပြီး ဤသို့သော ထူးထူးဆန်းဆန်း ပညာများကို တတ်မြောက်ခဲ့သည်ဟု ပြောနေခြင်း ဖြစ်၏။
လုန်ယွိက ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။
ထို့နောက်… သူက ထွက်ခွာသွားလေရာ ကျန်းလန်လည်း သူမနောက်မှ လိုက်လာခဲ့သည်။
အတန်ကြာပြီးနောက်… လုန်ယွိက ခြေလှမ်းများကို ရပ်တန့်လိုက်ပြန်သည်။
သူမက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…
“မင်းပြောတဲ့ အစီအရင်က တကယ်အသုံးဝင်တယ်… ၊ ဒီတော့ … အဲဒီပညာကို မသင်ယူဘူးလို့ စောစောက ပြောခဲ့တာကို မင်း စိတ်ထဲ မထားပါနဲ့…”
ကျန်းလန်က …
“ကိစ္စမရှိပါဘူး ဂိုဏ်းတူအစ်မ…”
ထို့နောက်… လုန်ယွိက စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ကျန်းလန်ကို ပစ်ပေးလိုက်သည်။
“ဒီစာအုပ်ထဲမှာလည်း မန္တန်တစ်ခုအကြောင်းရေးထားတယ်… ၊ ဝိညာဉ်စကားမန္တန်လို့ခေါ်တယ်… ၊ အဲဒီမန္တန်ကလည်း မင်းပြောသလို လှည့်ကွက်သေးသေးလေးပဲပေါ့… ၊ မင်းဆီက ပညာယူခဲ့တဲ့အတွက် ဒီမန္တန်ကို အစားပြန်ပေးတယ်လို့ သဘောထားလိုက်ပါ…”
ကျန်းလန်က စာအုပ်ကို လက်ခံယူလိုက်ရင်း…
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ…”
ကျန်းလန်အနေဖြင့် လုန်ယွိပေးသည့်စာအုပ်ကို ငြင်းစရာအကြောင်းမရှိပေ။
ထို့ပြင်… ဝိညာဉ်စကားမန္တန်ဆိုသည်ကလည်း ကျန်းလန် တစ်ခါမှ မကြားဖူးသည့် မန္တန်ဖြစ်နေလေသည်။ ထို့ကြောင့်… ကျန်းလန်လေ့လာကြည့်လိုစိတ် ဖြစ်မိသည်။
ကျန်းလန်ကို စာအုပ်ပေးပြီးသည်နှင့် လုန်ယွိက ဆက်လက်ထွက်ခွာသွားလေသည်။ ကျန်းလန်လည်း စာအုပ်ကိုအမြန်သိမ်းကာ လုန်ယွိနောက်သို့ လိုက်ပါသွား၏။
သိပ်မကြာမီ… သူတို့ လွင်ပြင်တစ်ခုဆီသို့ ရောက်ရှိလာသည်။
လွင်ပြင်နေရာတွင် မြူခိုးများဝေနေသော်လည်း တောင်မြင့်ကြီးရှိရာ ပတ်ဝန်းကျင်မှာလောက် မြူခိုးများက များပြားခြင်း မရှိပေ။
လုန်ယွိက …
“ဂိုဏ်းတူမောင်လေး… ဒီနေရာက မင်းအတွက် အန္တရယ်ကင်းနိုင်တယ်…”
သူမက ပြောပြီးသည်နှင့် တန်ခိုးစွမ်းအားအသုံးပြုကာ ကျန်းလန်၏ ပတ်ပတ်လည်တွင် စည်းတစ်ခု ချလိုက်လေသည်။
“ဝှစ်… ဝှစ်…”
မြေကြီးရွေ့လျားသံများထွက်ပေါ်လာပြီး ကြည်ပြာရောင်လင်းလက်နေသည့် စည်းဝိုင်းတစ်ခု ကျန်းလန်၏ ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။
လုန်ယွိက…
“ဘာကိစ္စတွေပဲ ဖြစ်ဖြစ် စည်းဝိုင်းအပြင်ကို မထွက်ပါနဲ့ ၊ အခြားတပည့်တွေ ရောက်လာရင်လည်း စည်းဝိုင်းထဲ ခေါ်ထည့်ထားလိုက်ပါ ၊ အခြားလူတွေကို မင်းတစ်ယောက်ပဲ စည်းဝိုင်းထဲဆွဲ ခေါ်ထားနိုင်လိမ့်မယ် ၊ ကဲ… ကျန်တာ ကိုယ့်ဟာကိုယ်သာ အခြေအနေကြည့်လုပ်ပေတော့… ၊ ဒါပေမဲ့… မင်းကတော့ စည်းဝိုင်းထဲက အပြင်ကို လုံး၀ မထွက်နဲ့နော်…”
ပြောပြီသည်နှင့် လုန်ယွိက ကျန်းလန်ကိုထားခဲ့ပြီး မြူခိုးများအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
ကျန်းလန်ကတော့ လှပသည့် ဂိုဏ်းတူအစ်မ၏ ကျောပြင်ငယ်ကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
အတန်ကြာမှ…
“ကြည့်ရတာ… သူကတော့ ရန်သူ မဟုတ်လောက်ဘူး ထင်တာပဲ…”
ဟု ရေရွတ်လိုက်သည်။
သို့သော်… ကျန်းလန် မည်သူ့ကိုမှ မယုံကြည်ရဲသလို သတိလက်လွတ်လည်း မနေရဲပေ။ လောလောဆယ်တွင်တော့ အန္တရယ်အငွေ့အသက်ကို ခံစားရခြင်း မရှိသေးပေ။
သို့သော်… မည်သူ့ကိုမဆို ရန်သူလား ၊ မိတ်ဆွေလား ခွဲခြားသိနိုင်ရန်က အချိန်ယူစောင့်ကြည့်ရန် လိုအပ်သည် မဟုတ်ပါလား။
ယခုတော့… အန္တရယ်ကင်းသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်လေရာ လုန်ယွိပေးသွားသည့် ဝိညာဉ်စကားမန္တန်ကို လေ့လာကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။