အခန်း ( ၁၁ )

အုပ်စုမှခွဲထွက်ကာ တစ်ကိုယ်တော် ခရီးဆက်ခြင်း

အကယ်၍ တစ်စုံတစ်ယောက်သာ ဤမြို့ကလေး၏ မြောက်ဘက်စူးစူး လီတစ်ရာ့ငါးဆယ်သို့ ဦးတည်သွားပါက မြောက်ကျွန်း ညစ်ညမ်းချီ နယ်နိမိတ်သို့ ရောက်ရှိ သွားမည် ဖြစ်သည်။ အစွန်အဖျားတွင် တုနတ်ဝိဇ္ဇာဂိုဏ်းသားများ လေ့ကျင့်ရာ လွမ့်ကျန့်တောအုပ် ရှိ၏။

ညစ်ညမ်းချီ၏အပြင်ဘက်၌ တောင်ကတုံးတစ်လုံးလည်း ရှိသေးသည်။ ၎င်း၏ ဆန့်ကျင်ဘက်၌ ညစ်ညမ်းချီ လွှမ်းခြုံထားသော အဆုံးမဲ့ အမှောင်ထုကြီးစိုးရာ တောအုပ်ရှိသည်။ ဤသို့ ကွဲပြားခြားနားလှသည့် အခြေအနေကပင် နယ်မြေနှစ်ခုအား သိသိသာသာ စည်းခြားထားသကဲ့သို့ ဖြစ်နေသည်။

ညစ်ညမ်းချီ လွှမ်းခြုံထားသော တောအုပ်အနီးသို့ သူတို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်နှင့်အမျှ ကျိုးကျိုးက ယခင်ကနှင့် မတူညီသည့် အခြားလူတစ်ယောက်အသွင် ပြောင်းလဲသွား၏။ သူမ၏ မျက်လုံးများက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေကာ သတိကြီးစွာ ထားနေရဟန်ဖြင့် သူတို့အနီးတစ်ဝိုက် ပတ်ဝန်းကျင်အား နတ်အာရုံကို သုံး၍ စစ်ဆေးကြည့်လိုက်သည်။ သူမသည် လေတိုက်၍ သစ်ရွက်လေးများ လှုပ်နေသည်မှအစ အားလုံးကို အသေးစိတ် စစ်ဆေးနေ၏။

ထို့နောက် သူမက လူအုပ်အား ဦးဆောင်ကာ ခပ်နိမ့်နိမ့်မှ ပျံသန်းသွားစေလိုက်သည်။ ပြီးနောက် သူမက နတ်တန်ခိုးကို အသုံးပြု၍ တိမ်ဖြူတစ်အုပ် ဖန်ဆင်းလိုက်၏။ တချိန်တည်းမှာပင် သုံးပေခန့်မျှသာ ရှိတော့သည်အထိ ကျုံ့ဝင်သွားသော အရက်အိုးအား နောက်ကျော၌ လွယ်ပိုးထားလိုက်သည်။ အရက်အိုးအဝ၌မူ အပြာဖျော့ဖျော့ လင်းလက်နေဆဲ ဖြစ်ပြီး ယင်းက ပျံသန်းသွားကာ လူများကို အချိန်မရွေး မှုတ်ထုတ်ပစ်ရန် တာဆူနေသည်။

နောက်ဆုံးတွင်မူ သူတို့လူစုသည် ညစ်ညမ်းချီ လွှမ်းခြုံထားသော တောအုပ်အစွန်သို့ ရောက်လာကြ၏။ ကျိုးကျိုးက တိမ်ဖြူပေါ်မှ ဆင်း၍ နောက်လှည့်ကာ တပည့်ငါးယောက်အား ခေါ်လိုက်သည်။

” စည်းမျဥ်းတွေအရ ခရီးစဥ်တစ်ခုကို ရက်နှစ်ဆယ် ကြာလိမ့်မယ် ။ မင်းတို့ လွမ့်ကျန့်တောအုပ်ထဲကို ဝင်တာနဲ့ အချိန်စမှတ်မယ်။ တကယ်လို့သာ တစ်ယောက်ယောက်က သတ်မှတ်ထားတဲ့ ရက်နှစ်ဆယ် မပြည့်ခင် ထွက်လာရင်တော့ အဲဒီလူရဲ့ ခရီးစဥ်က ကျရှုံးတယ်လို့ သတ်မှတ်ခံရမှာပဲ။ ပြီးရင်တော့ အဲဒီလူက လာရာလမ်းအတိုင်း လှည့်ပြန်ပြီး အပြစ်ပေးတာကို ခံယူရမယ် ”

ကျိုးကျိုးက စကားဆုံးသည်နှင့် မျက်တောင်တစ်ချက် ခတ်လိုက်သည်။ ထို့နောက် သူမ၏ လေသံကလည်း ရုတ်ခြည်း နူးညံ့သွား၏။
” တကယ်တော့ အပြစ်ပေးတယ်ဆိုတာကလည်း မင်းတို့ရဲ့ လစာကို လျှော့တာမျိုးလို ရိုးရှင်းတဲ့ အပြစ်မျိုးပဲ ပေးမှာပါ။ ပြင်းပြင်းထန်ထန် နာကျင်စေမဲ့အရာမျိုး လုပ်မှာ မဟုတ်ဘူး။ အဲဒီတော့ တကယ်လို့ အန္တရာယ်နဲ့ ရင်ဆိုင်ရရင် အသက်ရှင်ဖို့ကသာ အရေးအကြီးဆုံးဆိုတာ သတိရနော်။ ပြီးတော့ အရမ်းပင်ပန်းလွန်းနေပြီလို့ ခံစားရရင်လည်း အပြင်ကိုသာ ထွက်လာခဲ့လိုက်။ ကိုယ့်ကိုကိုယ် အတင်းအကျပ် ဖိအားပေးပြီး နေတာမျိုး မလုပ်နဲ့။ ငါကတော့ အားလုံးကို ဒီနေရာကနေပဲ စောင့်နေမယ်။ ဒီခရီးစဥ်က မင်းတို့ရဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်ပြီး ရှေ့ဆက်တိုးဖို့ ဖိအားပေးတဲ့ ခရီးစဥ်ဖြစ်တော့ ငါ မင်းတို့နောက် တချိန်လုံး လိုက်နေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက မင်းတို့တွေရဲ့ ကိုယ်ပိုင်သက်တော်စောင့်အဖြစ်လဲ ရှိနေပေးရမှာ မဟုတ်ဘူး။ ကိုလူချောကလဲ ဒီမှာပဲ နေခဲ့ရမယ်။ ဒီမှာပဲနေပြီး သူ ပြန်ထွက်အလာကို စောင့်နေ ”

ယွီဝမ်လင်က လက်နှစ်ဖက်ကို ဆုပ်၍ တောင်းဆိုလိုက်သည်။
” ကျုပ်က ဆဋ္ဌမမြောက်မင်းသမီးကို ကာကွယ်ပေးဖို့ အမိန့်နဲ့ လာခဲ့တာဖြစ်လို့ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်ပြုပေးပါ နတ်ဝိဇ္ဇာအကြီးအကဲ ”

ကျိုးကျိုးက ယွီဝမ်လင်၏ စကားမဆုံးခင်မှာပင် တည်ငြိမ်စွာဖြင့် ပြန်ပြော၏။
” မင်း ကိုယ့်ဘာသာပဲ ဒီမှာ နေခဲ့မလား။ ငါကိုယ်တိုင် ကြိုးနဲ့ချည်ထားပေးရမလား ”

နံဘေးတွင် ရှိနေသည့် ယုံချင်ရွှမ်းယာထံမှ စကားသံထွက်လာသည်။
” စစ်သူကြီး ယွီဝမ် ၊ အပြင်မှာပဲ နေခဲ့ပြီးတော့ ဆရာဒေါ်လေးကျိုးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပေးပါ ”

ထိုစကားပြောနေစဥ် သူမ၏အသွင်က တည်ကြည်ပြတ်သားနေ၏။ ၎င်းကို ကြည့်ခြင်းအားဖြင့် သူမ၏ ဘဝတစ်လျှောက် လူများအား မရေတွက်နိုင်သည့် အမိန့်များစွာ ပေးလာခဲ့သည်မှာ သိသာထင်ရှားနေသည်။

ယွီဝမ်လင်အဖို့ လေသံတိုးတိုးဖြင့် ပြန်ဖြေရန်မှတစ်ပါး အခြားမရှိတော့ချေ။
” ကျုပ် မင်းသမီးရဲ့ အမိန့်ကို လိုက်နာပါ့မယ် ”
ထို့နောက် သူက မျက်မှောင်ကြုတ်ကာ ယွမ်ချင်းဘက်သို့ လှည့်လိုက်သည်။

ချက်ချင်းပင် ယွမ်ချင်းထံမှ စကားသံ ထွက်လာ၏။
” စစ်သူကြီးယွီဝမ် ၊ စိတ်မပူပါနဲ့ဗျာ ။ ကျုပ် ဂိုဏ်းတူညီမလေး ရွှမ်းယာကို အသက်နဲ့လဲပြီး ကာကွယ်ရမယ်ဆိုရင်တောင် ကာကွယ်ပေးမှာပါ ”

ယုံချင်ရွှမ်းယာသည် ထိုစကားအား မည်သို့မှ မဆိုဘဲ ထုံးစံအတိုင်း အေးစက်စက် မျက်နှာထားဖြင့်သာ ငြိမ်သက်စွာ ရှိနေ၏။

ထိုအစား ကျိုးကျိုး၏ အနောက်ဘက်တွင် တချိန်လုံး ရှိနေခဲ့သည့် လီချန်ရှို့က ယွမ်ချင်းနှင့် ယွီဝမ်လင်တို့အား လှမ်းကြည့်ကာ အကဲခတ်လိုက်သည်။
‘ ဒီနှစ်ယောက်ကြားမှာ တကယ်ကို မသင်္ကာစရာ ကိစ္စတစ်ခုခု ရှိနေတာပဲ ‘

ကျိုးကျိုးက လည်ချောင်းတစ်ချက်ရှင်းကာ စကားဆက်လိုက်သည်။
” မင်းတို့အားလုံးကို သတိပေးစရာ နှစ်ချက် ရှိတယ်။ ပထမတစ်ချက်က အထဲကို ရောက်သွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကူညီကြ။ မင်းတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေဆိုတာကို မမေ့ကြနဲ့။ တစ်ယောက်တည်း ထွက်သွားတာမျိုး မလုပ်မိဖို့ ဂရုစိုက်ကြ။ ယွမ်ချင်းနဲ့ ရွှမ်းယာ ၊ မင်းတို့နှစ်ယောက်က ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူတွေ။ အဲဒီတော့ တကယ်လို့ မင်းတို့မှာ တန်ခိုးတွေ ပိုလျှံနေရင် တခြားကျန်တဲ့သူတွေကိုပါ ဂရုစိုက်ပေးလိုက် ”

ယွမ်ချင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
” စိတ်ချပါ ဆရာဒေါ်လေး ”

ယုံချင်ရွှမ်းယာ ကလည်း ပြန်ဖြေ၏။
” ဆရာဒေါ်လေးအမိန့်ကို တပည့် နာခံပါ့မယ် ”

နတ်ဝိဇ္ဇာကျိုးကျိုး က ထပ်ပြောလိုက်သည်။
” နောက် ဒုတိယအချက်က ကံကို ယုံပြီးတော့ အသက်စွန့်ပြီး ဆေးပင်ရှာတာမျိုး မလုပ်နဲ့ ။ ပုံမှန်ဆိုရင် အဖိုးအတန်ဆုံးဆိုတဲ့ ဆေးပင်တွေကို ကြောက်စရာသတ္တဝါတွေက စောင့်ရှောက်လေ့ရှိတယ်။ အဲဒီ သတ္တဝါတွေက ငတုံးတွေ မဟုတ်ဘူးနော်။ ပြီးတော့ မင်းတို့က သူတို့အတွက် အာဟာရအပြည့်ဝဆုံး အစာတွေပဲ ”

ထိုသို့ ပြောနေရင်းဖြင့် ကျိုးကျိုးက ရုတ်ခြည်းလှုပ်ရှားလိုက်သည်။ သူမ၏ ဘယ်လက်မှ ပုံရိပ်ယောင်တစ်ခု ဆတ်ခနဲ တိုးထွက်လာပြီး ယုံချင်ရွှမ်းယာ၏ မျက်နှာအား နူးညံ့စွာ ထိတွေ့လိုက်သည်။
” အထူးသဖြင့် မင်းလို နူးညံ့ပြီး အဆင့်အတန်းမြင့်တဲ့ အသားမျိုးဆိုရင်ပေါ့ ”

“ ဆရာဒေါ်လေး ၊ ကျေးဇူးပြုပြီး သိက္ခါထိန်းပါဦး ”
ယုံချင်ရွှမ်းယာက မျက်မှောင်လေးကြုတ်၍ ပြောလိုက်၏။

ကျိုးကျိုးက ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။
” အိုက်ယား .. အသားလေးက နူးညံ့နေတာပဲ။ မင်းရဲ့ ပင်ကိုယ်အလှတွေကို ငါ တကယ် မနာလိုအားကျမိတယ်။ မင်းရဲ့ ဆရာဒေါ်လေးမှာ မင်းလို နူးညံ့တဲ့ အသားအရေ မရှိဘူး။ ငါ့အရေပြားဆို ခြောက်သွေ့နေတာပဲ ။ ပြီးတော့ ငါ့မှာ ငါ့နောက်ကနေပြီးတော့ တစ်နေ့လုံး ဂိုဏ်းတူညီမလေး ကျိုးကျိုးရေ ၊ ဂိုဏ်းတူညီမလေး ကျိုးကျိုး ဆိုပြီး လိုက်အော်ခေါ်နေမယ့်သူလဲ မရှိဘူး ”

ကျိုးကျိုးသည် ထိုသို့ စနောက်နေရင်းဖြင့်ပင် လခြမ်းငါးခြမ်းသဏ္ဍာန် ကျောက်စိမ်းတုံးများအား ယူလိုက်ကာ တပည့်ငါးယောက်၏ လက်ထဲသို့ ကျောက်တုံးတစ်တုံးဆီ ပစ်ပေးလိုက်သည်။

” ရော့ .. ဒီကျောက်စိမ်းတုံးတွေက တကယ်လို့ မင်းတို့ အကူအညီ လိုအပ်လာခဲ့ရင် ဆက်သွယ်လို့ရမယ့် ပစ္စည်းပဲ ။ တကယ်လို့ အန္တရာယ်နဲ့ ကြုံလာခဲ့ရင် ကျောက်တုံးကိုသာ ခွဲလိုက်။ အဲဒီလိုခွဲလိုက်ရင် မင်းတို့ရဲ့ ဆရာဒေါ်လေး အာရုံခံမိပြီးတော့ မင်းတို့ကို လာကူညီပေးနိုင်မှာ ”

“ ပြီးတော့ ဆက်သွယ်ရေး ကျောက်စိမ်းတုံးကို ခွဲလိုက်တာနဲ့ မင်းတို့ရဲ့ ခရီးစဥ်ကို အရှုံးပေးလိုက်ပြီဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ် ။ မင်းတို့ ပြန်ရောက်တာနဲ့ မင်းတို့ရဲ့ လစာထဲက အလျှော့ခံရရုံပါပဲ ။ သိပ်ပြီး မစိုးရိမ်ကြပါနဲ့ “

” ကဲ ကဲ .. သွားကြတော့ ။ ဂရုစိုက်ကြနော် ။ အထဲမှာ မသေစေနဲ့ ”

တပည့်ငါးဦးတို့သည် ဆက်သွယ်ရေးကျောက်စိမ်းတုံးများအား သိမ်းဆည်းကာ နတ်ဝိဇ္ဇာ ကျိုးကျိုး အား တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးပင် ညစ်ညမ်းချီပျယ်အဆောင်များအား ကိုယ်စီ ထုတ်လိုက်ကြသည်။ ပြီးနောက် သူတို့လူစုသည် ယုံချင်ရွှမ်းယာ နှင့် ယွမ်ချင်းတို့ ရှေ့မှဦးဆောင်ကာ ညစ်ညမ်းချီ လွှမ်းခြုံထားသော တောအုပ်ဆီသို့ ဦးတည် ထွက်ခွာသွားကြ၏။

လီချန်ရှို့သည် သူ၏ညစ်ညမ်းချီပျယ်အဆောင်အား တာအိုဝတ်ရုံတွင် ကပ်လိုက်သဖြင့် အခြားသူများ၏ နောက်၌ ခြေတစ်လှမ်းခန့်မျှ ကျန်နေရစ်ခဲ့၏။ ထို့နောက် သူက ဝတ်ရုံကို ပင့်တင်ကာ အခြားအဆောင်တစ်ခုအား သူ၏ ပေါင်၌ ကပ်လိုက်ပြန်သည်။ ပြီးနောက်တွင်မူ သူက တတိယအဆောင်အား အင်္ကျီအတွင်းဘက် ကော်လံ၌ ကပ်လိုက်၏။

ဤမျှဆိုလျှင် သူ၏အဆောင်များ လမ်း၌ ပြုတ်ကျကျန်နေခဲ့မည်ကို စိတ်ပူစရာ လိုတော့မည်မဟုတ်ချေ။ သူ့အနေဖြင့် ထိုအဆောင်များအား ရက်အနည်းငယ်ကြာလျှင် တစ်ကြိမ် ပြောင်းလဲပေးရန်သာ ဂရုစိုက်ရတော့မည်ဖြစ်သည်။

ထိုစဥ် လေတိုးသံ သူ ကြားလိုက်ရပြီး ခြေထောက်တစ်စုံက သူ့ထံ အလျင်အမြန် လာနေသည်။

လီချန်ရှို့တစ်ယောက် မျက်နှာပျက်သွားကာ ရှေ့သို့ ခြေနှစ်လှမ်းတိုး၍ သူ့ထံ ဦးတည်လာနေသည့် လူရိပ်အား အလွယ်တကူပင် ရှောင်တိမ်းလိုက်သည်။

ကျိုးကျိုးက ဒေါတသကြီးဖြင့် သူ့အား အပြစ်တင်စကားဆိုလိုက်၏။
” မင်းက အခုထိ မသွားသေးဘူးလား။ သူတို့နဲ့ အတူတူသွားပါလို့ ငါ မှာထားတယ်လေ။ မင်းက အခုမှ ဝိညာဥ်အခြေတည် အဆင့်ကိုးမှာပဲ ရှိသေးတယ်။ မင်းက အဲဒီလောက်သတိကြီးတဲ့သူ ဖြစ်နေတာတောင် ဒီလိုမကောင်းတဲ့နေရာမှာ ဘာလုပ်ေနတာတုန်း ”

” ဂရုစိုက်ပါ ဆရာဒေါ်လေး ”
လီချန်ရှို့က နောက်လှည့်၍ ဦးညွှတ်အရိုအသေ ပေးလိုက်ပြီး တချိန်တည်းမှာပင် နတ်ဝိဇ္ဇာ ကျိုးကျိုး ဆီသို့ အသံလှိုင်း ပို့လွှတ်လိုက်သည်။

ထို့နောက် သူက ချက်ချင်းပင် သုတ်သီးသုတ်ပျာဖြင့် အခြားလူများနောက်သို့ ပြေးလိုက်သွား၏။

မကြာမီပင် သူတို့အားလုံး ညစ်ညမ်းချီအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ချက်ချင်းပင် အရှေ့တွင်ရှိနေသော လေးယောက်၏ ညစ်ညမ်းချီပျယ် အဆောင်များမှ အလင်းရောင်ဖျော့ဖျော့ လင်းလက်လာကာ သူတို့ခန္ဓာကိုယ် ဘေးပတ်လည်၌ ပါးလွှာ၍ ဖောက်ထွင်းမြင်နိုင်သော အကာအကွယ်တစ်ခုစီ ထွက်ပေါ်လာသည်။

လီချန်ရှို့တစ်ယောက်ကမူ ကျန်လူများကဲ့သို့ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ဘေးပတ်လည်၌ အကာအကွယ် သုံးထပ်ရှိနေပြီး ထိုအကာအကွယ်များကြောင့် အသက်ရှူရန်ပင် အနည်းငယ်ခက်နေတော့သည်။ သို့သော် သူ အသက်ရှူသွင်းလိုက်သည့် လေကမူ အခြားလူများနှင့်မတူဘဲ အလွန်လတ်ဆတ်နေ၏။

ဝမ်ကျိက လည်ချောင်းရှင်းကာ စကားစလိုက်သည်။
” ဂိုဏ်းတူအစ်ကို ချန်ရှို့ … နောက်ကျရင် ကျုပ်နဲ့လိုက်ခဲ့လို့ ရပါတယ်။ ကျုပ်က ဒီကို ကံစမ်းဖို့သက်သက်ပဲ လာခဲ့တာ ။ ဘာဆေးပင်မှ ရှာဖို့မဟုတ်ဘူး။ အဲဒီတော့ ဂိုဏ်းတူညီလေး ယွမ်ချင်းနဲ့ တခြားသူတွေ ကျုပ်အတွက်နဲ့ ဝန်လေးနေဖို့ မလိုဘူးနော် ”

” ကောင်းသားပဲ ”
လီချန်ရှို့က ဝမ်ကျိအား ပြုံး၍ ပြောလိုက်သည်။ ဝမ်ကျိ ကလည်း ပြန်၍ မျက်ခုံးပင့်ပြလိုက်၏။ သူတို့ကြား၌ ရင်းနှီးမှုလည်း ပိုတိုးသွားသကဲ့သို့ နှစ်ဦးသား ခံစားလိုက်ရသည်။

မြောက်ကျွန်းဒေသအတွင်း လှည့်လည်သွားလာရာတွင် နတ်ဝိဇ္ဇာမဖြစ်သေးသော လူများအနေဖြင့် ပျံသန်းခြင်းကို ရှောင်ရှားသင့်၏။ မြေပြင်၏အထက် သုံးပေမျှ ဆိုလျှင်ပင် ညစ်ညမ်းချီက အလွန်ထူထပ်သိပ်သည်းနေပြီဖြစ်သည်။ ထိုမျှမက မြောက်များစွာသော အဆိပ်ပိုးမွှားများနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲများ ဘေးပတ်လည်တွင် ရှိနေသည်ဖြစ်ရာ မြေပြင်၌ နေသည်က များစွာပို၍ အန္တရာယ်ကင်းသည်။

ထိုအချိန်တွင် သူတို့ရှေ့၌ လမ်းတစ်လမ်းတည်းသာ ရှိနေပြီး လမ်းဘေးတစ်ဖက်တစ်ချက်၌ မီးလောင်ကျွမ်းထားဟန်ရှိသည့် အမည်းရောင်သစ်ပင်များ စီတန်းပေါက်ရောက်လျက် ရှိနေ၏။ ထိုအပင်များ၏ သစ်ကိုင်းအများစုမှာလည်း အရွက်များ ကင်းမဲ့နေကြသည်။ သို့သော် ထူးဆန်းသည်မှာ တခြားအသက်ဓာတ်တစ်မျိုးက ထိုသစ်ပင်များအတွင်း စီးဆင်းနေဟန် တူ၏။

သူတို့ငါးဦးသား စိတ်အာရုံအား ကျယ်နိုင်သမျှ ကျယ်ကျယ် ကိုယ်စီဖြန့်ကျက်လျက် ထိုလမ်းအတိုင်း လျှောက်လာကြသည်။ ထိုသို့ လျှောက်လာနေရင်း ကျူးကျော်လာသူများအား အေးစက်စက် စိုက်ကြည့်နေသည့် အဆိပ်ရှိ သားရဲများကိုလည်း ရံဖန်ရံခါ တွေ့ကြရသည်။

တောအုပ်အတွင်း၌ နေ့အလင်းရောင် ပျောက်ကွယ်နေပြီး နေရာတိုင်း အန္တရာယ်အငွေ့အသက်များကသာ ဖုံးလွှမ်းနေ၏။

လွမ့်ကျန့်တောအုပ်သည် ရတနာများ ပေါများရုံသာမက မြောက်များလှစွာသော ဆေးပင်အမျိုးအစားများလည်း စံုလင်လှသည်။ သို့သော် သူတို့သည် အန္တရာယ်အနည်းဆုံး နေရာဖြစ်သော တောအုပ်၏ အစွန်အဖျားတွင် ရှိနေသည့်အတွက် ထိုနေရာတဝိုက်ရှိ ဆေးပင် ရှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ လူသားကျင့်ကြံသူများနှင့် နတ်ဆိုးများ၏ လက်အတွင်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ငါးဦးအတွက် သူတို့ အလိုရှိသည့် ဝိညာဥ်ဆေးပင်များ ရှာဖွေရန် ခက်ခဲမည်မှာ သေချာလှသည်။

နောက်တစ်ခု ရှိသေးသည်မှာ လီချန်ရှို့ ရှာဖွေနေသည့် ဆေးပင်သည် လွမ့်ကျန့်တောအုပ်အတွင်း မရှိပေ။ ၎င်းကို တောနက်ပိုင်းအတွင်း၌သာ တွေ့နိုင်၏။

သူတို့လူစု လျှောက်လာနေကြစဥ် လီချန်ရှို့က လက်ဖဝါးခန့်အရွယ်အစားရှိသော သိုးသားရေဖြင့် ပြုလုပ်ထားသည့် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။ သူက မြေပုံပေါ်ရှိ သူကိုယ်တိုင် အမှတ်အသားပြုထားသော နေရာများကိုကြည့်ကာ နောက်ပိုင်း၌ မည်သည့်လမ်းအတိုင်း သွားရမည်ကို သေချာအောင် မှတ်သားလိုက်သည်။

ပထမဦးစွာ သူ လူစုမှ ခွဲထွက်ရန်အတွက် အကြောင်းပြချက်ကောင်းကောင်း ရှာရမည် ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်က သူ့နောက်သို့ ကောင်းကင်ယံမှ ခိုးကြောင်ခိုးဝှက် လိုက်လာသည့် ဆရာဒေါ်လေး ကျိုးကို မျက်ခြေဖြတ်ရမည် ဖြစ်သည်။

တစ်နာရီခန့် လျှောက်လာပြီးနောက် တောအုပ်က မှောင်သည်ထက် မှောင်လာပြီး လေထဲတွင်လည်း ဆိုးရွားသော ပုပ်အက်အက်အနံ့များဖြင့် ပြည့်လာ၏။ ပိုးကောင်များထံမှ အော်မြည်သံများလည်း ဆူညံနေကာ အမှောင်ထဲ၌ ပုန်းေအာင်းနေသည့် သားရဲများ၏ မျက်လုံးများကလည်း တရွေ့ရွေ့ သွားလာနေသော သက်ရှိလူသား ငါးဦးအား အခွင့်အရေးရသည်နှင့် ခုန်အုပ်ရန် ချောင်းမြောင်းနေကြသည်။

အရိုးများ ပြန့်ကျဲနေသော ရေအိုင်တစ်အိုင်ထဲ၌ အလွန်လှပသော်လည်း အဆိပ်ပြင်းသည့် ပန်းပွင့်များနှင့် သစ်သီးများ အပြွတ်လိုက် ရှိနေသော အပင်များ၊ နတ်ဆိုးပင့်ကူများ၏ ရက်စက်ကြမ်းကြုတ်သော ရယ်မောသံများ ထွက်ပေါ်နေ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်တချို့သည် အရည်ချင်းပြည့်ဝကာ သတ္တိရှိသောလူများအဖြစ် နာမည်ကြီး၏။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ သူတို့အုပ်စုသည် ပတ်ဝန်းကျင်နှင့် နေသားတကျ ဖြစ်လာကာ ခပ်မြန်မြန်လျှောက်ကြ၏။

လီချန်ရှို့ကမူ အားလုံး၏နောက်မှကပ်၍သာ လိုက်ပါလာသည်။ ထိုအချိန်အထိ သူလမ်းကြောင်းပြောင်းရမည့် နေရာနှင့် ဝေးနေဆဲပင်။ ထို့ကြောင့်လည်း သူက လူစုနှင့်သာ အေးအေးဆေးဆေး လိုက်နေခြင်း ဖြစ်သည်။

ထိုစဥ် သားရဲတစ်ကောင်၏ စူးစူးရဲရဲ အော်မြည်သံ ရုတ်ခြည်း ထွက်ပေါ်လာ၏။ အဆိပ်ရှိ ပိုးမွှားကောင်များ၏ အော်ဟစ်မြည်ကြွေးသံများလည်း ပို၍ဆူညံလာပြီး ရက်စက်ကြမ်းတမ်းသော သားရဲစွမ်းအားများက သူတို့ထံ ဦးတည်ရွေ့လျားလာသည်ကို တွေ့လိုက်ရသည်။

အဆိပ်ရှိ သားရဲတစ်ကောင်မှာ ဆက်၍ သည်းခံနိုင်စွမ်း ရှိတော့ဟန်မတူဘဲ သူတို့အား တိုက်ခိုက်တော့မည် ဖြစ်သည်။

လူအုပ်၏ရှေ့ဆုံး ညာဘက်တွင် ရှိနေသည့် ယုံချင်ရွှမ်းယာက လက်မြှောက်၍ အားလုံးကို ေရှ့ဆက်မတိုးရန် ဟန့်တားလိုက်သည်။ သူမ၏ နောက်ကျောဘက်တွင် လွယ်ပိုးထားသည့် ဓားကြီးကလည်း အနည်းငယ် တုန်ခါလာသည်။

ယွမ်ချင်းကလည်း ညာဘက်လက်အား ညင်သာစွာ ခါလိုက်ရာ အစိမ်းရောင် နတ်ဓားတစ်လက်က သူ့လက်ဖဝါးအတွင်းသို့ ပျံသန်းဝင်ရောက်လာသည်။ သူသည်လည်း အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေဟန်တူသည်။

လီချန်ရှို့သည် သူ့ရှေ့ရှိ လူလေးယောက်က အရှေ့ဘယ်ခြမ်းမှ တိုးထွက်လာနေသော အမည်းရောင်အရိပ်ထံ အာရုံရောက်နေကြစဥ် ညာဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဝမ်ကျိ၏ နောက်တွင်ရပ်ကာ ပြောလိုက်သည်။
” ညာဘက်ကို သတိထား ”

လီချန်ရှို့၏ စကားဆုံးသည်နှင့် ဆယ်ပေခန့်ရှည်လျားသည့် အမည်းရောင် အရိပ်တစ်ခု အရှေ့ဘယ်ဘက်ခြမ်းမှ ထွက်ပေါ်လာ၏။

၎င်းမှာ အမည်းရောင် ကျားသစ်တစ်ကောင်ဖြစ်ပြီး ၎င်း၏ နောက်ကျောဘက်တွင် အတောင်ပံနှစ်ခု တိုးထွက်နေ၏။ ၎င်း၏ လက်သည်းချွန်များကမူ အစိမ်းပုပ်ရောင် လင်းလက်နေသည်။ ၎င်းက ထွက်ပေါ်လာသည်နှင့် လူလေးယောက်ကို တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်သည်။

ယွမ်ချင်းက လေသံတိုးတိုးဖြင့် ဟစ်ကြွေးလိုက်သည်။
” မိစ္ဆာသားရဲ ၊ မင်းတော့ သေပြီသာမှတ် ”

ထို့နောက် သူက လှစ်ခနဲ လှုပ်ရှားလိုက်ရာ ယုံချင်ရွှမ်းယာ နံဘေးမှ လေပြေညင်းတစ်ခု ဖျတ်ခနဲ တိုက်ခတ်သွား၏။ သုံးပေခန့် ရှည်လျားသည့် ဓားအစွန်းမှ ရှစ်လက်မခန့်ရှိသည့် အစိမ်းရောင် အလင်းတန်းတစ်ခု တိုးထွက်လာသည်။ ယွမ်ချင်း၏ မြန်ဆန်လှသော ခြေလှမ်းကွက်ကြောင့် သူ့ခြေဖဝါးအောက်၌ ပုံရိပ်များပင် ဖြစ်ကျန်ရစ်ခဲ့သည်။

တိုးထွက်လာသော ဓားအလင်းတန်းများနှင့်အတူ ကျားသစ်က လက်သည်းချွန်များ မြှောက်လိုက်ချိန်မှာပင် ၎င်း၏ အမည်းရောင်သွေးများ ကောင်းကင်ယံသို့ ဖြာထွက်သွားတော့သည်။

ဓားချက်တစ်ချက်တည်းဖြင့် ၎င်း၏ခန္ဓာကိုယ်က အပိုင်းပိုင်း ပြတ်သွားခဲ့လေပြီ။

ထိုစဥ်မှာပင် တောအုပ် အရှေ့ညာဘက်ခြမ်းမှ အမည်းရောင် အရိပ်နှစ်ရိပ် ထွက်ပေါ်လာကာ လျှိုယန်အာ နှင့် ယုံချင်ရွှမ်းယာထံ တိုးဝင်သွားသည်။

” ငါ ရှင်းလိုက်မယ် ”
ဝမ်ကျိက အော်လိုက်ကာ လျှိုယန်အာ၏ ဘေးသို့ လှစ်ခနဲ ပြေးသွားလိုက်သည်။ ထို့နောက် သူက မီးတောက်များ ဝန်းရံနေသည့် လက်နှစ်ဖက်ဖြင့် အမည်းရောင် ကျားသစ်နှစ်ကောင်ဆီသို့ ဝေ့ယမ်း၍ ၎င်းတို့အား အနောက်သို့ ရွေ့သွားစေရန် ဖိအားေပးလိုက်သည်။

သို့သော် သူ၏ မီးတောက်များ မပေါက်ကွဲမီမှာပင် အနီရင့်ရင့် လူရိပ်တစ်ရိပ်က သူ့နံဘေးမှ လှစ်ခနဲ ဖြတ်ပြေးသွား၏။ ထို့နောက် မကြာသေးခင်ကအချိန်အထိ ဓားအိမ်ထဲမှပင် မထုတ်ရသေးသည့် ဓားက လေထုအား ဖြတ်တောက်ပစ်လိုက်သည်။ သူတို့နံဘေးမှ ဓား ဖြတ်သန်းသွားသည်နှင့် ချက်ချင်းပင် ကျားသစ်နှစ်ကောင်သည် သဲအိတ်ကြီး နှစ်အိတ်အလား နောက်သို့ လွင့်စင်ထွက်သွားတော့၏။

၎င်းမှာ ရိုးစင်းသော ဓားချက်တစ်ချက်သာဖြစ်ပြီး နောက်ထပ် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ဘဲ ငြိမ်သက်သွား၏ ။ သို့သော် ကျားသစ်နက်နှစ်ကောင်မှာ ကောင်းကင်သို့ ရောက်နေပြီဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များ၌ အနီရောင်ဝင်းလက်နေသည့် ကြာပွင့်များ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ကျားသစ်နှစ်ကောင် ပေါက်ကွဲထွက်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များ အစိတ်အစိတ်စိတ်အြမွှာြမွှာ ဖြစ်သွားတော့၏။ မီးတောက်များကလည်း ကျန်ရှိနေသော အမည်းရောင် သွေးများအား ဝါးမျိုပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ကျားသစ်နက်နှစ်ကောင်ကား အစအနရှာမရအောင် ပျောက်သွားပြီ ဖြစ်သည်။

ဝမ်ကျိက အူကြောင်ကြောင်အပြုံးဖြင့် သူ့လက်ထဲတွင် ရှိနေသော မီးလုံးများကို သိမ်း၍ နောက်သို့ ဆုတ်လိုက်သည်။

လီချန်ရှို့၏ မျက်လုံးများ အရောင်တောက်သွား၏။
‘ ဒီ ယုံချင်ရွှမ်းယာက ကုမုဒြာကြာကိုးပါးမီးကျင့်စဥ်ကို အောင်မြင်ထားတာလား ‘

မျက်စိတစ်မှိတ်အတွင်း ကျားသစ်နက်သုံးကောင် အသစ်ခံလိုက်ကြရသည့်အတွက် တောအုပ်အတွင်းရှိ အမှောင်ထုထဲမှ စောင့်ကြည့်နေသော အကြည့်စူးစူးများသည်လည်း တစ်ဝက်ခန့် လျော့ကျသွားတော့သည်။

ထိုငါးဦးသားက ကိုယ်စီနေရာများ အသီးသီး ပြန်ယူကာ ဆက်လျှောက်သွားကြ၏။

သို့သော် များမကြာမီ လမ်းဆုံသို့ ေရာက်လာလာသဖြင့် သူတို့လူစု ရပ်တန့်လိုက်ကြရပြန်သည်။

ယုံချင်ရွှမ်းယာက နောက်လှည့်ကာ ပြောလိုက်၏။
” ဂိုဏ်းတူအစ်ကို နဲ့ ဂိုဏ်းတူ အစ်မ ၊ ညီမက မီးဥာဏ်အလင်းပွင့်ဆေးပင်ကို ရှာဖို့ ဒီဘက်လမ်းကို သွားမှာ ။ အဲဒီဆေးပင် ကို ဒီလမ်းမှာ တွေ့ခဲ့တဲ့သူရှိတယ်လို့ ဂိုဏ်းမှာ မှတ်သားထားတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ။ တောနက်ကြီးအထိ ဝင်မသွားကြပါနဲ့ ”

လျှိုယန်အာသည်လည်း ဆေးပင်တစ်မျိုး ရှာဖွေလိုကြောင်း ပြောကာ အခြားတစ်လမ်းသို့ ထွက်ခွာရန် ပြင်လိုက်သည်။

ဤသို့ဖြင့် သူတို့လူစု အသီးသီးလူခွဲလိုက်ကြသည်။ ယွမ်ချင်းကမူ ယုံချင်ရွှမ်းယာအား ကူညီကာကွယ်ရန် လိုက်လာခဲ့ခြင်း ဖြစ်သည့်အတွက် သူမအနီး၌သာ ရှိနေသည်မှာ သဘာဝကျပေသည်။

ဝမ်ကျိတစ်ယောက်ကမူ ပြင်ပကမ္ဘာအား တွေ့ကြုံခံစားလိုသောကြောင့် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် လျှိယန်အာကို သူမအလိုရှိသည့် ဆေးပင် ကူညီရှာဖွေပေးရန် သဘောတူလိုက်၏။

ထို့နောက်တွင်မူ သူတို့အားလုံး လီချန်ရှို့အား လှည့်ကြည့်လိုက်ကြသည်။

” ငါက ဒီလမ်းအတိုင်းသွားမယ် ။ ဒါဆို ငါတို့ ဒီနေရာမှာပဲ လူစုခွဲကြတာပေါ့ ”
လီချန်ရှို့က သူတို့နှင့် မတူညီသည့် လမ်းတစ်လမ်းကို ညွှန်ပြကာ ပြောလိုက်သည်။

ယုံချင်ရွှမ်းယာက မေးခွန်းထုတ်လိုက်သည်။
” ဂိုဏ်းတူအစ်ကို ချန်ရှို့ … အစ်ကိုက ဘာဆေးပင် ရှာမလို့လဲ ”

လီချန်ရှို့က ချက်ချင်းပင် တည်ကြည်စွာ ပြန်ဖြေလိုက်၏။
” ငါ ပြောပြလို့ အဆင်မပြေဘူး။ ဒါပေမဲ့ ငါ့ကို စိတ်မပူပါနဲ့ ။ အားလုံး ဂရုစိုက်ကြပါ ”

ယွမ်ချင်းက သူ့အား ဖြောင်းဖျရန် ကြိုးစား၏။
” ဂိုဏ်းတူအစ်ကို ချန်ရှို့ … အစ်ကို ဂိုဏ်းတူအစ်မ ယန်အာနဲ့ သွားလိုက်ပါလား ”

သို့သော် ယွမ်ချင်း၏ စကားမဆုံးခင် လီချန်ရှို့က သူ ရွေးချယ်ထားသည့်လမ်းဆီသို့ စတင် ေလျှာက်လှမ်းနေပြီ ဖြစ်သည်။ ထို့နောက် သူက ရိုးစင်းသော ခြေလှမ်းကွက်အနည်းငယ်ကို အသုံးပြုကာ ရှေ့ဆက်သွားလိုက်သည်။ ဤသို့ဖြင့် လီချန်ရှို့သည် တောအုပ်အစွန်းတစ်နေရာဆီသို့ လျှပ်တစ်ပြက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

” တကယ်ပါပဲ ၊ သူက ငါတို့ရဲ့ စေတနာကို အလေးမထားဘူး ”
လျှိုယန်အာက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။

ယွမ်ချင်းနှင့် ဝမ်ကျိတို့ကလည်း ခေါင်းများ ယမ်းလိုက်ကြသည်။ သူတို့၏ အတွေးထဲ၌ လီချန်ရှို့သည် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားလွန်းကာ မည်မျှ စွမ်းဆောင်နိုင်သည်ကို သက်သေပြချင်လွန်းနေသည်ဟူ၍ တွေးနေကြ၏။

တခြားတစ်ဘက်ရှိ ယုံချင်ရွှမ်းယာကမူ သူတို့နှင့်မတူသည့် တစ်စုံတစ်ခုကို တွေးတောနေဟန်ရှိ၏။ ထို့နောက် သူမက ပြန်လှည့်၍ သူမ ရွေးချယ်ထားသည့် လမ်းကို သွားလိုက်သည်။ နောက်ကျောတွင် ဓားကိုလွယ်ပိုးထားသော သူမ၏ခန္ဓာကိုယ်နောက်ပိုင်း ကောက်ကြောင်းအလှက ရှိရင်းစွဲထက် စွဲဆောင်မှုရှိလှပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset