မြေခဓားမဟူရာချောက် ကိုမိတ်ဆက်ခြင်း ပြီးဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းက ထိုနေရာမှာ ထင်ထားသည်ထက်အလွန်နက်နဲစွာ အန္တရာယ်များလှကြောင်း ခံစား လိုက်ရသည်။ မျက်မှောင်ကြုတ်လျက် အခြားဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများကို မျက်ခြည်မပြတ်စေဘဲ သေချာလေ့လာလိုက်သည်။ သူလုပ်နေကျအတိုင်း လူအုပ်ထဲမှဂိုဏ်းသားများကို ကြည့်ကာ ခွဲခြားရွေးထုတ်ပြီး အလျင်အမြန် နှိုင်းယှဥ်ကြည့်လေသည်။
သူက ထိုဂိုဏ်းများမှ ဂိုဏ်းသားများအကြောင်းပိုသိလာလေလေ ကြောက်ရွံ့မှုများတိုးလာလေလေဖြစ်သည်။
” ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ကျောက်ရုန်…။ ပုံရိပ်ယောင်လုပ်ရာမှာ ကျွမ်းကျင်တယ်။ သူမက တချိန်တည်းမှာ ကျင့်ကြံခြင်းအဆင့်တူညီတဲ့ ဂိုဏ်းသားသုံးယောက်နဲ့ တိုက်ခိုက်ခဲ့ပြီး သူတို့အားလုံးကိုသတ်ဖြတ်ခဲ့တယ်။ ဝိုးးးးးး မယုံနိုင်စရာပဲ။ သူမရဲ့ စွမ်းရည်တွေက ကုန်းစွန်းဝမ်အာရဲ့ ပုံရိပ်ယောင် မှော်ပညာရပ်နဲ့ တန်းတူညီပုံရတယ်” ပိုင်ရှောင်ချန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအစုမှ အမျိုးသမီးငယ်လေးအား ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ သူမက မယုံနိုင်လောက်အောင် လှပပြီး အသားအရည်မှာလည်း နူးညံ့ပျော့ပြောင်းဟန်ရှိသည်။ ယခုလောလောလတ်လတ်တွင် သူမက ကုန်းစွန်းဝမ်အာ၏မျက်လုံးများကို စိုက်ကြည့်နေသည်။ သူမတို့နှစ်ဦးမှာ သိသိသာသာ တစ်ဦးနှင့်တစ်ဦး နှိုင်းယှဥ်၍တိုင်းတာနေကြသည်။
“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရဲ့ လေ့ရှန်းက လျှပ်စီးမီးတောက် ဆန်းကြယ်ကိုယ်ပွားနဲ့ အပြင်အားကျင့်ကြံသူပဲ။ မယှဥ်နိုင်လောက်အောင် အစွမ်းထက်ပြီး အံ့မခန်း မှော်ပညာရပ်တွေလဲ ကျင့်ကြံထားတယ်။ တချိန်တုန်းက သူ့ကို အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက လိုက်ဖမ်းခဲ့ဖူးတယ်။ ဒါပေမဲ့သူက ခုနှစ်ရက်အထိ အသတ်မခံရဘဲ အသက်ရှင်နိုင်ခဲ့တယ်။ သူ့မှာ မီးဝိညာဥ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတယ်လို့ သံသယအဝင်ခံရပြီး ထူးကဲတဲ့ ကုသမှုစွမ်းရည်လည်းရှိတယ်” ဖော်ပြချက်များကို ဖတ်ရှုပြီးနောက် သူက ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ဂိုဏ်းသားများကိုကြည့်ရှုသောအခါ လေ့ရှန်းကို လျင်မြန်စွာ မြင်လိုက်ရသည်။ သူက သန်မာထွားကြိုင်းပြီးကြွက်သားများနှင့်တောင့်တင်းနေသော လူငယ် တစ်ယောက်ဖြစ်သည်။ သူက ထိုင်နေကာ လျှပ်စီးနှင့် မီးတောက်များက သူ့နားတွင် ပတ်ချာလည်ဝန်းရံနေသည်။ ထိုလူငယ်ကို အလွန်အထင်ကြီးစွာ သူကြည့်လိုက်မိသည်။ ထိုလူငယ်က ပိုင်ရှောင်ချန်း၏အကြည့်ကို ခံစားမိပုံရပြီး မျက်လုံးတွင် လူသတ်ငွေ့များလင်းလက်လာကာ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးပြလိုက်လေသည်။
“သူက လုထျန်းလဲ့အတွက် ပြိုင်ဘက်ကောင်းပဲ” ပိုင်ရှောင်ချန်းက တွေးတောလိုက်သည်။ “သူတို့နှစ်ယောက်လုံးက လျှပ်စီးတွေကို နှစ်သက်ကြတယ်လေ..” အကြည့်လွှဲလိုက်ကာ ပိုင်ရှောင်ချန်းက ကျောက်စိမ်းပေလွှာအတွင်းမှ အချက်အလက်များကို ဆက်၍ကြည့်ရှုလိုက်သည်။
“ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဖန်လင်း..လက်ရှိမျိုးဆက်ရဲ့ နံပါတ်တစ်လက်ရွေးစင်တစ်ယောက်ပဲ။ လွန်ခဲ့တဲ့နှစ််တစ်ဝက်လောက်တုန်းက လူသိပ်မသိခဲ့ပေမဲ့ သူကရုတ်တရက် နာမည်ကြီးလာတယ်။ တာအိုအဆိပ်မှာ ကျွမ်းကျင်ပြီး တိကျပြတ်သားတဲ့ လူသတ်သမားတစ်ယောက်ပဲ။ ကောင်းကင်မြေပြင်ဆေးပေါင်းဖိုဒယ်စောက်အိုး ကိုအောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့ပြီး ချီစုစည်းမှု အထွတ်အထိပ်ထက် သာလွန်တဲ့စွမ်းအားတွေရှိတယ်။ သူနဲ့ ယှဥ်ပြိုင်နိုင်ဖို့ အရမ်းကိုခက်ခဲတယ်။ သူကတိုက်ပွဲနှစ်ပွဲပဲ အမှန်တကယ်တိုက်ခဲ့ဖူးတယ်။ ပထမတစ်ပွဲမှာ သူဟာ ချီစုစည်းမှုအဆင့်ရှစ်ရဲ့ အထွတ်အထိပ်က ကျင်ကြံသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ်။ သူကတော့တိုက်ပွဲအတွင်းမှာ တစ်ချက်တောင်မထိခိုက်ခဲ့ဘူး။ နောက်တစ်ပွဲမှာကျတော့ အခြေခိုင်မာခြင်းအဆင့်နဲ့ညီမျှတဲ့ အကာအကွယ်ရတနာကို ဖျက်စီးပစ်လိုက်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလွှတ်ထားတဲ့ သူလျှိုကို သတ်လိုက်တယ်” ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မျက်နှာတွင်ခံစားချက်ကင်းမဲ့နေသော လူငယ်တစ်ယောက်မှာ ဖန်းလင်ဖြစ်ကြောင်း လူအုပ်ထဲမှ လျင်မြန်စွာရှာတွေ့ ဖော်ထုတ်လိုက်နိုင်သည်။
“ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရဲ့လက်ရွေးစင် ကျုံးတာအို။ နှစ်သုံးထောင်အတွင်း ကရုဏာမဲ့သိုင်းကို အောင်မြင်အောင်ကျင်ကြံနိုင်တဲ့ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရဲ့ နံပါတ်တစ်လက်ရွေးစင်တစ်ယောက်ပဲ။ ယေဘုယျအတိုင်းဆိုရင် ဒီသိုင်းက နောက်ထပ် အသက်မရှင်နိုင်တော့တဲ့အထိ ဖျက်စီးသုတ်သင်တယ်။ ဒီပညာရပ်က လူသားတာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတွေတောင် မယှဥ်နိုင်တဲ့ အသတ်အဖြတ်သိုင်းပဲ ” ခေါင်းကြိမ်းစွာဖြင့် ပိုင်ရှောင်ချန်းက လူအုပ်ထဲတွင်ထိုင်နေသည့် အေးစက်သောမျက်နှာထားပိုင်ရှင် လူငယ်ကို ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းက သူမြင်နေရသည့်အရာကို သေချာမသိသော်လည်း မှော်သင်္ကေတများက ထိုသူ့အားသံကြိုးတစ်ခုကဲ့သို့ ဝန်းရံထားသည့်အလား သူထင်နေသည်။
သူ့အား အချိန်တစ်ခဏသာကြည့်ခြင်းကပင် ပိုင်ရှောင်ချန်း၏မျက်လုံးများအား နာကျင်ထိခိုက်စေပြီး သူ၏အမြင်အာရုံကိုပါဝေဝါးလာစေသည်။ သူက လျင်မြန်စွာပင် ထိုကြောက်စရာကောင်းသည့်လူငယ်ထံမှ အကြည့်လွှဲလိုက်ရသည်။ ပိုင်ရှောင်ချန်းက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံး၏ အကြောင်းများကို ဖော်ပြထားကြောင်း ယခုအချိန်မှ သိရှိသွားလေသည်။ သို့သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများနှင့်ဆိုင်သော အချက်အလက်မှာ နှစ်ခုသာရှိသည်။
“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ရွှီရှောင်ရှန်း…။ သူ့ပင်ကိုယ်စွမ်းရည်က သာမန်ပါပဲ။ ဒါပေမဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူ ခေါင်းဆောင်ကနေ ဆင်းသက်လာတဲ့သူဖြစ်တယ်။ မယုံနိုင်လောက်အောင် ရာထူးကြီးမားပြီး လူပေါ်ကြော့နေတယ်။ အံ့မခန်း မှော်ပစ္စည်းတွေကိုလည်း ပိုင်ဆိုင်သေးတယ်”
“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စုန့်ချွဲ..။ နံပါတ်တစ် လက်ရွေးစင်တစ်ယောက်..တခါတရံ အတုမဲ့မြေး လို့ခေါ်ကြတယ်။ အတုမဲ့သခင်နဲ့ တော်တော်ကြီးကို ဆင်တူတယ်။ သူ့ရဲ့ပညာရပ်နဲ့ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေမရှိဘူး။ ဒါပေမဲ့ သူက ချီစုစည်းမှုအဆင့်ကျင့်ကြံမှု မှာရှိတဲ့အချိန်တုန်းက အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အသေအကြေတိုက်ပွဲတစ်ခုမှာ သတ်လိုက်တယ်” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပထမပြိုင်ပွဲဝင်မှာ အထင်ကြီးဖွယ်မကောင်းပေ။ သို့သော် ဒုတိယတစ်ယောက်မှာမူ ပိုင်ရှောင်ချန်းအား ပင့်သက်ရှိုက်စေကာ မျက်လုံးများကို လက်ဖက်ရည်ခွက်အောက်ခံပန်းကန်ပြားတစ်ခုစာ ပြူးသွားစေသည်။
“သတ်လိုက်တယ်….အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူကို သတ်လိုက်တယ်တဲ့လား” ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ မယုံနိုင်စွာဖြင့် တုန်လှုပ်သွားလေသည်။ တွေးတောပြီးနောက် သူက စုန့်ချွဲမှာ ဝိညာဥ်စွယ်အတွက် ပြီးပြည့်စုံသောပြိုင်ဘက်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ပိုင်ရှောင်ချန်းကမူ သူ၏ သနားစရာအသက်လေးကို စုန့်ချွဲနှင့် ယှဥ်ပြိုင်တိုက်ခိုက်ကာ လွှင့်ပစ်မည်မဟုတ်သည်မှာ သေချာလေသည်။
အခြားဂိုဏ်းများမှဂိုဏ်းသားများ၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို လက်ခံရန် ခဲယဥ်းလှသည်။ ထို့နောက် သူ၏ စိတ်နှလုံးက ရုတ်တရက် တုန်လှုပ်သွားလေသည်။
“တခြား ဂိုဏ်းသုံးဂိုဏ်းရဲ့ ကျောက်စိမ်းပေလွှာတွေမှာလည်း ငါ့ရဲ့အချက်အလက်တွေ ရှိနေမလား..။ သူတို့ ငါ့အကြောင်းဘာတွေပြောမလဲ သိချင်လိုက်တာ” သူ၏ သိချင်စိတ်ပြင်းပြလာသည်အမျှ အခြားဂိုဏ်းမှ ဖော်ရွေသောဂိုဏ်းသားတစ်ဦးကိုရှာကာ ကျောက်စိမ်းပေလွှာလဲလှယ်ကြည့်ရန်ကြိုးစားလိုက်သည်။ ရုတ်တရက် အထက်မှ ဖိအားလှိုင်းတစ်ခုကျဆင်းလာသည်။
ကောင်းကင်တစ်ခွင်လုံးသွေးကဲ့သို့ ရဲရဲနီကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ရောက်ရှိလာသည်။
သူတို့၏ မန္တန်အစီအရင်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မန္တန်အစီအရင်နှင့်များစွာ ကွဲပြားလေသည်။ အထက်တွင် တုန်လှုပ်ခြောက်ခြားဖွယ် သွေးချင်းချင်းနီနေသည့်လက်ပြတ်ကြီးတစ်ဖက်ပေါ်လာကာ ကောင်းကင်ကို ထိုးခွဲလျက် နေကိုဖုံးကွယ်လိုက်လေသည်။ အထက်ကောင်းကင်တစ်ခွင် အရာအားလုံးမှာ ကြက်သွေးရောင် ဖြစ်သွားသည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းစွာ ထိုလက်ပြတ်ကြီးတွင် ကြီးမားပြီး ရဲရဲနီနေသည့် မျက်လုံးကြီးတစ်ဖက် ရှိနေပြီး အေးတိအေးစက်ဖြင့် ကို့ရို့ကားယားနိုင်စွာမြင်ရသည်။ မျက်စိတစ်မှိတ်အတွင်း မီးလျှံကြိုးကြာတောင် မှာ တုန်ခါသွားတော့သည်။ ခဏအကြာတွင် အယောက်တစ်ရာရှိသော လူစု၏ပုံရိပ်များက တောင်ထိပ်၏ စတုတ္တနေရာတွင် စတင်၍အကောင်အထည်ပေါ်လာသည်။
သူတို့အားမြင်လာရသည်နှင့်အမျှ အပေါ်မှ ဖိအားသည်ပို၍များပြားလာသည်။ ကြည့်ရသည်မှာ ယခုအချိန်တွင် တစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါက ကြီးမားသော လက်ပြတ်ကြီးက ခြုံခိုတိုက်ခိုက်သူကိုဖျက်ဆီးရန် အဖျက်စွမ်းအားများဖြင့် ဆင်းသက်လာပေလိမ့်မည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပေါ်လာသည့်အချိန်တွင် ကောင်းကင်တစ်ခွင်ကော မြေပြင်ပေါ်တွင်ပါ ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။ သူတို့တွင် စုစုပေါင်း တစ်ရာနှစ်ဆယ့်တစ်ယောက်ရှိပြီး အခြားဂိုဏ်းသုံးဂိုဏ်းထဲတွင် အကြီးဆုံးအုပ်စုဖြစ်လေသည်။ သူတို့၏ခေါင်းဆောင်မှလွဲ၍ ကျွမ်းကျင်သောအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူမပါသော်လည်း သူတို့က ဂိုဏ်းသားစုစုပေါင်း တစ်ရာ့နှစ်ဆယ်ကို ခေါ်ဆောင်လာလေသည်။
သူတို့အားလုံးက အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြပြီး ရေခဲသဖွယ်အေးစက်သောအမူအယာများရှိေနသည်။ သူတို့အားလုံးက မည်သည့်အချိန်တွင်ဖြစ်စေ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပုံပေါ်ပြီး အခြားဂိုဏ်းမှ ဂိုဏ်းသားများအား ဝံပုလွေမှ သိုးများကို ကြည့်သကဲ့သို့ ကြည့်ကြလေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားအားလုံးနှင့် ဂိုဏ်းသားတစ်ဦးချင်းစီမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံပေါ်ပြီး လူသတ်ငွေ့များဖြင့်ပြည့်နေလေသည်။ သူတို့အချင်းချင်းလည်း ယုံကြည်မှုရှိပုံမရပေ။ သူတို့အားလုံး အကောင်အထည်လုံးလုံးပေါ်လာကြပြီးနောက်တွင် တစ်ယောက်နှင့်တစ်ယောက် သီးခြားနေကာ တင်ပျဥ်ခွေထိုင်လျက် တရားထိုင်နေကြလေသည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ စိတ်ဝင်စားမှုများတောက်ပလျက် သတိကြီးစွာဖြင့်ကြည့်နေသော ကျောက်ရုန်နှင့် ဖန်လင်းမှလွဲ၍ ဂိုဏ်းသားများအားလုံးမှာ တုန်လှုပ်နေကြလေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများမှာလည်း အလားတူတုံ့ပြန်လေသည်။ လက်ရွေးစင်ဂိုဏ်းသားများမှလွဲ၍ လူတိုင်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခြောက်ခြားဖွယ် မြင်ကွင်းကိုတွေ့ကာ တုန်လှုပ်နေကြသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကြားထဲမှ ပင့်သက်ရှိုက်သံများကိုလည်း ကြားနိုင်လသည်။ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးလျက် သူဖတ်ထားသော အချက်အလက်များကိုချက်ချင်း ပြန်စဥ်းစားနေလိုက်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သဘောတရားခံယူချက်များတွင် ဆန့်ကျင်နေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တောတွင်းဥပဒေဖြင့် အုပ်ချုပ်ကြသည်။ လူမဆန်သောအကြမ်းဖက်မှုများနှင့် သေဆုံးခြင်းများက သူတို့၏ဂိုဏ်းသားများ ခေါင်းထဲတွင် စွဲမြဲနေကြသည်။ သူတို့ဂိုဏ်းမှာ နတ်ဆိုးဂိုဏ်းနီးပါးဖြစ်နေသည်။ အဆင့်တက်သွားသော ဂိုဏ်းသားများအားလုံးမှာ ရက်စက်ကြမ်းကြုတ်သွားကြကာ အကြင်နာ၊ကရုဏာကင်းမဲ့ကုန်ကြသည်။
“ဘယ်လိုနတ်ဆိုးအုပ်စုပါလိမ့်…” ပိုင်ရှောင်ချန်းက တွေးတောကာ ပြန်၍ခက်ခက်ခဲခဲ မျိုသိပ်လိုက်ရသည်။ “သူတို့ဂိုဏ်းက ဂိုဏ်းသားတွေအချင်းချင်း သတ်ခွင့်ပြုထားတယ်ပေါ့။ ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်လဲ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သေချာပေါက် ပိုပြီးကောင်းမွန်တာပေါ့” သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအနားတွင် အထူးဂရုစိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက်သူက ဖော်ပြထားသော အချက်အလက်များအရ မှတ်မိနေသည့် မျက်နှာနှစ်ခုကို စတင်၍ရှာဖွေလိုက်သည်။
သိသာစွာ ဂရုပြုရမည့်လူမှာ အသေအကြေတိုက်ပွဲ၏လက်ရွေးစင်၊ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သူ စုန့်ချွဲ ဖြစ်သည်။ သူက ထိုတာဝန်ကို မည်သို့ပြီးဆုံးအောင် လုပ်ခဲ့ကြောင်းကို မသိရပေ။ သူအောင်မြင်ခဲ့သည်ဟူသော အချက်ကပင် သူမည်မျှ ကြောက်ဖို့ကောင်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
သူ့အား ရှာတွေ့ရန် အချိန်သိပ်မယူလိုက်ရပေ။ သူကသာမန်အင်္ဂါရပ်များရှိသောလူငယ်တစ်ယောက်ဖြစ်ကာ များပြားကာ အေးစက်စက် အရှိန်အဝါများ ဖြာထွက်လျက်ရှိသည်။ သူက အခြားဂိုဏ်းဝင်များနှင့် မတူညီသည့် ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ၏ဝတ်စုံမှာ ကြက်သွေးရောင်ရှိမနေဘဲ အရောင်ရင့်သော ပန်းခရမ်းရောင်ဖြစ်နေသည်။ သူက တရားထိုင်ရန် တင်ပျဥ်ခွေထိုင်ချလိုက်သည့်အချိန်တွင် မည်သည့်ဂိုဏ်းသားမှ သူနှင့်သုံးမီတာအကွာအဝေးအတွင်း မထိုင်ရဲကြပေ။
သူ၏သတ်ဖြတ်လိုသည့် အငွေ့အသက်မှ. အလွန်ပြင်းထန်လှပြီး သူ့အသွင်က
သူ၏ပတ်လည်ရှိ ဂိုဏ်းသားများထက် ပို၍သာလွန် ကြောင်းထင်ရှားနေသည်။ သူ့ကြောင့် ပတ်ဝန်းကျင်ရှိလေထုပင် ပျက်ယွင်းသွားတော့မည့်အသွင်ရှိသည်။
ပိုင်ရှောင်ချန်းက စုန့်ချွဲကိုတွေ့လိုက်သည်နှင့် တပြိုင်နက် စုန့်ချွဲကပြန်ကြည့်ရန်စောင့်နေသကဲ့သို့ သူ့အားပြန်ကြည့်လာသည်။ သူတို့ချင်းအကြည့်စုံသွားကြသည့်အချိန်တွင် ပိုင်ရှောင်ချန်းက ချက်ချင်းကြောက်စိတ်ဖြင့်ပြည့်လာကာ ဆန့်ကျင်ဘက်အရပ်သို့ ထွက် ပြေးချင်လုနီးပါးဖြစ်သွားသည်။ အမည်မဲ့တောင်တွင် ချိန်ဟန်က သူ့အား လိုက်လံဖမ်းဆီးသတ်ဖြတ်ချိန်တုန်းကကဲ့သို့ တူညီစွာခံစားလိုက်ရသည်။