အခန်း(၁၂)

ကျွန်တော်နဲ့ ခင်ဗျားနဲ့ ကံမပါဘူး

အခန်း(၁၂) : ကျွန်တော်နဲ့ ခင်ဗျားနဲ့ ကံမပါဘူး

ဝိညာဉ်နတ်မိမယ်လေး၏ ရောင်ဝါစက်ဝန်းပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေး  ဘာကြောင့်ရှိမနေရသလဲဆိုတာကို နောက်ဆုံးတော့ ရှန်ထျန်းတစ်ယောက် နားလည်သွားလေပြီ။

ဘာကံအပြောင်းအလဲအခွင့်အရေးလဲ… သူမက အလုပ်လုပ်နေတဲ့လူ တစ်ယောက်သာ…

လိုမည့်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီးသား… ဘာကံအပြောင်းအလဲအခွင့်အရေးမှ မဟုတ်ခဲ့ပေ…

ရောင်ဝါစက်ဝန်းကနေ တစ်ခုခု မြင်နိုင်ခဲ့ရင်သာ ထူးဆန်းနေလိမ့်မည်။

အချိန်တွေ အလကားကုန်သွားပြီကွာ…

ရှန်ထျန်းက သက်ပြင်းချကာ ထွက်သွားဖို့ လုပ်လိုက်သည်။

ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်း၏ အင်္ကျီလက်စကို လှမ်းဆွဲကာ မေးလိုက်သည် “သူ့ကို ဘယ်လိုလုပ်ကြမလဲ”

ဆိုင်ပိုင်ရှင်ပေါက်စက နည်းနည်းတော့ နှာဘူးထသော်လည်း တကယ့်တကယ်တမ်းတွင် မကောင်းတာ ဘာမှမလုပ်ရသေးပေ။

ကွေ့ကုန်းကုန်းကလည်း အသေအကြေ ထိုးကြိတ်ထားသေးလေရာ သူ့ကို ကြည့်ရသည်မှာ သနားစရာတောင် ကောင်းနေသည်။

ဆိုင်ပိုင်ရှင်သူဌေးစုန့်က အဆုံးမဲ့ဝိညာဉ်ဥယျာဉ်တွင် အခွင့်အာဏာ အနည်းငယ်ရှိသည်။ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်ပါက ဝိညာဉ်နတ်မိမယ်လေးအနေနှင့် ဒီအသိုင်းအဝိုင်းထဲတွင် အခက်တွေ့နိုင်ချေ ရှိလေသည်။

ကွေ့ကုန်းကုန်းက ခဏတွေးကြည့်ပြီးမှ ပြောလိုက်သည်။

“အရှင့်သား… သူ့ကို သတ်ပြီးတော့ နှုတ်ပိတ်လိုက်ကြမလား”

“အဓိပ္ပာယ်မရှိတာတွေ”

ရှန်ထျန်းက ဆိုင်ပိုင်ရှင်ပေါက်စဆီ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။

“မင်းဘာဖြစ်လို့ စောစောစီးစီးကတည်းက ငါ့ကို မပြောပြတာလဲ… မင်း ပြောပြခဲ့သင့်တယ်…

မင်းသာ စောစောပြောခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး… ဟုတ်တယ်မလား…

ငါက မင်း ဒီအမျိုးသမီးကို ပရော်ပရည်လုပ်နေတယ်လို့ ထင်နေတာ”

ဝိညာဉ်နတ်မိမယ်လေးက ကြားဖြတ်ပြောလိုက်သည်မှာ “ကျွန်မက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ… မိန်းကလေးရှင့်”

ရှန်ထျန်းက ခေါင်းငြိမ့်ကာ

“အော် အင်း… မိန်းကလေးကို ပရောပရည်လုပ်နေတာ… မင်း ခံရတာတောင် နည်းသေးတယ်…

ဒီလိုဆိုရင်ကော… ဒီကိစ္စကို ငါက မင်းအဖေအစား မင်းကို ဆုံးမပေးတယ်လို့ပဲ မှတ်ယူလိုက်ပေါ့… ဒါဆို ငါတို့တွေ အဆင်ပြေသွားပြီလေ… မကောင်းဘူးလား”

ရှန်ထျန်းက စိတ်ရင်းနှင့် တောင်းဆိုလိုက်သည်။ သို့သော် သိပ်အသုံးဝင်ပုံ မပေါ်ချေ။

ဆိုင်ပိုင်ရှင်ပေါက်စက ရှန်ထျန်းအား မုန်းတီးစွာ စိုက်ကြည့်လိုက်၏။

ရှန်ထျန်းက ခပ်နဲ့တဲ့တဲ့ ရယ်ကာ “ဘာလဲ… မကျေနပ်သေးဘူးလား… အိမ်ပြန်သွားပြီးတော့ မင်းအဖေကို ပြောပြပြီး အဖေ့အကူအညီ တောင်းချင်သေးတာလား”

ရှန်ထျန်းက အိတ်ကပ်ထဲကနေ ရွှေရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ တံဆိပ်ပြားပေါ်တွင် နဂါးနီတစ်ကောင်ပံကို ရေးထွင်းထား၏။ ရှန်ထျန်းက ပြောလိုက်သည်။

“ငါမင်းကို ပြောမယ်… ငါက ဒီတိုင်းပြည်ရဲ့ (၆)ယောက်မြောက်မင်းသား၊ ရှန်အောင်းပဲ… အခုဆို ဝိညာဉ်နတ်မိမယ်လေးက ငါ့လူဖြစ်သွားပြီ။ မင်း သူမကို ဒုက္ခပေးရဲပေးကြည့်စမ်း… ဒီကိစ္စကို မင်း မကျေနပ်သေးရင် ငါမင်းကို နန်းတော်ထဲမှာ စောင့်နေမယ်”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက လှည့်ထွက်သွားလိုက်သည်။

ဝိညာဉ်နတ်မိမယ်လေးနှင့် ဆိုင်ပိုင်ရှင်ပေါက်စတို့မှာ နေရာတွင်ပင် ဆွံ့အမှင်သက်သွားရသည်။

တစ်ယောက်က သဘောကျလေးစားစွာဖြင့်… တစ်ယောက်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်…

…………………

ဆိုင်ပိုင်ရှင်ပေါက်စတို့ မိသားစုသည် ရှေးဟောင်းပစ္စည်းများ၊ ရတနာပစ္စည်းများတို့နှင့် အထိအတွေ့များသည်။ ထို့ကြောင့် သူက တံဆိပ်ပြားမှာ အစစ်အမှန်ဖြစ်နေမှန်း သေချာသိသည်။

ထို့အပြင် ကွေ့ကုန်းကုန်း၏ ထူးခြားနေသည့် အသံနှင့် သုံးစွဲလိုက်သည့် အခေါ်အဝေါ်တို့က ရှန်ထျန်းသည် တော်ဝင်မျိုးနွယ်မှ ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ပေါက်စအား ပို၍ ယုံကြည်သွားစေသည်။

ကံမကောင်းစွာပင် တံဆိပ်ပြား၏ တခြားတစ်ဖက်တွင် ရေးထားသည့် နံပါတ်မှာ (၆) မဟုတ်ဘဲ (၁၃) ဖြစ်နေသည်ကိုတော့ သူ မသိရှာပေ။

ရှန်ထျန်းက သာမန်မင်းသားတစ်ပါးမျှသာ ဖြစ်နေခဲ့ပါက ဆိုင်ပိုင်ရှင်ပေါက်စက တစ်နည်းနည်းနှင့် အလျော်ရအောင် တောင်းမည် ဖြစ်သည်။

ကောင်းကင်ဝိညာဉ်ပြခန်းမှ စုန့်မျိုးနွယ်သည် တိုင်းပြည်တော်တော်များများမှ ရာထူးခပ်မြင့်မြင့် အကောင်ကြီးကြီးတချို့နှင့် သိကျွမ်းသည်။ တော်ဝင်မျိုးနွယ်ဝင်များကပင် သူတို့ကို မျက်နှာသာပေးရလေသည်။ ထိုအချက်ကြောင့်သာ အကျိုးအမြတ်များသည့် ဝိညာဉ်သတ္တုရိုင်းတုံး ဈေးကွက်ထဲတွင် သူတို့က ကြာရှည်တည်မြဲနေနိုင်နေခြင်း ဖြစ်သည်။

သို့သော် မင်းသား(၆)မှာ မင်းညီမင်းသား အားလုံးအနက် တမူထူးခြားကာ မြင့်မားသည့် တော်ဝင်အဆင့်အတန်းမျိုး ရှိနေသည်။

တိုင်းပြည်ထဲမှ လူတိုင်းက မင်းသား(၆) ရှန်အောင်းအကြောင်း သိသည်။ သူက အသက်(၁၈)နှစ်မှာ (၉)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်အထိ ရောက်အောင်လုပ်နိုင်နေပြီ ဖြစ်ကာ သိပ်မကြာခင်၌ ထိုက်ပိုင်ချိုင့်ဝှမ်းက အကြီးအကဲတစ်ဦး၏ တပည့်ရင်းတစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။ သူူ၏အနာဂတ်က အင်မတန် အလားအလာကောင်းသည်။

တစ်ခုခု မှားယွင်းသွားတာမျိုး မရှိသရွေ့ ရှန်အောင်းက အနည်းဆုံးတော့ ရွှေအမြုတေအဆင့်ရောက်ကာ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေလိမ့်မည်သာ။

ကံကောင်းပါက ကနဦးစိတ်ဝိညာဉ်အဆင့်ရှိ အထွတ်အထိပ်ရှင်တစ်ယောက်ပင် ဖြစ်လာနိုင်သည်။

စုန့်ဘိုးဘေးများပင်လျှင် ရွှေရောင်အမြုတေအဆင့်၏ အထွတ်အထိပ်နားသို့သာ ရောက်ခဲ့ဖူးသည်။

ရှန်အောင်းကဲ့သို့ ပါရမီရှင်များသည်ကား စုန့်မျိုးနွယ်ဝင်တို့ ပြဿနာသွားရှာလို့ ရမည့်လူမျိုးများ မဟုတ်ချေ။

ချက်ချင်းပင် ဆိုင်ပိုင်ရှင်ပေါက်စက ဖြစ်ပျက်ခဲ့သည်များကို လက်ခံကျေအေးပေးလိုက်သည်။

အနည်းဆုံးတော့ သူ အသက်ရှင်နေသေးသည်လေ…

…………………

တစ်ချိန်တည်းမှာပဲ ရှန်ထျန်းတစ်ယောက်ကတော့ အခင်းဖြစ်ပွားသည့်နေရာမှ ဝေးရာသို့ ထွက်ပြေးနှင့်လေပြီ။

အား… ရှက်ဖို့ကောင်းလိုက်တာမှ အရမ်းပဲ…

ရှန်ထျန်း သူ့ကံဆိုးနိုင်မှုကို တကယ် သြချမိသည်။

တခြားသူများက မိန်းမလှလေးကို ကယ်တင်ပြီးလျှင် သာမန် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နှင့် ကြုံရသည်။

ဒါပေမဲ့ သူ့အလှည့်ကျတော့လား… မိန်းမလှလေးက ဆိုင်ပိုင်ရှင်နှင့် တစ်ကြိတ်တည်းတစ်ကြံတည်း အလိုတူအလိုပါ လူလိမ်လူညာတစ်ယောက် ဖြစ်နေသည်။

သူ ဘာများပြောနိုင်ဦးမှာလဲ…

ခေါင်းပေါ်က ဒီအနက်ရောင် ရောင်ဝါစက်ဝန်းကြီးကို ဖယ်ရှားနိုင်ခွင့်လေး ငါလေးကို ပေးသနားကြပါကွာ…

ရှန်ထျန်းက အနီရောင်စက်ဝန်းကိုပင် စွန့်လွတ်လိုက်ပြီ ဖြစ်သည်။ သူက အစိမ်းရောင်စက်ဝန်းလေး ရရှိဖို့ကိုသာ မျှော်လင့်နေမိတော့သည်။

ကွေ့ကုန်းကုန်းက မင်းသားလေးအား နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

“အရှင့်သား… စိတ်ကိုလျှော့ပါ… ဒါက မတော်တဆတိုက်ဆိုင်သွားတဲ့ အမှားလေးတစ်ခုပါ”

ရှန်ထျန်းက ကွေ့ကုန်းကုန်းအား ကြည့်ကာ မေးလိုက်သည်။

“တကယ်လား…တကယ် တိုက်ဆိုင်ရုံသပ်သပ်ပဲလား”

ကွေ့ကုန်းကုန်းက မေးခွန်းကြောင့် ပြန်စဉ်းစားသွားရသည်။

သည်နှစ်များအတွင်း ဖြစ်ပျက်ခဲ့သည်များကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်ပါက… မင်းသားလေးအနေနှင့် ဒီလိုအဖြစ်မျိုး တွေ့ကြုံရသည်မှာ လုံးဝ ပုံမန်ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ခု ဖြစ်နေဟန် ရှိပြန်သည်။

“ကိစ္စမရှိဘူး”

ရှန်ထျန်းက ရုတ်တရက် ခပ်ထဲ့ထဲ့ ရယ်လိုက်သည်။

“ကျွန်တော့်စိတ်ထဲမှာ ဒုတိယ အစီအစဉ် ရှိပြီးသား”

ဝိညာဉ်နတ်မိမယ်လေး၏ ပိုက်ဆံရှာပုံရှာနည်းကို ရှန်ထျန်းက အားကျသွားသည်။ သူမတောင်မှ တခြားသူများကို ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူတစ်ယောက်ပါဟု အယုံသွင်းနိုင်ကာ နောက်လိုက်တွေအများကြီး ရရှိနိုင်လေရာ… သူလည်းပဲ လုပ်နိုင်သည်။

ပြောရမည်ဆိုရင် ဝိညာဉ်နတ်မိမယ်လေးက လူလိမ်သပ်သပ် ဖြစ်ကာ ရှန်ထျန်းကတော့ ကံအပြောင်းအလဲ အခွင့်အရေးများကို တကယ်မြင်နိုင်သည်။ ရုပ်ပုံတွေပြနေသည့် ရောင်ဝါစက်ဝန်းရှိသော လူများအတွက် ဝိညာဉ်သတ္တုရိုင်းတုံးကောင်းကောင်း တချို့လောက် ရှာပေးနိုင်သရွေ့ ရှန်ထျန်းတစ်ယောက် ချက်ချင်းလက်ငင်းပင် ကျော်ကြားသွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ် တစ်ခုလုံးက ရှန်ထျန်း၏ ပညာစွမ်းပကားအတွက် တန်းစီစောင့်ဆိုင်းနေကြပေလိမ့်မည်။ သည်လိုဆိုလျှင် သူ့အနက်ရောင်စက်ဝန်းအား ဖယ်ရှားပစ်ရန်အတွက် အခွင့်အရေးတွေ အမြောက်အများ ရရှိလာပေလိမ့်မည်။

…………………

ရှန်ထျန်းက သူ့အစီအစဉ်ကို ချက်ချင်း ထအကောင်အထည် ဖော်လေတော့သည်။

သူက မျက်နှာချေကို နည်းနည်းလိမ်း၊ တာအိုကိုယ်တော်ဝတ်ရုံကို ပြောင်းဝတ်ကာ နှုတ်ခမ်းမွေးအတုကို တပ်လိုက်သည်။

ထို့နောက် သူက အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်နားတွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံးကို ချကာ နေရာယူလိုက်သည်။

ထိုသို့နေရာချပြီးသွားသည့်နောက် သူက အနီရောင် အဝတ်စတစ်ခုကို သုံးပိုင်း ဖြတ်လိုက်သည်။ တစ်ပိုင်းကို စားပွဲပေါ်တွင် အခင်း လုပ်လိုက်သည်။ ကျန်နှစ်ပိုင်းကို စားပွဲတစ်ဖက်တစ်ချက်ပေါ်ရှိ တိုင်လုံးများတွင် ချိတ်ဆွဲထားလိုက်သည်။

ဘယ်ဘက်တွင် ရေးထားသည်မှာကား “ကံပါလျှင်၊ ဟောမည် အလကား။”

ညာဘက်တွင် ရေးထားသည်မှာကား “ကံမပါလျှင်၊ ရွှေပုံပေးလည်း ထွက်သွား။”

စားပွဲပေါ်တွင် စကားလုံးတချို့ကို လှပသေသပ်စွာ ရေးထားသေးသည်… “ကြင်နာမှုဖြင့် ပရိဟိတလုပ်သည်။”

မင်းသား(၁၃)က ကံမကောင်းသော်လည်း လွန်ခဲ့သော (၁၆)နှစ်လုံးလုံး လေ့ကျင့်နေခဲ့သည့်အတွက် လက်ရေးလှရေးရာတွင်မူ သူ့အား ယှဉ်နိုင်သည့်သူဟူ၍ မရှိချေ။

ကြည့်လိုက်ရုံနှင့်တင် လူအများ၏ အာရုံကို တော်တော်ဆွဲဆောင်နိုင်နေလေပြီ။

“လာကြပါဗျို့… လာကြည့်ကြပါ”

“ကျွန်တော်ကတော့ နီပွန်းတောင်ပေါ်မှာရှိတဲ့ အနက်ရောင်ချိုင့်ဝှမ်းက အထွတ်အထိပ်ရှင်ဖူတဲရဲ့ တပည့်ရင်း၊ ရှန်အောင်းထျန်းပဲ ဖြစ်ပါတယ်။ ဆရာ့အမိန့်အရ လူမှန်သူမှန်တွေကို ဝိညာဉ်သတ္တုရိုင်းတုံးတွေ အကဲဖြတ်ပေးပြီး ဝိညာဉ်ကျောက်တုံးတွေ ရရှိအောင် ကူညီပေးဖို့ ရောက်လာခဲ့တာပါ။

ကျွန်တော်ရွေးလိုက်တဲ့ သတ္တုရိုင်းတုံးတိုင်းမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိနေမှာပါ။ ပြီးတော့ ကျွန်တော်က အခကြေးငွေလည်း ယူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေကြား ကံပါသရွေ့ အထဲမှာပါတဲ့ဟာတွေက ခင်ဗျားတို့အပိုင် ဖြစ်မှာပါခင်ဗျာ…

ဒီလို ရွှေရောင်အခွင့်အရေးမျိုးကို လက်လွတ်မခံပါနဲ့ဗျို့…

ကျွန်တော်ပြောတဲ့အတိုင်းသာ လိုက်လုပ်ပြီး ဝိညာဉ်သတ္တုရိုင်းတုံးတွေ ဝယ်လိုက်ကြပါ။ ခင်ဗျားတို့ ချမ်းသာလာပါလိမ့်မယ်”

………………….

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ရှန်ထျန်းအား ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေကြသည်။

“ဦးလေးကွေ့… မင်းသားလေးက သတ္တုရိုင်းတုံးကို အကဲဖြတ်ပြီး ဝိညာဉ်ကျောက်တုံးတွေ ဘယ်လိုရှာရမလဲဆိုတာကို တကယ်ကော သိလို့လားဗျာ”

“မင်းသားလေးက ဗဟုသုတကြွယ်ပေမယ့် ဒါမျိုးက အရမ်းခက်ခဲပြီး ဆရာမရှိဘဲ သင်ယူတတ်မြောက်နိုင်တဲ့အရာမျိုးမှ မဟုတ်တာ”

“ဒါဆို… အရင်တစ်ခေါက်က ကိစ္စကြောင့် မင်းသားလေးက စိတ်ရူးဖောက်သွားတာများလား”

“ဟုတ်ပါရဲ့… အခုနောက်ပိုင်း မင်းသားလေးကို ကြည့်ရတာ တစ်မျိုးပဲ။ ငါထင်ထားတာ မှန်နေပြီနဲ့တူတယ်… အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ… ဒီနားမှာ တော်ဝင်သမားတော်လည်း မရှိဘူး”

ရှန်ထျန်းက ပြောလိုက်သည် “ကျွန်တော် မရူးပါဘူးဗျ… အကောင်းအတိုင်း ရှိသေးတယ်”

ဒီနှစ်ယောက်က ငါလေးကို ကူညီပြီး လိုက်အော်ပေးဖို့တောင် အဖက်မလုပ်ကြဘူး…

သိပ်မကြာလိုက်ချေ… လူတစ်ယောက်က ရှန်ထျန်း၏ အလုပ်အကိုင်ကို စိတ်ဝင်စားကာ စားပွဲနားသို့ ရောက်လာလေသည်။

“ဟေး ဒီမှာ… အထဲမှာ ဝိညာဉ်ကျောက်တုံးရှိနေရင်တောင် မင်းတကယ် တစ်ပြားမှ မယူဘူးပေါ့ ဟုတ်လား”

ရှန်ထျန်းက ယုံကြည်မှုအပြည့်နှင့် ပြုံးကာ ပြောလိုက်သည်။

“ကတိပေးပါရဲ့ဗျာ… ကျွန်တော် ဘာအဖိုးအခမှ မယူဘူးဆိုတာကို”

ထိုလူက ထပ်မေးလိုက်ပြန်သည်။

“တကယ်လို့ မင်းပြောတဲ့အတိုင်း လိုက်လုပ်ပြီး ဝိညာဉ်သတ္တုရိုင်းတုံးထဲကနေ ငါဘာမှမရလိုက်ဘူးဆိုရင်ကော… ဒီမှာ မင်းက ငါတို့ကို ငွေလိမ်မလို့ ကြိုးစားနေတာလား”

ရှန်ထျန်းက မေးခွန်းကြောင့် ကြောင်အသွားရသည်။ ထိုမေးခွန်းကို သူ မဖြေတတ်ပေ။

ငါ့ရဲ့နည်းလမ်းက ဝိညာဉ်နတ်မိမယ်လေးနဲ့အတူတူပဲလေ… ဘာဖြစ်လို့ ကောင်မလေးကိုကျတော့ ဘယ်သူကမှ သံသယမဝင်တာလဲ…

ဘာကြောင့်များ ရုတ်တရက်ကြီး ဒီလူတွေ ဉာဏ်ကောင်းသွားကြတာတုန်း…

ဖြစ်နိုင်တာက… ငါ့ရဲ့အနက်ရောင် ရောင်ဝါစက်ဝန်းကြောင့်များလား…

…………………

ရှန်ထျန်းက သူ့အစွမ်းကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်က မေတ္တာထားပြီးတော့ ကျွန်တော်နဲ့ ကံပါတဲ့သူတွေကိုပဲ ကူညီဖို့ ဒီကို ရောက်နေတာပါ။ အထဲမှာ ရတနာပါလာရင် ခင်ဗျားတို့တွေ အကုန်ယူနိုင်တယ်။ ဘာမှမပါလာခဲ့ရင် ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုကို ကျွန်တော် အကုန်ပြန်လျော်ပေးပါ့မယ်”

ငါက ဒီလိုအာမခံအပြည့်နဲ့ ရတနာတွေကို ပိုင်ဆိုင်ရမှာလား…

ဒီလိုမျိုး ပွကံနဲ့ ကြုံရလိမ့်မယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး…

လမ်းကြုံတစ်ယောက်… အင်း သူ့ကို လမ်းကြုံနံပါတ်(၁)လို့ပဲ ခေါ်ကြရအောင်… သူက အရမ်းကို စိတ်လှုပ်ရှားသွားလေသည်။

သူက ပြုံးရွှင်စွာ ပြောလိုက်၏။

“ဒါဆို မင်း ငါ့ကို သတ္တုရိုင်းတုံးကောင်းကောင်းလေး တစ်တုံးလောက် ကူရွေးပေးနိုင်မလား”

ရှန်ထျန်းက လမ်းကြုံ နံပါတ်(၁)အား အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ခေါင်းယမ်းကာ “စိတ်မကောင်းပါဘူးဗျာ… ကျွန်တော်နဲ့ ခင်ဗျားနဲ့ ကံမပါဘူးဗျ”

Comment

Leave a Reply

Options

not work with dark mode
Reset