တိကျန်ဗောဓိသကျသည် အပြင်ဘက်မှ တစ်လှမ်းချင်း လှမ်းဝင်လာလေသည်။ ထို့နောက် ကြာပလ္လင်ထက်မှ ဗုဒ္ဓ၏ ခြေတော်ရင်းတွင် ဦးခိုက်လိုက်ကာ ဦးခေါင်းဖြင့် ဗုဒ္ဓ၏ ခြေချောင်းများကို ထိလိုက်လေသည်။
အခြားသော ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ ၊ ဗောဓိသကျများက ထိုမြင်ကွင်းကို ကြည့်နေကြလေသည်။
တိကျန်ဗောဓိသကျ ယခုကဲ့သို့ ဗုဒ္ဓ၏ခြေတော်ရင်းသို့ ပြန်ရောက်လာခြင်းသည် အလွန်မှ ကျေနပ်ဖွယ်ရာပင် ဖြစ်သည်။
ဗုဒ္ဓက တိကျန်ဗောဓိသကျ၏ ဦးခေါင်းထက်တွင် လက်တော်ကိုတင်လိုက်ရင်း မိုးခြိမ်းသံကဲ့သို့ သြဇာပြည့်ဝလှသည့် အသံဖြင့်…
“တိကျန်ဟာ ဗောဓိသကျပေါင်းတစ်သောင်းရဲ့ အရှင်ဖြစ်တယ်”
တိကျန်ဗောဓိသကျ၏ ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားလေသည်။ ဗုဒ္ဓသည် သူ့ကို ထိုသို့သော ရာထူးဂုဏ်ထူးဖြင့် ချီးမြှင့်လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အခြားသော ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျများမှာလည်း အံ့အားသင့်သွားကြရလေသည်။ လောကတွင် ဗုဒ္ဓပွင့်ပြီးနောက်ပိုင်း ဗောဓိသကျပေါင်းတစ်သောင်းကို ဦးဆောင်ခဲ့လေသည်။
ယခုတော့ ဗုဒ္ဓက တိကျန်ဗောဓိသကျကို အဘယ့်ကြောင့် ဗောဓိသကျပေါင်းတစ်သောင်းကို ဦးဆောင်ခိုင်းပါသနည်း။
ဗုဒ္ဓ၏စကားဆုံးသွားသည်နှင့် မကြာမီပင် ခန်းမထဲတွင် ဗောဓိသကျပေါင်းတစ်သောင်း အရေအတွက် ပြည့်သွားလေသည်။
ထိုအချိန်မှာပင်…
လင်စန်းတောင်အပြင်ဘက်တွင် နဂါးငွေ့တန်းမြစ်ရေ မြင့်တက်လာပြီး လျှံကျလာလေသည်။ လင်စန်းတောင်တစ်ခုလုံး နဂါးငွေ့တန်း မြစ်ရေများဖြင့် ချက်ချင်းပင် ဖုံးလွှမ်းသွားလေတော့သည်။
နဂါးငွေ့တန်းမြစ်ရေ၏ ရေစက်တိုင်းသည် မရေမတွက်နိုင်သည့် ကျင့်စဉ်တန်ခိုးစွမ်းအားများ ဖြစ်လေသည်။
ဗုဒ္ဓဘာသာ ၊ တာအိုဝါဒ ၊ နတ်မိစ္ဆာဝါဒ တို့မှ မဆုံးနိုင်သည့် တန်ခိုးစွမ်းအားများအားလုံး ပါဝင်လေသည်။
လောကတစ်ခုလုံးတွင် တည်ရှိသည့် ကျင့်စဉ်များသည် နဂါးငွေ့တန်းမြစ်ရေထဲတွင် အရိပ်ထင်လျှက် ရှိလေသည်။ အဆုံးမရှိသည့် ကျင့်စဉ်များဟု ဆိုရမည် ဖြစ်သည်။
ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျများက နဂါးငွေ့တန်းမြစ်ရေများကို ခုခံကာကွယ်ထားကြလေသည်။
ယခုကဲ့သို့ မြစ်ရေ ရုတ်တရက် မြင့်တက်လာခြင်းမှာ တာအိုဝါဒနှင့် ပတ်သက်နေသည်ကို အားလုံးက သိရှိလိုက်ကြသည်။
မြစ်ရေသည် ဆက်တိုက်မြင့်တက်နေပြီး မည်သည့်ကိုယ်တော် ၊ မည်သည့်နတ်ဝိဇ္ဇာမှ မြစ်ရေကို တားဆီးထားနိုင်ခြင်း မရှိကြပေ။
မြစ်ရေကိုတားဆီးရန်အတွက် ဗုဒ္ဓကိုယ်တိုင်နှင့် ဗောဓိသကျ (၄)ပါးသာလျှင် တတ်နိုင်မည် ဖြစ်လေသည်။
ဗုဒ္ဓက နဂါးငွေ့တန်းရှိရာသို့ လှမ်းမျှော်ကြည့်လိုက်လေသည်။
ထိုအခါ… တိမ်တိုက်တစ်ခုထက်တွင် မတ်တတ်ရပ်နေသည့် လူငယ်တာအိုဆရာ တစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။
ထိုတာအိုဆရာမှာ တာအိုဆရာသခင်ထိုက်ယီဖြစ်ပြီး သူ၏ဘေးနားတွင် တာအိုဆရာလီချင်းဆွေ ရှိနေလေသည်။ တာအိုဆရာသခင်ထိုက်ယီက သမီးဖြစ်သူ လီချင်းဆွေ၏ ပခုံးများကို ပွေ့ဖက်ထားလေသည်။
တာအိုဆရာသခင်ထိုက်ယီက ဗုဒ္ဓကို လှမ်းပြီး ပြုံးပြလိုက်လေ၏။
ဗုဒ္ဓက ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်ပြီး လက်ဖဝါးကို အရှေ့ဆီသို့ တွန်းထုတ်လိုက်လေရာ နဂါးငွေ့တန်းမြစ်ရေများကို ကျော်ဖြတ်ပြီး တာအိုဆရာသခင်ထိုက်ယီ ရှိရာနေရာသို့ တန်ခိုးစွမ်းအားများ ကျရောက်သွားလေသည်။
တာအိုဆရာသခင်ထိုက်ယီက လေသံခပ်အေးအေးဖြင့်ပင် လီချင်းဆွေကို ပြောလိုက်သည်။
“ဒါ သမီးကို နောက်ဆုံးသင်ပေးမယ့် ဓားသိုင်းတစ်ကွက်ပဲ”
ထိုစကားပြောပြီးသည်နှင့် တာအိုဆရာသခင်ထိုက်ယီ တိတ်ဆိတ်သွားပြီး မရှိမှုတရားများဖြင့် ပြည့်နက်သွားလေသည်။
မိုးနှင့်မြေတွင် ဓားရောင်တစ်ချက်လင်းလက်သွားပြီး ဓားဝိညာဉ်သည် ဗုဒ္ဓလက်ဖဝါး တန်ခိုးစွမ်းအားဖြင့် အရှိန်အဟုန် ပြင်းထန်စွာ ရိုက်ခတ်သွားလေတော့သည်။
အသက်ဓာတ်စွမ်းအား အတက်အကျများ မြင့်မားစွာ ဖြစ်ပေါ်လာပြီး မြင့်မြတ်သည့်လင်စန်းတောင်တစ်ခုလုံး အမှုန့်ဖြစ်သွားရလေသည်။ အလင်းတန်းများအလယ်တွင် မဟာဗောဓိသကျ (၄)ပါးသာလျှင် အန္တရယ်ကင်းကင်းနှင့် ရပ်တည်နေခဲ့လေသည်။
……….
ကျောက်ရှောင်ယွီသည် ဝိညာဉ်ခြောက်ဖြာအလံနှင့်အတူ အပြာရောင်ခရီးရှည်နန်းတော်သို့ ပြန်လာခဲ့လေသည်။
သူမက စန့်ချင်တာအိုဆရာသခင်ကို ချက်ချင်းပင် ဝင်ရောက်တွေ့ဆုံလိုက်သည်။
စန့်ချင်တာအိုဆရာသခင်က ဝိညာဉ်ခြောက်ဖြာအလံကို ယူလိုက်ပြီး သန့်စင်သည့် တန်ခိုးစွမ်းအားများက ဝိညာဉ်ခြောက်ဖြာအလံကို လှည့်ပတ်သွားလေသည်။
ထို့နောက် ဝိညာဉ်ခြောက်ဖြာအလံမှ ပျက်စီးနေသည့် ဝိညာဉ်စွမ်းအားများ ပြန်လည်သန့်စင်သွားလေသည်။
စန့်ချင်တာအိုဆရာသခင်က ဝိညာဉ်ခြောက်ဖြာအလံကို ကျောက်ရှောင်ယွီထံသို့ ကမ်းပေးလိုက်ရင်း…
“နာမည် (၆)ခု ရေးပေးလို့ရမလား…”
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
“ကျွန်မ ထုန်ထျန်းအရှင်ရဲ့စကားကို နာခံပါ့မယ်…”
စန့်ချင်တာအိုဆရာသခင်က သူမကို ထိုသို့ ပြုလုပ်ခိုင်းသည့်အတွက် သူမ မအံ့သြခဲ့ပေ။
သူမ အစကတည်းက ကြိုတင်ပြင်ဆင်လာခဲ့ပြီးပြီ ဖြစ်လေသည်။
ကျောက်ရှောင်ယွီက ကျောက်စိမ်းသားကဲ့သို့ နူးညံ့သည့် သူမ၏ လက်ထိပ်လေးကို သွားဖြင့်တစ်ချက်ကိုက်လိုက်ပြီး ထွက်လာသည့် သွေးများဖြင့် ဝိညာဉ်ခြောက်ဖြာအလံထက်တွင် နာမည်များ စတင်ရေးသားလိုက်လေသည်။
ပထမနာမည် – ကွမ်ယင်မယ်တော်
ဒုတိယနာမည် – ဖူရှန်မယ်တော်
တတိယနာမည် – ဝန်စူးမယ်တော်
စတုတ္ထမြောက်နာမည်ကို ရေးလုဆဲဆဲတွင်တော့ သူမ၏မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်သွားလေသည်။
သို့သော် သူမ ကြိုးစားပြီး နာမည်ကို ချရေးလိုက်လေသည်။
“တိကျန်ဗောဓိသကျ…”
ပဉ္စမမြောက်နာမည်တွင်တော့ သူမက “ရွှမ်တုတောက်ကျွင်း” ဆိုသည့်အမည်ကို တစ်ချက်မတုံ့ဆိုင်းဘဲ ချရေးလိုက်လေသည်။
ထို့နောက်တွင်တော့ သူမ ရေးသားခြင်းကို ရပ်တန့်လိုက်ပြီး စန့်ချင်တာအိုဆရာသခင်ကို မော့ကြည့်လိုက်လေသည်။
စန့်ချင်တာအိုဆရာသခင်က…
“နာမည်တစ်ခု ကျန်နေသေးတယ်လေ…”
ကျောက်ရှောင်ယွီသည် တုံ့ဆိုင်းနေလေသည်။
စန့်ချင်တာအိုဆရာသခင်က ထပ်ပြောလိုက်သည်။
“နာမည်တစ်ခုကျန်နေသေးတယ်လေ…”
ယခုတစ်ကြိမ်ထပ်ပြောလိုက်သည့်အသံသည် ပထမတစ်ကြိမ်ပြောလိုက်သည့်အသံနှင့် အတူတူပင် ဖြစ်လေသည်။ သို့သော် ကြီးမားသည့်ဖိအားများကို ကျောက်ရှောင်ယွီ ခံစားလိုက်ရသည်။
ကျောက်ရှောင်ယွီက မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ သူဖြစ်ရတာလဲ…”
စန့်ချင်တာအိုဆရာသခင်က…
“မင်း လက်မခံနိုင်ဘူးလား…”
ကျောက်ရှောင်ယွီက…
“ကျွန်မ နားမလည်တာပါ…”
အမှန်တော့ ဝိညာဉ်ခြောက်ဖြာအလံပေါ်တွင် ရေးသားရန်အတွက် နာမည် (၅)ခုကို အစကတည်းက သူမ စဉ်းစားထားခဲ့လေသည်။
သူမက ထိုနာမည် (၅)ခုကို ရေးပြီးသည့်အချိန်ကျမှ ဆဌမမြောက်နာမည်ကို စဉ်းစားမိခြင်း ဖြစ်လေသည်။
ထိုအခါ… သူမ စိတ်များ ရှုတ်ထွေးသွားရပြီး နားမလည်နိုင်ခြင်းများစွာကို ခံစားလိုက်ရလေသည်။
သူမနှင့် ထိုသူ၏ အတိတ်ဘဝမှဆက်ဆံရေးက ပြတ်တောက်ခဲ့ပြီဖြစ်သည့်တိုင် သူမအနေဖြင့် ထိုအမည်ကိုရေးသားရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ခဲ့ပေ။
စန့်ချင်တာအိုဆရာသခင်က…
“မင်းက အရမ်းဉာဏ်ကောင်းတယ်…”
ကျောက်ရှောင်ယွီ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
သူမ သွေးရနံ့များကို ရရှိနေမိသည်။
နာမည် (၅)ခုကို ဝိညာဉ်ခြောက်ဖြာအလံထက်တွင် ရေးသားလိုက်ရသည့်အတွက် သူမ၏ တန်ခိုးစွမ်းအားများစွာ အသုံးပြုလိုက်ရလေသည်။
သို့သော်… ဆဌမမြောက်နာမည်ကိုတော့ သူမ ရေးနိုင်စွမ်းမရှိတော့သည့်အတွက် မရေးသားခြင်း မဟုတ်ပေ။ ထိုနာမည်ကို သူမ မရေးသားလိုခြင်းသာ ဖြစ်လေသည်။
“ထုန်ထျန်းအရှင် ကိုယ်တိုင်ပဲ ရေးပေးပါတော့…”
သူမက ဝိညာဉ်ခြောက်ဖြာအလံကို စန့်ချင်တာအိုဆရာသခင်ဆီသို့ လှမ်းပေးရင်း ပြောလိုက်လေသည်။
စန့်ချင်တာအိုဆရာသခင်က သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ဝိညာဉ်ခြောက်ဖြာအလံကို ယူလိုက်ပြီး လက်ချောင်းကို စုတ်တံအလား အသုံးပြုကာ နောက်ဆုံးနာမည်တစ်ခုကို ရေးထိုးလိုက်လေသည်။
စန့်ချင်တာအိုဆရာသခင် ရေးသားလိုက်သည့် စာလုံး (၃)လုံးကို ကျောက်ရှောင်ယွီ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
“ရဲ့လျိုယွင်…”
ထို့နောက်တွင်တော့ စန့်ချင်တာအိုဆရာသခင်သည် ဝိညာဉ်ခြောက်ဖြာအလံကို အသာအယာ ဝှေ့ရမ်းလိုက်လေသည်။
ထိုအခါ ဝိညာဉ်ခြောက်ဖြာအလံမှ တန်ခိုးစွမ်းအားများသည် အပိုင်း (၆)ပိုင်းကွဲသွားပြီး ကျိန်စာတိုက်ခံထားရသည့် သက်ဆိုင်ရာ ပုဂ္ဂိုလ် (၆)ယောက်ဆီသို့ အသီးသီးရောက်ရှိသွားလေတော့သည်။
………..
ထိုအချိန်မှာပင်… လင်စန်းတောင်မှ ဗောဓိသကျ (၄)ပါးသည် တစ်ယောက်ပြီးတစ်ယောက် အနက်ရောင်သွေးများ အန်ထုတ်လိုက်ကြလေသည်။
လင်စန်းတောင် ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။
သူတို့အားလုံး အသက်ရှင်ကျန်ရစ်နေခဲ့သော်လည်း မထင်မှတ်စွာပင် ရုတ်တရက်ကျိန်စာတိုက် ခံလိုက်ရလေသည်။
ဝန်စူးမယ်တော်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
“ဝိညာဉ် (၆)ဖြာအလံပဲ…”
ကွမ်ယင်မယ်တော်နှင့် ဖူရှန်မယ်တာ်ကတော့ မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေလေသည်။
သူတို့သည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဝိညာဉ်ခြောက်ဖြာအလံ၏ ကျိန်စာကို ခုခံထားလိုက်ကြလေသည်။
တိကျန်ဗောဓိသကျကတော့ သွေးများအန်ချလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အခြားသူများထက်ပိုပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။
သူသည် ဟွင့်ယွမ်ဝူကျီအဆင့်သို့ရောက်ရှိနေသည်သာမက ဝိညာဉ်မြစ်ကိုလည်း တစ်ဝက်ခန့် သန့်စင်ထားသူ ဖြစ်လေသည်။
တိကျန်ဗောဓိသကျ၏ ဦးခေါင်းအနောက်ဘက်တွင် ရောင်ခြည်စက်ဝန်းတစ်ခုပေါ်လာလေသည်။
သူက ဗလာနယ်ထဲမှ ထွက်ပေါ်လာသည့် အသူရာချောက်မှ မရဏစွမ်းအားများကို ခုခံထားနိုင်ပြီး သေခြင်းတရားကို သူ့ထံသို့ မကျရောက်အောင် တားဆီးထားနိုင်ခဲ့သည်။
တိကျန်ဗောဓိသကျက တစ်ချက်ရယ်မောလိုက်ပြီး အခြားသော ဗောဓိသကျ (၃)ပါးကို လှမ်းကြည့်လိုက်လေသည်။
“နောက်ဆုံးတော့ မင်းတို့တွေ သေခြင်းတရားကို မလွန်ဆန်နိုင်တော့ဘူးပဲ…”
အခြားသောဗောဓိသကျ (၃)ပါးက မည်သည့်စကားမှ ပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။ သိပ်မကြာမီ သူတို့ အားလုံး တစ်ပါးပြီးတစ်ပါး ပျောက်ကွယ်သွားကြလေတော့သည်။
ဗောဓိသကျ (၃)ပါး လူပြန်ဝင်စားသွားသည်က အကောင်းဆုံးဇာတ်သိမ်းပင် ဖြစ်သည်ဟု တိကျန်ဗောဓိသကျ တွေးလိုက်လေသည်။
ထို့နောက်… တိကျန်ဗောဓိသကျသည် ကြယ်စင်ရောင်များတောက်ပနေသည့် ကောင်းကင်ထက်တွင် ဦးတည်ရာမဲ့ သွားလာနေလေတော့သည်။
သူသည် မသိလိုက်မသိဘာသာဖြင့် နဂါးငွေ့တန်းမြစ်ကမ်းနံဘေးသို့ ရောက်ရှိလာလေသည်။
နဂါးငွေ့တန်းမြစ်ကမ်းနံဘေးတွင် ပေါက်ရောက်နေသည့် မြက်ပင်လေးတစ်ပင်ကို တွေ့လိုက်သည့်အခါ တိကျန်ဗောဓိသကျက တစ်ချက် ပြုံးလိုက်လေသည်။
ထိုမြက်ပင်လေးမှာ ရွှမ်တုတောက်ကျွင်း၏ ဝမ်းနည်းပူဆွေးခြင်းများကြောင့် ဖြစ်ပေါ်လာသည့် မြက်ပင်လေးဖြစ်လေသည်။ ထိုမြက်ပင်လေးတွင် တာအိုတေချင်ကျမ်း၏ စကားလုံးပေါင်း (၅၀၀၀) အနှစ်သာရများ တည်ရှိနေလေသည်။
တိကျန်ဗောဓိသကျက မြက်ပင်လေးရှိရာသို့ လက်နှစ်ချောင်းဖြင့် အသာထိုးညွှန်လိုက်သည်။
ထိုအခါ… သူစုပ်ယူထားသည့် ဝိညာဉ်မြစ်ရေမှ လူပြန်ဝင်စားခြင်း လမ်းစဉ် (၆)ခု တန်ခိုးစွမ်းအားများသည် မြက်ပင်လေးပေါ်သို့ ကျရောက်သွားလေတော့သည်။
တိကျန်ဗောဓိသကျက ပေါ့ပါးသည့်လေသံဖြင့်…
“မင်းမှာသာ နောင်ဘဝရှိမယ်ဆိုရင် သေချာပေါက် လူပြန်ဝင်စားနိုင်လိမ့်မယ်…”
ထို့နောက် သူက ရှေ့သို့ ဆက်လျှောက်သွားလေသည်။
ထို့နောက်… တိကျန်ဗောဓိသကျသည် ထိုက်စန့်လောင်ကျွင်း ရေးဆွဲထားသည့် ရှေးဟောင်းကြယ်စင်ကောင်းကင်ရှိရာသို့ မသိလိုက်မသိဘာသာဖြင့် ဝင်ရောက်သွားလေတော့သည်။
ထိုအခါ… သူ၏ဦးခေါင်းထက်မှ ရောင်ခြည်စက်ဝန်းသည် တဖြည်းဖြည်းမှေးမှိန်သွားလေသည်။
ရုတ်တရက်… သူ့နားထဲတွင် နွားအော်သံတစ်သံကို ကြားလိုက်ရလေသည်။
နွားရိုင်းစိမ်းကြီးတစ်ကောင်ကို စီးနှင်လာသည့် အဘိုးအိုတစ်ယောက် သူ့ထံသို့ လာနေသည်ကို တိကျန်ဗောဓိသကျ တွေ့မြင်လိုက်ရသည်။
တိကျန်ဗောဓိသကျ ရဲ့လျိုယွင်ပြောသည့် စကားတစ်ခွန်းကို သတိရလိုက်မိသည်။
” ထိုက်စန့်လောင်ကျွင်းနဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ပါနဲ့…”
သို့သော်… လောကရှိ အကြောင်းအရာ အတော်များများသည် ပုံသေသတ်မှတ်ခံထားရသည်ဆိုလျှင် မည်သည့်နည်းနှင့်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နွားရိုင်းစိမ်းကြီးက တိကျန်ဗောဓိသကျ၏ရှေ့တွင် ရပ်လိုက်လေသည်။
ရုတ်တရက် ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး တိကျန်ဗောဓိသကျ ၊ နွားရိုင်းစိမ်းကြီးနှင့် ထိုက်စန့်လောင်ကျွင်းတို့ကို ဝန်းရံထားလိုက်လေသည်။
ခရမ်းရောင်မြူခိုးများထဲမှ တာအိုဓမ္မတေးသွား ရွတ်ဖတ်သံတစ်သံ ထွက်ပေါ်လာလေသည်။
တာအိုဆရာသခင်ထိုက်ယီသည် စန့်ချင်တာအိုဆရာသခင်နှင့် အတူတူပင်ဖြစ်သလို ထိုက်စန့်လောင်ကျွင်းသည်လည်း ဗုဒ္ဓနှင့် အတူတူပင် ဖြစ်လေသည်။
တာအိုဆရာသခင်ကြီးများ၏ အသွင်ပြောင်းထားမှုများသာ ဖြစ်လေသည်။
ယခုတော့ ဗုဒ္ဓက တိကျန်ဗောဓိသကျကို ဗောဓိသကျပေါင်းတစ်သောင်း၏ အရှင်အဖြစ် ဘွဲ့ထူးဂုဏ်ထူးပေးအပ်ခဲ့သည့်အတွက် ထိုက်စန့်လောင်ကျွင်းက သူ့ကို စမ်းသပ်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ယခုတော့ အသိနောက်ကျခဲ့ပြီဖြစ်ကြောင်း တိကျန်ဗောဓိသကျ နားလည်လိုက်လေသည်။
သို့သော်… သူ့တွင် ရွေးခြယ်စရာ လမ်းမရှိတော့ပေ။ သူ့ဘဝသည် ထိုက်စန့်တာအိုဆရာသခင်၏လက်တွင် အဆုံးသတ်ရတော့မည် ဖြစ်လေသည်။
………….
ခရမ်းရောင်မြူခိုးများထဲမှ တာအိုဓမ္မတေးသွား ရွတ်ဖတ်သံတစ်သံ ထွက်ပေါ်လာသည့်အခါ…
ဘုရင်ရှစ်ပါးနန်းတော်မှ ရွှမ်တုတောက်ကျွင်းသည်လည်း ထိုဓမ္မတေးသွားကို ကြားလိုက်ရလေသည်။
ထို ဓမ္မတေးသွားကို ရွတ်ဖတ်နေသူမှာ သူ၏ ဆရာဖြစ်သူ ထိုက်စန့်လောင်ကျွင်းဖြစ်ကြောင်း ရွှမ်တုတောက်ကျွင်း သိရှိလိုက်သည်။
ထို့နောက်… ရွှမ်တုတောက်ကျွင်း ချောင်းများ အဆက်မပြတ်ဆိုးလာပြီး အနက်ရောင်သွေးများ ကြမ်းပြင်ထက်သို့ အန်ချလိုက်လေတော့သည်။
သူက ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင် ဝိညာဉ်ခြောက်ဖြာအလံမှ ကျိန်စာကို တွန်းလှန်နိုင်ခဲ့ခြင်း မရှိပေ။
ရွှမ်တုတောက်ကျွင်း သက်ပြင်းရှည်တစ်ချက် ချလိုက်လေသည်။
အတန်ကြာသည့်အခါ… ရွှမ်တုတောက်ကျွင်းနေထိုင်သည့် ဆိတ်ငြိမ်ဆောင်အတွင်းသို့ ရွှေသူငယ်နှင့်ငွေသူငယ် ဝင်ရောက်လာကြလေသည်။
သူတို့က ရွှမ်တုတောက်ကျွင်း၏ အဝတ်အစားများနှင့် အနက်ရောင်သွေးစက်များကိုသာ တွေ့မြင်လိုက်ကြရလေသည်။
ထိုအချိန်မှစပြီး… လောကတွင် မည်သူမှ ရွှမ်တုတောက်ကျွင်းကို ထပ်မံမြင်တွေ့ရခြင်း မရှိတော့ပေ။
………………
ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းတည်ရှိရာ တောင်ထိပ်တွင် ရဲ့လျိုယွင် မတ်တတ်ရပ်နေလေသည်။
အနောက်ဘက်တွင် နေဝင်သွားပြီဖြစ်ပြီး ကောင်းကင်ထက်တွင် တိမ်တိုက်များ ထူထပ်နေလေသည်။
ရဲ့လျိုယွင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံက လေနှင့်အတူ လွင့်မျောလျှက် ရှိလေသည်။ ထို့ကြောင့် သူ့ကိုကြည့်ရသည်မှာ မျောလွင့်နေသည့်တိမ်တိုက်တစ်စအလားပင် ထင်မှတ်ရသည်။
ထိုအချိန်…
သူ့အနောက်ဆီမှ ငြင်သာသည့်ခြေသံတစ်သံ ကြားလိုက်ရလေသည်။
ရဲ့လျိုယွင်က လှည့်မကြည့်ဘဲ စကားပြောလိုက်သည်။
“အစ်ကိုလူ ၊ မင်းရောက်လာပြီလား…”
လူစောယိက…
“ညက ဆန်းလျန် အိပ်မက်ထဲကိုရောက်လာတယ် ၊ သူက မင်းကို နောက်ဆုံးတစ်ကြိမ်အဖြစ် သွားတွေ့ဖို့ ပြောသွားတယ်…”
ရဲ့လျိုယွင်က…
“အစ်ကိုလူ… ကျုပ်တို့ လောကမှာ မွေးဖွားလာကြတာဟာ ဘာအတွက်လဲ”
လူစောယိက…
“တစ်ခါမှ အဲဒီအကြောင်းကို မစဉ်းစားခဲ့ဖူးဘူး…”
ရဲ့လျိုယွင်က ရယ်မောလိုက်ရင်း…
“လောကမှာရှိတဲ့ လူသားတွေကို ကောင်းကျိုးပြုဖို့ ၊ အများအကျိုးဆောင်ရွက်ဖို့ မွေးဖွားလာတာလို့ မင်းပြောလိမ့်မယ်လို့ ကျုပ်က ထင်နေမိတာ…”
လူစောယိက…
“အဲဒါက မွေးဖွားလာရတဲ့အကြောင်းရင်း မဟုတ်ဘူးလေ ၊ လုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုပဲ…”
ရဲ့လျိုယွင်က တိုးတိတ်သည့်လေသံဖြင့်…
“ဟုတ်တာပေါ့ ၊ လုပ်စရာအလုပ်တွေရှိနေသေးတော့ အသက်ရှင်သန်နေကြရဦးမှာပေါ့ ၊ လုပ်စရာအလုပ် မရှိတော့ရင် ဘာလို့ အသက်ရှင်သန်နေဦးမလဲ အစ်ကိုလူ…”
လူစောယိက…
“မင်းကို ဆန်းလျန်တောင်မှ မကယ်နိုင်တော့ဘူးလား…”
ရဲ့လျိုယွင်က…
“ကျုပ်ကိုယ်တိုင်က အသက်မရှင်ချင်တော့တာပါ…”
လူစောယိက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…
“ဘာဖြစ်လို့လဲ…”
လူစောယိက ချက်ချင်းနားမလည်လိုက်သော်လည်း တဖြည်းဖြည်းနားလည်သွားလေသည်။
ရဲ့လျိုယွင်ပြောသည့် “ကျုပ်” ကိုယ်တိုင်က ဆိုသည့် စကားမှ “ကျုပ်” ဆိုသည်မှာ ယခု လက်ရှိ သူ့ရှေ့တွင် မြင်တွေ့နေရသည့် ရဲ့လျိုယွင်ကို ပြောခြင်း မဟုတ်ပေ။
ထိုသူသည် အနာဂတ်မှ ရဲ့လျိုယွင် ဖြစ်နိုင်လေသည်။
ယခုတော့ သေရမည်ကို ကြောက်ရွံ့သည်ဆိုသည့် ရဲ့လျိုယွင်သည် သေရမည့်လမ်းကို ကိုယ်တိုင် ရွေးခြယ်ခဲ့ပြီ ဖြစ်လေသည်။
……….
စန့်ချင်တာအိုဆရာသခင် “လင်ပေါင်ထျန်းကျွင်း” အပြာရောင်ခရီးရှည်နန်းတော်သို့ ပြန်ရောက်နေသည့်အကြောင်းကို ကျောက်ရှောင်ယွီအပါအဝင် လူအနည်းငယ်သာ သိရှိထားကြလေသည်။
တစ်နေ့တွင်တော့…
အပြာရောင်ခရီးရှည်နန်းတော်မှ ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာကာ ခွန်လွန်တောင်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်လေသည်။
ဓားဝိညာဉ်အောက်တွင် ခွန်လွန်တောင်တစ်ခုလုံး စိစိညက်ညက် ကျေသွားလေသည်။
ထိုအခါ… စန့်ချင်တာအိုဆရာသခင် ပြန်ရောက်လာပြီဖြစ်ကြောင်း လောကတစ်ခုလုံးရှိ လူအများ သိရှိသွားကြလေတော့သည်။
ထိုဓားဝိညာဉ်သည် စန့်ချင်တာအိုဆရာသခင် “လင်ပေါင်ထျန်းကျွင်း” က ယွိချင်တာအိုဆရာသခင် “ယွမ်စီထျန်းကျွင်း” ကို လက်စားချေသည့်အနေဖြင့် ပေးအပ်လိုက်သည့် ဓားဝိညာဉ် ဖြစ်လေသည်။
သို့သော်… ယွမ်စီထျန်းကျွင်းက စန့်ချင်တာအိုဆရာသခင်ကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်း အလျှဉ်းမရှိခဲ့ပေ။
……….
မည်သည့်နေရာမှန်းမသိ… ။
မည်သည့်အချိန်မှန်းမသိ…။
ဆန်းလျန်သည် မြစ်ငယ်လေးတစ်ခု၏ ကမ်းပါးငယ်လေးအတိုင်း လမ်းလျှောက်လာလေသည်။
ထိုမြစ်ငယ်လေးသည် ဝိညာဉ်မြစ်မှ ခွဲထွက်လာသည့် မြစ်လက်တက်လေးတစ်ခု ဖြစ်လေသည်။ မြစ်ငယ်လေးထဲတွင် ဝိညာဉ်များ၏စိတ်စွမ်းအားများနှင့် ပြည့်နက်နေပြီး သစ်သားစလေးတစ်စပင် မျောပါနိုင်စွမ်းမရှိလောက်အောင် ကြမ်းတမ်းလွန်းလှသည်။
မြစ်ရေစီးဆင်းသံသည် မရဏတေးသံအလား ဖြစ်လေသည်။
မြစ်ရေစီးဆင်းသံထဲတွင် အမျက်ဒေါသနှင့် ချစ်ခြင်းမေတ္တာများကို တစ်ပြိုင်တည်း ခံစားရစေသည်။
ပေ (၁၀၀)ခန့်အကွာအဝေးတွင် မတ်စောက်သော ကျောက်နံရံကြီးတစ်ခု ရှိနေပြီး ထိုနေရာဆီမှ သာယာသည့် ခေါင်းလောင်းသံလေးများ လွင့်ပျံထွက်ပေါ်လာလေသည်။
မရဏတေးသွားအလား ဝမ်းနည်းစရာကောင်းသည့် ဝိညာဉ်မြစ်၏စီးဆင်းသံကို သာယာသည့် ခေါင်းလောင်းသံလေးများက ဖုံးလွှမ်းသွားလေသည်။
ဆန်းလျန် ကျောက်နံရံကြီးထက်သို့ မော့ကြည့်လိုက်သည့်အခါ…
ကျောက်ဆောင်ကြီး၏ထိပ်တွင် မိန်းမပျိုတစ်ယောက်မတ်တတ်ရပ်နေသည်ကို တွေ့မြင်လိုက်ရလေသည်။
သူမက ခရမ်းရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ ဆံနွယ်များက လေထဲတွင်လွင့်မျောနေလေ၏။ ဆံနွယ်အချို့က သူမ၏မျက်နှာနှင့် လှပသောနှုတ်ခမ်းများထက် လွင့်ဝဲကျဆင်းနေလေသည်။
“သူမက လူသားလား ၊ တစ္ဆေလား ၊ ဒါမှမဟုတ် နတ်ဘုရားတစ်ပါးများလား ၊ ပြီးတော့ လူသားအသွင်ယူထားတဲ့ နတ်မိစ္ဆာတစ်ကောင်လည်း ဖြစ်နိုင်တာပဲ”
ထိုမိန်းမပျိုသည် ဆန်းလျန်၏ ထာဝရချစ်ရပါလေသော “ကျိလင်နတ်သမီး” ဖြစ်လေသည်။
ဆန်းလျန်က ယခုမှ လူ့လောကသို့ စတင်ဝင်ရောက်လာသည့် ကလေးငယ်တစ်ယောက်ပမာ အပြစ်ကင်းစင်လှသော မျက်ဝန်းများဖြင့် ကျိလင်နတ်သမီးကို လှမ်းကြည့်လိုက်ပြီး ပြုံးပြလိုက်လေတော့သည်။
(ပြီးပါပြီ)
ဇင်ပြေ
(7.8.2021 : 4:19 PM)
***