အခန်း ( ၁၀၄ )

အစီအစဉ်မှာ တစ်ခုခု မှားနေပြီ

ပင်လယ်စောင့်နတ်မင်းဖြစ်သော လီချန်ရှို့ကိုယ်တိုင်သည်ပင် အန်းရွှေမြို့တွင် ကျင်းပသော ပင်လယ်စောင့်နတ်မင်းပွဲတော်သည် တော်တော်လေး အစီအစဉ်တကျ လုပ်ထားသည့် ပွဲတော်တစ်ခုဟု ခံစားလိုက်ရသည်။ တောင်သမုဒ္ဒရာအနီးရှိ သေမျိုးနယ်စပ်တွင် ထိုမျှ ကိုးကွယ်သူအမြောက်အမြားကို စုစည်းဖို့ရန်မှာ မလွယ်ကူချေ။

မြို့ပြင်တွင် လူများစွာ စုစည်းနေသဖြင့် အစပိုင်းတွင် အနည်းငယ် ကသောင်းကနင်းဖြစ်ဟန်ထင်ရသော်လည်း မည်သည့်နေရာတွင်မှ အနှောင့်အယှက်မရှိခဲ့ပေ။ ကိုးကွယ်သူများသည် သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်းနေကြပြီး စည်းကမ်းလိုက်နာကြ၏။ ထိုတစ်ချက်ဖြင့်ပင် ချီးကျူးဖွယ်ကောင်းနေပြီဖြစ်သည်။

သို့သော် လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို သိပ်၍ အမြင်မကြည်သေးပေ။

ရှုံးရွာ၏ ရွာသူကြီးသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ ခေါင်းကိုင်ဖခင်ဖြစ်နေသည်။ သူ၏အမည်မှာ ရန်ရန်ဖြစ်ပြီး ဝက်ဝံနက်သားရေ ဝတ်ရုံကြီးကို ဝတ်ဆင်ထားလေသည်။ သူသည် ရွှေပြားကပ်ထားသော ပုလ္လင်တစ်ခုပေါ်တွင် ထိုင်နေပြီး ထိုပုလ္လင်ကို တုတ်ခိုင်သန်မာသော လူလေးယောက်က ထမ်းလာ၏။

ရွာလူကြီးသည်လည်း တုတ်ခိုင်သန်မာလှသည်ဖြစ်ရာ ဝက်ဝံနက်ဝိညာဉ်တစ်ကောင်ကို မြို့ပြင်သို့ သယ်လာသည့်သဖွယ် ဖြစ်နေလေတော့သည်။

လီချန်ရှို့ ဆွံ့အသွား၏။ သူကြံရွယ်ထားသလိုပင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို တတ်နိုင်သမျှ မြန်မြန် ဖြိုလှဲပစ်ရပေမည်။

ပင်လယ်စောင့်နတ်မင်းရုပ်တုကြီးကို မြို့ပြင်မှ (၁၀)လီအကွာရှိ တောင်ကုန်းတစ်ခုဆီသို့ သယ်ဆောင်သွားကြ၏။ မြို့ထဲမှ လူထောင်သောင်းချီသည်လည်း ရုပ်တုအနောက်သို့ လိုက်သွားကြ၏။

လီချန်ရှို့၏ နတ်အာရုံသည် ထိုနေရာကို ဆက်လက် အာရုံခံနေသည်။ မကြာခင် သူသည် စိတ်ဝင်စားဖွယ်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

လမ်းတစ်လျှောက်တွင် လှပသော မိန်းမပျိုလေးများသည် လက်ချင်းချိတ်၍ သီချင်းများဆိုကာ လိုက်ပါနေကြ၏။ သန်မာ အားကောင်းသော ယောက်ျားပျိုများသည်လည်း စိတ်တက်ကြွနေကြသည်။ ထိုယောက်ျားပျိုများသည် သူတို့ သဘောကျသော မိန်းမပျိုများကို တွေ့လျှင် သွားရောက်နှုတ်ဆက်၍ သူတို့၏ ကြွက်သားများကို ကြွားကာ တံငါသီချင်းများကို သီဆို၍ နောက်ပိုးကြလေသည်။

ထိုကဲ့သို့ ပွဲတော်ကြီးမျိုးသည် လူငယ်များ ကြင်ဖော်ရှာရန်အခွင့်အရေးကောင်း…အဟမ်း… တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာပြီး မေတ္တာစိတ်များ တိုးပွားအောင်လုပ်နိုင်မည့် အခွင့်အရေးကောင်းဖြစ်သည်။

တုံချိချိနှင့် လျှောက်နေရသော အဘိုးအို၊ အဘွားအိုများကိုလည်း သန်မာသော လူငယ်များက ဘေးမှနေ၍ တွဲခေါ်ပေးကြ၏။ အူမြူးနေသော ကလေးငယ်များကိုလည်း လူကြီးများက လက်မလွှတ်တမ်း တွဲထားရ၏။ ထို့ပြင် ဂါဝန်ရှည်များဝတ်ဆင်ထားပြီး ကြက်သရေရှိသောရုပ်ရည်ရှိကြသည့် အမျိုးသမီးများကိုလည်း လူအုပ်ထဲတွင် နေရာအနှံ့တွေ့နိုင်၏။ သူမတို့သည် လူအုပ်ထဲတွင် ဆေးဆိုးထားသော ပန်းပွင့်ဖတ်များ ကြဲနေကြသည်။ ထိုပန်းပွင့်ဖတ်များသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ ကောင်းချီးပေးခြင်းဖြစ်သည်။

ကိုးကွယ်သူအများစုသည် ဓမ္မတေးများ သီဆို၍ ရုပ်တု၏ အနောက်မှ လိုက်နေကြသည်။ ထိုပွဲတော်သည် လိုက်လျောညီထွေရှိပြီး နွေးထွေးသည်ဟုပင် ခံစားရလေသည်။

ရုပ်တုကို နေရာချပြီးသွားသောအခါ ရှုံးရွာမှ နတ်တမန်တော် ရှစ်ဦးသည်လည်း ချွေးများရွှဲစိုကာ မောဟိုက်နေပေပြီ။

သူတို့သည် သူတို့၏ ကိုယ်ရောင်ကိုယ်ဝါကို လျင်မြန်စွာ တည်ငြိမ်အောင်လုပ်လိုက်ပြီး ခြေထောက်ကား၍ လက်နောက်ပစ်ကာ ရုပ်တု၏ တစ်ဖက်တစ်ချက်စီတွင် ရပ်လိုက်ကြသည်။

ထိုနေရာတွင် ရှုံးရွာမှ လူသန်ကြီး တစ်ရာကျော်ခန့်ရှိ၏။ သူတို့သည် အနက်ရောင် လက်တိုအင်္ကျီများနှင့် တင်းကြပ်သော ဘောင်းဘီရှည်များကို ဝတ်ဆင်ထားကြပြီး ဓားကြီးများ၊ နှစ်ဖက်တူကြီးများနှင့် အခြားလေးလံသော လက်နက်များကို ကိုင်ဆောင်ကာ ပင်လယ်စောင့်နတ်မင်းရုပ်တုကို ဝန်းရံလိုက်ကြသည်။

“ သွားဖို့ အချိန်တန်ပြီ ”
လီချန်ရှို့ တီးတိုး ရေရွတ်လိုက်သည်။

စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ခြံဝန်လေးအတွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးကာ ရုပ်တုရှိရာသို့ အလျင်အမြန်သွားလိုက်လေ၏။

အချိန်ကျတော့ပေမည်။

သူ၏ နတ်အာရုံများကို တောင်ကုန်းဆီသို့ သွားနေကြသော ကိုးကွယ်သူများအပေါ် အာရုံစိုက်ထားလိုက်၏။ လီချန်ရှို့သည် ရင်ထဲမှသာ ‌တောင်းပန်လိုက်ရသည်။

သူသည် ပညာရှင်တစ်ဦးမဟုတ်သဖြင့် ထိုနေရာတစ်ခုလုံးကို မကာကွယ်ပေးနိုင်ချေ။ အာဒိကပ္ပလောကသည် ကြီးမားလွန်းလှပြီး အန္တရာယ်လည်း များလွန်းလှပေသည်။

သူသည် အမတလမ်းစဉ်ကိုပင် ကြိုးစားလျှောက်လှမ်းနေရသူဖြစ်သဖြင့် သူ ပင်လယ်စောင့်နတ်မင်းအဖြစ် ဆက်နေလိုက်လျှင်လည်း ကိုးကွယ်သူများကို ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။

သူသည် အမွှေးတိုင်ပူဇော်မှုမှ ကုသိုလ်များရနေသဖြင့် ကိုးကွယ်သူများကို ကာကွယ်ပေးရန် တာဝန်ရှိလေသည်။ ယင်းသည် ကောင်းကင်တာအို၏ စည်းမျည်းပင်။

ယနေ့တွင် သူသည် ထိုကိုးကွယ်သူများ၏ ထင်ယောင်ထင်မှားဖြစ်နေမှုများကို ဖျက်ဆီးပေးရပေမည်။

‘ မိစ်ဆာလား… ’
တာအိုရသေ့အိုကြီးသည် မြေကြီးအတွင်းမှ ထွက်ရန်ပြင်နေသော်လည်း ရုတ်တရက် တုံ့ဆိုင်းသွား၏။ လီချန်ရှို့သည် ထိုနေရာတစ်ဝိုက်တွင် သူ ဖွက်ထားခဲ့သော စက္ကူကိုယ်ပွားများမှ တဆင့် နတ်အာရုံသုံး၍ ကောင်းကင်ပေါ်ရှိ ထူးဆန်းသော မြင်ကွင်းများကို အာရုံခံလိုက်သည်။

နှောင့်ယှက်မည့်သူများ ရောက်လာပေပြီ။

ယခုအကြိမ်တွင် ကျင်းပသော ပင်လယ်စောင့်နတ်မင်းပွဲတော်သည် အခြားနှစ်များနှင့်ယှဉ်လျှင် အကြီးဆုံးပွဲတော်တစ်ခုဖြစ်သည်။ ဤနှစ်ထဲတွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ လျင်မြန်စွာ များပြားလာသဖြင့် အခြားဘုံကျောင်းများနှင့် ပဋိပက္ခများ ဖြစ်ခဲ့ရလေသည်။ ယနေ့ပွဲတော်ကို နှောင့်ယှက်ရန် မိစ္ဆာများ၊ မကောင်းဆိုးဝါးများ ရောက်လာနိုင်သည်ကို လီချန်ရှို့ ကြိုတွက်ထားပြီးဖြစ်သည်။

ထို့ပြင် ထိုနှောင့်ယှက်မည့်သူများသည် အနောက်ကျောင်းတော်မှ ဖြစ်ရမည်ဟု လီချန်ရှို့ ခံစားနေရသည်။ ယနေ့ပွဲတော်မှနေ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ နောက်ကြောင်းကို စုံစမ်းရန် ကြံရွယ်နေသူများလည်း ရှိပေလိမ့်မည်။

‘ တော်သေးတာပေါ့… ငါဒီမှာရှိနေလို့ ’

‘ မဟုတ်ရင်… မင်းတို့ သတ်တာဖြတ်တာတွေကြောင့် ငါ အကုသိုလ်တွေ ဘယ်လောက်တောင် ရသွားမလဲ… ’
အရှေ့ကျွန်းရှိ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ချုံတောင်လေးပေါ်ရှိ ဆေးဖော်ဆောင်အတွင်း၌ လီချန်ရှို့၏ ခန္ဓာကိုယ်အစစ်သည် မျက်လုံးများဖွင့်လိုက်ပြီး လက်မြှောက်၍ ဆေးဖော်ဆောင်ထောင့်တစ်နေရာရှိ ဘူးလေးတစ်ဘူးကို လှမ်းယူလိုက်သည်။ ထိုဘူးအတွင်းမှနေ၍ အနီရောင်စာလုံးများရေးသားထားသော အနက်ရောင်အဆောင်စက္ကူသုံးရွက်ကို ထုတ်ယူလိုက်ပြီး သူ၏ အင်္ကျီလက်အတွင်းသို့ ထည့်လိုက်လေသည်။

ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ကြာပွင့်သဏ္ဍာန်လက်ဟန်ကို လုပ်လိုက်၏။

နတ်အလင်းများထွက်လာပြီး သူ၏ မူလဝိညာဉ်ကို တည်ငြိမ်အောင်လုပ်လိုက်ကာ စက္ကူကိုယ်ပွားများကို အဝေးမှလှမ်း၍ ထိန်းချုပ်နိုင်မှုအား ပို၍အားကောင်းအောင် ပြုလုပ်ပေးလိုက်လေသည်။

ထိုအခိုက်တွင် အန်းရွှေမြို့အပြင်ဘက် လီ(၁၂၀၀)အကွာမှနေ၍ အရိပ်နက်သုံးခုသည် တိမ်မည်းတစ်အုပ်ကို စီး၍ အန်းရွှေမြို့သို့ လာနေ၏။ ထိုတိမ်မည်းသည် အတန်ငယ် အလှမ်းဝေးသေးသဖြင့် အန်းရွှေမြို့ပြင်မှ သေမျိုးများကို မတွေ့သေးပေ။ လီချန်ရှို့သည် မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်ပြီး စက္ကူကိုယ်ပွားများထံသို့ အာရုံပြန်ပို့လိုက်သည်။

ယခုအခေါက်သည် ရှေ့အခေါက်များနှင့် မတူတော့ပေ။ ထိုမိစ္ဆာသုံးကောင်သည် ပင်လယ်စောင့်နတ်မင်းအား ကိုးကွယ်သူများကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်၏။ သူတို့သည် တုံ့ဆိုင်းမနေကြတော့ပေ။

လီချန်ရှို့သည် ထိုအတွက်လည်း ထည့်သွင့်စဉ်းစားပြီးသားဖြစ်၏။ သူသည် ဤတစ်ခေါက် တောင်သမုဒ္ဒရာသို့ လာသည့် ခရီးအတွက် လုံလောက်အောင် ပြင်ဆင်မှုများ လုပ်ထားခဲ့ပေသည်။

ကာကွယ်ရေးအတွက် သူအစွမ်းကုန် အားထုတ်ထား၏။

အကယ်၍ စက္ကူကိုယ်ပွားများသည် ပညာရှင် တစ်ဦးဦးဖြင့် ရင်ဆိုင်ရပါက ၎င်းတို့ကို၎င်း ဖောက်ခွဲပစ်လိုက်ပြီး ပြာအဖြစ်ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့ပြင် တုနတ်ဝိဇ္ဇာဂိုဏ်း အန္တရာယ်နှင့် ရင်ဆိုင်နေရစဉ်တွင် ရန်ကျောင်းတော်၏ အတုမဲ့တုအယ်ရောက်လာခဲ့သဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရန်ကျောင်းတော်၏ လက်အောက်ခံဂိုဏ်းအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပေပြီ။

ရန်ကျောင်းတော်၏ တပည့်ခေါင်းဆောင်ဖြစ်သော အရှင်ရွှမ်းဒူကိုယ်တိုင် ရောက်မလာခဲ့သော်လည်း အရှင်ရွှမ်းဒူသည် ရွှေနတ်လိပ်ကျွန်းသို့သွား၍ ကျဲကျောင်းတော်မှ တပည့်များအား ဆုံးမစကားသွားပြောခဲ့သည်ဆိုသော ကောလဟလများသည် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ပျံ့နှံ့နေပေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထိုကဲ့သို့ အင်အားကြီးသော ‌နောက်ခံများကို ရခဲ့ပြီဖြစ်သဖြင့် လီချန်ရှို့တစ်ယောက် အနောက်ကျောင်းတော်ကို တစ်ချက်မျှ မသိမသာ ဘုကလန့်ကြည့်ရန် အနည်းနှင့်အများ ပို၍ ယုံကြည်မှုရှိလာလေသည်။

သူသည် အနောက်ကျောင်းတော်နှင့် ထိပ်တိုက် ရင်မဆိုင်ရဲသေးပေ။ ထိုသို့ မသိမသာ ဘုကလန့်ကြည့်ရုံဖြင့်ပင် သူ့နှလုံးသားသည် တဒိန်းဒိန်းခုန်လာပေ၏။

လုံခြုံရေးအတွက် စက္ကူကိုယ်ပွားများကို လမ်းကြုံဖြတ်သန်းသွားသော လူသား ချီကျင့်ကြံသူများအဖြစ် အသွင်ယူခိုင်းထား၏။

အကယ်၍ သူသည် ထိုအတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာသုံးကောင်ကို အန်းရွှေမြို့ရှိ ပွဲတော်အား အနှောင့်အယှက်ပေးခွင့် ပြုလိုက်ပါက ထိုတိုက်ပွဲတွင် သေဆုံးသွားမည့် သေမျိုးတစ်ယောက်ချင်းစီတိုင်းအတွက် သူ အကုသိုလ်များရပေလိမ့်မည်။

ထို့အရာသည် သူလှုပ်ရှားရမည့် အကြောင်းပြချက်တစ်ခုပင်။

ထိုမိစ္ဆာသုံးကောင်သည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ဖြစ်သဖြင့် သေမျိုးများကို အနိုင်လာကျင့်သည်နှင့်ပင် တူပေသေးသည်။

ထိုမိစ္ဆာများကဲ့သို့ မွေးရာပါ အစွမ်းများပါလာသူများ၏ မျက်စိထဲတွင် သေမျိုးများသည် အမွှေးတိုင်ပူဇော်၍ သူတို့ကို ကုသိုလ်ပေးနိုင်သော ဓမ္မအဆောင်များအဖြစ်သာ မြင်ကြလေသည်။ သူတို့သည့် သေမျိုးများကို ဆန်များ၊ ဂျုံများအဖြစ်သာ သဘောထားကြ၏။

လီချန်ရှို့သည် ဆက်၍တွေးမနေတော့ဘဲ စက္ကူကိုယ်ပွားများအပေါ် အာရုံအပြည့်စိုက်လိုက်ပြီး စတင်တိုက်ခိုက်လိုက်လေတော့သည်။

လီချန်ရှို့သည် ‘နတ်ဘုရား’ စက္ကူကိုယ်ပွားကို ထိန်းချုပ်၍ မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးစေကာ မိစ္ဆာသုံးကောင်လာရာလမ်းကြောင်းရှိ လူသူကင်းမဲ့သော လီ(၃၀၀)အကွာမှ တောအုပ်အတွင်းသို့ သွားခိုင်းလိုက်လေသည်။

ထို့နောက်သူသည် ပုံရိပ်ယောင်အတတ်များနှင့် ရုပ်ပြောင်းရုပ်လွှဲအတတ်ကို သုံး၍ တာအိုရသေ့အိုကြီးအသွင်ယူထားသော စက္ကူကိုယ်ပွားကို အသက်လတ်ပိုင်းအရွယ် တာအိုရသေ့အဖြစ် ပြောင်းလဲလိုက်၏။

ထို့နောက် သူသည် သာမန် စက္ကူရုပ်ငါးရုပ်ကို ထုတ်လိုက်ပြီး ထိုတောအုပ်အတွင်း၌ သီးခြားမန္တန်အစီအရင်တစ်ခုကို အလျင်အမြန် ဆင်စေလိုက်သည်။ ထို့ပြင် အသုဘလုပ်ငန်းစဉ်များအတွက်လည်း ကြိုတင်ပြင်ဆင်ထားလိုက်သည်။

ထို့နောက် ချက်ချင်းပင် သက်လတ်ပိုင်း တာအိုရသေ့သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အနောက်မြောက်အရပ်မှ လာနေသော တိမ်မည်းကို မျက်နှာချင်းဆိုင်လိုက်၏။ သူသည် လက်ထဲမှ ဓားရှည်တစ်ချောင်းဖြင့် ထိုမိစ္ဆာသုံးကောင်း၏ လမ်းကို ဝံ့ဝံ့ကြွားကြွား တားလိုက်လေသည်။

ယခုအခေါက်တွင် ယခင်အခေါက်များကဲ့သို့ မဟုတ်ဘဲ လီချန်ရှို့ဘက်မှ အရင်ဦးအောင် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ အဖြူရောင်အလင်းတစ်ခု လက်သွား၏။

ထိုအရာသည် အမှန်ပင် ဓားအစစ်တစ်ချောင်းပင်။

သို့သော် အပြင်ပန်းအသွင်အပြင်ဖြင့် ကောက်ချက်ချ၍ မရချေ။ အမှန်တွင် ထိုအရာသည် အဆိပ်လွှတ် ဓမ္မအဆောင်တစ်ခုဖြစ်၏။ ဓမ္မအဆောင်ဟု ခေါ်လျှင် သိပ်မမှန်သေးချေ။ အရည်အသွေးကောင်းသော ဓမ္မရတနာတစ်ခုဟုပင် ခေါ်သင့်ပေသည်။ ထိုအရာသည် အဆိပ်လွှတ်ရာတွင် အဓိကသုံးသည့် ဓမ္မရတနာတစ်ခုပင်။

တိမ်မည်းအတွင်း၌ ပုန်းနေသော မိစ္ဆာသုံးကောင်းသည် တာအိုရသေ့၏ အနီးသို့ ပျံသန်းလာပြီး မိုးခြိမ်းသံအလား ကျယ်လောင်စွာအော်လိုက်လေသည်။
“ ရှေ့က ဖယ်စမ်း ”

သို့သော် တာအိုရသေ့က ပြန်ဖြေလိုက်သည်။
“ လက်ရှိ လောကကြီးက အေးချမ်းနေတာကို မင်းတို့ မိစ္ဆာတွေက လူသားတွေ နေတဲ့နေရာကို လာပြဿနာရှာရဲတယ်ပေါ့လေ ”

ထို့နောက် သူသည် လက်ကိုဆန့်၍ ဓားကို ပစ်လွှတ်လိုက်၏။

လီချန်ရှို့သည် ထိုဓားကို ယုံချင်ရွှမ်းယာ၏ ဓားကြီးကို မှီငြမ်း၍ အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ဓားထိန်းချုပ် ဓားရေးအတတ်တစ်ခုကိုလည်း ရှာဖွေ၍ တွဲဖက်အသုံးပြု၍ရအောင် ပြင်ဆင်ခဲ့၏။

တာအိုရသေ့သည် လက်နှစ်ဖက်စလုံးတွင် ဓားလက်ချောင်းပုံစံလုပ်ထားပြီး လက်ဟန်များ တစ်မျိုးပြီးတစ်မျိုး ပြုလုပ်လိုက်လေသည်။ ထိုမြင်ကွင်းသည် ကြည့်၍ပင် လှပေသေးသည်။

ထိုဓားသည် ရုတ်တရက် သုံးချောင်းအဖြစ်ကွဲသွား၏။ ထို့နောက် ကိုးချောင်းအဖြစ် ဆက်ကွဲသွားသည်။ ဓားရောင်များလက်သွားကာ တိမ်မည်းအတွင်းရှိ မိစ္ဆာသုံးကောင်ထံသို့ ဝင်ရောက်သွားလေတော့သည်။

မိစ္ဆာသုံးကောင်သည် တာအိုရသေ့၏ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော ကျင့်ကြံခြင်းအဆင့်ကို ပြတ်ပြတ်သားသား အာရုံခံမိကြ၏။ ထို့ကြောင့် သူတို့သည် သတိလက်လွတ်မဖြစ်ရဲပေ။ မိစ္ဆာသုံးကောင်သည် တစ်ကောင်ပြီး တစ်ကောင် ရှေ့ဆင့်နောက်ဆင့် ပြန်၍ တိုက်လိုက်၏။ သူတို့သည် မိစ္ဆာအသွင်အတိုင်းပင် ဆက်နေ,နေပြီး ရတနာအများအပြားသုံး၍ တိုက်ခိုက်လိုက်သည်။

သို့သော် မိစ္ဆာသုံးကောင်သည် သူတို့ထံဝင်လာသော ဓားပျံများကို တွေ့သောအခါ ကြောင်သွား၏။ ဓားရေးအတတ်သည် အံ့အားသင့်‌လောက်အောင် ကောင်းမွန်သော်လည်း ဓားစွမ်းအားသည် အားနည်းလွန်းလှပေသည်။

မိစ္ဆာသုံးကောင်သည် လှောင်ပြုံး ပြုံးလိုက်ပြီး တိမ်မည်းများဖြင့် ကာလိုက်၏။ ထို့နောက် သူတို့သည် ပျံဝင်လာသော ဓားပျံကိုးချောင်းကို အရေးစိုက်မနေတော့ဘဲ တာအိုရသေ့ထံသို့သာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။

သို့သော် ထိုဓားပျံများ လှုပ်ခါသွားရာတွင် ဓားပျံများအတွင်းမှနေ၍ အရောင်မဲ့၊ အနံ့မဲ့ အဆိပ်ငွေ့များထွက်သွားပြီး မိစ္ဆာသုံးကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကာ သူတို့၏ မိစ္ဆာဝိညာဉ်များထံ ချည်းကပ်သွားလေသည်။

တာအိုရသေ့ထံသို့ အရှိန်အဟုန်ဖြင့် လာနေသော တိမ်မည်းကြီးသည် ထူးဆန်းစွာ ရပ်တန့်သွား၏။

မိစ္ဆာသုံးကောင်သည် တိမ်မည်းအတွင်း၌ နှစ်ကြိမ်မျှသာ အကြောလိုက်သွားပြီး အော်ပင်မအော်နိုင်လိုက်ချေ။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများသည် အောက်ရှိ တောအုပ်အတွင်းသို့ ပြုတ်ကျသွားပြီး မန္တန်အစီအရင်အတွင်းသို့ ဝင်သွားလေသည်။

လီချန်ရှို့ မှင်သက်သွား၏။

ထိုမိစ္ဆာသုံးကောင်းသည် သူထင်ထားသည်ထက်ပင် ရင်ဆိုင်ရလွယ်နေလေ၏။

တာအိုရသေ့ လက်မြှောက်လိုက်ရာ မိစ္ဆာသွေးများစွန်းနေသော ဓားများသည်ပြန်ပေါင်းစည်းသွားပြီး သူ့လက်ထဲသို့ ပြန်ရောက်လာ၏။

တာအိုရသေ့သည် အေးစက်စက် ပြောလိုက်သည်။
“ မင်းတို့လို ပမွှား မိစ္ဆာသုံးကောင်က ငါ့ကို ဓားဆယ့်နှစ်ချောင်းအထိ သုံးရ‌အောင် ဖိအားမပေးနိုင်သေးပါဘူး ”

ထိုသို့ပြောပြီးနောက် သူသည် ဓားကိုမြှောက်၍ အောက်သို့ပိုင်းချလိုက်သည်။ သူသည် ပညာရှင်တစ်ယောက်၏ ကိုယ်ဟန်ရှိလေသည်။

ခေတ္တမျှကြာပြီးနောက် တာအိုရသေ့သည် သီးခြားမန္တန်အစီအရင်အတွင်း၌ ပြာပုံသုံးပုံကို ဖြန့်ကျဲလိုက်ပြီး စက္ကူရုပ်များကို ပြန်သိမ်းလိုက်၏။ သူသည် ဝိညာဉ်ထိန်းပုလဲကို ပြန်ယူလိုက်ပြီး အကြွင်းအကျန်ဝိညာဉ်များအတွင်းမှ မှတ်ဉာဏ်များကို ရှာလိုက်၏။

ထိုမိစ္ဆာများသည် အနောက်ကျောင်းတော်မှ လွှတ်လိုက်သော မိစ္ဆာများပင်။

တာအိုရသေ့သည် အတန်ငယ် ခေါင်းခါယမ်းလိုက်၏။ မန္တန်အစီအရင်ကြီးကို ပြန်သိမ်းပြီးနောက် ထိုစက္ကူကိုယ်ပွားသည် မြေအောက်ထဲသို့ ဝင်သွားပြီး ၎င်းမူလ ပုန်းနေရာသို့ အလျင်အမြန် ပြန်သွားလိုက်သည်။ ထို့နောက်…
‘ ဘာလို့ နောက်ထပ် လူတွေ ထပ်ရောက်လာ တာတုံး ’

ပြဿနာတစ်ခု မပြီးသေးခင် နောက်တစ်ခု ထပ်ပေါ်လာပြန်၏။ လီချန်ရှို့၏ နတ်အာရုံသည် မြောက်အရပ်မှ လာနေသော တိမ်မည်းတစ်အုပ်ကို ထပ်၍ အာရုံခံမိလိုက်၏။ ထိုတိမ်မည်းအတွင်း၌ အလယ်အလတ် ကျင့်ကြံခြင်းအဆင့်ရှိကြသော မည်းနက်နေသော ကျီးကန်းများ ပါလေသည်။

တောင်ကုန်းအောက်တွင် ပင်လယ်စောင့်နတ်မင်းရုပ်တုကို သွားဖျက်ဆီးရန် ဟန်ပြင်နေသော စက္ကူကိုယ်ပွားသည် အတန်ငယ် မဲ့ပြုံး ပြုံးလိုက်၏။

လီချန်ရှို့သည် သူ၏ အာရုံများကို မြောက်ဘက်ရှိ စက္ကူကိုယ်ပွားထံပို့လွှတ်လိုက်ပြီး မိစ္ဆာများကို ဆက်၍ နှိမ်နင်းရန် ဟန်ပြင်လိုက်သည်။

‘ ငါဒီနေ့ ဒီကိုလာတာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ဖြိုလှဲဖို့လား၊ ကာကွယ်ဖို့လားဟ…မင်းဘကြီးတဲ့ ’

‘ အကုသိုလ်က တော်တော် အာရုံနောက်စရာကောင်းတာပဲ ’

*****

အန်းရွှေမြို့အပြင်ဘက်၊

ထိုအခိုက်တွင် ကိုးကွယ်သူများသည် ရုပ်တုအနီးတွင် စုဝေးပြီးနေကြပေပြီ။ သူတို့သည် ရုပ်တုကို ကန်တော့၍ အရိုအသေပေးပြီးသောအခါ ပင်လယ်စောင့်နတ်မင်းဘုံကျောင်း၏ ဩဝါဒများကို ရွတ်လိုက်ကြလေသည်။

လီချန်ရှို့သည် သူ၏ အာရုံအချို့ကိုလည်း ထိုနေရာသို့ ပို့ထား၏။ သူသည် ကိုးကွယ်သူများ ရွတ်ဆိုနေသည်ကို ကြားလိုက်ရသောအခါ အတန်ငယ် ခံစားလိုက်ရ၏။

သူသည် ယခင်က ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ဂရုမစိုက်ခဲ့သော်လည်း ရက်အတန်ငယ် အနီးကပ် လေ့လာပြီးသောအခါ အနည်းငယ် နားလည်လာခဲ့ပြီဖြစ်သည်။

ထိုဘုံကျောင်းသည် အတော်အတန်ကောင်းမွန်သော ဘုံကျောင်းပင်။

နတ်တမန်တော်များသည် လောဘကြီးသူများဖြစ်သော်လည်း အကုန်လုံးခြုံငုံကြည့်လျှင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် လောကကြီး၏ လုံခြုံမှုနှင့် ငြိမ်းအေးမှုများကို ထိန်းညှိပေးသည့် ဘုံကျောင်းများဖြစ်ကြ၏။

ထိုသို့မဟုတ်လျှင် ကောင်းကင်တာအိုသည် သူ့ကို အမွှေးတိုင်ပူဇော်မှုများမှနေ၍ ကုသိုလ်အမြောက်အမြား ပေးမည်မဟုတ်ပေ။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ ဩဝါဒများသည် ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ ထို့ပြင် ဓမ္မတေးများလည်း ရှိသေးသည်။ ထိုဩဝါဒများ၊ ဓမ္မတေးများသည် ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်ပူဇော်ရန် လှုံ့ဆော်မှုများလည်း ပါသလို ကြင်နာမှုထားရန်၊ အေးငြိမ်းမှုကိုမြတ်နိုးရန်တို့လည်း ပါလေသည်။ ထို့ပြင် လူများကိုလည်း ပင်လယ်စောင့်နတ်မင်းက သူတို့နှင့်အတူ အမြဲရှိနေမည်ဖြစ်၍ ပင်လယ်ပြင်ပေါ်တွင် အားငယ်လက်လျှော့ခြင်းမပြုရန် အားပေးစကားများလည်း ပါလေသည်။

ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းများ အလျင်အမြန်တိုးပွားလာခြင်းသည် အောက်ပါဩဝါဒကြောင့် ဖြစ်ရမည်ဟု လီချန်ရှို့ ကောက်ချက်ချလိုက်၏။

“ ပင်လယ်စောင့်နတ်မင်းသည် ပင်လယ်အတွင်း၌ သေဆုံးသွားသူများ၏ ဝိညာဉ်များကို ပြန်ဝင်စားနိုင်ရန် မြေအောက်လောကသို့ လိုက်ပါပို့ဆောင်ပေးသဖြင့် ထိုသေဆုံးသွားသူများကို နှစ်များစွာ ကြာလျှင် ပြန်တွေ့ရနိုင်သည် “ ဟူသော ဩဝါဒပင်။

ရှုံးရွာမှ လူတစ်ယောက်ယောက်က မြေအောက်လောကရှိ ပြန်ဝင်စားသည့် ကိစ္စကို အခွင့်ကောင်းယူ၍ ထိုအလိမ်အညာ ဩဝါဒများကို ပြောခဲ့ခြင်းဖြစ်မည်မှာ ထင်ရှားပေသည်။

သို့သော် ထိုဩဝါဒများကြောင့် ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်သူများသည် ပင်လယ်ပြင်အတွင်းသို့ ထွက်ရသောအခါတွင် အလွယ်တကူ အရှုံးမပေးတော့ဘဲ ခက်ခဲကြမ်းတမ်းသော ရာသီဥတုများကိုလည်း အံတုရင်ဆိုင်လာကြပေသည်။

ထို့ကြောင့် တံငါသည်အများစုသည် အသက်‌ဘေးမှ ကင်းဝေးခဲ့ရလေသည်။

ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းများသည် မလုပ်သင့်မလုပ်ထိုက်သည်များကို မလုပ်ခဲ့ပေ။ သို့သော် တချို့သူများသည် ထိုဘုံကျောင်းများ အမွှေးတိုင်ပူဇော်မှု အများအပြားရနေသည်ကို မကြည့်စိမ့်သဖြင့် ပြဿနာရှာရန် မိစ္ဆာများကို လျှို့ဝှက်စေလွှတ်လိုက်ကြ၏။

ဤအကြိမ် တိုက်ပွဲသည် ပို၍ပင် မြန်လေ၏။

လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ထိန်းချုပ်၍ အလစ်ဝင်တိုက်လိုက်သည်။ ထို့‌နောက် ကျီးကန်းမိစ္ဆာအလောင်းများကို သမာဓိမီးတောက်များက ဝါးမျိုသွားလေတော့သည်။ လီချန်ရှို့သည် ထိုကျီးကန်းမိစ္ဆာများ၏ ပြာများကို စက္ကူကိုယ်ပွားဖြင့် ထိန်းချုပ်ကာ ဖြန့်ကျဲလိုက်ပြီး သူ၏ အာရုံကို အန်းရွှေမြို့အပြင်ရှိ တောင်ကုန်းအနီးတွင် ပုန်းအောင်းနေသော စက္ကူကိုယ်ပွားထံသို့ ပြန်ပို့လိုက်၏။

အချိန်ကား ကျနေပေပြီ။

လီချန်ရှို့ ဆက်အချိန်ဆွဲနေ၍ မရတော့ပေ။ သူသည် စက္ကူကိုယ်ပွားကို ချက်ချင်း မြေကိုယ်ယောင်ဖျောက်အတတ်သုံးစေလိုက်၏။

ထိုစက္ကူကိုယ်ပွားသည် သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ပါး၏ အသွင်ကိုယူထားလေသည်။ စက္ကူကိုယ်ပွားသည် မြေကြီးအတွင်းမှ ထွက်လာပြီး လက်နောက်ပစ်၍ တိမ်ပေါ်တက်ကာ ရုပ်တုအနောက် ကျန့်(၁၀၀)အကွာမှနေ၍ ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားလေတော့သည်။

တောင်ကုန်းပေါ်တွင် လူများပြည့်နှက်နေသော်လည်း ထိုအခိုက်တွင် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

အမျိုးသမီးတစ်ဦးသည် သက်လတ်ပိုင်း တာအိုရသေ့ကို လက်ညှိုးထိုး၍ အော်ပြောလိုက်၏။
“ ပေါ်လာပြီ… ပင်လယ်စောင့်နတ်မင်း ထွက်ပေါ်လာပြီ ”

“ အကုန်လုံး ပြေးကြ… ”

“ ဘာလို့ပြေးရမှာလဲ… ဒါက ပင်လယ်စောင့်နတ်မင်းပဲ ”

“ အကုန်လုံး မြန်မြန်ဒူးထောက်ကြ… ကျွန်တော့်ရဲ့ မိန်းမနဲ့ ကလေးကို စောင့်ရှောက်ပေးတဲ့အတွက် ပင်လယ်စောင့်နတ်မင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျား ”

ထိုနေရာတွင် ချက်ချင်းပင် ပရမ်းပတာဖြစ်သွားလေတော့သည်။

“ အားလုံး ဒူးမထောက်ကြပါနဲ့… ”
ရှုံးရွာ၏ ရွာသူကြီးသည် ရုတ်တရက် အော်ပြောလိုက်၏။
“ ဒါက မိစ္ဆာပဲ။ သူက ကျုပ်တို့ရဲ့ ပင်လယ်စောင့်နတ်မင်းနဲ့ မတူဘူး… ”

“ အရူးတွေ… ‌တောင်သမုဒ္ဒရာထဲမှာ ဘာပင်လယ်စောင့်နတ်မင်းမှ မရှိဘူး ”
တာအိုရသေ့သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ အသံသည် လီ(၁၀၀)အထိ ပျံ့နှံ့သွားသည်။

တာအိုရသေ့သည် သူ၏ အင်္ကျီလက်အရှည်ကြီးကို ဝှေ့ယမ်းလိုက်ပြီး လက်ဝါးကို‌ ရှေ့သို့ထုတ်လိုက်၏။ တာအိုရသေ့ကြီး၏ နတ်တန်ခိုးများသည် ကြီးမားသော လက်ဝါးစိမ်းကြီးအဖြစ် စုစည်းသွားပြီး ရုပ်တုကို ရိုက်ချလိုက်လေတော့သည်။

‘ စိတ်တော့မကောင်းပါဘူး.. ကိုးကွယ်သူတွေရေ… ’

‘ ငါသာ အမွှေးတိုင်ပူဇော်တာက ရထားတဲ့ ကုသိုလ်တွေကို မင်းတို့ကို ပြန်ပေးလို့ရမယ့် နည်းလမ်းကို သိရင် ငါလည်း မင်းတို့အပေါ် အကြွေးမတင်နေတော့ဘူးပေါ့ ’
လီချန်ရှို့ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ အနည်းငယ် စိတ်ပျက်လက်ပျက် ခံစားလိုက်ရ၍ ခါးသက်သက် ရယ်မောလိုက်ရလေသည်။

လက်ဝါးအရိပ်ကြီးသည် ရုပ်တုအပေါ်သို့ ကျရောက်တော့ပေမည်။

ရုပ်တုဘေးတွင် စုစည်းလာသော ရွှေရောင်အလင်းများကို လီချန်ရှို့ ရုတ်တရက်တွေ့လိုက်ရ၏။

ထို့နောက် ကြီးမားသောပုဆိန်ကြီးတစ်လက်သည် မည်သည့်သတိပေးချက်မှ မဆိုဘဲ ရုပ်တု၏ အပေါ်တွင် ထူးခြားစွာ ပေါ်လာလေ၏။

ထိုပုဆိန်ကြီးကို ရွှေရောင်အလင်းများဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်က ကိုင်ထားခြင်းပင်။ ပုဆိန်ကြီးသည် တာအိုရသေ့၏ လက်ဝါးအရိပ်ကြီးကို ခုတ်လိုက်၏။ သာမန်နတ်ဝိဇ္ဇာအဆင့်ရှိသော ထိုလက်ဝါးအရိပ် တိုက်ခိုက်မှုကို ပုဆိန်ကြီးက ဖျက်ဆီးလိုက်လေ၏။ ထိုလက်ဝါးအရိပ်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုံးနိမ့််သွားလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset