ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားနှစ်ယောက်၏ ဆံပင်များဖရိုဖရဲလွင့်ပျံကုန်ပြီး သူတို့ဝတ်ထားသောဝတ်ရုံများ စုတ်ပြဲထွက်ကုန်သည်။ သူတို့၏မျက်နှာများမှာဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူတို့၏အရေပြားကိုပင်စွမ်းအားကဖိနှိပ်လာရာ အလွန်အမင်းကြောက်လန့်တကြားဖြစ်နေလေသည်။ သူတို့သည် ဟာရီကိန်းမုန်တိုင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရသောလှေငယ်လေးတစ်စင်းပမာ တောင်များကိုပင်ပြိုလဲစေနိုင်သည့် စွမ်းအားတစ်ခု၏ရိုက်ပုတ်မှုဒဏ်ကိုခံနေရပေသည်။ ထိုစွမ်းအားသည် ပြင်းထန်လှသောကြောင့် သူတို့ကိုနောက်သို့ယိမ်းယိုင်သွားစေကာ သွေးပွက်ပွက်အန်လာစေတော့သည်။
အမျိုးသမီးဂိုဏ်းဝင်၏ မျက်လုံးများ၊ နားများနှင့် နှာခေါင်းပေါက်များမှ သွေးများယိုစီးကျလာနေကာ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေတော့သည်။ သူမသည် ပိုင်ရှောင်ချန်းနှင့်ဝေးရာသို့ ဒယီးဒယိုင်လွင့်ထွက်သွားပြီး သူမကိုတွန်းထုတ်နေသော ပြင်းထန်သည့်စွမ်းအားကို ကြံ့ကြံ့ မခံနိုင်တော့သည်မှာ ထင်ရှားလှလာသည်။ သူမထံမှ နာကျင်စွာ အော်ဟစ်သံထွက်ပေါ်လာပြီး သူမ၏မျက်လုံးများပေါက်ကွဲထွက်သွားကာ သူမ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးပါ ပေါက်ကွဲသွားလေ၏။
သူမသည် ချက်ချင်းပင် သွေးစက်သွေးမှုန်လေးများအဖြစ်ပြောင်းလဲသွားပြီး လေထဲတွင်ပျံ့လွင့်ပျောက်ကွယ်သွားလေတော့သည်။
” မဟုတ်ဘူး..” ဂိုဏ်းသားကအော်ဟစ်ငိုကြွေးလိုက်သည်။ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး ပြင်းပြင်းထန်ထန်တုန်ရီလာလေသည်။ သူ၏မျက်လုံးထဲတွင် အရာရာအမှောင်ကျသွားပြီး မချိမဆံ့အော်ဟစ်လိုက်သည်။ ဤကဲ့သို့ မိုးကောင်းကင်မှချီးမြှောက်ထားသည့် ပါရမီရှင် တစ်ယောက်ကို သူရန်စမိလိမ့်မည်ဟု အိပ်မက်ထဲတောင်ထည့်မမက်ဖူးချေ။
စွမ်းအင်နှင့် ဖိအားများက သူ၏ဂိုဏ်းရှိအကြီးအကဲတစ်ယောက်ထံမှ ထုတ်လွှတ်လိုက်သည်နှင့်ပင်တူနေလေသည်။ ချီစုစည်းမှုဂိုဏ်းသားတစ်ယောက်အနေဖြင့် လုံးဝတောင့်မခံနိုင်လောက်အောင် ပြင်းထန်လွန်းနေသည်။ သူ၏ဂိုဏ်းထဲတွင် အသန်မာဆုံးဖြစ်သော ဖန်လင်းပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
” အဲ့တာအမှားကြီးပဲ။ ဂိုဏ်းကနေငါတို့ကိုပေးလိုက်တဲ့ သတင်းအချက်အလက်က လုံးဝအမှားကြီးပဲ။ ကျုပ်ကို မသတ်ပါနဲ့… ကျုပ်…” တစ်ကိုယ်လုံးသွေးရွှဲရွှဲစိုနေလျက် ဂိုဏ်းသားသည် လွန်စွာမှကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်ကာ ငိုယိုရင်းအသနားခံနေသည်။ သူသည် သေရမည်ကိုလွန်စွာကြောက်ရွံ့ထိတ်လန့်နေသည်။ သို့သော် စကားပင်ပြီးအောင်မပြောလိုက်နိုင်ခင် ပိုင်ရှောင်ချန်းသည်ရှေ့သို့တိုးလာကာ သူ၏လည်ပင်းကိုဆွဲညှစ်လိုက်သည်။
” ငါ့ ဂိုဏ်းတူတူလေးကျောက်ကလည်း အတင်းသေချင်နေတယ်ထင်လို့လား ” သူကဒေါသတကြီးပြောလိုက်သည်။ “ပြီးတော့ မင်းသိရဲ့လား… ငါလည်းဘယ်သူ့ကိုမှသတ်ချင်ခဲ့တာမဟုတ်ဘူးကွ။” ပိုင်ရှောင်ချန်းသည် တွေ့ကရာဂိုဏ်းသားများနှင့်မိတ်ဆွေဖွဲ့တတ်သည့်လူမျိုးမဟုတ်။ သူ၏ရင်ထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသာရှိလေသည်။
ဘာတွေပဲဖြစ်လာပါစေ၊ ပိုင်ရှောင်ချန်းအတွက်တော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည်သာ သူ၏အိမ်ဖြစ်သည်။
သူသည်လက်ကို ပို၍တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ရာ ဂျွတ်ဆိုသောအသံတစ်ချက်ကြားလိုက်ရပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသား၏ လည်ပင်းသည်ကျိုးကြေသွားလေသည်။ သူ၏မျက်လုံးများဖောင်းကားထွက်လာကာ ခြေထောက်များအနည်းငယ်လှုပ်သွားပြီးနောက် သေဆုံးသွားလေတော့သည်။
ပတ်ဝန်းကျင်သည် တဖြည်းဖြည်းငြိမ်ကျသွားသည်။ ပိုင်ရှောင်ချန်းသည် သူ၏လက်ကိုလွှတ်လိုက်ပြီး ကျောက်ရိသော်၏အလောင်းရှိရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် သက်ပြင်းချလိုက်လေသည်။
“ကျောက်ရိသော်” သူကညင်သာစွာဆိုလိုက်သည်။ “ငါတို့ ဂိုဏ်းကိုပြန်ကြရအောင်…” ထိုသို့ပြောလျက် သူသည် ကျောက်ရိသော်၏အလောင်းကို ထည့်စရာအိတ်ထဲသို့ထည့်လိုက်ပြီး တာအိုပုလင်းကိုကောက်ယူလိုက်လေသည်။
ထို့နောက် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်ပေါ်သို့နှံ့နှံ့စပ်စပ်ရှာဖွေလေသည်။ ရှာဖွေတွေ့ရှိသော တာအိုပုလင်းလေးလုံးထဲမှ အရည်များကိုသူ့ပုလင်းထဲသို့ပြောင်းထည့်လိုက်လေ၏။ သူတို့ရှာဖွေရရှိထားသည်မှာ ပိုင်ရှောင်ချန်းရှာဖွေထားသည်၏ တစ်ဝက်ပင်မရှိပေ။
နောက်ဆုံးအနေဖြင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ကျောက်စိမ်းပေလွှာများကို ယူဖတ်ကြည့်လေသည်။
“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားပိုင်ရှောင်ချန်း။ ဆေးတာအိုပညာရပ်မှာ ထူးချွန်ပြောင်မြောက်သူဖြစ်တယ်။ ဂိုဏ်းအတွင်းမှာ လိပ်ကလေးလို့လူသိများတယ်လို့ယူဆရတယ်။ တတ်မြောက်ထားတဲ့ပညာရပ်များမသိရ။ တိုက်ပွဲစွမ်းရည်မှာ မသဲကွဲပေ။ တစ်ခါတရံသန်မာပြီး တစ်ခါတရံပျော့ညံ့တယ်။ မှော်ပစ္စည်းအမြောက်အများပိုင်ဆိုင်တယ်။ ဂိုဏ်းရဲ့လက်ရွေးစင်တိုက်ပွဲတွေမှာ ပထမရထားပြီး ဝိညာဥ်စွယ်ဘက်မှပေါ့ဆမှုကြောင့်ရခဲ့တယ်လို့ယူဆရတယ်။ သူနှင့်ရင်ဆိုင်တိုက်ခိုက်ရပါက သူ့ရဲ့သိုင်းပညာထက် ဆေးတာအိုပညာရပ်ကို ပိုပြီးသတိထားပါ။ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ပါ ”
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအနေဖြင့် ထိုသတင်းအချက်များမည်ကဲ့သို့ရထားသည်ကို ပိုင်ရှောင်ချန်းစဥ်းစားမရပေ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှ သတင်းအချက်အလက်များတွင် သူ့အကြောင်းဘယ်လိုရေးထားမလဲ အလွန်သိချင်လာလေ၏။ ထို့နောက် သူပြန်လည်ထွက်ခွာလာခဲ့လေသည်။
လေးနာရီခန့်ကြာသောအခါ ခံစားချက်ကင်းမဲ့ပုံပေါ်သော လူရွယ်တစ်ယောက် ထိုနေရာသို့ရောက်လာလေသည်။ သူသည် ဆေးစွမ်းအင်စိတ်ရေစင်ဂိုဏ်းသားဖန်လင်းပင်ဖြစ်သည်။ တောက်ပသောမျက်လုံးများဖြင့် ထိုနေရာတွင်ဘာတွေဖြစ်သွားခဲ့သလဲဆိုတာကို လေ့လာအကဲခတ်နေလေသည်။
ခဏအကြာတွင် ထိုလူသည် ပိုင်ရှောင်ချန်းပြင်းထန်စွာဟိန်းဟောက်ခဲ့စဥ်က ရပ်နေခဲ့သောနေရာတည့်တည့်၌ ရပ်နေလေသည်။ သူသည် ဉာဏ်အလင်းကိုရှာဖွေနေသကဲ့သို့ မျက်လုံးများကိုမှိတ်ထားလိုက်လေသည်။ စက္ကန့်ပိုင်းမျှကြာသောအခါ သူ၏မျက်နှာသည်ဝင်းလက်သွားပြီး မျက်လုံးများဖျတ်ခနဲဖွင့်လိုက်လေသည်။
“သိပ်ကိုစွမ်းအားပြင်းပါလား။ ဘယ်သူ့လက်ချက်လဲ။ စုန့်ချွဲလား၊ ဝိညာဥ်စွယ်လား၊ ကျုံးတာအိုလား ။ ” ဖန်လင်းသည် တိုက်ခိုက်လိုစိတ်များ ပြင်းပြင်းပျပျပေါ်ထွက်လာသောကြောင့် အသက်ကိုပြင်းပြင်းရှူလိုက်လေသည်။ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှူလိုက်ရာ ပိုင်ရှောင်ချန်းထွက်ခွာသွားသောလမ်းကြောင်းကို သိရှိလိုက်ပြီး ထိုလမ်းကြောင်းနှင့် မတူညီသောလမ်းကြောင်းတစ်ခုကိုရွေးချယ်လိုက်လေသည်။ ပိုင်ရှောင်ချန်းနှင့် ထိပ်တိုက်မတွေ့ချင်သောကြောင့်ဖြစ်သည်။
လေးနာရီခန့်ကြာသောအခါ နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာပြန်သည်။ ထိုလူသည် အရပ်ရှည်ပြီးသန်မာထွားကျိုင်းကာ မီးတောက်လျှပ်စီးများဝန်းရံထားသည်။ လှည့်ပတ်ကြည့်ရှူပြီးသောအခါ သူ၏မျက်လုံးများအရောင်လက်သွားပြီး အမောဖြေနေလေသည်။
“စုန့်ချွဲလက်ချက်လဲမဟုတ်ဘူး၊ ကျုံးတာအို လက်ချက်လဲမဟုတ်ဘူး။ ဝိညာဥ်စွယ်လက်ချက်များလား။ ချီးပဲ… အဲ့သုံးယောက်စလုံးကိုတော့ ရန်သွားမစချင်ဘူး။” ထိုလူသန်ကြီးမှာအခြားမဟုတ်၊ လေ့ရှန်းပင်ဖြစ်သည်။ ပတ်ဝန်းကျင်ကိုလေ့လာအကဲခတ်ပြီးနောက် ဤကဲ့သို့သောစိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းမျိုးဖြစ်အောင် ပြုလုပ်သွားသောကြောက်မက်ဖွယ်ရာလူသည် ဘယ်သို့ဦးတည်ထွက်ခွာသွားသလဲ ဝေခွဲမရဖြစ်နေသောကြောင့် စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းနေလေသည်။ အံကိုကြိတ်ပြီး ကြုံရာလမ်းတစ်ခုကိုရွေးလိုက်ရာ ပိုင်ရှောင်ချန်းထွက်သွားသောလမ်းဖြစ်နေလေသည်။
အချိန်များကုန်လွန်သွားပြီး နောက်သုံးရက်အတောအတွင်း လူအနည်းငယ်သာ ထိုနေရာမှဖြတ်သွားကြလေသည်။ တချို့သည် ဘာဖြစ်သွားသလဲစူးစမ်းသွားကြပြီး တချို့မှာတော့ အရေးတယူမရှိချေ။
သုံးရက်မြောက်နေ့ညနေပိုင်းတွင် စုန့်ချွဲရောက်လာသည်။ တိုက်ပွဲ၏ ခြေရာလက်ရာများပျောက်ကွယ်သွားပြီဖြစ်သော်လည်း ထိုနေရာနှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေသည်ဟု ခံစားနေရသည်။ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ၏ညာဘက်လက်ကို မြေပြင်ပေါ်သို့တင်လိုက်လေသည်။ စက္ကန့်အနည်းငယ်မျှကြာပြီးနောက် သူ၏မျက်လုံးများအရောင်လက်လာသည်။
“ဒီလိုစွမ်းအင်မျိုးဟာ… ကျုံးတာအို လက်ချက်လဲမဟုတ်ဘူး၊ ဖန်လင်းလက်ချက်လဲမဟုတ်ဘူး။ ဝိညာဥ်စွယ်လဲ မဟုတ်လောက်ဘူး။ ဒီလိုဆိုရင်တော့ ပိုင်ရှောင်ချန်းလက်ချက်ပဲဖြစ်ရမယ်။”
စဥ်းစားတွေးတောနေလိုက်ပြီး ထိုနေရာမှပြန်လည်ထွက်ခွာသွားလေသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည်လည်း ဓားကမ္ဘာကိုဖြတ်ကာ အလျင်အမြန်ခရီးဆက်နေလေသည်။ မြေစီးကြောင်းအဆိပ်သားရဲများကို ရှာတွေ့လျှင် ထိုသားရဲကိုသတ်ကာ မြေစီးကြောင်းစွမ်းအင်များစုဆောင်းနေလေသည်။
သူ၏တာအိုပုလင်းထဲတွင် မီးခိုးရောင်အရည်များယခင်ကထက် ပိုမိုများပြားလာသော်လည်း မြေစီးကြောင်းဆွဲငင်သလင်းကျောက် ရရှိရန်တော့ မလုံလောက်သေးပေ။ ယခုရောက်နေသောနေရာရှိ အဆိပ်သားရဲများသည် မြေစီးကြောင်းစွမ်းအင်ပိုမိုထုတ်ပေးနိုင်သော်လည်း သူတို့ကိုရှာဖွေရသည်မှာ ပို၍ခက်ခဲလာလေ၏။ သူ၏အချိန်အများစုသည် ဟိုဟိုသည်သည် ကူးသန်းသွားလာရင်း ကုန်ဆုံးနေသည်။
မြေစီးကြောင်းစွမ်းအင်အဆိပ်သားရဲများသည် ပုံရိပ်ယောင်တစ်ဝက်၊ ကိုယ်ထည်တစ်ဝက်ဖြစ်နေရာ လေထဲတွင် ရောထွေးလျက်ကိုယ်ယောင်ဖျောက်နေနိုင်ကြသည်။ သူတို့ကိုရှာဖွေရသည်မှာလုံးဝမလွယ်ကူလှသည့်အထဲ တစ်ခါတရံတွင် မျက်စိရှေ့ပင် အစအနပျောက်သွားတတ်ကြသေးသည်။ ပိုင်ရှောင်ချန်း၏ ထူးခြားသောအာရုံခံနိုင်စွမ်းသာမရှိပါက သူတို့ရှိနေမှန်းသိလိုက်မည်ပင်မဟုတ်ပေ။
သူတို့ပုန်းအောင်းနေထိုင်ရာနေရာအနီးတစ်ဝိုက်တွင်သာ သူတို့ကိုအကောင်အထည်လိုက်မြင်ရတတ်ပေသည်။ ကျန်သောအချိန်များတွင်မူ ကိုယ်ယောင်ဖျောက်နေတတ်ကြသည်။
“ငါ ဒီထက်ပိုကောင်းတဲ့နည်းလမ်းတစ်ခုတော့ရှာမှဖြစ်မယ်။ မြေစီးကြောင်းအဆိပ်သားရဲတွေကို တစ်နေရာတည်းမှာအစုလိုက်အပြုံလိုက်ရနိုင်ရင် ပိုအဆင်ပြေလိမ့်မယ်။ အခုနည်းလမ်းကတော့ အရမ်းနှေးကွေးလွန်းနေတယ်။ တခြားဂိုဏ်းကလူတွေကိုတိုက်ခိုက်ပြီးလုရင်တောင်မှ ပိုမြန်ဦးမယ်” အခြေအနေကိုချင့်ချိန်တွေးတောနေလိုက်ပြီး ခေတ္တရပ်နေလိုက်လေ၏။ ထိုစဥ်အကြေးခွံများဖုံးနေသောလက်တစ်ချောင်းဝှစ်ကနဲထွက်လာပြီး ပိုင်ရှောင်ချန်းကိုဖမ်းဆုတ်ရန်ကြိုးစားလိုက်သည်။ ပိုင်ရှောင်ချန်းကိုမဆုပ်ကိုင်မိပဲ လေကိုသာဆုပ်ကိုင်မိသောအခါ ထိုလက်သည်ပြန်ဆုတ်သွားလေ၏။ သို့သော် ပိုင်ရှောင်ချန်းက အမိအရဖမ်းထားလိုက်လေသည်။
ထို့နောက် ပိုင်ရှောင်ချန်းသည် လက်ကိုဆောင့်ဆွဲလိုက်ရာ ကြီးမားသောမှန်တစ်ချပ်အစိတ်စိတ်အမြွှာမြွှာကွဲသွားသကဲ့သို့ ကျယ်လောင်လှသောအသံကြီးပေါ်ထွက်လာလေသည်။ တချိန်တည်းမှာပင် သုံးမီတာခန့်ရှည်ပြီး မျောက်ဝံတစ်ကောင်ကဲ့သို့ကြီးမားလှသော မြေစီးကြောင်းအဆိပ်သားရဲကြီးတစ်ကောင် လေထဲမှပေါ်ထွက်လာလေသည်။
ထိုသားရဲတွင် အမွှေးအမျှင်များမရှိပဲ အနက်ရောင်အကြေးခွံများသာဖုံးအုပ်ထားသည်။ ပိုင်ရှောင်ချန်းက ဆွဲထုတ်လိုက်သောအခါ ထိုသားရဲသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သားရဲက ရက်စက်ကြမ်းကြုတ်ပုံပေါ်သော်လည်း အသိဉာဏ်တော့သိပ်ရှိဟန်မပေါ်ပေ။ ရုတ်တရက် ထိုသားရဲသည် ပိုင်ရှောင်ချန်းအပေါ်ခုန်အုပ်လိုက်လေရာ ပိုင်ရှောင်ချန်းသည် လန့်ဖြတ်သွားပြီး သားရဲ၏လည်ပင်းကိုဆွဲညှစ်ထားလိုက်လေသည်။ သားရဲကိုချိုးချေမပစ်သေးပဲ အနီးကပ်လေ့လာကြည့်ရှုလိုက်လေသည်။ ခဏကြာသော် သူ့မျက်လုံးထဲတွင်အံ့သြထူးဆန်းမှုအရောင်များထွက်ပေါ်လာသည်။
“ဒီအဆိပ်သားရဲတွေကိုဆွဲဆောင်နိုင်မယ့် စိတ်စွမ်းအင်ဆေးဝါးကိုသာ ငါဖော်စပ်နိုင်မယ်ဆိုရင်… ပြဿနာတွေအားလုံးပြေလည်သွားလိမ့်မယ်။ ဒီလိုဆိုရင် မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကို မြန်မြန်ထုတ်နိုင်မှာပဲ။ တခြားဂိုဏ်းသားတွေကို သတ်ပြီးလုတာထက်တောင် ပိုမြန်လိမ့်မယ်။” အချိန်အကြာကြီးတွေးတောနေပြီးနောက် ပိုင်ရှောင်ချန်းသည် မျောက်ဝံကိုလက်မှဆွဲကာ တောက်ပဝင်းလက်နေသောမျက်လုံးများနှင့် ဆက်လက်ထွက်ခွာလာခဲ့လေသည်။
သူသည် တောင်ကုန်းတစ်ခုပေါ်သို့တက်လာကာ လူသူမရောက်နိုင်သောနေရာတစ်ခုကိုရှာပြီးလျှင် အဆိပ်သားရဲကိုစတင်လေ့လာနေလေသည်။ သူ၏စူးရှသောအကြည့်များကြောင့် သားရဲမှာ တဆတ်ဆတ်တုန်နေတော့သည်။ သူသည် ရိုးရိုးလေးကြည့်လိုက်ရုံနှင့်ပင် သားရဲ၏ ကိုယ်တွင်းဖွဲ့စည်းပုံအလုံးစုံကို ကွင်းကွင်းကွက်ကွက်မြင်နေရလေသည်။
ယခုအချိန်တွင် ဤအဆိပ်သားရဲသည် ပိုင်ရှောင်ချန်းအတွက် လေ့လာစရာသတ္တဝါတစ်ကောင် ဖြစ်နေသည်။ မြွေတစ်သောင်းတောင်ကြားသို့ရောက်ခဲ့စဥ်တုန်းကလည်း အချို့သောမြွေများကို သူလေ့လာခဲ့ဖူးသည်။ ဤကဲ့သို့သော သားရဲအမျိုးအစားများအပေါ်တွင်သာ သက်ရောက်သော စိတ်စွမ်းအင်ဆေးဝါးမျိုးကိုဖော်စပ်လိုပါက ထိုသားရဲကို အဆင့်ဆင့်လေ့လာကြည့်ရှုရန်လိုအပ်ပေသည်။
အလွန်စိတ်အားထက်သန်နေသောမျက်လုံးများဖြင့် သူ၏ထည့်စရာအိတ်ထဲသို့လှမ်းနှိုက်လိုက်ကာ ဓားပျံတစ်လက်ကိုဆွဲထုတ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြသောအခါ သူသည် အဆိပ်သားရဲ၏ရင်ဘတ်ကို ဓားနှင့်လှီးနေလေသည်။
နောက်တစ်နေ့တွင် နီရဲနေသောမျက်လုံးများဖြင့် တောင်ကုန်းပေါ်မှထွက်လာခဲ့လေသည်။
“သူတို့နဲ့ ရိုးရိုးသားရဲတွေနဲ့ကြားထဲမှာ ထူးထူးခြားခြားကွာခြားချက်သိပ်မရှိပါဘူး။ သူတို့ရဲ့ ကိုယ်လက်အင်္ဂါတွေဟာလည်းအတူတူပဲ။ ပြီးတော့ သွေးတွေလည်းရှိကြတယ်။ ဒါပေမယ့် သူတို့သေဆုံးသွားတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားပြီး မြေစီးကြောင်းစွမ်းအင်အဖြစ်ပြောင်းလဲသွားတယ်။”
“နောက်ထပ်ထူးဆန်းတာတစ်ခုက မြေစီးကြောင်းအဆိပ်သားရဲတွေရဲ့ အစာအိမ်ထဲမှာ ဘာအစာမှမရှိကြဘူး။ သူတို့က အစာစားဖို့မလိုအပ်တာများလား။” ထို့နောက် ပိုင်ရှောင်ချန်းသည် ထပ်မံလေ့လာစမ်းသပ်မှုများပြုလုပ်ရန် နောက်ထပ်အဆိပ်သားရဲတစ်ကောင်ကိုထပ်မံဖမ်းဆီးလိုက်ပြန်သည်။
ရက်အနည်းငယ်ကြာသောအခါ ဂိုဏ်းသားအများအပြားသည် ဓားကမ္ဘာ၏အလယ်ပိုင်းဟုယူဆရသော ထိုနေရာသို့ထပ်မံရောက်ရှိလာကြသည်။ တချို့ဂိုဏ်းသားများသည် အခြားဂိုဏ်းသားများဆီမှတာအိုပုလင်းများကိုတိုက်ခိုက်လုယူကြပြီး အချို့သည် အဆိပ်သားရဲများကိုလိုက်လံရှာဖွေနေကြသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် မတူညီသောအဆိပ်သားရဲဆယ်မျိုးခန့်ကို လေ့လာပြီးဖြစ်ကာ အလွန်အံ့သြမှင်သက်နေလေသည်။ သူ၏ဆံပင်သည်လည်းဖရိုဖရဲဖြစ်နေကာ ရူးသွပ်သွားသည့်လူတစ်ယောက်နှင့်ပင်တူနေသည်။
“အမြင်အာရုံအားနည်းပြီး အနံ့ဆိုးလည်းထွက်တယ်… ဒါပေမယ့် သူတို့ရဲ့အာရုံခံစားသိရှိနိုင်စွမ်းက တော်တော်အားကောင်းတာပဲ။ သူတို့လေထဲမှာဘယ်လိုကိုယ်ရောင်ဖျောက်သလဲမသိဘူး။ မြေစီးကြောင်းစွမ်းအင်ကနေ သူတို့ဘယ်လိုဖြစ်ပေါ်လာကြတာလဲ။ ပြီးတော့ ကျင့်ကြံသူတွေကို သူတို့ဘာကြောင့်တိုက်ခိုက်ကြတာလဲ။” ပိုင်ရှောင်ချန်းသည် ဆေးတာအိုတွင် လွန်စွာမှ အာရုံဝင်စားနေပြီဖြစ်သည်။ သူ့ကိုယ်သူ မေးခွန်းများထုတ်ကာရေရွတ်နေရင်းက အဆိပ်သားရဲများသည် ရက်စက်ကြမ်းကြုတ်စွာစတင်တိုက်ခိုက်တတ်ကြကြောင်း သူအတည်ပြုလိုက်နိုင်သည်။
“နေပါဦး…” သူတစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်ပြီဟုထင်လိုက်မိသောကြောင့် နှလုံးခုန်ပင်မြန်လာလေသည်။ မျှော်လင့်ချက်အပြည့်ဖြင့် သူ၏ထင်မြင်ယူဆချက်ကိုအတည်ပြုရန် နောက်ထပ်အဆိပ်သားရဲတစ်ကောင်ကို အလျင်အမြန်ပင်လိုက်လံရှာဖွေလိုက်လေသည်။
မကြာမီပင် ကိုးမီတာခန့်ရှည်သော မြေစီးကြောင်းဝက်ဝံကြီးတစ်ကောင်ကို သူတွေ့လိုက်ရသည်။ ထိုဝက်ဝံကြီး၏ခန္ဓာကိုယ်ကို အနက်ရောင်အကြေးခွံများကဖုံးအုပ်ထားပြီး လက်ရှိတွင် အနီရင့် ရင့်ဝတ်ရုံများဝတ်ဆင်ထားသော ဂိုဏ်းသားငါးဦး၏ဖမ်းဆီးခြင်းကိုခံနေရလေသည်။
ထိုဂိုဏ်းသားများသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်မှန်းထင်ရှားလှပေသည်။ သူတို့၏သတ်ဖြတ်လိုစိတ်မှာအလွန်ပြင်းထန်လွန်းနေပြီး သူတို့သည်သတ်ဖြတ်ခြင်းမှလွဲ၍ကျန်တာကိုစိတ်ဝင်စားဟန်မတူကြချေ။ သူတို့နှင့်အတူပါလာသောဂိုဏ်းသားတစ်ယောက်အသတ်ခံလိုက်ရသည်ကိုပင် သူတို့ဂရုမစိုက်ကြချေ။
ပိုင်ရှောင်ချန်း၏မျက်လုံးများအရောင်လက်သွားကာ အလင်းတန်းလေးတစ်ခုအသွင်ဖြင့် ထိုနေရာသို့ဦးတည်ပျံသန်းလိုက်လေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားလေးယောက်သည် ဝက်ဝံကြီးကိုထပ်မံတိုက်ခိုက်ရန်ဟန်ပြင်နေစဥ်မှာပင် မှုန်ဝါးဝါးပုံရိပ်တစ်ခုပေါ်ထွက်လာပြီး ဝက်ဝံကြီးကိုဖမ်းယူသွားလေ၏။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့အားလုံးပိုင်ရှောင်ချန်းကို ချက်ချင်းမမှတ်မိကြပေ။ သို့သော် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဝတ်ရုံကို ဝတ်ဆင်ထားမှန်း သူတို့အားလုံးမြင်တွေ့လိုက်ကြသည်။ မကြာမီပင် သူတို့၏မျက်နှာပေါ်၌ အေးစက်သောအပြုံးများနှင့် သရော်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ဝက်ဝံနှင့် သူတို့တိုက်ခိုက်နေစဥ်အတွင်း ဝက်ဝံမှာ ထူးခြားသောအရည်အချင်းများနှင့် ကြောက်မက်ဖွယ်ရာ အပြင်အားကိုလည်း ပိုင်ဆိုင်ထားကြောင်း သူတို့သိလိုက်ကြလေ၏။