ဒီရေစီးကြောင်း တစ်ခုဖန်တီးရန် အရည်အချင်းပြည့်မှီသော သိုင်းပညာရပ်များမှာ မရှိသလောက်နည်းပါးလေသည်။ ရှေးယခင်ခေတ်မှစ၍ ယခုအထိ နှစ်ပေါင်းများစွာတိုင်အောင် ထိုအကြောင်းအရာနှင့်ပတ်သတ်သည့် စည်းမျဥ်းသုံးခုသာ ရှိသည်။ ပထမစည်းမျဥ်းမှာ ဒီရေစီးကြောင်း ဖန်တီးရန်သုံးမည့် သိုင်းပညာရပ်ကို လုံးဝအသေးစိတ်လေ့လာထားရမည်ဖြစ်သည်။ ထိုသို့မလေ့လာထားပါက ဒီရေစီးကြောင်း မှာ အောင်မြင်မည်မဟုတ်။
သိုင်းပညာရပ်တစ်ခုကို ထိုအဆင့်ထိရောက်အောင် လေ့လာရန်မှာ မလွယ်ပေ။ ထိုအဆင့်ထိရောက်အောင် ရုပ်ပစ္စည်းများစွာနှင့် ခိုင်မာပြတ်သားသော စိတ်ဓာတ်တို့ရှိရမည်ဖြစ်သည်။
ဒုတိယစည်းမျဥ်းမှာ ဒီရေစီးကြောင်း တိုင်းအတွက် စွမ်းအင်ပမာဏမည်မျှပင်ကြီးမားသည့် သိုင်းပညာရပ်ပင်ဖြစ်ပါစေ တစ်ကြိမ်သာ သုံး၍ရခြင်းဖြစ်သည်။ အခြားသိုင်းပညာရပ်များကို ထပ်၍ပေါင်းထည့်ပါလည်း ဒီရေစီးကြောင်း အောင်မြင်စေရန် အကူအညီပေးမည်မဟုတ်ပေ။
တတိယစည်းမျဥ်းမှာ ဒီရေစီးကြောင်း များမှာ တစ်ခုပြီးလေလေ ပို၍ခက်ခဲလာလေလေဖြစ်ပြီး အောင်မြင်ရန် လိုအပ်ချက်များမှာ ပို၍ တင်းကျပ်လာလေလေဖြစ်သည်။
ဂိုဏ်းအများစုတွင် ဂိုဏ်းသားတစ်ယောက်ကို ငါးခုမြောက် ဒီရေစီးကြောင်း ကိုကျော်ဖြတ်စေကာ ခြောက်ခုမြောက် ဒီရေစီးကြောင်း ထဲသို့အရောက်ပို့နိုင်သည့် သိုင်းပညာရပ်အရေအတွက်မှာ မရှိသလောက်နည်းပါးသည်။ ထိုသိုင်းပညာရပ်များမှာ လျှို့ဝှက်မှော်ပညာရပ်များဖြစ်ကြပြီး ဂိုဏ်း၏စစ်မှန်သော သိုင်းပညာရပ်များဖြစ်သည်။
ထို့ကြောင့် ဤနေရာရှိ တကယ့်စစ်ဆေးမှုမှာ ဂိုဏ်းတစ်ဂိုဏ်းက ၎င်း၏သိုင်းပညာရပ်များကို ဖြန့်ဝေသင်ကြားပေးပုံနှင့် မည်မျှ အထောက်အပံ့ပေးထားကြောင်းကို စမ်းသပ်ခြင်းပင်ဖြစ်သည်။ ဥပမာဆိုလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တောင်ခြမ်း၏ ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းနှင့် မြောက်ခြမ်း၏ ကောင်းကင်တံတားဆင်ထိန်းချုပ်နည်းတို့ကို ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းနှင့် ကောင်းကင်တံတားဆင်ခန္ဓာကိုယ် အဆင့်တို့ထိ ရောက်အောင် အသီးသီး လေ့ကျင့်ထားရမည်ဖြစ်သည်။ ထိုသို့မလေ့ကျင့်ထားပါက ပထမ ဒီရေစီးကြောင်း တစ်ခုသာ အောင်မြင်မည်ဖြစ်သည်။
ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းနှင့် ကောင်းကင်တံတားဆင်ခန္ဓာကိုယ် တို့ကိုတတ်မှသာ ဒုတိယ ဒီရေစီးကြောင်း အတွက် လုံလောက်မည်ဖြစ်သည်။ တချိန်ထဲမှာပင် တောင်ခြမ်း၏ ခရမ်းရောင်ဒယ်စောက်အိုးတောင်နှင့် မြောက်ခြမ်း၏ နေဝင်တောင်တို့မှာ ထိုသိုင်းပညာရပ်များ၏ မြစ်ဖျားခံရာနေရာများဖြစ်၍ ထိုနေရာနှစ်ခုမှဂိုဏ်းသားများတွင် အခြား စွမ်းအားကြီးသိုင်းပညာရပ်များထပ်ရှိပါက သုံးခုမြောက်မှ ငါးခုမြောက် ဒီရေစီးကြောင်း အထိ သူတို့ကရောက်နိုင်ပေသည်။
သို့သော်လည်း ထိုအဆင့်ကျော်သွားလျှင် ဖီးနစ်ငှက်မွေးသို့မဟုတ် ချီလင်၏ဦးချိုကိုရှာသည်မှာ နောက်ထပ် ထပ်သုံးနိုင်မည့်သိုင်းပညာရပ်များကိုရှာရသည်ထက်ပင် ပို၍ လွယ်နေမည့်အခြေအနေသို့ ရောက်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် လျို့ဝှက်မှော်အတတ်များသာ သုံး၍ရတော့မည်ဖြစ်သည်။
အခြားတောင်မှ ဂိုဏ်းသားများကမူ ချီစုစည်းမှုအဆင့်ရှစ်အထိရောက်ပြီး အတွင်းစည်းဂိုဏ်းသို့ဝင်ပြီးချိန်တွင် နောက်ထပ် ဒီရေစီးကြောင်း များပြင်ဆင်နိုင်ရန် ပို၍အစွမ်းထက်သည့် ဒုတိယသိုင်းပညာရပ်ကို သင်ခွင့်ရလေသည်။
ဂိုဏ်းသားများ ရွေးကာသင်ယူသည့် သိုင်းပညာရပ်အမျိုးအစားမှာ အလွန်အမင်းအရေးကြီးပြီး သူတို့ရရှိနိုင်မည့် ဒီရေစီးကြောင်း ပမာဏကို ဆုံးဖြတ်ရာတွင် အရေးကြီးသည့်တစ်ချက်ဖြစ်သည်။
ပုံမှန်ဆိုလျှင် အနည်းဆုံးအရေအတွက်မှာ ဒီရေစီးကြောင်း နှစ်ခုဖြစ်ပြီး သုံးခုမှာလည်း ဖြစ်နိုင်ချေများသည်။ အခြေအနေပေါ်မူတည်၍ လေးခုမြောက်မှာလည်း အခက်ကြီးတော့မဟုတ်ပေ။
အားအနည်းဆုံး ဂိုဏ်းသားများပင်လျှင် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်တွင် အမြဲလိုလို သုံးခုမြောက် ဒီရေစီးကြောင်း အထိရောက်နိုင်ကြလေသည်။ တချို့ပြင်းထန်သည့် အခြေအနေများတွင် အင်အားကြီး ဂိုဏ်းသားများမှာ ခြောက်ခုအထိရောက်နိုင်သည်။ သို့သော်လည်း ရှေးယခင်မှ ယခုအထိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကိုးယောက်သာလျှင် ဒုတိယသိုင်းကွက်ကိုသုံးကာ ခြောက်ခုမြောက် ဒီရေစီးကြောင်း အထိ ရောက်ဖူးလေသည်။ ထို ကိုးယောက်မှာ သူတို့ခေတ်အခါတွင် ကြောက်မက်ဖွယ် ထူးခြားသည့် လူများဖြစ်ကြလေသည်။
သို့သော်လည်း ထိုဒုတိယကျင့်စဥ်ကို ကျင့်ပြီးချိန်တွင် နောက်ထပ် ဒီရေစီးကြောင်း များကိုဖန်တီးရန် မည်သည့်အရာမှ မကျန်တော့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လျှို့ဝှက်မှော်ပညာရပ် ဆယ်မျိုးဟူ၍ အမည်တွင်သည့် လျှို့ဝှက်မှော်ပညာရပ်များကိုသာ သုံး၍ရတော့လေသည်။
ထို လျှို့ဝှက်မှော်ပညာရပ်ဆယ်မျိုးကိုသုံး၍ ငါးခုမြောက် ဒီရေစီးကြောင်းကို ဖန်တီးနိုင်သည်။ ဝိညာဥ်ခေါ်သံနှင့် ရွှယ်ကျဲကော်တုကဲ့သို့သော လျှို့ဝှက်မှော်ပညာရပ်များကမူ ကံကောင်းလျှင် ဒီရေစီးကြောင်း တစ်ခုထက်ပို၍ ဖန်တီးနိုင်သည်။
ထို့ကြောင့် ထူးခြားသည့် ကိန်းအောင်းအရည်အချင်းများရှိသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအကုန်လုံးမှာ ရှစ်ခုမြောက် ဒီရေစီးကြောင်း ထိရောက်နိုင်သော အခွင့်အရေးရှိပေသည်။ အားအနည်းဆုံးဂိုဏ်းသားပင်လျှင် လေးခုအထိရနိုင်သည်။
ထိုအချက်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စွမ်းအားနှင့် အထောက်အပံ့များကို ဖော်ပြနေတော့သည်။ အခြားဂိုဏ်းသုံးဂိုဏ်းမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ အဆုံးတွင် လူတိုင်းသိချင်သည့်အဖြေ၏ မေးခွန်းမှာ များစွာသောမျိုးဆက်များထဲမှ မည်သည့်ဂိုဏ်းသားများက ထိပ်ဆုံးသို့ ရောက်နိုင်မည်နည်းဟူသော မေးခွန်းပင်။
မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ ဒဏ္ဍာရီလာထိပ်ဆုံးအဆင့်မှာ ကိုးခုမြောက် ဒီရေစီးကြောင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ် တစ်သောင်းအတွင်း ဂိုဏ်းကြီးလေးခုတွင် ထိုအဆင့်သို့ရောက်နိုင်ခဲ့သည်သူ တစ်ဦးသာရှိသည်။
ထိုသူမှာ လွန်ခဲ့သည့်နှစ်ရှစ်ရာကျော်က အောင်မြင်ခဲ့သည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အတုမဲ့သခင် ပင်ဖြစ်သည်။
မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ ထိပ်ဆုံးအဆင့်မှာ အံ့သြဖွယ်စွမ်းအားများပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ပြီး ရောက်ရှိရန် အလွန်ခက်ခဲသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ကောင်းကင်စီးကြောင်းအခြေခိုင်မာခြင်းအဆင့်မှာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် ထက် ပို၍သာလွန်သော်လည်း ထိုအရာမှာ ကံအလွန်ကောင်းမှသာ ရနိုင်ခြင်းဖြစ်သည်။ ထိုအရာကို ရရှိဖို့ နည်းလမ်းမှာ ယခုထိမရှိသေးပေ။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများမှာ တောက်ပစွာလင်းလက်လာသည်။ သူက ဒီရေစီးကြောင်း များကို လေ့လာပြီးဖြစ်၍ မြူခိုးပင်လယ်ကြီး ပြိုကွဲကာ သူ၏ ပထမဆုံး စိတ်စွမ်းအင်ပင်လယ်ကို ဖန်တီးပြီးဖြစ်ကြောင်း သူက ခံစားမိလေသည်။ သူသာ ဆန္ဒရှိပါက နောက်ထပ် ဒီရေစီးကြောင်း များကိုစွန့်လွှတ်ကာ သူ၏မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို အောင်မြင်စွာ ချက်ချင်းအဆုံးသတ်နိုင်လေသည်
သူက နှစ်နှစ်ရာထပ်၍ အသက်ရှည်မည်ဖြစ်သော့လည်း မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများအကြားတွင် အလွန်အားနည်းနေမည်ဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ အားနည်းလိုသည့် ဆန္ဒ လားလားမျှမရှိပေ။ ကျင့်ကြံခြင်းလောကတွင် ကြီးနိုင်ငယ်ညှင်းဝါဒသာရှိလေသည်။ သူနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ထိုအရာကိုတော့ ရှောင်လွှဲ၍မရပေ။
သူက သတ်ရဖြတ်ရ တိုက်ခိုက်ရသည်များကို မကြိုက်သော်လည်း တစ်ခါတရံတွင် ရွေးချယ်စရာမရှိေချ။
” ခရမ်းရောင်ချီဒယ်စောက်အိုး ထိန်းချုပ်နည်း ပညာရပ်ရဲ့ ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်နည်းကို ငါက အဆုံးထိလေ့လာပြီးပြီဆိုတော့ အဲ့တာကိုသုံးပြီး ဒုတိယ ဒီရေစီးကြောင်း ကိုဖန်တီးလိုက်မယ်။” ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သောအခါ ရုတ်တရက်ပင် သူ၏ စိတ်စွမ်းအင်ပင်လယ်ကြီးက လျင်မြန်စွာ လည်ပတ်သွားတော့သည်။ ဘေးနားရှိ မြေစီးကြောင်းစွမ်းအင်များမှာ သူ့ဘက်သို့ ချက်ချင်းပင် တုန်ရီလာကြပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ဒုတိယရေဝဲတစ်ခုပေါ်ထွက်လာသောအခါ သူ့ဘေးပတ်ပတ်လည်ရှိ အရာအားလုံးမှာ လှုပ်ခါနေတော့သည်။
သူ၏အထက်ရှိ ရေကန်ကြီးမှာ လှိုင်းများထကာ ရေပွက်ကလေးများ တဗွက်ဗွက်မြည်လာပြီး ဒုတိယရေဝဲတစ်ခုမှာ အထက်တွင် ပေါ်ပေါက်လာသည်။ အစပိုင်းတွင် အပြင်အနားသားများသာပေါ်သော်လည်း ပထမ ရေဝဲထက်ကြီးသည်မှာ ထင်ရှားလှသဖြင့် များစွာသော ဂိုဏ်းသားများက မော့ကြည့်နေကြတော့သည်။
” ဒုတိယမြောက် ဒီရေစီးကြောင်းပါလား။ ဒီမှာရှိတဲ့ လူတိုင်းကတော့ အနည်းဆုံး ဒီရေစီးကြောင်း သုံးခုလေးခုလောက်ထိရောက်ကြမှာပဲ။ ဒီရေစီးကြောင်း တိုင်းက သူ့ရှေ့ကဟာထက်ပိုကြီးပြီး မြေစီးကြောင်းစွမ်းအင်ပိုပြီး များများ လိုတယ်လေ။”
” သောက်ကျိုနည်းကွာ။ ဒီကောင် အခြေခိုင်မာခြင်းအဆင့်ကိုရောက်တာ မြန်လိုက်တာ။ အဲ့တာဆို မြေစီးကြောင်းစွမ်းအင်တွေနည်းသွားပြီပေါ့။ ငါ အခြေခိုင်မာခြင်းအဆင့် ရောက်ဖို့တောင် လောက်ချင်မှလောက်တော့မှာကွ။”
မြေခဓားကမ္ဘာထဲရှိ လူတိုင်းမှာ စိုးရိမ်စိတ်များကြီးထွားလာကြစဥ် အခြားဘက်မှနေ၍ နောက်ထပ် ထစ်ချုန်းသံကြီးတစ်ခု ပေါ်ထွက်လာလေသည်။ ခပ်လှမ်းလှမ်းရှိ တောင်စဥ်တန်းများ၏ အလယ်တွင် လေမုန်တိုင်းနောက်တစ်ခုက တိမ်တိုက်များဆီသို့ မြင့်တက်လာပြီး ကောင်းကင်ကြီးနှင့် ပေါင်းစည်းသွားတော့သည်။ ထို့နောက် နောက်ထပ် ရေဝဲတစ်ခု ပေါ်ပေါက်လာတော့သည်။
ထိုရေဝဲကြီးက ပျံ့ကားလာသောအခါ ထိုကမ္ဘာထဲရှိ မြေစီးကြောင်းစွမ်းအင်များက ၎င်းဆီသို့ ပြေးသွားကုန်ကြတော့သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းက တခြားတစ်ယောက်နှင့်အတူ မြေစီးကြောင်းစွမ်းအင်များကို မျှဝေသုံးစွဲနေပြီဖြစ်သည်။
ထိုခပ်လှမ်းလှမ်းမှ တောင်စဥ်တန်းများရှိ အင်မော်တယ်ဂူထဲတွင် ဖန်လင်းမှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် ထိုင်နေသည်။
ထိုသို့ ပြောင်းလဲမှုကြီးကြောင့် လူတိုင်းမှာ အံ့သြနေကြတော့သည်။ ပထမတစ်ယောက်ပြီး နောက်နှစ်နာရီအတွင်းတွင် ဒီရေစီးကြောင်း ထုတ်နိုင်သည့် နောက်တစ်ယောက်ပေါ်လာမည်ဟု သူတို့က လုံးဝမတွေးထားကြပေ။
လူတိုင်းမှာ မျက်ထောင့်နီကြီးများဖြင့် မြေစီးကြောင်း စွမ်းအင်အတွက် ပို၍ပြင်းထန်စွာ တိုက်ခိုက်လာကြတော့သည်။
သူတို့က အခြေခိုင်မာခြင်းအဆင့် တန်းလန်းသို့ရောက်နေသည့် လူနှစ်ယောက်ကို သတ်ဖို့ကြိုးစားရန် မတွေးမိသည်တော့ မဟုတ်ပေ။ ထိုအချိန်တွင် တခြားလူများမှာ ထင်သလောက် ပျာယာမခတ်နေကြသေးသဖြင့် အလကားနေရင်း အင်အားမကုန်လိုချင်၍ပင်ဖြစ်သည်။
နှစ်နာရီကြာသောအခါ ဖန်လင်း၏ ပထမ ဒီရေစီးကြောင်း မှာပြီးသွားပြီဖြစ်ရာ သူ့နေရာမှ ထစ်ချုန်းသံကျယ်ကြီးများ ပေါ်လာကာ နောက် ဒီရေစီးကြောင်း တစ်ခု စတင်ဖြစ်ပေါ်လာလေသည်။ နောက်ထပ် နှစ်နာရီကြာသောအခါ ပိုင်ရှောင်ရှန်း၏ ဒုတိယ ဒီရေစီးကြောင်း မှာပြီးသွား၍ သူ၏အထက်ရှိ ရေကန်မှာ ပေါက်ကွဲသွားလေသည်။
ထိုအခါ ပထမစိတ်စွမ်းအင်ပင်လယ်ပေါ်တွင် ဒုတိယတစ်ခုပေါ်လာပြီး သူ၏စွမ်းအင်များက ထိုးတက်သွားသဖြင့် သူ့ပုံစံမှာ ညည့်အမှောင်ထုအောက်ရှိ မီးတောက်တစ်ခုအလား ဖြစ်နေတော့သည်။
သူက ခရမ်းရောင်ချီဒယ်စောက်အိုး ထိန်းချုပ်နည်းကို အဆုံးထိသုံးပြီးသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် အသက်ပြင်းပြင်းရှူလိုက်လေသည်။ ထိုပညာရပ်ကို တတိယ ဒီရေစီးကြောင်း အတွက်သုံးရနိ မလုံလောက်တော့ပေ။ သူက မျက်လုံးများမှိတ်လိုက်ကာ အသိစိတ်များကို ခန္ဓာကိုယ်အတွင်းသို့ လည်ပတ်လိုက်သောအခါ သူ၏ စိတ်စွမ်းအင်ပင်လယ်နှစ်စင်းထဲတွင် ထိုးထွက်နေသော ခရမ်းရောင်ဒယ်စောက်အိုး တစ်လုံးစီကိုမြင်လိုက်ရလေသည်။ ထိုဒယ်စောက်အိုး နှစ်လုံးမှ အားပြင်းသောဖိအားများ ထုတ်လွှတ်နေလေသည်။
” ငါ့ရဲ့ တတိယ ဒီရေစီးကြောင်း အတွက်ဆို နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကို သုံးမှရမှာပဲကွ။” သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး နဂါးတစ်ကောင် နှင့် ဆင်တစ်ကောင်တို့၏ အော်သံများမှာ ကန်ရေပြင်ထဲမှ ပဲ့တင်ထွက်လာကာ နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ သူ၏ တတိယ ဒီရေစီးကြောင်း မှာ စတင်နေပြီဖြစ်သည်။
တတိယမြောက် ရေဝဲတစ်ခု သူ၏ခန္ဓာကိုယ်ထဲတွင် ပေါ်လာပြီး ပထမနှစ်ခုထက်ပင် ပို၍ ပြင်းထန်သော အားများကို ထုတ်လွှတ်နေတော့သည်။ ထိုအားက ကမ္ဘာကြီးထဲသို့ ပျံ့နှံ့သွားသောအခါ မြေစီးကြောင်းစွမ်းအင် အများအပြားမှာ သူ့ဆီသို့ စုပ်ယူခြင်းကို ခံလိုက်ရသည်။
တတိယမြောက် ရေဝဲမှာ တိမ်များထဲတွင် တဖြည်းဖြည်းပေါ်ထွက်လာပြီး ထိုတိမ်များထဲတွင် ဝဲပျံနေသည့် နဂါးတစ်ကောင်ကိုပါ မြင်ရလေသည်။ အခြားနေရာများရှိ ဂိုဏ်းသားများက မော့ကြည့်လိုက်သောအခါ ထိုနဂါးကြီးကို ချက်ချင်းပင် မြင်လိုက်ရလေတော့သည်။
” အဲ့တာ ဘာသိုင်းလဲဟ။”
“အဲ့တာ နဂါးလိုဆင်လို အဏ္ဏဝါကျမ်းပဲကွ။ အခြေခိုင်မာခြင်းအဆင့်ကို ပထမဆုံးရောက်တဲ့လူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကပါလား။”
“ဘုရားရေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကဆိုတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ဘယ်သူများတုံးကွ။ ဝိညာဥ်စွယ်လား။ ရှန်ကွမ်းထျန်ယုံလား။ ”
” ပိုင်ရှောင်ချန်းများလား။” ဂိုဏ်းလေးဂိုဏ်းလုံးမှ ဂိုဏ်းသားများမှာ အံ့အားသင့်နေကြသော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကမူ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
ရှန်ကွမ်းထျန်ယုံက နီမြန်းနေသည့်မျက်လုံးကြီးများဖြင့် မော့ကြည့်လိုက်ပြီး ကောင်းကင်ကြီးနှင့်ချိတ်ဆက်နေသည့် ရေဝဲထဲမှ နဂါးကြီးကိုကြည့်ရင်း ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
” အဲ့တာ ဝိညာဥ်စွယ်မဟုတ်ဘူး။ ပိုင်ရှောင်ချန်းပဲ။”
သူက အံကြိတ်လိုက်ပြီး သတ်ဖြတ်ရန် ရန်သူဂိုဏ်းသားများကို လိုက်ရှာနေတော့သည်
နောက်နှစ်နာရီကြာသောအခါ ဖန်လင်းမှာ ဒုတိယ ဒီရေစီးကြောင်း ကိုပြီးမြောက်သွားတော့သည်။ သူ၏အထက်တွင် ကြီးမားသော ဒယ်စောက်အိုးကြီးရှိသည့် နောက်ထပ် ရေဝဲတစ်ခုပေါ်ထွက်လာသည်။ ထိုဒယ်စောက်အိုးကြီးမှာ ကြေးရောင်ဖြစ်ပြီး နေရုပ်၊လရုပ်၊ကြယ်ရုပ်များကို မျက်နှာပြင်ပေါ်တွင် ထွင်းထားလေသည်။ ၎င်းပုံစံမှာ နက်နက်နဲနဲ ရှေးကျသည့်ပုံစံဖြစ်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အရည်ဖျော်ပစ်နိုင်သည့်အလားပင်။
ထိုသိုင်းပညာရပ်မှာ ကောင်းကင်နှင့်မြေကြီး ဆေးပေါင်းဖို ဒယ်စောက်အိုးပင် ဖြစ်လေသည်။
ထိုဒယ်စောက်အိုးကြီးကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားသည့် ဒုတိယမြောက်လူကို သိသွားကြတော့သည်။
” အဲ့တာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဖန်လင်းပဲ။”
ထိုအချိန်တွင် တတိယမြောက် လေမုန်တိုင်းတစ်ခုမှာ တိမ်များဆီသို့ မြင့်တက်သွားပြီး ကောင်းကင်ကြီးနှင့် ချိတ်ဆက်သွားလေသည်။
အခြေခိုင်မာခြင်းအဆင့်သို့ တတိယမြောက်လူ ဝင်ရောက်နေပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ရေဝဲကြီးမှာ သွေးရောင်ပြောင်းသွားတော့သည်။ ထိုအချက်များအရ စုန့်ချွဲသာဖြစ်မည်ဟု လူတိုင်းကသိလိုက်ကြသည်။
” ဘုရားရေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စုန့်ချွဲပါလား။”
” သူက အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် သတ်နိုင်တာနော်။ ပြီးတော့ သူ့ရဲ့ ပထမဆုံး ဒီရေစီးကြောင်း မှာ ထူးဆန်းတဲ့ အရာတွေကို ဖော်နိုင်တဲ့ ပထမဆုံးလူပဲ။ ငါကြားဖူးတာတော့ လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုံးကလည်း အတုမဲ့သခင်က အဲ့လိုပဲ တစ်ပုံစံထဲ လုပ်ခဲ့တာတဲ့။
” ကြည့်ရတာ စုန့်ချွဲက အတုမဲ့သခင်ရဲ့ လမ်းစဥ်အတိုင်းလိုက်ပြီး မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ရဲ့ ထိပ်ဆုံးဖြစ်တဲ့ ဒီရေစီးကြောင်း ကိုးခုထိရောက်အောင် သွားမဲ့ပုံပဲ။
ယခုတွင်မူ ရေဝဲသုံးခုမှာ မြေစီးကြောင်းစွမ်းအင်ကို လိုချင်နေကြသည်ဖြစ်ပြီး အရပ်မျက်နှာသုံးခုခွဲ၍ ပျံသန်းနေကြတော့သည်။ သို့သော်လည်း စတုတ္ထမြောက် လေမုန်တိုင်းတစ်ခုမှာ မြေခဓားကမ္ဘာ၏ နက်ရှိုင်းသောနေရာတစ်ခုတွင် ပေါ်ထွက်လာတော့သည်။