အခန်း ( ၁၀၁ )

ရွှယ်ကျဲကော်တုပညာရပ်နှင့် သံလိုက်အတောင်ပံတစ်စုံ

ဆည်းဆာတောင်၏ တောင်ထိပ်သခင်သည် ခြောက်ကပ်ကပ်ချောင်းဟန့်သံလိုက်ပြီး သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို တုန်လှုပ်နေကြသော နေဝင်တောင်ထိပ် ဂိုဏ်းသားများဆီသို့ စွမ်းအားပြည့်ဝသော အားကြီးတစ်ခု ကျဆင်းလာသည်။ တောင်ကြီးများသူတို့အပေါ်ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်စွာ ညည်းညူနေကြသည်။
ပေဟန်ညီအစ်ကိုနှစ်ယောက်က အခြားသူများထက်ပင် ပို၍ဖိအားကိုခံစားလိုက်ရသည်။ သူတို့၏မျက်နှာသည် နာကျင်မှုကြောင့်တွန့်သွားပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံများသည်လည်း လှုပ်ရှားသွားသည်။ ပိုင်ရှောင်ချန်းအပေါ် သူတို့၏အမုန်းတွေက မြင့်တက်သွားသော်လည်း သူတို့မျက်နှာပေါ်တွင် ထိုအမုန်းကို ပြသခြင်း မရှိကြပေ။
“မင်းတို့အားလုံး အခုချက်ချင်း မြောက်ဘက်ခြမ်းကို ပြန်လိုက်တာက အကောင်းဆုံးပဲ။ တိတ်ဆိတ်တဲ့နေရာကိုသွားပြီး တရားအားထုတ်ကြ။ နောက်ဆယ်နှစ်လောက်ထိ ထွက်မလာခဲ့နဲ့။”
ဆည်းဆာတောင်၏ တောင်ထိပ်သခင်သည် အရေးယူ ရမည့်သူဖြစ်သော်လည်း ထိုဂိုဏ်းသားတွေသည် သူ၏တောင်ထိပ်မှ ဖြစ်နေသဖြင့် သူသည် အတိုင်းအတာတစ်ခုအထိ အမှန်တကယ် ကာကွယ်ပေးခဲ့သည်။ သူက ကြမ်းတမ်းရက်စက်ပုံပေါ်သော်လည်း သူတို့၏ အဖြစ်အပျက်ကို အမှန်တကယ် စာနာမိသည်။ အင်္ကျီလက်ကို တစ်ချက်ဝှေ့လိုက်ပြီးနောက် စွမ်းအားကြီးမားသော လေပြင်းကြီးတစ်ချက်ကို ဖြစ်စေကာ သူ၏ဆည်းဆာတောင်မှဂိုဏ်းသာများကို အကွာအဝေးတစ်ခုဆီသို့ ပို့ဆောင်လိုက်သည်။

ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ကာ ဖြည်းညင်းစွာပြောလေသည်။
” ရှောင်ချန်း…အခု မှတ်မိပြီလား”

ပိုင်ရှောင်ချန်းသည် ရေးကြခွင်ကျယ်မလုပ်သင့်ကြောင်း သိသည်။ သူ့အတွက် အရာအားလုံး ကောင်းစွာအဆင်ပြေသွားပြီဖြစ်သဖြင့် စိတ်ကျေနပ်စွာဖြင့် လည်ချောင်း ရှင်းလိုက်သည်။
“ဟားဟားဟား…။ဒီအရာတွေအတွက် ဘာမှမလိုပါဘူး အစ်ကိုကြီးရာ။ ဂုဏ်ထူးဆောင်ဂိုဏ်းသား၊ ပြီးတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးတစ်ယောက်အနေနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဂိုဏ်းတူ တူလေးတွေနဲ့ အဆင့်တူတူဖြစ်အောင် နှိမ့်ချရဲမှာလဲ။ ဘယ်လိုတောင် ဆိုးဝါးသောင်းကြမ်းလိုက်တဲ့ ကလေးတွေလဲဗျာ ”

ပိုင်ရှောင်ချန်းသည် သူနှင့်အဆင့်တူ လူတစ်ယောက်ကို ပြောနေသကဲ့သို့ ပြောလိုက်ရာ ဆည်းဆာတောင်ထိပ်သခင်မှာ မျက်နှာမဲ့သွားလေသည်။ ဘေးနားရှိ
ကျိန်းယွမ်သုန်က လည်ချောင်းရှင်းလိုက်သည် ။ လွန်ခဲ့သည့်နှစ်များက စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့သော ဆုံးဖြတ် ချက်များကိုလည်း ပြန်ပြင်ချင်လိုသော ဆန္ဒများ ဖြစ်ပေါ်နေရ၏။

ပိုင်ရှောင်ချန်းသည် ထူးဆန်းသည့်အကြည့်များကို လစ်လျူရှုလိုက်ပြီးနောက် ရင်ကိုကော့လိုက်သည်။ သူ၏မာနစိတ်ကို ချိုးနှိမ်ကာ ဆေးဖော်စပ်နည်းကို ပြီးဆုံးအောင် ရှင်းပြရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် လီချင်းဟောက်သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ရင်း
“ကိုယ်တိုင်တီထွင်ထားတဲ့ ဆေးဖော်စပ်နည်းတွေက သမားတော်တွေအတွက် အဖိုးထိုက်တန်တယ်” သူသည် အေးစက်စက်ပြောလိုက်ရင်း
” မြောက်ဘက်ခြမ်းက ဆေးဖော်စပ်နည်းနဲ့ လဲလှယ်ဖို့ ဘာတွေပြင်ဆင်ထားလဲဆိုတာ ကျုပ်သိချင်တယ် ”
ပိုင်ရှောင်ချန်းသည် မျက်တောင်ခတ်လိုက်ပြီးနောက် မြောက်ဘက်ခြမ်းမှ တောင်ထိပ်သခင် လေးယောက်ကို ကြည့်လိုက်သည်။
တောင်ထိပ်သခင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက်တွင် ယန်ဝေ့တောင်မှ အဘွားအိုက လောကဓာတ် မြူခိုးများပြည့်နေသော အစိမ်းရောင်ပုလဲတစ်လုံးကို ထုတ်လိုက်လေသည်။ ထိုပုလဲမှ ထုတ်လွှတ်လိုက်သော သံလိုက်လှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ အရာအားလုံး ဂယက်ထသွားရသည်။
“ဒါက သံလိုက်ပုလဲပဲ။” သူမ ရှင်းပြလိုက်သည်။
” သံလိုက်အကောင်ကြီး ရဲ့ နှလုံးကနေထုတ်ယူထားတယ်။ သူ့ဆီမှာ သန့်စင်တဲ့ သံလိုက် စွမ်းအားအနည်းငယ်ပါဝင်တယ်။ အဲဒါကို သုံးတဲ့အခါ ဘေးပတ်လည်မှာရှိတဲ့ သံလိုက်ပစ္စည်းတွေကို လွှမ်းမိုးနိုင်တယ်။ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတွေတောင် ဒီပုလဲကို တမူထူးခြားတဲ့ ရတနာ အဖြစ်ယူဆ ကြတယ်။ ချီစုစည်းမှုအဆင့် ကျင့်ကြံခြင်းအခြေခံရှိတဲ့သူတွေမှာတော့ ဒါကို တိုက်ရိုက်သုံးဖို့ ခက်ခဲလိမ့်မယ်။ သို့ပေမဲ့ ကောင်းကင်ချိုဆောင်က သံလိုက်ဝိညာဥ်အတောင်ပံတစ်စုံနဲ့ တွဲသုံးရင် အဲ့ဒီဟာက ချီစုစည်းမှုအဆင့်ရှိသူအတွက် စွမ်းအားကြီးတဲ့ ဝှက်ဖဲတစ်ခုဖြစ်လာနိုင်တယ်။ အဲ ဒီအတောင်ပံတွေနဲ့ ဆိုရင် မင်းကို အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေတောင်မှ အမီလိုက်နိုင်ဖို့ခက်ခဲလိမ့်မယ်။”

“ပိုင်ရှောင်ချန်း မင်းက လက်ရွေးစင်ရွေးချယ်ပွဲမှာ ပထမနေရာကိုရခဲ့တာဆိုတော့ လက်ရွေးစင်အဆောင်ကနေ မင်း လိုချင်တဲ့ရတနာပစ္စည်းကို ရွေးချယ်ခွင့်ရှိတယ်။ ငါကတော့ ဆေးဖော်စပ်နည်းနဲ့လဲလှယ်ဖို့အတွက် ပုလဲနဲ့အတူ သံလိုက်ဝိညာဥ်အတောင်ပံတွေကို ယူလာခဲ့ပြီ။”
အဘွားအိုက စကားပြောပြီးပြီးချင်း သူမ၏ညာဘက်လက်ကိုဝှေ့ယမ်းလိုက်ကာ အစိမ်းရောင်တောင်ပံတစ်စုံကို ထုတ်လိုက်သည်။ ထို အတောင်ပံတစ်စုံက ပုလဲနှင့်အတူ ပိုင်ရှောင်ချန်း၏အရှေ့တည့်တည့်ရှိ လေထဲတွင် လွင့်မျောနေသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများ အရောင်တောက်လာသည်။ သူသည် မယုံနိုင်လောက်အောင် မြန်ဆန်စွာပြေးနိုင်နေခဲ့ ပြီဖြစ်၏။ သို့သော် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးက သူ့အားအမှန်တကယ်လိုက်လံဖမ်းဆီးမယ်ဆိုပါက လွတ်အောင်ပြေးနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သံလိုက် ပုလဲ၊ သံလိုက်ဝိညာဥ်အတောင်ပံတို့နှင့်အတူ သူ၏အမြန်နှုန်းကိုပါထပ်ပေါင်းထည့်လိုက်လျှင် သူသည် မယုံကြည်နိုင်လောက်အောင် ပိုမိုမြန်ဆန်ပေလိမ့်မည်။ ထိုကဲ့သို့ အသက်ကယ်ပစ္စည်းမျိုးက သူ၏နှလုံးကို တဒုန်းဒုန်းခုန်သွားစေသည်။

“ဒါ့အပြင်..” အဘွားအိုက ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း

” မင်းကံကောင်းခဲ့ရင် သံလိုက် စွမ်းအားရဲ့သရုပ်ကိုတောင်ခံစားမိနိုင်တယ်။ အဲ့ဒါဆိုရင် မင်းဟာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ထိပ်တန်းလျှိုဝှက် မှော်အတတ် ဆယ်ရပ်ထဲက သံလိုက်စက်ကွင်းပညာရပ် ကိုကျင့်ကြံဖို့ ဉာဏ်အလင်းပွင့်သွားမယ်။”

ပိုင်ရှောင်ချန်းသည် နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး သဘောတူအံ့ဆဲဆဲတွင် ရုတ်တရက်ရပ်လိုက်ပြီးနောက် လီချင်းဟောက်ကို သဘောတူသင့်သလား၊ မသင့်ဘူးလားဟူ၍ လှမ်းကြည့်လိုက်လေသည်။
သူသည် လီချင်းဟောက်ကို သူ၏ဆွေမျိုးတစ်ယောက်အဖြစ် ရှုမြင်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူ၏ဦးဆောင်မှုနောက်သို့ လိုက်ပါမည်။ အကယ်၍ လီချင်းဟောက်က ဆေးဖော်စပ်နည်းကို လွှဲအပ်ရန်တောင်းဆိုခဲ့ပါက ပိုင်ရှောင်ချန်းက မဆိုင်းမတွ ပေးလိမ့်မည်ဖြစ်သည်။

သူ့အတွက် ဆေးဖော်စပ်ပုံဖော်မြူလာလေးသာ ဖြစ်သည်။ မြောက်ဘက်ခြမ်းအတွက်မူ ထိုအရာသည် သန့်စင်မွန်မြတ်သော ရှေးဟောင်းအမွေအနှစ်နှင့်တူနေသည်။ အမှန်တကယ်တွင် ပိုင်ရှောင်ချန်း၏အိတ်ထဲ၌ လျှိုဝှက်ဆန်းကြယ်သော ဆေးလုံးများစွာရှိလေသည်။ ပိုင်ရှောင်ချန်းသည် ထိုဆေးလုံးထဲက တချို့၏ အံ့သြစရာကောင်းသော ဆိုးကျိုးရလာဒ်များကို တွေ့ရှိအောင် စတင်စမ်းသပ်သင့်ကြောင်း ကောက်ချက်ချပြီးဖြစ်သည်။

လီချင်းဟောက်သည် သံလိုက် ပုလဲနှင့် သံလိုက်ဝိညာဥ်အတောင်ပံကို ကြည့်လိုက်သည်။ ထို့နောက် တောင်ထိပ်သခင် လေးဦးကိုပါကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူ၏အကြည့်သည် အဘွားအိုဆီသို့ ရောက်လာလေသည်။ သူ့ မျက်လုံးများ တလက်လက်တောက်ပလာပြီး ရုတ်ချည်းပြောလိုက်လေသည်။
“တခြားလျှို့ဝှက် မှော်ပညာရပ်ဆယ်မျိုးထဲက မြောက်ဘက်ခြမ်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ရွှယ်ကျဲကော်တု ကိုပါ ထပ်ထည့်ပေးလိုက်ရင်ကော… ”
သူ၏စကားများ ပြီးဆုံးသွားသည်နှင့် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်၏ မျက်ခုံးမွှေး တွန့်ကွေးသွားသည်။

“ဒါမဖြစ်နိုင်တာ..” ဆည်းဆာတောင်၏တောင်ထိပ်သခင်က ဒေါသတကြီး ပြောလိုက်သည်။ သူတစ်ယောက်တည်းသာ ပြင်းပြင်းထန်ထန် သဘောမတူသူမဟုတ်ပေ။ မုခ်ဦးတောင်၏ တောင်ထိပ်သခင် အဘိုးအိုကလည်း လီချင်းဟောက်ကို မျက်လုံးကြီးပြူးလျက် ကြည့်နေလေသည်။
” လူလိမ်လီတို့ကတော့ လုပ်ပြန်ပြီ ” သူက လှောင်ပြောင်လိုက်သည်။

“ဒါကလုံးဝရယ်စရာဘဲ။ ရွှယ်ကျဲကော်တု က မြောက်ဘက်ခြမ်းရဲ့ အမွေပညာရပ်ဖြစ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လျှိုဝှက်ဆန်းကြယ် မှော်ပညာရပ် ဆယ်မျိုးထဲက တစ်ခုဘဲ။ ဝိညာဥ်ခေါ်သံ ပညာရပ်နဲ့ တစ်တန်းထဲမှာ ရှိတယ်။ ဒါကို တောင်ဘက်ခြမ်းက လူတစ်ယောက်ကို ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”
ပိုင်ရှောင်ချန်းသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြည့်နေသည်။ မုခ်ဦးတောင်ထိပ်သခင်မှ လီချင်းဟောက်ကို ” လူလိမ်လီ ” ဟုခေါ်လိုက်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ဒါကို ရယ်စရာလို့ ထင်နေတာလား” လီချင်းဟောက်သည် အေးစက်စွာပြောလိုက်ပြီး သူ၏အကျီလက်ကို ရမ်းလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုန်းက ဝိညာဥ်ခေါ်သံ က ခရမ်းဒယ်အိုးတောင်ရဲ့ အမွေပညာရပ်ပဲ။ ခင်ဗျားတို့မြောက်ဘက်ခြမ်းကလူတွေက ဒီပညာရပ်ကို အလဲအထပ်လုပ်သွားတုန်းက ပျော်နေကြတယ်လေ။ အခု တောင်ဘက်ခြမ်းက လဲလှယ်တဲ့အနေနဲ့ ခင်ဗျားတို့ရဲ့ အမွေပညာရပ်ကိုလိုချင်တော့ ငြင်းတာလား။ တရားကျဖို့ကောင်းလိုက်တာ ”
မြောက်ဘက်ခြမ်း၏ တောင်ထိပ်သခင်များမှာ ပြောစရာစကားရှာမရတော့ချေ။
ဝိညာဥ်စွယ်တောင်၏ တောင်ထိပ်သခင်က ကြည်လင်ပြတ်သားစွာ မမြင်နိုင်သော ပုံစံရှိသည်။ သူက သက်ပြင်းချရင်း
“ဝိညာဥ်ခေါ်သံ ပညာရပ်ဟာ ဝိညာဥ်စွယ်တောင်အတွက် အကောင်းဆုံးတွဲဖက်ဘဲ။ ဒါ့အပြင် ဒီဟာက လွန်ခဲ့တဲ့နှစ်များစွာကတည်းက ဖြစ်ပျက်သွားခဲ့ပြီးသားလေ။ ဒါပေမဲ့ အခု ယူဖို့အတွက်ကျ မထိုက်တန်ဘူးလေ။ ရွှယ်ကျဲကော်တု က လွန်ခဲ့တဲ့ နှစ်ရှစ်ထောင်ကတည်းက ဘိုးဘေးတွေထဲမှာ ခေါင်းဆောင်ကြီး ကောင်းကင်အတောင်ပံ အပါအဝင် လက်တစ်ဆုပ်စာလောက်ဘဲ အောင်မြင်အောင် ကျင့်ကြံနိုင်တာ။ အသုံးမဝင်တဲ့ ဝိညာဥ်တစ်ချို့ထွက်လာတာကလွဲရင် ဘယ်သူကမှ ဆက်မလုပ်နိုင်တော့ဘူး။ အင်မတန်ခက်ခဲလွန်းတယ်။ လီတောင်ထိပ်သခင်… ဘာကြောင့်မို့ ငါတို့ကို ခက်ခဲအောင်လုပ်နေရတာလဲ။”
“ရွှယ်ကျဲကော်တု မရရင် ဆေးဖော်စပ်နည်းလဲ မပေးနိုင်ဘူး” လီချင်းဟောက်က ယတိပြတ် ပြောဆိုလိုက်သည်။

ပိုင်ရှောင်ချန်းသည် တောင်ထိပ်သခင်များ က ရွှယ်ကျဲကော်တု နှင့်ပတ်သက်၍ ငြင်းခုံနေကြသဖြင့် အံ့အားသင့်နေသည်။ ရွှယ်ကျဲကော်တု ဟူသောအသံသည် သူ့အတွက် စိတ်ဝင်စားဖွယ်ကောင်းသော်လည်း အရင်ကမ်းလှမ်းထားသော အရာများသည်ပင် သူ့အတွက်ကောင်းမွန်ပြီး လုံလောက်ပြီဟု သူယူဆနေ၏။

တချိန်တည်းမှာပင် သူသည် လီချင်းဟောက်နှင့် ပတ်သက်၍ ပိုမိုနားလည်လာခဲ့သည်။ သူက လူတို့အား မည်သို့အနိုင်ယူရမည်ကို ကောင်းမွန်သော ဥပမာပေးခဲ့၏။ ထို့အတွက်ကြောင့် သူ့ကို ” လူလိမ်လီ ” ဟု ခေါ်ခြင်းဖြစ်မည်။

ပိုင်ရှောင်ချန်းက တွေးနေမိပြီးနောက်တွင် လေးစားသဘောကျသော မျက်လုံးများဖြင့် လီချင်းဟောက်ကို ကြည့်လိုက်လေသည်။

မြောက်ဘက်ခြမ်းမှတောင်ထိပ်သခင်များက အနည်းငယ် စိတ်ပျက်နေကြသော်လည်း နောက်ဆုံးတွင် တောင်းဆိုမှုကို သဘောတူလိုက်ကြလေသည်။ သူတို့၏ လျှိုဝှက်အမွေအနှစ်မှော်ပညာရပ်သည် အရေးကြီးသော်ငြားလည်း ဆေးလုံးက သူတို့အတွက်ပို၍ အဖိုးထိုက်တန်နေသည်။
ခဏအကြာတွင် လီချင်းဟောက်သည် ပိုင်ရှောင်ချန်းကို ကာမအားတိုးဆေးနှင့် ဆိုင်သော ဆေးဖော်စပ်နည်းကို ဆက်လက်ရှင်းပြရန် ညွှန်ကြားလိုက်သည်။
ဆေးသည် မည်မျှအရေးကြီးကြောင်းသိလာသည်နှင့်အမျှ တောင်ထိပ်သခင်များသည် ထိုအနီးပတ်ဝန်းကျင် ဧရိယာများကို မည်သူမျှခိုးနားထောင်ခြင်း မပြုနိုင်စေရန် တင်းကြပ်စွာ ပိတ်လှောင်လိုက်သည်။
ပိုင်ရှောင်ချန်း ရှင်းပြ၍ပြီးဆုံးသွားသောအခါ တောင်ထိပ်သခင်တို့သည် ဆေးဖော်စပ်နည်းအပြည့်အစုံကို လေ့လာရန်အချိန်အနည်းငယ် ယူလိုက်ကြလေသည်။ ထို့နောက် သူတို့သည်ခေါင်းညိတ်လိုက်ကြပြီး ယန်ဝေ့တောင်ထိပ်မှ အဘွားအိုက အပြာရောင်ကျောက်စိမ်းပြားကို ပိုင်ရှောင်ချန်းဆီသို့ ပစ်ပေးလိုက်လေသည်။
“ရွှယ်ကျဲကော်တုက လျှို့ဝှက်ပညာရပ်ဆယ်မျိုးထဲမှာ အစွမ်းအထက်ဆုံးထဲက တစ်ခုပဲ။ အဲဒီနတ်ဘုရားစွမ်းရည်ရဖို့ဆိုရင် မင်းဟာ သားရဲတိရိစ္ဆာန်အမျိုးအစားအားလုံးကိုလေ့လာပြီး မင်းရဲ့ကိုယ်ပိုင် သက်စောင့်ဝိညာဥ်ကို ဖန်တီးရမယ်။ ဘာမှမရှိတဲ့အရာကနေ တစ်ခုခုဖြစ်အောင် ဖန်တီးရခြင်းပဲ။ ပြီးတော့ ရေစက်လေးကိုသုံးပြီး ပုံတစ်ခုဖော်၊ အဲဒါပြီးရင် ပုံစံရှိတဲ့တိုင်းပြည်ကို ဆင့်ခေါ်လိုက် ”
( ရွှယ်ကျဲကော်တု ဆိုတာ ရေစက်တိုင်းပြည်လို့ အဓိပ္ပါယ်ထွက်ပါတယ် )

“လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းလောက်တုန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သက်စောင့်ဝိညာဥ်ကို ဖန်တီးဖို့ကြိုးစားတဲ့လူတိုင်း ရိုးရှင်းတဲ့ သာမာန်သတ္တဝါတွေကိုပဲ လုပ်နိုင်ခဲ့တယ်။ ခေါင်းဆောင်ကြီး ကောင်းကင်အတောင်ပံတစ်ယောက်ပဲ အရှိန်အဝါနဲ့ပြည့်ဝတဲ့ ကောင်းကင်ဂါဂိုလမ်ကို ဖန်တီးခဲ့ပြီး အဲဒါနဲ့ ဆက်စပ်တဲ့ တခြားအရာတွေကိုပါ လုပ်နိုင်ခဲ့တယ် ”
“ဘယ်လို သက်စောင့်ဝိညာဥ်ပဲ ဖြစ်နေပါစေ ကျင့်ကြံသူရဲ့သတ္တဝါတွေအပေါ် နားလည်နိုင်ခြင်းနဲ့ပဲမူတည်တယ်။ တကယ်လို့လူတစ်ရာလောက် ရွှယ်ကျဲကော်တု ကိုကျင့်ကြံမယ်ဆိုရင် သက်စောင့်ဝိညာဥ် အကောင်တစ်ရာ ထွက်လာမယ်။ တချို့ကစွမ်းအားကြီးမယ်။ တချို့ကတော့ အားနည်းကြမယ်။ တချို့ကတော့ ကောင်းကင်အ တောင်ပံ ဂါဂိုလမ်နဲ့ဆင်တူပြီး အံ့မခန်းစွမ်းအားကြီးလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ ယုန်တွေ၊မြွေတွေထက်မပိုတဲ့ အကောင်ဘဲထုတ်နိုင်လိမ့်မယ် ”

” ပိုင်ရှောင်ချန်း မင်းက တောင်ဘက်ခြမ်းရဲ့ဂိုဏ်းသားတစ်ယောက်ပဲ။ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းရဲ့ကြားမှာ ပြိုင်ဆိုင်မှုတွေရှိနိုင်ပေမဲ့လည်း ငါတို့တွေဟာ မိသားစုတစ်ခုလိုပဲ။ သက်စောင့်ဝိညာဥ်ဖော်ထုတ်ရာမှာ အောင်မြင်ဖို့ ငါတကယ်မျှော်လင့်တယ် ”
သူမက ရှင်းပြလိုက်သော်လည်း သူမ သာမက အခြားတောင်ထိပ်သခင်သုံးဦးလည်း ရွှယ်ကျဲကော်တု ကျင့်စဥ်ကို ပိုင်ရှောင်ချန်း အောင်မြင်အောင် ကျင့်နိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။

ထို့အတွက်အကြောင်းပြချက်တစ်ခုမှာ ရွှယ်ကျဲကော်တု သည် ဝိညာဥ်သားရဲ များအကြောင်းကို သေချာ လေ့လာရန် လိုအပ်သည်။ ထိုအရာကို တောင်ဘက်ခြမ်းမှ ဖြစ်မြောက်အောင် မလုပ်နိုင်ချေ။
လှဲလှယ်မှုပြီးဆုံးသွားပြီးနောက်တွင် တောင်ထိပ်သခင်လေးယောက်သည် ကျိန်းယွမ်သုန်နှင့်အတူ ထွက်ခွာသွားကြတော့သည်။ လီချင်းဟောက်သည် နောက်တွင်နေခဲ့၏။ သူ၏မျက်လုံးများသည်နွေးထွေးပုံပေါ်သော်လည်း ဖုံးကွယ်ထားပြီး စူးရှစွာ ကြည့်လိုက်လေသည်။

သူသည် ပိုင်ရှောင်ချန်းအား စတင် ကြိမ်းမောင်းတော့သည်။ လက်ရွေးစင်တိုက်ပွဲမှာ ပထမရရှိခြင်းအတွက် မောက်မာဝင့်ကြွားမနေသင့်ကြောင်း ပြောသည်။ ထို့နောက်သူသည် ကျင့်ကြံခြင်းအခြေခံနှင့်စပ်လျဥ်း၍ အကြံဉာဏ်တစ်ချို့ပေးခဲ့ပြီး နောက်ဆုံးတွင် သူယခင်ကပေးခဲ့သော လက်ပတ်နှင့် သံလိုက် ပုလဲအကြောင်းကိုဟ အသေးစိတ်ပြောကြားလေသည်။

” သံလိုက် ပုလဲနဲ့ သံလိုက်ဝိညာဥ်အတောင်ပံတို့ က မင်းအတွက် ကောင်းကောင်း အထောက်အပံ့ဖြစ်မှာပါ။ သူတို့ကို နားလည်အောင်လုပ်ဖို့ အချိန်တစ်ခုယူလိုက်ပါ။ ရွှယ်ကျဲကော်တု ပညာရပ်က ငါတို့ မွှေးရနံ့တိမ်တောင်ရဲ့ မှော်အပင်စုစည်းခြင်းပညာရပ် ထက်တောင် ပိုလေးနက်သေးတယ်။ ဒါနဲ့ နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကို ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက တီထွင်ခဲ့တာပဲ။ သူက ကောင်းကင်တံတား ဒေသကနေ အောက်ပိုင်းဒေသအထိ သွားလာခဲ့ဖူးတဲ့သူပဲ။ အဲဒါကိုလည်း မင်း ကောင်းကောင်းလေ့လာထား။ ဒါတွေက ငါမင်းကို မှော်အပင်စုစည်းခြင်းပညာရပ် သင်ကြားပေးတဲ့အခါမှာ အရာအားလုံးချောချောမွေ့မွေ့ဖြစ်သွားစေလိမ့်မယ်” သူသည် ထပ်တလဲလဲတိုက်တွန်းပြောဆိုပြီးနောက်တွင် ထွက်ခွာသွားလေသည်။
ပိုင်ရှောင်ချန်းသည် လက်ကိုဆုပ်ကိုင်ကာ လေးနက်စွာ ဦးညွတ်လိုက်သည်။ ထို့နောက် သူက မနေနိုင်စွာဖြင့် သိချင်စိတ်ပြင်းပြစွာ မေးလိုက်လေသည်။
“ဦးလေးလီ…အင်း….ဘာလို့သူတို့က ဦးလေးကို လူလိမ်လီ လို့ခေါ်ကြတာလဲ။ အဲဒါကြီးက ရယ်စရာကောင်းနေတယ် ”

လီချင်းဟောက်သည် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွား၏။ မျက်နှာကြီးမည်းမှောင်ကာ ပိုင်ရှောင်ချန်းကို ဒေါသတကြီး ပြန်လှည့်ကြည့်လိုက်ရင်း ပြောလိုက်လေသည်။
“လူကြီးတွေရဲ့ အရေးကိစ္စကို ဝင်မစွက်ဖက်နဲ့။ တာအိုဆေးပညာကိုပဲ အာရုံစိုက် ” ထို့သို့ပြောလျက် လီချင်းဟောက်က ထွက်သွားလေသည်။

ပိုင်ရှောင်ချန်းမှာ ထိုကိစ္စကိုပို၍စဥ်းစားလေလေ သူ၏မျက်လုံးများသည် ချီးမွမ်းခြင်းအရောင်များတောက်ပလေလေ ဖြစ်သည်။ လီချင်းဟောက်ထံမှ ဆေးလုံးရယူခြင်းသည် လူအများစုအတွက် နာကျင်မှုသာဖြစ်စေလိမ့်မည်ဟု သူလုံးဝယုံကြည်သွားသည်။

လီချင်းဟောက်ထွက်သွားပြီးသည့်နောက်တွင် ပိုင်ရှောင်ချန်းသည် သူ၏အင်မော်တယ်ဂူထဲသို့ ပြန်သွားလိုက်သည်။ယခုသူသည် နဂါးလိုဆင်လို အဏ္ဏဝါကျမ်း ကို ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးကဖန်တီးခဲ့သည်ကို သိရှိလိုက်ရသဖြင့် သူ၏နှလုံးသားထဲ၌ လေးစားမှုများကြီးမားလာသည်။
“ကျမ်းစာရဲ့ နိဒါန်းမှာ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက အချုပ်အနှာင် တွေအကြောင်းကိုပြောဆိုထားတယ်။ အဲ့ဒီအချုပ်အနှာင်တွေက ဘာတွေထဲဆိုတာ ငါအတိအကျသိချင်လိုက်တာ” ထပ်မံစဥ်းစားပြီးနောက်တွင် အတွေးအခေါ်တစ်ချို့ထွက်ပေါ်လာသည်။ သို့သော် ထိုအတွေးအခေါ်များ မှန်သည်၊ မှားသည် မသိပေ။ သူသည်ခေါင်းကိုခါယမ်းလိုက်ပြီးနောက် သံလိုက် ပုလဲကိုထုတ်လိုက်ကာ လီချင်းဟောက်၏ညွှန်ကြားချက်ထားသည့်အတိုင်း ပါးစပ်ထဲသို့ထည့်ကာ မျိုချလိုက်တော့သည်။

ထိုပုလဲသည် သူ၏ခန္ဓာကိုယ်မှတစ်ဆင့်စီးဆင်းလာပြီး သူ၏ ဒန်ထျန်းနေရာသို့ ရောက်သော် အခိုးအငွေ့အဖြစ် ပျော်ဝင်သွားလေသည်။ သူသည် ထိုခံစားမှုနှင့်ပတ်သက်၍ မသက်မသာခံစားရသည်မရှိဘဲ ပို၍ပေါ့ပါးသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ အနည်းငယ်လှည့်လည်ပြီးနောက်တွင် သူသည် ယခင်ကထက် ပိုမိုလျင်မြန်စွာရွေ့လျားနိုင်သည်ကို သဘောပေါက်သွားသည်။ ထိုပုလဲသည် သူနှင့် သူ၏ပတ်ဝန်းကျင်အကြားတွင် ထူးဆန်းသောဆက်သွယ်မှုကို ဖြစ်နေစေသည်။ သူသည် သိချင်စိတ်ပြင်းပြစွာဖြင့် သံလိုက်ဝိညာဥ်အတောင်ပံကို ထုတ်လိုက်လေသည်။ သူတို့သည် အစိမ်းရောင်ရှိပြီး ပုစဥ်းရင်ကွဲ၏အတောင်ပံများကဲ့သို့ဖြစ်နေပြီး ဖောက်ထွင်းမြင်နိုင်လေသည်။
ခဏအကြာတွင် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအားတစ်ချို့ကို တောင်ပံပေါ်သို့ထုတ်လွှတ်လိုက်ရာ စတင်၍အရည်ပျော်ကြလေသည်။ အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးချိန်လောက်တွင် အရည်ပျော်ပြီးသွားပြီးနောက် သူ၏မျက်လုံးများ တလက်လက် တောက်ပနေတော့သည်။ နောက်ဆုံးတွင် အတောင်ပံများက လက်ဖဝါးထဲသို့ ပျော်ဝင်သွားပြီး သူ၏နောက်ကျောတွင် ပေါ်လာတော့သည်။ သွေးသည်ရေထဲ၌ပျော်ဝင်သွားသကဲ့သို့ အတောင်ပံတစ်စုံသည် သူ၏ကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး သူ၏လက်များကိုထိန်းချုပ်နေရသကဲ့သို့ လွယ်ကူလာသည်။ သူ၏မျက်နှာအမူအယာတောက်ပလာပြီး အတွေးတစ်ခုတွေးလိုက်သောအခါ သူ၏အတောင်ပံများက တဖျပ်ဖျပ်ခတ်ကုန်သည်။

သူသည် ချက်ချင်းပင် အင်မော်တယ်ဂူ၏နံရံဆီသို့ အမြန်နှုန်းတစ်ခုဖြင့်ပျံသန်းလိုက်သည်။ ထို့နောက် ရပ်ရန်ကြိုးစားလိုက်သည့်အခါ အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာ၏။ တောင်ပံများကို သူကျွမ်းကျင်စွာ မထိန်းချုပ်နိုင်သေးသောကြောင့် နံရံနှင့်တိုက်မိသွားလေသည်။

ဝုန်းကနဲ မြည်ဟည်းသံထွက်ပေါ်လာပြီးနောက် အင်မော်တယ်ဂူတစ်ခုလုံးလှုပ်ရှားသွားလေသည်။ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်က အလွန်မာကျောနေသည့်အတွက်ကြောင့်သာ ဘာမှမဖြစ်သွားဘဲ ကျောက်နံရံအတွင်းသို့သာ တစ်ကိုယ်လုံး နစ်မြုပ်သွားခဲ့၏။ အချိန်အတန်ကြာပြီးနောက် မြေကြီးပေါ်သို့ သူ ပြန်ကျလာပြီး သူ့ထံမှ ညည်းသံတချို့ ထွက်ပေါ်လာသည်။

သူက အံကိုကြိတ်လိုက်ရင်း ရုန်းကန်၍ထရပ်ကာ နံရံထဲသို့ပြေးဝင်သွားသည့်နေရာကိုကြည့်လိုက်လေသည်။ သူသည် ဂူအတွင်း၌စမ်းသပ်ရန်မဝံ့ရဲတော့သဖြင့် အပြင်သို့ထွက်ကာ သတ္တိမွေးလျက် အတောင်ပံများကို ထပ်မံခတ်လိုက်ပြန်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း သူက အဝေးတစ်နေရာသို့ရောက်သွားလေသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် သူသည် အတောင်ပံများ၏ အမြန်နှုန်းအား မည်သို့ထိန်းသိမ်းရမည်ကို ကောင်းစွာရင်းနှီးသွားပြီဖြစ်သည်။ သူကိုယ်ပျောက်လုနီးပါးပင် သူခံစားနေရသည်။

“ဟားဟား….ငါကအရမ်းမြန်တာဘဲ။ အကြီးအကဲကျိုးတောင် ငါ့ကို မဖမ်းနိုင်လောက်ဘူး ”
သူသည် ခေါင်းကိုမော့လျက် တဟားဟား ရယ်မောနေရင်း လေထုထဲ၌ စက်ဝိုင်းပုံသဏ္ဍာန်လှည့်လည်ပျံသန်းပြီးနောက် သူ၏အင်မော်တယ်ဂူဆီသို့ ပြန်သွားလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset