အခန်း ( ၁၄ )

ဓမ္မလက်နက်ဌာန၏ အားသာချက်

ကောင်းကင်မြို့တော်မှာ ကြီးမားသော မြို့ကြီးတစ်မြို့ဖြစ်ပြီး လမ်းများကို အုပ်မိုးထားသည့် သစ်ပင်များစွာ ပေါက်ရောက်နေ၏။ ထိုမြို့တွင် နေထိုင်ကြသည့် လူဦးရေ အရေအတွက်မှာလည်း ကြီးမားပြီး သန်းတစ်ရာကျော်အထိ ရှိနိုင်ပေသည်။ မရေမတွက်နိုင်လောက်အောင် များပြားသော သင်္ဘောပျံများ မြို့တော်တစ်ခွင် ပျံသန်းသွားလာနေကြပြီး မြေပြင်ပေါ်တွင်လည်း ဟိုဟိုသည်သည် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည့် ကားများစွာ ရှိနေကြသည်။

မြို့တော်ထဲတွင် ရှိနေကြသည့် ထူထပ်လှသော လူအုပ်ကြီးများမှာမူ အလွန် အလုပ်ရှုပ်နေကြသည့်အလား အလျင်စလို ဖြစ်နေကြသည်။

ကံကောင်းသည်မှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်ထဲတွင် မြေပုံတစ်ခု ပါရှိပြီး ၎င်းမှာ တည်နေရာများကို ပြသပေးနိုင်သည်။ ယင်းအပြင် သူ့မှာ အချိန်အများကြီး ရှိနေသေးသည်။ သူသည် လမ်းညွှန်ချက်များကိုကြည့်၍ လေလံပွဲကျင်းပမည့် စံအိမ်သို့ ဦးတည်သွားလိုက်တော့သည်။

သူသည် လမ်းတစ်လျှောက် ရှုခင်းများကို လှည့်လည်ကြည့်ရှုလိုက်သည်။ လမ်းများ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေကြသော အဆောက်အဦများနှင့် ဈေးဆိုင်များကို လှမ်းကြည့်လိုက်သောအခါ သူ မြင်နေရသည့် ပျားပန်းခတ် စည်ကားနေသော မြင်ကွင်းကြီးက သူ၏ဇာတိမြို့ဖြစ်သော ဇာမဏီမြို့နှင့် ကွဲပြားခြားနားနေကြောင်း ခံစားလိုက်ရသည်။ သူ အားသင့်သွားစေနိုင်လောက်သည့် အသစ်အဆန်းမျိုး မရှိပါသော်လည်း သူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် အရာများစွာ ရှိနေ၏။

ဥပမာပြရလျှင် သူသည် သူနှင့် သိပ်မဝေးသော နေရာတွင်ရှိနေသည့် အဆောက်အဦ တစ်ခုကို ကြည့်လိုက်မိသောအခါ သတိမထားမိလိုက်ဘဲ တအံ့တဩဖြင့် အသက်ရှူထုတ်မိလိုက်တော့သည်။

ထိုအဆောက်အဦမှာ ရှေးဟောင်း ရောမအားကစားကွင်းတစ်ကွင်းနှင့် တူနေပြီး အလွန် အရွယ်အစားကြီးမားကာ ဘောလုံးကွင်း ဆယ်ကွင်းစာထက်ပင် ပို၍ကြီးမားနေ၏။ ကောင်းကင်ပေါ်မှ ကြည့်လိုက်မည်ဆိုပါက ထိုအဆောက်အဦကြီးတစ်ခုလုံးက ဧရာမလက်သီးကြီးတစ်လုံးနှင့် တူနေ၏။

ကောင်းကင်ယံတွင်မူ တိုက်ပွဲများစွာတစ်ပြိုင်နက်တည်း ဖြစ်ပွားနေသည့်အလား ဆူညံပွက်လောရိုက်နေ၏။

” ဒါ အလွတ်တန်းတိုက်ပွဲ‌တွေ တိုက်ခိုက်နိုင်တဲ့ ဒဏ္ဍာရီလာ တိုက်ခိုက်ရေးအသင်းစံအိမ်မလား ”

ဝမ်ပေါင်လဲ့က ထိုအဆောက်အဦအား ထပ်၍ လှမ်းကြည့်လိုက်သည်။ သူသည် ထိုနေရာအကြောင်းကို သတင်းထဲတွင် ဖတ်ဖူးထား၏။ ထိုအသင်းစံအိမ်၏ ဝင်ပေါက်ကို လှမ်းကြည့်လိုက်သောအခါ အပြင်ဘက်တွင် အနက်ရောင်တူညီဝတ်စုံများ ဝတ်ဆင်ထားကြသည့် သန်မာထွားကြိုင်း‌သော ယောက်ျားကြီးများစွာ ရပ်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့သည် သွေးချီအဆင့်ရှိသော ပညာရှင်များဖြစ်ကြပြီး ထိုနေရာတွင် ရပ်နေရုံမျှဖြင့် အတော်အတန် ကြောက်စရာကောင်းသည့်ပုံ ပေါက်နေကြသည်။

” ဒီနေ့ ငါက လေလံစံအိမ်ဆီ သွားမှာဆိုတော့ နောက်တစ်ခေါက်မှပဲ ဒီကို ပြန်လာတော့မယ် ”
ဝမ်ပေါင်လဲ့သည် အသက်နှင့် မလိုက်အောင် ချင့်ချိန်ဆင်ခြင်နိုင်စွမ်း ရှိပါသော်လည်း လူငယ်တစ်ယောက် ဖြစ်နေဆဲပင် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုကဲ့သို့ ကမူးရှူးထိုး တိုက်ခိုက်ရသည့် တိုက်ပွဲများကို အလွန် စိတ်ဝင်စားနေဆဲပင်။

ဝမ်ပေါင်လဲ့သည် မျှော်လင့်ချက်ကြီးစွာဖြင့် အကြိမ်အနည်းငယ်ခန့် ထပ်မံ လှမ်းကြည့်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ သူသည် နေမွန်းတည့်ချိန်သို့ ရောက်သည့်အချိန်အထိ ပတ်ဝန်းကျင်အား တအံ့တဩဖြင့် ကြည့်ရှုခံစားနေရင်း နောက်ဆုံးတွင် သူ၏ပန်းတိုင်ဖြစ်သော စွန်ရဲလေလံစံအိမ်သို့ ရောက်ရှိသွားတော့သည်။

ကောင်းကင်မြို့တော်ထဲရှိ အကြီးဆုံး လေလံစံအိမ် လေးအိမ်ထဲမှ တစ်အိမ်ဖြစ်သော စွန်ရဲလေလံစံအိမ်မှာ ကောင်းကင်လေလံစံအိမ်ကဲ့သို့ မကြီးကျယ် မခမ်းနားပါသော်လည်း သူ့နည်းသူ့ဟန်ဖြင့် ခမ်းနားနေဆဲပင်။ အဝေးမှ ကြည့်လိုက်ပါက တောင်ပံများကို ဖြန့်ထားသည့် စွန်ရဲငှက်ထီးတစ်ကောင်နှင့် တူနေ၏။ ၎င်းအား ကောင်းကင်မြို့တော်၏ မြောက်ဘက်အပိုင်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဆယ့်ငါးကီလိုမီတာကျော်အထိ ရှည်လျားသည်။

၎င်းအား မြင့်မားသော နံရံကြီးများက ဝန်းရံထားကြပြီး ပတ်ပတ်လည်တွင် အစောင့်များစွာလည်း ရှိနေကြသည်။ လေလံစံအိမ်၏ အတွင်းပိုင်းမှာ ပို၍ပင် ကြီးကျယ်ခမ်းနား၏။ ထိုလေလံစံအိမ်ကြီးက လူအယောက်တစ်သောင်းခန့် တက်ရောက်နိုင်သော လေလံပွဲမျိုးကို တစ်ပြိုင်နက်တည်း ဆယ်ပွဲတိတိ ကျင်းပပေးနိုင်လောက်သည်အထိ ကြီးမား၏။

စွန်ရဲလေလံစံအိမ်၏ အဓိက လေလံပွဲ ကျင်းပရာနေရာဖြစ်သော အလယ်ဗဟိုရှိ လေလံကွင်းကြီးမှာ အကြီးမားဆုံးပင်။ ထိုနေရာတွင် ကျင်းပသည့် လေလံပွဲတိုင်း ကောင်းကင်မြို့တော်အား လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

ယခုအချိန်တွင် ကျင်းပမည့် လေလံပွဲမှာ ထိုအဓိက ကွင်းထဲတွင် ကျင်းပရလောက်အောင် အရည်အချင်း ပြည့်မီမှု မရှိပေ။ ထိုပွဲကို ညာဘက်အဆောင်ထဲရှိ အမှတ်သုံး လေးလံခန်းမထဲတွင် ကျင်းပမည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဖိတ်ကြားခံထားရခြင်း မရှိသော်လည်း စည်းမျဉ်းစည်းကမ်းများကို လေ့လာထားပြီးသားဖြစ်သည်။ သူသည် ကောင်းကင်တာအိုကျောင်းမှ အထူးဝင်ခွင့်ရ ကျောင်းသားဆိုသော ရာထူးအဆင့်အတန်းကို အသုံးချ၍ ဝိညာဉ်ကွန်ရက်မှတစ်ဆင့် သူ့အတွက် နေရာတစ်နေရာ ကြိုတင်မှာယူထားပြီး ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် သူ၏ လက်ထဲရှိ ကျောက်စိမ်းလက်မှတ်အား တံခါးပေါက်ရှိ အ‌စောင့်များကို ပြသလိုက်ပြီး လေလံစံအိမ်ထဲသို့ အောင်မြင်စွာ ဝင်သွားလိုက်၏။ သူ ရောက်လာချိန်မှာ အနည်းငယ် စောနေသောကြောင့် လူအများကြီး ရှိမနေသေးပေ။ သူ့အား ချောမောလှပသော အခြွေအရံများက အမှတ်သုံး လေလံခန်းမထဲသို့ ခေါ်ဆောင်သွား၏။

၎င်းမှာ အမှတ်သုံးလေလံစံအိမ်သာ ဖြစ်သော်လည်း လူအယောက်တစ်သောင်းအထိ ဝင်ဆံ့နိုင်သည်။ ထိုင်ခုံတစ်ခုံချင်းစီတွင် အလိုအလျောက် စနစ်များစွာ ပါဝင်နေ၏။ ထိုထိုင်ခုံများမှာ သက်တောင့်သက်သာ ရှိရုံသာမက ဝိညာဉ်ရေခဲရေများနှင့် မုန့်များကိုပါ ထုတ်ပေးနိုင်စွမ်းရှိသည်။ ထိုနေရာမှနေ၍ ဘေးပတ်ပတ်လည်အား ရှင်းရှင်းလင်းလင်း မြင်နိုင်သည့်အပြင် သူတို၏ ရှေ့တွင်ရှိနေသည့် စင်မြင့်ကြီးများကိုပါ လှမ်းမြင်နိုင်သည်။

” ဒီနေရာက တော်တော်ကို ဟိတ်ကြီးဟန်ကြီး ရှိတာပဲ ”
ဝမ်ပေါင်လဲ့သည် ဝိညာဉ်ရေခဲရေအား သောက်ကာ မုန့်များကို စားသုံးလိုက်တော့သည်။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာရှိသော ဝင်ကြေးမှာ တန်သည်ဟု သူက ခံစားလိုက်ရ၏။

သူသည် ထိုဧည့်ခံမှုများကို ပျော်ရွှင်ကျေနပ်စွာ ခံစားနေစဉ် နောက်ထပ်လူများစွာ ထပ်၍ဝင်ရောက်လာကြသည်။ ထို့ကြောင့် လေလံခန်းမကြီးက တဖြည်းဖြည်းနှင့် စည်စည်ကားကား ဖြစ်လာ၏။ လူအများစုမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသောကြောင့် အတူတူထိုင်ကာ စကားစမြည်ပြောရင်း ရယ်မောနေကြ၏။

ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများလည်း ရှိပေသည်။ သူတို့က အဖွဲ့လိုက်လာကြခြင်းဖြစ်ပြီး အများစုမှာ စီနီယာကျောင်းသားများဖြစ်ကြသည်။ ကျောင်းသားအသစ်များလည်း ရံခါဖန်ခါ တွေ့ရတတ်၏။ သူတို့က လေလံပွဲကြီးအကြောင်းကို စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုအပြည့်ဖြင့် ဆွေးနွေးနေကြသည်။

ဝိညာဉ်ရေခဲရေ သောက်နေသည့် ဝမ်ပေါင်လဲ့သည် ထိုကျောင်းသားများကြားတွင် ကျိုးရိဖန်ကိုပါ လှမ်းမြင်လိုက်၏။ ကျိုးရိဖန်ကလည်း သူ့အား သတိထားမိလိုက်သည်။ ထိုအခါ သူ၏ပြုံးနေသောမျက်နှာမှာ ချက်ချင်းဆိုသလိုပင် အေးစက်သွားရတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား နောက်ကောက်ချခဲ့သည့် ခံစားချက်ကြီးက သူ့အတွက် အလွန် ဆိုးရွားခဲ့၏။ သူသည် ဝမ်ပေါင်လဲ့အား မမြင်ချင်လောက်အောင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် နှာမှုတ်လိုက်ပြီး နောက်သို့လှည့်ကာ သူ မိတ်ဆွေအသစ်ဖွဲ့ခဲ့သည့် စီနီယာကျောင်းသားတချို့နှင့် စကားစမြည် ပြောဆိုနေလိုက်တော့သည်။

” ဒီကောင်က ဘာတုန်းဟ။ သူ့ကိုယ်သူ ဆရာကြီးအထာနဲ့ ”
ဝမ်ပေါင်လဲ့ကလည်း နှာမှုတ်လိုက်ပြီး ဝိညာဉ်ရေခဲရေအား တစ်ကျိုက်တည်းမော့ကာ အကုန်သောက်လိုက်ပြီး ဒုတိယမြောက်တစ်ဘူးကို ထပ်၍ဖောက်လိုက်၏။ အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် ထို လေလံခန်းမထဲတွင် လူအရေအတွက် အတိုင်းအတာ တစ်ခုအထိ ရှိသွားသောအခါ စိတ်ဓာတ်များကို လှုံ့ဆော်ပေးနိုင်သော ဂီတသံစဉ်တစ်ခု ထိုလေလံစံအိမ်တစ်ခွင် ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် သူတို့၏ ရှေ့ရှိစင်မြင့်ပေါ်တွင် စူးရှတောက်ပသော အလင်းတန်းတစ်ခု ပေါ်ပေါက်လာသောကြောင့် လူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

ထိုအလင်းတန်း၏ အောက်တွင် ကောင်းမွန်စွာ ဝတ်စားထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ရှိနေ၏။ သူသည် ရှေ့သို့ ဖြေးညင်းစွာ လျှောက်လှမ်းလာပြီး ပြုံးကာ လူအုပ်ကြီးအား ဦးညွှတ်လိုက်သည်။

” အားလုံးကို စွန်ရဲလေလံစံအိမ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျုပ်က ဒီနေ့ ခင်ဗျားတို့အတွက် လေလံပစ်ပေးမဲ့ လီကျင့်တောက်ပါ။ ဘာမှ ရှည်ရှည်ဝေးဝေး လုပ်မနေတော့ဘဲ လေလံပွဲကို စလိုက်ကြရအောင် ”
ထိုသက်လတ်ပိုင်းလူကြီး၏ စကားသံမှာ ရှင်းလင်းပြတ်သားကာ ကျယ်လောင်နေပြီး ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ သူသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလိုပင် သူ၏နောက်၌ ပုံရိပ်တစ်ခု ပေါ်လာ၏။ ၎င်းမှာ အရိုးကြီးတစ်ချောင်း ဖြစ်သည်။

ထိုအရိုးကြီးမှာ ခရမ်းရောင်ရှိပြီး ခပ်မှိန်မှိန် လင်းလက်တောက်ပနေ၏။ ထိုပုံရိပ်မှတဆင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်မျိုး ပေါ်ထွက်နေသောကြောင့် လူများစွာ တုန်လှုပ်ချောက်ချားသွားကြတော့သည်။

” လျှပ်စီးသံလိုက် မုန်တိုင်းတွေထဲမှာ နေထိုင်ပြီးတော့ အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတစ်ကောင်ဖြစ်တဲ့ လျှပ်စီးငှက်ပဲ။ အဲဒီငှက်က အရွယ်ရောက်လာရင် လျှပ်စီးအရိုးတစ်ချောင်း ပေါက်လာတယ်။ အဲဒီအရိုးက ဆေးလုံးတွေနဲ့ ဓမ္မအဆောင်တွေကို သန့်စင်တဲ့ နေရာမှာတင် မဟုတ်ပဲ တပ်သားတွေရဲ့ ကျင့်ကြံခြင်းအတွက်ပါ အများကြီး အထောက်အကူ ပြုပေးနိုင်တယ် ”

” ဒါက သာမန်လျှပ်စီးငှက်တစ်ကောင် ဆိုပေမယ့် ဒီ လျှပ်စီးအရိုးကို ရယူနိုင်ဖို့ဆိုတာ တော်တော်ကို ခဲယဉ်းတယ်။ ကြမ်းခင်းဈေး … ဝိညာဉ်ကျောက်တုံး နှစ်ဆယ်နဲ့ စကြတာပေါ့ ”

ထို သက်လတ်ပိုင်းလူကြီးမှာ ထိုသို့ ရှင်းပြလိုက်ပြီးနောက် လေလံခန်းမကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ ပြူးသွားရ၏။ သူသည် သားရဲစစ်ပွဲကြီးအကြောင်းနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများမှာ မည်မျှ အစွမ်းထက်ကြောင်းကို သိထားပါသော်လည်း လျှပ်စီးငှက်တစ်ကောင်၏ လျှပ်စီးအရိုးအား မြင်ဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအား ထပ်ခါထပ်ခါ ကြည့်နေမိလိုက်တော့သည်။

သိပ်မကြာခင် ဈေးပြိုင်ပေးခြင်း စတင်သွား၏။ ထိုလျှပ်စီးအရိုး၏ လေလံဈေးမှာ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်အထိ ရောက်ရှိသွားသောကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရတော့သည်။

” တော်တော်ကို တန်ဖိုးကြီးတာပဲ ” ဝမ်ပေါင်လဲ့သည် သူသယ်လာခဲ့သည့် အိတ်သေးသေးလေးကို ကိုင်ရင်း ချက်ချင်းဆိုသလိုပင် ယုံကြည်ချက်များ ကျဆင်းသွားရတော့သည်။ သို့သော် ခုနစ်ဆယ့်ငါး ရာခိုင်နှုန်း သန့်စင်သော ဝိညာဉ်ကျောက်တုံးများကို အမှတ်ရသွားသောအခါ သူ၏ ယုံကြည်မှုများ ပြန်လည်မြင့်တက်လာတော့သည်။ ထိုလေလံစံအိမ်မှာ ငွေကြေးပေးချေရန်အတွက် ငါးဆယ်ရာခိုင်နှုန်းသာ သန့်စင်သော ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုသည် မဟုတ်ပါလော။ သန့်စင်မှု တစ်ဆယ်ရာခိုင်နှုန်းခန့် မြင့်တက်လာတိုင်း ၎င်း၏တန်ကြေးမှာ အစများစွာ မြင့်တက်သွားမည်သာ ဖြစ်သည်။

လေလံပွဲကို ဆက်၍ကျင်းပနေပြီး ပစ္စည်း တစ်ခုပြီးတစ်ခု ပုံရိပ်များအနေနှင့် ပေါ်လာနေကြသည်။ လူများမှာ ထိုပစ္စည်းများကို ချက်ချင်းပင် သိမ်းကြုံးဝယ်ယူပစ်ကြ၏။ တချို့ပစ္စည်းများမှာ လေလံကြေး မရရှိပါသော်လည်း အခြားပစ္စည်းအများစုမှာမူ ရောင်းထွက်သွားကြသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း အမြင်များ ကျယ်သွားရတော့သည်။ သားရဲအမျိုးမျိုးမှ ရသော ပစ္စည်းများအပြင် ဆေးလုံးများ၊ ဓမ္မအဆောင်များနှင့် ကျင့်ကြံခြင်းပညာရပ်များပင် ရှိနေကြသည်။ သို့သော် ထိုပညာရပ် အများစုမှာမူ ပြီးပြည့်စုံခြင်းမရှိပေ။

ဝမ်ပေါင်လဲ့သည် တချို့ပစ္စည်းများကို လိုချင်တပ်မက်သွားခဲ့မိပါသော်လည်း သူ၏ဆန္ဒကို ချုပ်တည်း၍ သန့်စင် ဆေးလုံးအလှည့်သို့ ရောက်လာရန်သာ စောင့်ဆိုင်းနေ၏။

လေလံပွဲကျင်းပနေခဲ့သည်မှာ အချိန်တစ်ခု ရှိလာသောအချိန်တွင် လေလံပစ်သူက ပြုံးလိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏နောက်တွင် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေသော ဆေးလုံးတစ်လုံး ပေါ်လာသည်။

ထိုဆေးလုံးမှာ အလင်းဖောက်နိုင်လောက်သည်အထိ ကြည်လင်နေခြင်း မရှိသော်လည်း ထိုဆေးလုံးအား မြင်လိုက်ရသူတိုင်း ၎င်းအား ချက်ချင်းပင် မျိုချပစ်ချင်စိတ်များ ပေါက်လာမည် ဖြစ်သည်။ ထိုခံစားချက်ကြီးမှာ မွေးကတည်းက ကိန်းအောင်းနေခဲ့သည့် ခံစားချက်ကြီးတစ်ခု ကဲ့သို့ပင်။

ထို ဆေးလုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ဆေးရနံ့များက လေလံစံအိမ်တခွင် စိမ့်ဝင်ပျံ့နှံ့သွား၏။ လူများစွာ ချက်ချင်းဆိုသလိုပင် အားအင်များ တက်ကြွလာသလို ခံစားလိုက်ရ၏။ အထူးသဖြင့် ကျိုးရိဖန်နှင့် စီနီယာကျောင်းသားတချို့၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေကြတော့သည်။

ဝမ်ပေါင်လဲ့သည်လည်း မတ်မတ်ထိုင်လိုက်ပြီး ထိုဆေးလုံးအား စိုက်ကြည့်ကာ ရင်ခုန်သံများ မြန်လာတော့သည်။

” ကျုပ် သန့်စင်ဆေးလုံးအကြောင်းကို အသေးစိတ် ရှင်းပြမနေတော့ပါဘူး။ ခင်ဗျားတို့ထဲက အများစုက ဒီဆေးလုံးကြောင့် ဒီလေလံပွဲကို ရောက်နေကြတာမလား။ ကြမ်းခင်းဈေး… ဝိညာဉ်ကျောက်တုံး တစ်ရာကနေ စကြတာပေါ့ ”

” တစ်ရာ့တစ်တုံး ”

” တစ်ရာ့နှစ်တုံး ”

” တစ်ရာ့သုံးတုံး ”

လေလံခန်းမထဲတွင် ချက်ချင်းဆိုသလိုပင် လေလံဆွဲသံများဖြင့် ပြည့်နှက်သွားကြတော့သည်။ ကျိုးရိဖန်ကလည်း ထိုဆေးလုံးအား ပိုင်ဆိုင်ရမည်ဟု သန္နိဋ္ဌာန်ချထားဟန်ဖြင့် လေလံဆွဲလိုက်၏။

” ကျုပ် ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ် ပေးမယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်သွားဟန်ဖြင့် ချက်ချင်းဆိုသလိုပင် အော်ပြောလိုက်၏။
” ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ် ”

” တစ်ရာ့ခုနစ်ဆယ် ”
ကျိုးရိဖန်ကလည်း မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်ပြီး အော်ပြောလိုက်၏။

” တစ်ရာ့ရှစ်ဆယ် ”
ဝမ်ပေါင်လဲ့ကလည်း တွေဝေတုံ့ဆိုင်းမနေဘဲ ဈေးကိုထပ်၍ မြှင့်လိုက်၏။ အခြားသူများမှာ လက်လျှော့သွားကြသဖြင့် ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့သာ လေလံဆွဲသူများအဖြစ် ကျန်ရစ်ခဲ့ကြတော့သည်။ လေလံဈေးမှာ တစ်ရာကျော်မှနေ၍ ငါးရာကျော်အထိ ရောက်ရှိသွား၏။

သန့်စင်ဆေးလုံးမှာ ရှားပါးသော အရာတစ်ခုဖြစ်လျှင်တောင် ထိုဈေးနှုန်းမျိုးနှင့်သာဆိုလျှင် ၎င်းမှာ ပေးရသည့်ဈေးနှင့် တန်မည်မဟုတ်ပေ။ အခြားလူများမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မျက်နှာများ နီရဲနေကြသည့် ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အား လှမ်းကြည့်လိုက်ကြ၏။

ကျိုးရိဖန်ကမူ အံကြိတ်ကာ မတ်တတ်ထရပ်လိုက်ပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်၏။
” ဝမ်ပေါင်လဲ့ … ဝိညာဉ်ကျောက်တုံးနဲ့ ပတ်သက်လာရင် မင်းက ငါနဲ့ ယှဉ်ရဲမှာလားကွ။ ငါ့မိသားစုက ကျိကျိတက် ချမ်းသာတာနော်။ ငါ အတုံးခုနစ်ရာဈေးနဲ့ လေလံဆွဲတယ်ကွာ ”

သူသည် ဝိညာဉ်ကျောက်တုံးများအတွက် စိတ်ပူနေစရာမလိုသည့် သူကြွယ်မျိုးရိုးတစ်ခုမှ ဆင်းသက်လာသူဖြစ်သည်။ ထို့အပြင် အပြေးပြိုင်ခြင်းနှင့် အလေးတုံးမခြင်းဆိုသော ကိစ္စရပ်ကြီးနှစ်ခုကြောင့် ဝမ်ပေါင်လဲ့အား မမြင်ချင်လောက်အောင် မုန်းတီးနေပြီဖြစ်သည်။ အဆိုးဆုံးမှာ သူသည် ထို သန့်စင်ဆေးလုံးအား မဖြစ်မနေ လိုအပ်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူသည် မတတ်သာသည့်အဆုံး ဈေးအမြင့်ကြီးဖြင့် လေလံဆွဲလိုက်ရခြင်း ဖြစ်သည်။

” လဲသေလိုက်လေ ”
ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ လေးလံလာတော့သည်။ သူသည် ဝိညာဉ်ကျောက်တုံး အတော်အသင့် စုဆောင်းထားပါသော်လည်း သန့်စင်မှု ငါးဆယ် ရာခိုင်နှုန်းသို့ ပြောင်းလဲလိုက်မည်ဆိုလျှင် အတုံးတစ်ထောင်ပတ်ချာလည်သာ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည်လည်း မတ်တတ်ထရပ်လိုက်ပြီး ကျိုးရိဖန်အား ဒေါသတကြီးစိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
” ဝိညာဉ်ကျောက်တုံး တစ်ထောင် ”

ထိုလေလံဈေးကြောင့် လူတိုင်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ထိုဈေးနှုန်းမှာ လုံးဝအဓိပ္ပါယ်မရှိဟု သူတို့အားလုံး ယူဆလိုက်ကြ၏။

ကျိုးရိဖန်မှာလည်း အံ့ဩတုန်လှုပ်သွားရ၏။ သူ၏ အသက်ရှူသံများမှာ လေးလံလာကာ လည်ပင်းတွင်လည်း အကြောများ ထောင်ထလာပြီး နောက်ထပ်တစ်ကြိမ် အော်ဟစ်လိုက်တော့သည်။ သူသည် သိုင်းပညာဌာနမှ ဖြစ်ပြီး ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်လုဆဲဆဲဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် သူသည် အလွန် စိတ်နှလုံး လှုပ်ရှားနေသည်ဖြစ်ရာ သူ၏ အသံမှာ အလွန် ကျယ်လောင်နေ၏။

” ဝိညာဉ်ကျောက်တုံး တစ်ထောင့်တစ်ရာ ”

ထိုအခါ ဝမ်ပေါင်လဲ့ မျက်လုံးများ ပြူးသွားရတော့သည်။ ထိုကျယ်လောင်သော အသံကြီးကြောင့် သူ၏ နားစည်များသည်လည်း နာကျင်သွားရ၏။ ထို့ကြောင့် သူသည် အိတ်ထဲမှ အော်လန်ကြီးကို ထုတ်ယူလိုက်ပြီး ကျိုးရိဖန်ဘက်သို့လှည့်ကာ အော်ပြောလိုက်၏။

” ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာ ”

ထိုအသံမှာ ကျယ်လောင်လွန်းသောကြောင့် ကျိုးရိဖန်တစ်ယောက်သာ ကြောက်ရွံ့တုန်လှုပ်သွားရုံတင် မကဘဲ ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးပင် မှင်တက်သွားကြတော့သည်။ လေလံပစ်သူ၏ ခန္ဓာကိုယ်ပင် ကတုန်ကယင် ဖြစ်သွားရပြီး ဝမ်ပေါင်လဲ့အား အထူးတဆန်းနှင့် ကြည့်နေလိုက်တော့သည်။

ထိုမျှလောက်သာဆိုလျှင် ဝမ်ပေါင်လဲ့တစ်ယောက် အသံကျယ်သည်ဟုသာ ဆိုနိုင်အုံးမည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့သည် ထိုသို့အော်ဟစ်ပြီးနောက် မည်သူ့ကိုမှ တုန့်ပြန်ချိန်မပေးဘဲ အားလုံး၏ရှေ့တွင် ကျောက်တုံးအလွတ်တစ်တုံးကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းအား လက်ထဲတွင်ကိုင်၍ ဝိညာဉ်ကျောက်တုံးများကို စတင်သန့်စင်ပြလိုက်တော့သည်။

ထိုအခါ ဝိညာဉ်ချီများစွာ စုစည်းလာကြသဖြင့် သူ၏လက်ထဲမှ ကျောက်တုံးအလွတ်မှာ လျင်မြန်စွာ အသွင်ပြောင်းလဲသွားပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးအသွင် ပြောင်းလဲသွားသည်ကို သိသာထင်ရှားစွာ မြင်လိုက်ရတော့သည်။ ထိုမြင်ကွင်းကြောင့် လေလံစံအိမ်ထဲတွင် ရှိနေသည့်လူအားလုံး ယောက်ယက်ခတ်သွားကြတော့သည်။

” မင်းက ငါ့ဆီမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ယှဉ်ချင်တာလား။ လဲသေလိုက်လေ … ငါက အခုချက်ချင်းကို ဝိညာဉ်ကျောက်တုံးတွေ ဖန်တီးနိုင်တယ်ကွ။ လာစမ်းပါ။ ဘယ်သူ့မှာ ပိုများလဲဆိုတာ ကြည့်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့က ထိုသို့ အော်ပြောလိုက်ပြီး အထင်သေးသောအကြည့်များဖြင့် မှင်တက်နေသည့် ကျိုးရိဖန်အား စိုက်ကြည့်နေလိုက်တော့သည်။

” သူ … သူက တကယ်ပဲ ဝိညာဉ်ကျောက်တုံးတွေကို ချက်ချင်းသန့်စင်နိုင်စွမ်း ရှိနေတာလား ”

” သူက ဓမ္မလက်နက်ဌာနကလို့ ငါကြားမိခဲ့သလိုပဲ ”

” အဲဒါဆိုရင် ဘယ်လိုလုပ်ပြီး သူ့ကို ယှဉ်နိုင်မှာလဲ ”

လူအုပ်ကြီးက ခါးသီးစွာ ပြုံးနေကြစဉ် ကျိုးရိဖန်မှာမူ ရူးသွပ်လုမတတ် ဖြစ်နေတော့သည်။ လေလံပွဲတစ်ပွဲ၌ ယခုလို ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားမိပေ။ ဓမ္မလက်နက်ဌာနမှာ ၎င်း၏ ဝိညာဉ်ကျောက်တုံး သန့်စင်မှုများကြောင့် ကျော်ကြားသည် ဖြစ်သော်လည်း သူကိုယ်တိုင် မကြုံဖူးသေးပေ။

သို့သော် ထိုအခိုက်အတန့်တွင်မူ ဝမ်ပေါင်လဲ့၏ လုပ်ရပ်မှာ သူ့အား အလဲထိုးလိုက်သည့် လက်သီးချက်ကဲ့သို့ပင်။ သူ၏ မိသားစုမှာ ချမ်းသာကြွယ်ဝပါသော်လည်း သူ နောက်တွန့်သွားရတော့သည်။ သူ ပိုင်ဆိုင်ထားသည့် ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ အကန့်အသတ် ရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ငွေစက္ကူများကို ရိုက်ထုတ်နိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

ထို့ကြောင့် ကျိုးရိဖန်မှာ အပြေးပြိုင်ခဲ့စဉ်ကနှင့် အလေးမ,ခဲ့စဉ်ကအတိုင်း ပြန်၍ခံစားလိုက်ရသဖြင့် အသားများ တုန်ရီလာတော့သည်။ သူ၏ဘေးရှိ သူနှင့် ယခုမှ မိတ်ဆွေဖွဲ့ခဲ့သော စီနီယာကျောင်းသားမှာမူ ကျိုးရိဖန်အား သနားသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းယမ်း၍ သက်ပြင်းချလိုက်တော့သည်။

” အဲဒါ ဓမ္မလက်နက်ဌာနပဲ ”

” မင်းက သူနဲ့မှ သွားပြီးတော့ ပြိုင်မိရတယ်လို့ကွာ။ စီနီယာ ကျောင်းသားတွေအကုန်လုံး သူ့ကို သတိထားမိလိုက်တာနဲ့ ပါးစပ်ပိတ်သွားကြတာကို မင်း သတိမထားမိခဲ့ဘူးလားကွ။ ဓမ္မလက်နက်ဌာနကို လမ်းလျှောက်နေတဲ့ ငွေထုတ်စက်ကြီးလို့ လူတွေက ခေါ်ကြတာ။ သူတို့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ ”

အခြား စီနီယာကျောင်းသားများမှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ သက်ပြင်းချသွားကြတော့သည်။ ထို စီနီယာကျောင်းသားများ၏ နှလုံးသားများထဲတွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများ ချန်ရစ်ထားခဲ့ကြသည့် အမာရွတ်များ ရှိနေမည်မှာ အသေအချာပင်။

Comment

Leave a Reply

Options

not work with dark mode
Reset