အခန်း ( ၁၄၉ )

ဂိုဏ်းတူဦးလေးပိုင်က လုပ်ချင်လား/ မလုပ်ချင်ဘူးလားဆိုတာ

“ဒါဟာ အဆိပ်ဝိညာဥ် တစ်ခုမဟုတ်ဘူးကွ။ ဒါဟာ မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်ပဲ။” ကြောက်ရွံ့မှုကြောင့်ရင်များတဒုန်းဒုန်းခုန်နေကာ ပိုင်ရှောင်ချန်းသည်အလျင်အမြန်ထွက်ပြေးလာခဲ့လေသည်။ စောစောက သူနှင့်မိန်းမပျိုလေးတို့အကြည့်ချင်းဆုံသွားစဥ် သူ့စိတ်ထဲတွင် သေနိုင်လောက်သောကပ်ဘေးတစ်ခုကျရောက်လာတော့မည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်သည်အလွန်ပြင်းထန်လှရာ သူ၏အသွေးအသားတစ်လက်မစီတိုင်းနှင့် သူ၏သွေးတစ်စက်စီတိုင်းက အထိတ်တလန့်အော်ဟစ်နေကြသည်ဟုပင်ခံစားလိုက်ရသည်။

သူသာ ယခုထက် နှေးနှေးပြေးမိပါက သေရလိမ့်မည်ဟု သူ့စိတ်တွင်ထင်နေလေသည်။

ထိုကဲ့သို့သေဘေးနှင့်နီးကပ်နေပြီဟူသောခံစားချက်ကြောင့် သူ၏ခန္ဓာကိုယ်မှာတဆတ်ဆတ်တုန်နေပြီး သူ၏မျက်လုံးများတွင်သွေးပျက်မတတ်ကြောက်ရွံ့မှုအရိပ်အယောင်များပြည့်နှက်နေကာ ရှေ့ကိုသာအားစိုက်၍ အလျင်အမြန်ထွက်ပြေးနေလေရာ မြေခဓားကမ္ဘာ၏အနက်ရှိုင်းဆုံးနေရာများဆီသို့ ဦးတည်နေလျက်ရှိလေသည်။

နောက်တစ်နေ့တွင် သူ၏နောက်သို့ အဆိပ်ဝိညာဥ် များလိုက်လာခြင်းမရှိသည်ကိုသေချာစေရန် ပြေးရင်းလွှားရင်းမှ နောက်ပြန်လှည့်ကြည့်ရသေးသည်။ သူတစ်ယောက်တည်းသာရှိနေသည်ကိုသိလိုက်ရသောအခါ စိတ်အေးသွားပြီးသက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်သည်။ သို့သော်လည်း ယခင်နေ့ကအဖြစ်အပျက်များကြောင့် သူ၏ရင်ထဲတွင် ကြောက်လန့်စိတ်များစွဲကျန်နေခဲ့လေသည်။

“မနေ့က ဂါဝန်အဖြူနဲ့မိန်းကလေးက တစ်ခုခုတော့ တစ်ခုခုပဲ။” စိတ်မသက်မသာဖြစ်နေသောမျက်နှာဖြင့် သူတွေးလိုက်သည်။ “ပထမတော့သူမက တခြား အဆိပ်ဝိညာဥ် တွေနဲ့အတူတူပဲလို့ထင်ရတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ဆေးလုံးကိုစားလိုက်ပြီးနောက်မှာ သူမရဲ့အငွေ့အသက်က လုံးဝပြောင်းလဲသွားတယ်။ အဲ့ဒီဆေးလုံးတွေဖော်စပ်တုန်းက ငါဘာများအမှားလုပ်မိပါလိမ့်။”

သူ၏အကြံအစည်ကိုလက်လွှတ်လိုက်ရန်စဥ်းစားမိသော်လည်း သူ၏ဆေးလုံးများသည် အဆိပ်သားရဲများကို ဆွဲဆောင်နိုင်ခဲ့လေသည်။ အဆုံးတွင် သူ၏အကြံအစည်ကိုလွယ်လွယ်နှင့်လက်မလွှတ်နိုင်ပေ။ အံကိုတင်းတင်းကြိတ်လျက် ထပ်မံလေ့လာဖို့ အဆိပ်သားရဲများ ရှာဖွေရန်ထွက်လာခဲ့လိုက်လေ၏။ တချိန်တည်းမှာပင် သူအသုံးပြုခဲ့သောဆေးဖော်စပ်နည်းကို လေ့လာသုံးသပ်နေလိုက်လေသည်။ သုံးရက်ခန့်ကြာသောအခါ ပြုပြင်ပြောင်းလဲမှုများအနည်းငယ်ပြုလုပ်ပြီးသောအခါ သူ့ကိုယ်သူအားတင်းထားလိုက်ပြီး ဆေးပေါင်းဖိုတစ်ခုကိုထုတ်ကာ ဆေးစတင်ဖော်စပ်နေလေ၏။

ယခုတစ်ခေါက်တွင်မူ မိုးကြိုးလျှပ်စီးများသာမက အခြားထူးဆန်းမှုတစ်စုံတစ်ရာ မတွေ့ရချေ။ ခရမ်းရောင်ဆေးလုံး လေး လုံးပေါ်ထွက်လာသောအခါ သူသည်စမ်းသပ်မှုပြုလုပ်ရန်ဂရုတစိုက်ထုတ်ယူလိုက်သည်။ အဆိပ်ဝိညာဥ် များထွက်ပေါ်လာလျှင်ပြုလုပ်ရမည်များကိုလည်းပြင်ဆင်နေလေသည်။

မကြာမီပင်ထိုနေရာသို့ အဆိပ်သားရဲတစ်ကောင်ပြီးတစ်ကောင်ရောက်လာလေရာ မြေကြီးများတသိမ့်သိမ့်တုန်နေလေတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းသည် အဆိပ်သားရဲတစ်ကောင်ကိုမှသွားမထိရဲပေ။ သူသည်အလျင်အမြန်ပျံသန်းထွက်ပြေးလိုက်ပြီး ထိုနေရာတဝိုက်ကိုသတိထားပြီးစောင့်ကြည့်နေလေသည်။

မိနစ်ပိုင်းမျှကြာသောအခါ ဆေးလုံး၏ဆွဲဆောင်မှုကြောင့် အဆိပ်သားရဲအကောင်နှစ်ဆယ်ဝန်းကျင်ခန့်ရောက်ရှိလာခဲ့သော်လည်း အဆိပ်ဝိညာဥ် တစ်ကောင်မှတော့ပေါ်မလာတော့ပေ။ နောက်ဆုံးတွင်ပိုင်ရှောင်ချန်းသည်စိတ်အေးသွားသဖြင့်သက်ပြင်းများချကာ စိတ်လှုပ်ရှားလျက်ပင်ရှိလေသည်။

“အလုပ်ဖြစ်တယ်ကွ…” အကျယ်ကြီးအော်ရယ်လျက် အံ့အားသင့်စွာကြွေးကြော်လိုက်လေသည်။ သူ့ကိုယ်ပေါ်တွင်ကပ်ထားသော စက္ကူအဆောင်လက်ဖွဲ့များကိုဖယ်ရှားလိုက်သောအခါ ဒိုင်းကာများသည်တောက်ပနေရာမှမှေးမှိန်သွားပြီး အဆိပ်သားရဲများရှိရာသို့ အလျင်အမြန်ပြေးထွက်သွားလေ၏။ မကြာမီပင် သူ၏သစ်သားဓားသည်ရောင်စဥ်တန်းများတလက်လက်တောက်လာကာ တိုက်ခိုက်ခြင်းကိုစတင်လိုက်လေသည်။

အဆိပ်သားရဲများတစ်ကောင်ပြီးတစ်ကောင် လဲကျသေဆုံးကုန်ကြသည်။ ပိုင်ရှောင်ချန်းသည် သူ၏တာအိုပုလင်းထဲသို့စီးဝင်နေသော မြေစီးကြောင်းစွမ်းအင်စီးကြောင်းကြီးကိုကြည့်ပြီး သာယာကြည်နူးနေလေတော့သည်။

သားရဲအုပ်ကြီးတစ်အုပ်လုံးကိုသတ်ဖြတ်ပြီးနောက် ပိုင်ရှောင်ချန်းသည် ပုလင်းထဲရှိမီးခိုးရောင်အရည်များကိုကျေနပ်အားရစွာကြည့်ရှုနေလေသည်။ တိုတောင်းလှသောအချိန်ခဏလေးအတွင်းမှာပင် သူသည်လွန်ခဲ့သောရက်အနည်းငယ်အတွင်းကစုဆောင်းနိုင်ခဲ့သည်ထက် ပို၍စုဆောင်းနိုင်ခဲ့လေသည်။

အသက်ကိုပြင်းပြင်းရှူလိုက်ပြီး နောက်တစ်နေရာသို့ဦးတည်ထွက်ခွာလာခဲ့လေသည်။ ထိုနေရာတွင် နောက်ထပ်ဆေးတစ်လုံးထပ်ပစ်လိုက်သောအခါ များပြားလှသောအဆိပ်သားရဲများ အုပ်လိုက်ကြီးရောက်လာလေသည်။ ရင်ထဲမှလှိုက်လှိုက်မောမောရယ်လိုက်ကာ ပိုင်ရှောင်ချန်းသည်သားရဲကောင်များကိုစတင်သတ်ဖြတ်လေတော့သည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာခဲ့လေပြီ။ ဆေးလုံးများ၏ကျေးဇူးကြောင့် ပိုင်ရှောင်ချန်း၏တာအိုပုလင်းထဲမှမီးခိုးရောင်အရည်များသည် အလျင်အမြန်ပင်တိုးပွားလာလေ၏။ ယခုဆိုလျှင် သူသည်အခြားဂိုဏ်းသားများထက် မြေစီးကြောင်းစွမ်းအင်များကိုပို၍မြန်မြန်စုဆောင်းနိုင်နေပြီဖြစ်သည်။ ရက်အနည်းငယ်ကြာလျှင် ပိုင်ရှောင်ချန်းတစ်ယောက် မြေခဓားမဟူရာချောက် ထဲသို့ဝင်ရောက်ခဲ့သည်မှာ တစ်လတင်းတင်းပြည့်တော့မည်ဖြစ်၏။ သူ၏တာအိုပုလင်းထဲတွင် မြေစီးကြောင်းစွမ်းအင်များက ပုလင်း၏ ၈၀ ရာခိုင်နှုန်းခန့်ပြည့်နေလေပြီ။

“၂၀ ရာခိုင်နှုန်းလောက်ပဲထပ်စုရတော့မယ်” သူသည် ယခင်ကထက်ပို၍စိတ်လှုပ်ရှားနေလျက်တွေးလိုက်မိသည်။ အခြားဂိုဏ်းသားများ သူတို့၏စုဆောင်းမှု၌မည်မျှတိုးတက်မှုရှိသည်ကိုသူသေချာမသိသော်လည်း သူတို့အများစုသည် သူ့ကိုကျော်သွားပြီဟု သံသယရှိနေသည်။

သို့သော်လည်း သူသည်စေ့စပ်သေချာလွန်းသူဖြစ်လေရာ တစ်ကြိမ်တည်းနှင့်ဆယ်ရာခိုင်နှုန်းထပ်ပြည့်သွားအောင်လုပ်ရန် ဆုံးဖြတ်လိုက်လေ၏။

“ငါ့အတွက် အဆိပ်သားရဲတွေအများကြီးပိုလိုအပ်တယ်။” သူ၏လျှာများကိုသပ်လိုက်ပြီး တစ်ယောက်တည်းရေရွတ်လိုက်သည်။ ထို့နောက် သူသည် မြေခဓားမဟူရာချောက် အောက်သို့ဆက်ဆင်းလာခဲ့ရာ ကြီးမားကျယ်ပြန့်သောကွင်းပြင်ကျယ်ကြီးတစ်ခုစီသို့ရောက်လာခဲ့လေသည်။ သူသည်အသက်ကိုဝအောင်ရှူလိုက်ပြီး ဆေးလုံးနှစ်လုံးကိုထပ်ထုတ်လိုက်ပြန်သည်။ အဆိပ်သားရဲများကိုပို၍ဆွဲဆောင်နိုင်စေရန်ရည်ရွယ်ကာ ဆေးလုံးများကိုလုံးချေလိုက်ပြီး ဟိုဟိုသည်သည်ဖြန့်ကျက်လိုက်လေသည်။

မိနစ်ပိုင်းအတွင်း များပြားလှသောအဆိပ်သားရဲများစုရုံးရောက်ရှိလာသည်နှင့်အမျှ လေထုထဲတွင်လှိုင်းများထနေလေသည်။ ပိုင်ရှောင်ချန်းသည်ချက်ချင်းဝင်ရောက်တိုက်ခိုက်လေရာ တဝုန်းဝုန်းပေါက်ကွဲသံများဆူညံနေတော့သည်။ သူသတ်လိုက်သောအဆိပ်သားရဲတစ်ကောင်ချင်းစီမှ မြေစီးကြောင်းစွမ်းအင်များသည် တာအိုပုလင်းထဲသို့စီးဝင်သွားကြလေသည်။

ဆေးလုံးများကိုကောင်းစွာလုံးချေပြီးဖြန့်လိုက်သောကြောင့်လည်းကောင်း၊ သူရွေးချယ်လိုက်သောနေရာသည် မြေခဓားကမ္ဘာ၏ ၏အတွင်းပိုင်းအကျဆုံးနေရာဖြစ်နေသောကြောင့်လည်းကောင်း၊ အဆိပ်သားရဲတော်တော်များများစုဝေးရောက်ရှိလာကြလေသည်။

မကြာမီပင်သားရဲများသည် ဒါဇင်ပေါင်းများစွာမှ ရာပေါင်းများစွာအထိ ရောက်ရှိလာကြလေရာ ကွင်းပြင်တစ်ခုလုံးပြည့်နှက်နေပေတော့သည်။ သားရဲများအားလုံးနီးပါးသည်အလယ်အလတ်အဆင့်ရှိကြပြီး ဟိုနားသည်နားတစ်ကောင်တစ်လေသာအဆင့်မြင့်သားရဲများဖြစ်ကြလေသည်။ အဆင့်မြင့်သားရဲများသည် သာမန်ဆိုလျှင်လက်ရွေးစင်လူအုပ်တစ်အုပ်ခန့်ဝိုင်း၍သတ်မှသာ သေမည့်သဘောရှိသည်။

ပိုင်ရှောင်ချန်းသည် ကွင်းပြင်ထဲသို့ထပ်မံဝင်ရောက်လာနေကြသောသားရဲများကို အလျင်မီအောင်မသတ်နိုင်ပေ။ မကြာမီပင် သားရဲအရေအတွက်စုစုပေါင်းမှာ ၂၀၀ ကျော်လာပြီဖြစ်ကာ ပို၍သာတိုးလာနေပေသည်။ မည်သည့်ကျင့်ကြံသူမဆို ဤမျှများပြားလှသောအဆိပ်သားရဲများကိုမြင်တွေ့လိုက်ရပါက ပျော်ရွှင်မြူးထူးလွန်း၍ခုန်ပေါက်ကခုန်နေပေလိမ့်မည်။

ဂိုဏ်းကြီးလေးခု၏အချို့သောဂိုဏ်းသားများသည် အဖြစ်အပျက်အလုံးစုံကိုသတိထားမိလိုက်ကာ ကွင်းပြင်၏အစွန်အဖျားသို့စုရုံးရောက်ရှိလာကြပြီး သားရဲကောင်များကိုရနိုင်သလောက်သတ်ဖြတ်နေကြလေသည်။ သူတို့ထဲမှတစ်ယောက်သည်လုံးဝအကြင်နာတရားကင်းမဲ့စွာသတ်ဖြတ်နေလေရာ အနီးရှိဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအချို့နှင့် စကားများရန်ဖြစ်နေကြလေသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည်ထိုလူငယ်ကိုသတိပြုမိသွားပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏နံပါတ်တစ်လက်ရွေးစင် ဖန်လင်းမှန်း မှတ်မိသွားလေသည်။

ပိုင်ရှောင်ချန်းသည် သူစုဝေးထားရသောအဆိပ်သားရဲများကို အခြားဂိုဏ်းသားများကသတ်ဖြတ်ယူဆောင်နေကြသည်ကို သိပ်သဘောမကျလှပေ။ သို့သော်လည်း သားရဲများသည်ပို၍သာများပြားလာနေသောကြောင့် သူလည်းသတ်၍မနိုင်ဖြစ်နေလေရာ အထင်သေးသည့်အကြည့်ဖြင့်တစ်ချက်ကြည့်ပြီး ထိုသူများကိုလျစ်လျူရှုထားလိုက်လေတော့သည်။

တဖြည်းဖြည်းနှင့် ကွင်းပြင်ထဲတွင်ကျင့်ကြံသူအယောက်လေးဆယ်ခန့် စုရုံးရောက်ရှိလာကြလေသည်။ ထိုအချိန်မှသာ သူတို့သည် တညီတညွတ်တည်းအဆိပ်သားရဲများကို သတ်ဖြတ်နေကြလေတော့သည်။ အားလုံးပျော်ရွှင်မြူးထူးနေကြလေရာ ပို၍မြန်မြန်သတ်ဖြတ်နိုင်စေရန် သူတို့စွမ်းအားများအားလုံးပူးပေါင်းကာ သားရဲများကိုသတ်ဖြတ်နေကြလေတော့သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းအနားသို့ရောက်လာကြကာ ပူးပေါင်းသတ်ဖြတ်နေကြလေ၏။ ပိုင်ရှောင်ချန်းကလည်းသူတို့ကိုစောင့်ရှောက်ပေးလျက်ရှိရာ သူတို့၏သတ်ဖြတ်စုဆောင်းမှုနှုန်းမှာ သိသိသာသာကောင်းမွန်နေပေသည်။

ပိုင်ရှောင်ချန်းသည် မြေစီးကြောင်းစွမ်းအင်အရည်များ သူ၏တာအိုပုလင်းထဲသို့စီးဝင်နေသည်ကို စိတ်လှုပ်ရှားစွာကြည့်လျက် အကျေနပ်ကြီးကျေနပ်နေလေတော့သည်။ မကြာမီပင် တာအိုပုလင်း၏ကိုးဆယ်ရာခိုင်နှုန်းခန့် ပြည့်လာလေ၏။ ထိုအချိန်တွင် ကောင်းကင်ထက်ဆီမှ အလင်းတန်း ဆယ်တန်းထက်မက ရုတ်တရက်ပေါ်ထွက်လာလေသည်။

ထိုလူများသည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏တူညီဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့ကိုဦးဆောင်လာသည်မှာ လျှပ်စီးများဝန်းရံနေသောလူသန်ကြီးတစ်ယောက်ဖြစ်သည်။

ဖန်လင်းမှလွဲ၍ ဂိုဏ်းသားများ၏မျက်နှာများအရောင်လက်သွားလေ၏။ ဖန်လင်းသည်သားရဲများကိုဆက်လက်သတ်ဖြတ်နေကာ တချက်မှပင်လှည့်မကြည့်။

“လေ့ရှန်း ”

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရဲ့နံပါတ်နှစ်လက်ရွေးစင်ပဲ…။ ဒုက္ခပါပဲ…။ သူတစ်ယောက်တည်းရောက်လာတယ်ဆိုရင်ကိစ္စမရှိပေမယ့် အခုကျတော့သူနဲ့အတူ တစ်အုပ်လိုက်ကြီးခေါ်လာတာပါ့လား…”

လူအားလုံးသည်ဝေခွဲမရဖြစ်နေသောမျက်နှာများဖြင့်စိုက်ကြည့်နေကြသော်လည်း လေ့ရှန်းသည်အဆိပ်သားရဲအုပ်ကြီးကိုသာအာရုံရောက်နေကာ ပျော်ရွင်ကျေနပ်မှုများဖြင့်မျက်လုံးအရောင်လက်သွားလေသည်။ သူသည်အဆိပ်သားရဲအုပ်လိုက်ကြီးထူးဆန်းစွာပေါ်ထွက်လာသည်ဆိုသောသတင်းကို ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ထံမှကြားသိလိုက်ပြီး ဤနေရာသို့အပြေးအလွှားရောက်လာခဲ့ခြင်းပင်ဖြစ်သည်။

“ကျုပ်ရဲ့ပုလင်းပြည့်ဖို့ ၄၀ ရာခိုင်နှုန်းလောက်ပဲလိုတော့တယ်။ ပုလင်းသာပြည့်သွားလို့ရှိရင် ကျုပ် မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကို ဖန်တီးနိုင်ပြီ။ ဒီမှာရှိတဲ့အဆိပ်သားရဲတွေအကုန်လုံးကိုသတ်လိုက်ရင် ကျုပ်ပုလင်းပြည့်ကောင်းပြည့်နိုင်လိမ့်မယ်။”
လေ့ရှန်းသည် ခေါင်းကိုနောက်သို့မော့ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။
လေ့ရှန်းနှင့်အတူပါလာကြသောဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများသည် သူဘာလုပ်တော့မည်ဆိုသည်ကိုသိလိုက်သည်နှင့် ကောက်ကျစ်စွာရယ်မောကာ ရှေ့သို့တိုးလာကြလေသည်။

“နားထောင်ကြစမ်း…” ကွင်းပြင်ထဲရှိဂိုဏ်းသားများအားလုံးကြားရအောင် အော်ပြောလိုက်သည်။
“မင်းတို့က ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကမဟုတ်ဖူးဆိုရင် အခုချက်ချင်းထွက်သွားကြစမ်း။ ဒီကွင်းပြင်က ငါတို့နယ်မြေဖြစ်သွားပြီ။” အခြားဂိုဏ်းသုံးခုမှဂိုဏ်းသားများသည် ဒေါသကြောင့်ကြက်သီးမွေးညင်းများပင်ထကုန်သည်။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများသည် လှောင်ရယ်ရယ်လိုက်ကြကာ လေ့ရှန်း၏အဖွဲ့နှင့်ပူးပေါင်းလိုက်ကြသည်။ သူတို့အုပ်စုသည် အကြမ်းဖျင်းအားဖြင့် အယောက်သုံးဆယ်ခန့်ရှိမည်ဖြစ်သည်။

လေ့ရှန်း၏ဦးဆောင်မှုအောက်တွင် သူတို့အုပ်စုသည် အခြားဂိုဏ်းသားများကိုမောင်းထုတ်နေကြပြီး ထွက်သွားရန်ငြင်းဆန်နေသူများကို ပြင်းထန်သောစွမ်းအားများသုံးကာ တိုက်ခိုက်နေကြလေသည်။ ကွင်းပြင်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

“မင်းတို့မှာ ဒီနေရာကနေထွက်ခွာသွားဖို့ ဝင်သက်ထွက်သက်ဆယ်ကြိမ်စာအချိန်ရမယ်။ ပြီးတော့မင်းတို့ရဲ့ တာအိုပုလင်းတွေကိုထားခဲ့ကြ။”

“မင်းတို့ထွက်မသွားချင်ဘူးဆိုရင် မင်းတို့အသက်ကိုဆုံးရှုံးရဖို့သာပြင်ထား” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများသည် ထိုသို့ပြောလျက်စိန်းစိန်းဝါးဝါးစိုက်ကြည့်နေလေရာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်ကာ နောက်သို့ဆုတ်ခွာသွားကြလေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် သင်းကွဲနေသောဝံပုလွေများကဲ့သို့ဖြစ်နေကာ လေ့ရှန်းကိုလည်းရန်မစလိုကြပေ။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ဝေခွဲမရဖြစ်နေကြသော်လည်း ဆုတ်ခွာရန်မှတစ်ပါးရွေးချယ်စရာမရှိပေ။ ဖန်လင်းကိုလူအုပ်ထဲ၌တွေ့လိုက်ရသောအခါ လေ့ရှန်းသည်အနည်းငယ်တွန့်ဆုတ်နေသေးသည်။ လွန်ခဲ့သောတစ်လခန့်ကဖြစ်ပွားခဲ့သော မှော်ပညာအသုံးပြုပြီးအစုလိုက်အပြုံလိုက်လူသတ်မှုမှာ ဖန်လင်းကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟုသံသယဝင်နေသောကြောင့် လေရှန်သည် ဖန်လင်းကိုရန်စသည့်အပြုအမူမျိုးမပြုလုပ်လိုပေ။

သူကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာတိုက်ပွဲကွင်းပြင်အနေအထားအရ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို ဘာမှမလုပ်လိုပဲ ယခုအတိုင်းသာထွက်သွားခွင့်ပေးလိုသည်။ ဖန်လင်းကိုမူ သူ့အနေဖြင့်စော်ကားရာရောက်သည့်အပြုအမူတစ်စုံတစ်ရာမပြုလုပ်လိုပေ။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများထွက်ခွာသွားကြသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေကြလေသည်။

ပိုင်ရှောင်ချန်းသည်အလွန်ဒေါသထွက်နေသော်လည်း လေ့ရှန်းတို့အဖွဲ့က အလွန်များပြားလွန်းနေသည်။ ပိုင်ရှောင်ချန်းတို့ဘက်တွင် ဆယ်ယောက်ခန့်သာရှိလေရာ အကယ်၍တိုက်ခိုက်ကြလျှင် သူသည်ဒဏ်ရာအနာတရတစုံတရာအကြီးအကျယ်မရနိုင်သော်ငြားလည်း အခြားဂိုဏ်းသားများအတွက်မူ ခက်ခဲနိုင်ပေသည်။ အခြားဂိုဏ်းသားများအနေဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရနိုင်သလို သေဆုံးမှုများလည်းဖြစ်နိုင်သည်။

“ကောင်းပြီ၊ သွားကြရအောင်…” ပိုင်ရှောင်ချန်းကဆိုသည် “သားရဲအုပ်လေးတစ်အုပ်ပါပဲ။ ဘာမှလည်းမဟုတ်ပါဘူး။ မင်းတို့ရဲ့ဂိုဏ်းတူဦးလေးပိုင်က နောက်ထပ်သားရဲတစ်အုပ်ဖန်တီးပေးပါ့မယ်။” အံကိုကြိတ်ကာထွက်သွားတော့မည့်ဆဲဆဲတွင် လေ့ရှန်းသည်သူ့ကိုကြည့်ကာရုတ်တရက်ထရယ်လိုက်လေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ရက်စက်ကြမ်းကြုတ်ကြလေရာ လေ့ရှန်းအနေဖြင့်သူတို့နှင့် ပြဿနာတစ်စုံတစ်ရာမတက်လို။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖန်လင်းနှင့်လည်း သူသည်ကင်းကင်းရှင်းရှင်းနေလိုသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်မူ သူနှင့်ရင်ဆိုင်နေရသည်မှာပိုင်ရှောင်ချန်းနှင့်ဂိုဏ်းသားအနည်းငယ်မျှသာဖြစ်လေသည်။ သူ၏ဂိုဏ်းမှပေးထားသော ပိုင်ရှောင်ချန်းအကြောင်းသတင်းအချက်အလက်များကိုပြန်စဥ်းစားမိသောအခါ သူ၏မျက်နှာသွင်ပြင်သည် သရော်လှောင်ပြောင်သော မျက်နှာပေးမျိုးဖြစ်လာလေသည်။

“မင်းတို့စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေထွက်သွားနိုင်တယ်” သတ်ဖြတ်လိုသောအရိပ်အယောင်များတောက်ပနေသောမျက်လုံးများဖြင့် သူကပြောလိုက်သည်။ “ဒါပေမယ့် မင်းတို့ရဲ့တာအိုပုလင်းတွေကိုတော့ထားခဲ့ရလိမ့်မယ်။ ထားခဲ့မလား… ဒါမှမဟုတ်ထွက်မသွားပဲနေမလား။” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏မျက်နှာများညှိုးငယ်ကျသွားပြီး ပိုင်ရှောင်ချန်းသည်အတော်ပင်ဒေါသထွက်နေလေပြီ။

“မင်းက ငါ့ရဲ့သားရဲတွေကိုလည်းခိုးချင်သေးတယ်… ငါ့ရဲ့တာအိုပုလင်းကိုလဲ ဓားပြတိုက်ချင်သေးတယ်ပေါ့။ မင်းတို့တွေက သက်သက်အနိုင်ကျင့်တဲ့ကောင်တွေပဲ။”

လေ့ရှန်းသည် အေးစက်စက်ပြုံးလိုက်ကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဆီသို့ဦးတည်ပျံသန်းလာခဲ့လေသည်။ သူ၏နောက်မှဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများသည် စူးစူးဝါးဝါးရယ်မောလျက်လိုက်ပါလာကြသည်။
“မင်းတို့အနိုင်ကျင့်ခံနေရပြီဆိုရင် မင်းတို့ဘက်မှာ အစွမ်းထက်တဲ့လူမရှိတာကို အပြစ်တင်သင့်တယ်။”

“ဂိုဏ်းတူဦးလေးပိုင်”

“ဂိုဏ်းတူဦးလေးပိုင်… ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် တိုက်ခိုက်လိုစိတ်ပြင်းပြနေကြကာ ပိုင်ရှောင်ချန်း၏မျက်လုံးများသည်လည်း ရဲရဲတောက်နေပြီဖြစ်သည်။ ရုတ်တရက် ပိုင်ရှောင်ချန်းသည် သူ၏ညာဘက်လက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် အဆိပ်ဝိညာဥ် များကိုဆွဲဆောင်ရန်သုံးသည့်အနက်ရောင်ဆေးလုံးတစ်လုံးကို တွေ့လိုက်ရလေသည်။

ပိုင်ရှောင်ချန်းသည် အလွန်ဒေါသထွက်နေပြီး မျက်လုံးများလည်းနီရဲနေလျက်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဘက်သို့လှည့်ကာသူကပြောလိုက်သည်။
“ငါ ဒီဆေးလုံးကိုလှမ်းပစ်လိုက်တာနဲ့ မင်းတို့…”

သို့သော်လည်း စကားပင်ဆုံးအောင်မပြောလိုက်ရသေး၊ ဝိုင်းရံထားသောစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ပါးစပ်အဟောင်းသားဖြစ်သွားကာ ယခင်ကထိတ်လန့်ကြောက်ရွံ့နေသည်များထက် ပို၍ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။ သူတို့သည်အလျင်အမြန်ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသည်။

“အဲ့တာ ဒဏ္ဍာရီလာကာမစိတ်ရွှင်ဆေးလုံးလား…”

“ဘုရားရေ… အဆိပ်သားရဲတွေကို သူထိန်းချုပ်နိုင်တာမထူးဆန်းပါဘူး…”

“ဂိုဏ်းတူဦးလေးပိုင်ကနတ်ဘုရားတစ်ပါးပဲ။ ဒီဆေးလုံးက အဆိပ်သားရဲတွေအပေါ်မှာသက်ရောက်မှုရှိမရှိဆိုတာ ဂိုဏ်းတူဦးလေးပိုင်က လုပ်ချင်လား၊ မလုပ်ချင်ဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ဒီနေရာကမြန်မြန်ပြေးကြရအောင်။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ…”

Comment

Leave a Reply

Options

not work with dark mode
Reset