အခန်း (၅) : သေတော့မလို့
ရှန်ထျန်းက ချင်ကောင်းကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
ဤကြီးမားကျယ်ဝန်းလှသည့် နန်းတွင်းထဲတွင် လူတစ်ယောက်ကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။ သို့သော် တော်ဝင်အဆောင်တော် ထိန်းသိမ်းရေးဌာနရှိ ခေါင်းဆောင်ကုန်းကုန်းနှင့် သိကျွမ်းနေပါက ပြဿနာတစ်ရပ် မဟုတ်တော့ချေ။
အင်း… ရှန်ထျန်းက ထိုဌာနကလူတွေနှင့် သိတော့မသိချေ။ မသိသော်လည်း ကိစ္စမရှိပေ။ အကြောင်းမှာ နန်းတွင်းထဲတွင် ဘယ်သူကမှ မင်းသား(၁၃)၏ အမိန့်ကို မလွန်ဆန်ရဲသောကြောင့် ဖြစ်သည်။
သူ့တောင်းဆိုချက်ကို ကြားပြီးသည့်နောက် ကုန်းကုန်းခေါင်းဆောင်က ကုန်းကုန်းတွေ အကုန်လုံး၏ အလုပ်အချိန်ဇယားကို ချက်ချင်း ထုတ်ယူလိုက်ပြီး ချင်ကောင်း၏တည်နေရာကို ရှန်ထျန်းအား ပြောပြလိုက်လေသည်။
ထို့နောက် သူက ရှန်ထျန်းအား ဌာနဆောင် အပြင်ဘက်အထိ ရိုရိုကျိုးကျိုး လိုက်ပို့နှုတ်ဆက်လိုက်သည်။
သူ့ဌာနဆောင်လည်း တော်ဝင်ကျောင်းတော်လိုမျိုး ရုတ်တရက်ကြီး ပြိုလဲသွားမည်ကို သူက အင်မတန် ကြောက်နေလေ၏။
…………………
ချင်ကောင်းက မင်းသား(၆)အတွက် အလုပ်လုပ်နေရမှန်း ရှန်ထျန်း သိလိုက်ရသည်။
မင်းသား(၆)၏ နာမည်မှာ ရှန်အောင်း ဖြစ်ကာ သူက သူ့ညီအစ်ကိုမောင်နှမသားချင်းတွေ အားလုံးအနက် ကျင့်ကြံရေးတွင် ပါရမီထုံ အမြင့်ဆုံး ဖြစ်သည်။
အသက်(၁၈)နှစ်တွင် သူက (၉)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်အထိ ကျင့်ကြံအောင်မြင်ပြီးသွားပြီ ဖြစ်ကာ ထာဝရရှင်သန်ခြင်း၏ အခြေခံနားကို ရောက်ဖို့ အင်မတန် နီးကပ်နေလေပြီ။ သူက မီးတိုင်းပြည်ထဲတွင် ကြုံတောင့်ကြုံခဲ ရှားပါး ပါရမီရှင်လေး တစ်ယောက် ဖြစ်သည်။
ထိုက်ပိုင်ချိုင့်ဝှမ်းမှ အထွတ်အထိပ်ရှင် တစ်ယောက်က သူ့ပါရမီအား သဘောကျ၍ တပည့်ရင်းအဖြစ် လက်ခံတော့မည်ဟုလည်း ပြောနေကြသည်။
အရှေ့ပိုင်းလွင်ပြင်တွင် ကျင့်ကြံရေးအတွက် အဓိကအဖွဲ့ခွဲ နှစ်မျိုး ရှိသည်။ တစ်မျိုးမှာ ချိုင့်ဝှမ်း(၃၆)ခု ဖြစ်ကာ နောက်တစ်မျိုးမှာ ကောင်းချီးနယ်မြေ (၇၂)ခု ဖြစ်သည်။ ထိုက်ပိုင်ချိုင့်ဝှမ်းက သူ့အဖွဲ့ခွဲတွေထဲတွင် အဆင့်(၁၀) ချိတ်သည်။
ထိုက်ပိုင်ချိုင့်ဝှမ်းမှ အထွတ်အထိပ်ရှင်က တပည့်ရင်းအဖြစ် လက်ခံမည့်ကိစ္စမှာ အင်မတန် ကံကောင်းသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါက ရှန်အောင်းက အနည်းဆုံးတော့ ရွှေအမြုတေအဆင့်ရှိသည့် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
သူသာ ပိုပြီးကံကောင်းပါက အသက်(၅၀၀)လောက်တွင် ကနဦး စိတ်ဝိညာဉ်အဆင့်ထိ ရောက်နိုင်ချေရှိကာ လူအများက လေးစားရသည့် အထွတ်အထိပ်ရှင် တစ်ယောက်ပင် ဖြစ်လာနိုင်ချေ ရှိလေသည်။
ထိုအချိန်လောက်ဆို မီးတိုင်းပြည်၏ ဘုရင်ရာထူးက သူ့ရာထူးအဆင့်အတန်းနှင့် နှိုင်းယှဉ်လိုက်ပါက ဘာမှ မဟုတ်တော့ပေ။
ဤကမ္ဘာ၌ အားအနည်းဆုံး အထွတ်အထိပ်ရှင် တစ်ယောက်ပင်လျှင် အနည်းဆုံး နှစ်(၁၀၀၀)လောက်ထိ အသက်ရှင်နိုင်သည်။ သူတို့သည်ကား လွယ်လင့်တကူ တောင်တွေကို တစ်စစီ ဖြိုခွဲပစ်နိုင်ပြီး ပင်လယ်သမုဒ္ဒရာကိုလည်း ထက်ခြမ်း ခြမ်းပစ်နိုင်လေသည်။ ပြည့်ရှင်မင်းကဲ့သို့ သာမန်ရာထူးအဆင့်အတန်းမှာ အင်မတန်ကို သေးသိမ်လွန်းနေသည်။
ထို့ကြောင့် ရှန်အောင်းက မီးတိုင်းပြည်ထဲတွင် ထူးခြားသည့် ပြိုင်ဖက်ကင်း အဆင့်အတန်းတစ်ခုကို ရရှိခံစားနိုင်လေသည်။
သူက ဘုရင်မင်းမြတ်၏ မျက်နှာသာပေး ချစ်မြတ်နိုးခြင်းကို ခံနေရသော်လည်း တခြား မင်းညီမင်းသားတွေက သူ့ကို ပြဿနာ သွားမရှာကြပေ။
ထိုသို့လုပ်ဖို့ မလိုအပ်မှန်း သူတို့ သိသည်လေ…
ရှန်အောင်း၏ ကံကြမ္မာက ထာဝရရှင်သန်သူ တစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ သူ့ဘဝကြီးကိုလည်း ကျင့်ကြံရေးတွင်သာ မြှုပ်နှံထားသည်။ ထို့ကြောင့် သူကလည်း ထီးနန်းအရိုက်အရာကို လုံးဝ စိတ်မဝင်စားပေ။
…………………
အစ်ကိုတော်(၆)ရဲ့ ရောင်ဝါစက်ဝန်းက ဘယ်လိုနေမလဲဆိုတာ သိချင်လိုက်တာ…
ရှန်ထျန်းက တွေးလိုက်သည်။
သူက တော်ဝင်ဥယျာဉ်ထဲက လမ်းကြောင်းအတိုင်း သွားလိုက်ကာ နောက်ဆုံးမှာ မင်းသား(၆)၏ နန်းဆောင်သို့ ရောက်ရှိသွားသည်။
ရုတ်တရက် အော်သံတစ်ခုနှင့် ကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။
“မင်း ကန်းနေလား… စောက်ရူးရဲ့… ဒီကိုးလွှာလင်ဇီးမြက်က ဘယ်လောက်အဖိုးတန်လဲဆိုတာ မင်းသိရဲ့လား… မင်းမှာ အသက်ကိုးသက် ရှိနေရင်တောင် ဒီအတွက် ပြန်ဆပ်လို့ လောက်မှာ မဟုတ်ဘူးကွ။
မင်းတို့အားလုံးလည်း ဒါကို သင်ခန်းစာအဖြစ် ကြည့်ထားကြ… နောက်တစ်ခါကျ အမှားလုပ်မိရင် မင်းတို့လည်း ဒီလိုအပြစ်ပေးခံရမယ်… နားလည်လား”
…………………..
ရှန်ထျန်းက လှမ်းကြည့်ကြည့်လိုက်သောအခါ တော်ဝင်ဥယျာဉ်ထဲက ရေတွင်းတစ်ခုနားတွင် လူတစ်စုကို တွေ့လိုက်ရသည်။ လူအုပ်က ဆိုးဆိုးဝါးဝါး အရိုက်ခံထားရသော ကုန်းကုန်းတစ်ယောက်၏ ဘေးတွင် ပတ်ပတ်လည် ဝန်းရံနေသည်။
ထိုကုန်းကုန်းက ချင်ကောင်း ဖြစ်နေပါကောလား…
ချင်ကောင်း၏ ရောင်ဝါစက်ဝန်းမှာလည်း ပြောင်းလဲသွားသည်။ အနီရောင် ဖြစ်နေသေးသော်လည်း အရောင်မှာ အရင်ကထက်စာလျှင် တော်တော်လေး မှေးမှိန်သွားပြီ ဖြစ်သည်။ တချို့နားလေးတွေတွင် အစိမ်းရောင်တောင် စဖြစ်နေလေပြီ။
ချင်ကောင်းက ကံကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူးလား… ဘာဖြစ်လို့ သူက အခု အနှိပ်စက်ခံနေရတာလဲ…
ဒီမြင်ကွင်းက ရှန်ထျန်းအား အံ့သြသွားစေ၏။
ရုတ်တရက် သူက သူဖတ်ဖူးသည့် ဝတ္ထုတချို့ကို ပြန်သတိရသွားမိသည်။
အဓိကဇာတ်လိုက်တိုင်းက ဖြောင့်ဖြူးသာယာသည့် ဘဝခရီးလမ်းကို လျှောက်ကြရသည်တော့လည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သူတို့က အခက်အခဲတွေ၊ အသက်ဘေးတွေနှင့် ကြုံတွေ့ရတတ်သည်။
ရန်သူတွေကို သတ်ရတတ်… အဲ… နေဦး… ရန်သူကို သတ်ပြီး အသက်ရှင်ရမယ် ဟုတ်လား…
ရှန်ထျန်းတစ်ယောက် သူ့အတွေးနှင့်သူ ထိတ်လန့်သွားသည်။
အခု ချင်ကောင်းရဲ့ ရန်သူက ဘယ်သူလဲ…
လက်ရှိ သူ့ကို ရိုက်နှက်နေတဲ့ ကုန်းကုန်းလား… ဒါမှမဟုတ် သူ့သခင် ရှန်အောင်းလား… ဒါမှမဟုတ်… မီးတိုင်းပြည် တစ်ခုလုံးလား…
ရှန်ထျန်းက ကွေ့ကုန်းကုန်းပြောပြသည့် နတ်ဆိုး ဟရူးဂါအကြောင်းနှင့် ထိုသူက ခွန်းတိုင်းပြည်အပေါ် ဘယ်လို ကလဲ့စားချေ တုံ့ပြန်ခဲ့သလဲဆိုတာကို သွားသတိရမိသည်။
နတ်ဆိုးဟရူးဂါက နန်းတွင်းထဲတွင် တစ်ခါလေး အနိုင်ကျင့်ခံရဖူးရုံနှင့် တော်ဝင်မျိုးနွယ်တွေ အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့သည်။
ထိုနေ့က နန်းတွင်းထဲတွင် သွေးကြောင်းစီးခဲ့ရသည်။ နေရာအနှံ့တွင် အလောင်းအပြည့် ဖြစ်ခဲ့ရသည်။
…………………….
ရှန်အောင်းရေ… ရှန်အောင်း… မင်းအခု ဘာလုပ်နေမိသလဲဆိုတာ မင်းသိရဲ့လားကွ…
ရှန်ထျန်းမှာ မဲ့ရွဲ့မိသွားလေသည်။ ဒီအဖြစ်အပျက်ထဲ သူသာ ဝင်မစွက်ဖက်ပါက ဘာတွေဆက်ဖြစ်မလဲကို သူ တွေးကြည့်လို့ရနေပြီ ဖြစ်သည်။
ချင်ကောင်းက အခုလိုပဲ အနိုင်ကျင့်ခံရပြီးတော့ တစ်နည်းနည်းနဲ့ အသက်ရှင်နိုင်ခဲ့လိမ့်မည်။ ထို့နောက် သူက မီးတိုင်းပြည်၏ သမိုင်းကြောင်း စာအုပ်ကို ရှာတွေ့သွားပြီး နတ်ဆိုးဟရူးဂါကျမ်းကို ရရှိလိမ့်မည်။ ပြီးလျှင် သူက နန်းတွင်းထဲမှ ထွက်ပြေးသွားပြီး ဒီနတ်ဆိုးကျမ်းကို စတင်ကျင့်ကြံလိမ့်မည်။ နတ်ဆိုးကျမ်းကို သင်ယူတတ်မြောက်သွားသည်နှင့် သူက ရှန်အောင်းကို ကလဲ့စားချေဖို့အတွက် ပြန်လာပြီး တော်ဝင်တစ်မိသားစုလုံးကို သတ်ဖြတ်ပစ်လိမ့်မည်။
ခေါင်းပေါ်မှ အနက်ရောင် ရောင်ဝါစက်ဝန်းကြောင့် ရှန်ထျန်းတစ်ယောက် ထိုပဋိပက္ခတွေကြားထဲ ညပ်ပါသွားပြီး သေသွားဖို့ရာမှာ သေချာသလောက် ရှိသည်။
(၉၉.၉၉၉၉၉)ရာခိုင်နှုန်း သေချာ၏။
နတ်ဆိုးကျမ်းကို တတ်မြောက်သွားပြီးရင် ချင်ကောင်းအနေနဲ့ လက်တုံ့မပြန်မယ့် အခွင့်အရေးလေးများ ရှိမလား…
သူက ဘာလို့ လက်တုံ့မပြန်ဘဲ နေပါ့မလဲ…
ငါလေးက ဒီမှာ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်… မင်းဘာလုပ်မိနေသလဲဆိုတာ ကြည့်လိုက်စမ်းပါဦး… ရှန်အောင်းရ… အား…
ရှန်ထျန်းတစ်ယောက် ရှန်အောင်းအား စတင်ကျိန်ဆဲမိလေတော့သည်။
မင်းက ကျင့်ကြံရေး ပါရမီရှင် ဖြစ်နေတော့ကော ဘာဖြစ်လဲ…
ထိုက်ပိုင်ချိုင့်ဝှမ်းက အကြီးအကဲက မင်းကို တပည့်ရင်းအဖြစ် လက်ခံတော့ကော ဘာဖြစ်လဲ…
မင်း အခု လုပ်နေတာကိုသာ ဆက်လုပ်ကြည့်… ငါတို့တွေ အကုန်လုံး သေကုန်ကြလိမ့်မယ်ကွ…
ဒီအခြေအနေကနေ လွတ်မြောက်ခွင့်လေးတောင် ငါ့ကို မပေးနိုင်ဘူးလားကွာ…
အခုတော့ ငါလေး ဘာလုပ်ရမလဲ…
လက်ဝါးကပ်တိုင်တွင် အချည်ခံထားရသည့် ချင်ကောင်းကို ကြည့်ကာ ရှန်ထျန်းမှာ ထိတ်လန့်တုန်လှုပ်လာမိသည်။
ငါလေး ပြန်လှည့်ပြီး ထွက်သွားလိုက်ရင် ကောင်းမလား…
ဒီအကြံက သိပ်တော့လည်း မကောင်းပြန်ဘူး… ငါတွေးသလိုတွေ သေချာပေါက် ဖြစ်လာလိမ့်မယ် ဒီတိုင်းဆို…
ဒါမှမဟုတ် သူတို့တွေ ချင်ကောင်းကို ရိုက်နှက်လို့ ပြီးသွားတဲ့အထိ စောင့်ပြီး ချင်ကောင်း တကယ် သေမသေ စစ်ဆေးကြည့်ရမလား…
ဒါလည်း မကောင်းသေးဘူး…
သူ့ကို လွယ်လွယ်လေးသာ သတ်လို့ရနေမယ်ဆိုရင် သူ့ခေါင်းပေါ်မှာ အဲ့လိုကံကောင်းခြင်းတွေ ရှိနေမှာတောင် မဟုတ်ဘူး…
လောလောဆယ် အနက်ရောင် ရောင်ဝါစက်ဝန်းရှိနေတာက ရှန်ထျန်းရဲ့ ခေါင်းပေါ်မှာလေ…
သူ့လက်နှင့်သူ ချင်ကောင်းအား သတ်ဖို့ ကြိုးစားလိုက်ပါက ရုတ်တရက် အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ယောက် ထွက်ချလာပြီး ချင်ကောင်းအား ကယ်တင်သွားလျှင်တောင် ထူးဆန်းနေမည် မဟုတ်ပေ။
သူ့ကံသာ နည်းနည်းလေး ပိုဆိုးနေပါက ထိုအဆင့်မြင့်ကျင့်ကြံသူက ချင်ကောင်းအား တပည့်အဖြစ် လက်ခံပြီး သူ့တပည့်လေးအတွက် ဒီနားရှိသမျှ လူတွေအကုန်လုံးကို သတ်ပစ်နိုင်ချေ ရှိသည်။
ဖြစ်နိုင်ချေ နည်းသော်လည်း ရှန်ထျန်း၏ တည်ရှိမှုကတင် ဖြစ်နိုင်ချေစည်းမျဉ်းတို့ကို အသုံးမဝင်စေတော့ဘူးလေ…
ထားလိုက်ပါတော့… ငါ သူ့ကို အရင်ကယ်မှ ဖြစ်မှာပါပဲ…
ရှန်ထျန်းက ချင်ကောင်းကို ကယ်ပြီး ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်သည်။ သည်လိုဆိုလျှင် ချင်ကောင်းက တခြားကျင့်စဉ်တွေ သင်ယူနိုင်ခဲ့ပြီး နောင်ကျရင် လက်တုံ့ပြန်ဖို့ လာခဲ့လျှင်ပင် ရှန်ထျန်းတစ်ယောက်ကိုတော့ အနည်းဆုံး ချမ်းသာပေးကောင်း ချမ်းသာပေးပေလိမ့်မည်။
အင်း… ဟုတ်တယ်… ဒါလေးကမှ ဖြစ်နိုင်သေးတယ်…
ထိုသို့တွေးကာ ရှန်ထျန်းက ထိုနားလေးသို့ လျှောက်သွားလိုက်ပြီး အော်ပြောလိုက်သည်။
“ရပ်လိုက်စမ်း”
ရှန်ထျန်း၏ အမိန့်ကို ကြားသောအခါ အားလုံးက နောက်သို့ ခြေတစ်လှမ်း ပြိုင်တူဆုတ်လိုက်ကြသည်။
သူတို့က ရှန်ထျန်းအား အမြန် နှုတ်ဆက်ဂါရဝပြုကာ အလျင်စလို ထွက်သွားကြလေသည်။ ကြည့်ရတာ သူတို့တွေ သူ့ကို တော်တော် ကြောက်ပုံပေါ်သည်။
ချင်ကောင်းအား ရိုက်နှက်နေသည့် ကုန်းကုန်းတစ်ယောက်တည်း ထိုနားလေးတွင် ကျန်နေခဲ့သည်။ သူက အမိန့်အရ လုပ်နေရသည် ဖြစ်လေရာ သူများတွေလို ထွက်သွားလိုက်လို့ မရဘူး ဖြစ်နေလေသည်။
ရှန်ထျန်း အနားကပ်လာသည်နှင့်အမျှ ကုန်းကုန်း၏ မျက်နှာမှာလည်း အံ့သြမှု၊ ကြောက်ရွံမှု၊ ထိတ်လန့်မှု၊ စိတ်မသက်မသာဖြစ်မှုတို့နှင့် အပြည့်ဖြစ်သွားသည်။
ဖြစ်ပျက်သွားတာတွေက ကြည့်ကောင်းသားပဲ…
“အရှင့်သား… ဒီကို ဘာလာလုပ်တာပါလဲ”
ရှန်ထျန်းက ချင်ကောင်းအား လက်ညိုးထိုးပြကာ ခပ်တည်တည်ပင် ပြောလိုက်သည်။
“သူ့ကို လာခေါ်တာလေ”
ကုန်းကုန်းက ချီတုံချတုံနှင့် ဒွိဟဖြစ်သွားသည်။
“သူက စောစောလေးကတင် မင်းသား(၆)ရဲ့ ကိုးလွှာလင်ဇီးမြက်ကို ဖျက်စီးပစ်ခဲ့တယ်။ ဒါကြောင့် သူက သေသင့်တဲ့သူပါ။ မင်းသား(၁၃)… ကျေးဇူးပြုပြီး ကျွန်တော်မျိုးအတွက် အခက်တွေ့အောင် မလုပ်ပါနဲ့လား”
ရှန်ထျန်းမှာ အံ့သြဆွံ့အသွားရသည်။ ကိုးလွှာလင်ဇီးမြက်သည် အဆင့်မြင့် အခြေတည်ဆေးလုံး ဖော်စပ်ဖို့ရန်အတွက် အရေးပါသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်သည်။ သူ့တန်ဖိုးမှာ အင်မတန် မြင့်မားလေသည်။
ထို့ကြောင့် အဆင့်နိမ့် ကုန်းကုန်းလေး တစ်ယောက်၏ အသက်ထက် ပိုပြီး တန်ဖိုးရှိသည်မှာ အမှန်ပင် ဖြစ်သည်။
“သြော် အဲ့လိုလား… ဒါဆိုလည်း ငါ့ဝမ်းကွဲအစ်ကိုတော်ဆီကိုပဲ ကိုယ်တိုင်သွားပြောရတော့မှာပေါ့…
ဝမ်းကွဲအစ်ကိုတော်နဲ့ စကားမပြောရတာလည်း တော်တော်ကြာနေပြီပဲ… အိုး… ပြောနေရင်း အရမ်းတောင် လွမ်းလာမိပြီ”
ရှန်ထျန်း ပြောလို့ပြီးသွားသည်နှင့်တစ်ပြိုင်နက် တည်ငြိမ်သော်လည်း ပြတ်သားသည့် အသံတစ်သံက နန်းဆောင်အတွင်းမှ ထွက်ပေါ်လာသည်။
“မလိုပါဘူး… မင်းက ငါ့ရဲ့ဝမ်းကွဲညီတော်လေးပဲဟာ… သူ့ကို ခေါ်သွားချင်ရင် ခေါ်သွားလို့ရတယ်…
အစ်ကိုတော်က အခုလောလောဆယ် အခန်းပိတ်ကျင့်ကြံနေတာမလို့ အနှောင့်အယှက်ခံလို့ မရဘူးဖြစ်နေတယ်။ ညီတော့်ကို ကိုယ်တိုင်ထွက်မတွေ့နိုင်လို့ စိတ်မကောင်းပါဘူးကွာ…
လီ… သူတို့ကို လိုက်ပို့လိုက်တော့”