စာစဥ် (၄) အပိုင်း (၄၄)

စုယုဝေ၏တိုးတက်မှု

“မီးလျှံအလင်းကျင့်စဉ်မှာ အစိမ်းရောင်မီးတောက်နဲ့ ခရမ်းရောင်မီးတောက်ဆိုပြီးတော့ အဆင့် ၂ဆင့်ရှိတယ်… နင်က အခုမှ အစိမ်းရောင်မီးတောက်အဆင့်ရဲ့တံခါးဝကို ရောက်တယ်ဆိုရုံပဲရှိသေးတယ်…” ဇူယွမ်အောင်မြင်သွားသည်ကို မြင်လိုက်ရတဲ့အခါ ယောင်ယောင်က ဘေးမှပြောသည်။

ဇူယွမ် ခေါင်းညိတ်ပြလိုက်သည်။ သူ့ရဲ့လက်ချောင်းထိပ်မှ ခပ်ဖျော့ဖျော့အစိမ်းရောင်မီးတောက်လေးကို ကြည့်လိုက်ရင်းမှ သူကပြောသည်… “မီးလျှံအလင်းကျင့်စဉ်ရဲ့ အဖျက်စွမ်းအားက တကယ့်ကိုအံ့အားသင့်စရာကောင်းတာပဲ… ဒါပေမဲ့ အားနည်းချက်တချို့တော့ရှိတယ်… ချီစုစည်းခြင်းကိစ္စက ပြဿနာတစ်ခုပဲ… ဒါက မူလချီတွေကို များစွာအသုံးပြုရတယ်…”

သူ့အနေနဲ့ နဂါးအသက်ရှူခြင်းနည်းလမ်းကို အသုံးမပြုခဲ့ဘဲ မူလချီတွေစုပ်ယူခဲ့ခြင်းမရှိဘူးဆိုရင် သူဘယ်လောက်ပင်လေ့ကျင့်နေစေကာမူ ဒီလိုမျိုးသေးငယ်တဲ့ အစိမ်းရောင်မီးတောက်လေးကိုတောင် အောင်မြင်အောင်ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။

လက်ရှိသူ့ရဲ့ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့အင်အားအရ ဒီသေးငယ်တဲ့အလင်းအမျှင်တန်းလေးကိုသာ ဖန်တီးနိုင်စွမ်းရှိသည်။ တကယ်လို့များ ဒါကို ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်တွေ့တဲ့အချိန်မှာ အသုံးပြုခဲ့မယ်ဆိုရင် သူ့အနေနဲ့ရန်သူကို တစ်ချက်တည်းသတ်နိုင်အောင်ကြိုးစားရပေလိမ့်မည်။ ဒီလိုမှမဟုတ်ရင် ဒီအလင်းအမျှင်တန်းလေးက အချိန်ခဏအကြာမှာ အလိုအလျောက်ပျောက်ကွယ်သွားရပေလိမ့်မည်။

“ငါသာ ချီစုဆောင်းမှုအဆင့်ကို ရောက်နိုင်ခဲ့မယ်ဆိုရင်…” ဇူယွမ် သက်ပြင်းချလိုက်မိသည်။ ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိခြင်းက အဓိကအခန်းထဲကမှ အတွင်းဘက်အခန်းလေးတစ်ခုအတွင်းကို ဝင်ရောက်ခြင်းနှင့် အလားသဏ္ဍာန်တူသည်။ ချီပင်လယ်ကို တစ်ကြိမ်ဖွင့်နိုင်ခဲ့မည်ဆိုလျင် ခန္ဓာကိုယ်ထဲမှာ မူလချီတွေကို စုဆောင်းနိုင်မည်ဖြစ်သည်။ ဒီအရာက သူအလိုရှိတဲ့အချိန်တိုင်း သူ့ပတ်ဝန်းကျင်မှ မသန့်စင်တဲ့မူလချီအမျှင်တန်းတွေကိုစုပ်ယူနေရသည့် လက်ရှိသူ့ရဲ့ သနားစရာကောင်းသည့်အခြေအနေထက် အဆများစွာ သာလွန်ပေလိမ့်မည်။

ခန္ဓာကိုယ်ထဲက လုံလောက်တဲ့မူလချီထောက်ပံ့မှုနဲ့သာဆိုရင် အနက်ရောင်အဆင့်မူလကျင့်စဉ်ရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

အဲ့ဒီနောက်မှာ ဇူယွမ်ရဲ့နှလုံးသားက ပြန်လည်၍တည်ငြိမ်သွားခဲ့ရသည်။ အခုအချိန်မှာ သူ့အနေနဲ့ ရှေ့ကိုခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်မှာ သူလိုအပ်နေတာက သူ့ရဲ့ဝင်ပေါက်ရှစ်ခုစလုံးကို ဖွင့်နိုင်ပြီး အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းအတွက် ကောင်းမွန်သည့်အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ပင်ဖြစ်သည်။

“ကောင်းပြီ… ဒီအချိန်က ဟိုသတ္တဝါစုတ်ကို သွားသတ်ရမဲ့အချိန်ပဲ… မှော်သားရဲတစ်ကောင်က ငါ့ရဲ့လေ့ကျင့်မှုကို နှောင့်ယှက်ရဲတဲ့အတွက် ခွင့်လွှတ်မပေးနိုင်ဘူး…” ဇူယွမ်မတ်တပ်ရပ်ကာ ယောင်ယောင်ကို ပြောလိုက်ပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်က တောအုပ်အတွင်းကို ဦးတည်ကာပြေးထွက်ခဲ့လိုက်သည်။

သူက မီးလျှံအလင်းကျင့်စဉ်ရဲ့စွမ်းအားကို ထုတ်သုံးဖို့မစောင့်နိုင်အောင် ဖြစ်နေရသည်။

တောအုပ်ထဲဝင်ရောက်လာခဲ့ပြီးနောက်မှာ ဇူယွမ်က ၎င်းရဲ့အနက်ရှိုင်းဆုံးနေရာအထိ တောက်လျှောက်ဝင်ရောက်သွားခဲ့သည်။ အချိန်တစ်ခုထိကြာပြီးနောက်မှာ သူက မြင့်မားတဲ့သစ်ပင်ကြီးပေါ်မှာရပ်တန့်လိုက်ပြီး ထိုင်နေလိုက်သည်။ မီးလျှံကြံ့ရဲ့ အာရုံခံနိုင်စွမ်းက အလွန်ပင်မြင့်မားသည့်အတွက် သူတောအုပ်အနက်ပိုင်းကို ခြေချလိုက်တာနဲ့ သူ့ကိုရှာတွေ့နိုင်မည်ဆိုတာကို သူသိပေသည်။ ထို့ကြောင့်ပင် သူက မီးလျှံကြံ့ရောက်ရှိလာမဲ့အချိန်ကို ဒီနေရာကနေ ထိုင်စောင့်နေဖို့သာလိုအပ်သည်။

ဇူယွမ် သူ့ရဲ့မျက်လုံးတွေကို ပိတ်ထားလိုက်သည်။ ဆယ်မိနစ်လောက်ကြားပြီးသွားတဲ့အချိန်မှာ မြေပြင်ကတုန်ခါလာတာကို သူ့အနေနဲ့ခံစားလိုက်ရပြီး သူ့အကြည့်တွေက တောအုပ်ရဲ့အနက်ပိုင်းထဲကို ရောက်ရှိသွားခဲ့သည်။ ထိုနေရာမှာ သစ်ပင်ကြီးတွေ တစ်ပင်ပြီးတစ်ပင်ပြိုလဲကျသွားခဲ့သလို မိုးခြိမ်းသံအလားဆူညံသံတွေနဲ့အတူ သွေးနီရောင်ပုံရိပ်တစ်ခုက ရူးသွပ်စွာထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးမှာ ဆယ်ပေနီးပါးမြင့်မားသည့် သွေးနီရောင်ပုံရိပ်က ကွင်းပြင်တစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။ ၎င်းရဲ့တောက်ပတဲ့မျက်လုံးတွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်ပေါ်ကျရောက်နေခဲ့ပြီး နှာမှုတ်သံတရှူးရှူးကို ချောက်ချားစရာကောင်းလောက်အောင် ပြုလုပ်နေပေသည်။

၎င်းက မီးလျှံကြံ့ပင်ဖြစ်သည်။

၎င်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မီးလျှံချပ်ဝတ်တစ်ခုဖုံးအုပ်ထားခဲ့ပြီး တောက်ပတဲ့ချပ်ဝတ်က သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသည်။

“မင်းရောက်လာပြီလား…” ဇူယွမ် အနည်းငယ်ပြုံးလိုက်မိကာ အောက်ခြေမှ မီးလျှံကြံ့ကို ငုံ့ကြည့်လိုက်သည်။ သူ့အနေနဲ့ အရင်တစ်ကြိမ်တုန်းကလို ရှောင်ရှားနေခြင်းမရှိတော့ပေ။ ထိုအစား ဇူယွမ်က လေထဲကိုခုန်တက်သွားခဲ့လိုက်ပြီး မြေပြင်ပေါ်ဆင်းသက်လာခဲ့သည်။

“ဒီကိုလာစမ်း သတ္တဝါစုတ်…” ဇူယွမ်က လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး မီးလျှံကြံ့ကို လက်ယက်ခေါ်လိုက်သည်။

ဇူယွမ်၏ အထင်သေးမှုကို ခံစားလိုက်မိသည့်အခါ မီးလျှံကြံ့ရဲ့မျက်လုံးတွေထဲမှာ ချက်ချင်းဆိုသလို ရူးသွပ်မှုတွေပြင်းထန်လာခဲ့ရသည်။ ၎င်းရဲ့ခြေထောက်တွေကို အရှိန်ပြင်းစွာဆောင့်နင်းချလိုက်မှုကြောင့် မြေပြင်ကကွဲအက်သွားခဲ့ရသလို ၎င်းရဲ့ခန္ဓာကိုယ်က မီးလျှံအရိပ်တစ်ခုအလား ပြောင်းလဲသွားခဲ့ကာ ဇူယွမ့်ထံ ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် ဝင်ရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ထူထဲလှသည့်မီးလျှံချပ်ဝတ်က လောင်ကျွမ်းသွားသည့်အလား တောက်ပတဲ့အလင်းရောင်တွေ ထွက်ပေါ်လာသည်။

ဒီအင်အားအောက်မှာ လေထုတောင်မှ ဆူညံစွာပေါက်ကွဲသွားခဲ့ရသည်။

ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်တောင်မှ မီးလျှံကြံ့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကို ရှောင်ရှားဖို့ကလွဲပြီး အခြားရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်ပေ။

သို့ပေမဲ့လည်း ဇူယွမ်က လုံးဝမလှုပ်ရှားခဲ့သလို ဆုတ်ခွာဖို့လည်း ရည်ရွယ်ချက်မရှိခဲ့ပေ။ ထိုအစား သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထဲက မူလချီတွေကို ဝဲကတော့ပုံစံလှည့်ပတ်စေလိုက်ပြီး အဆက်မပြတ်စုစည်းလိုက်သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ ဇူယွမ်က သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်သလို မှိန်ဖျော့ဖျော့အစိမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဇူယွမ့်ခန္ဓာကိုယ်က ထွက်ပေါ်နေသည့် အရှိန်အဝါအငွေ့အသက်က ရုတ်ချည်းမြင့်တက်သွားခဲ့ရပြီး သူ့ခန္ဓာကိုယ်ကလည်း ရှေ့သို့ပြေးထွက်သွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလျှံကြံ့နှင့် ပြင်းထန်စွာရင်ဆိုင်မိလိုက်သည်။

ဒီအချိန်လေးအတွင်းမှာပင် ဇူယွမ်ရဲ့လက်က ဓားတစ်ချောင်းအလားဖြစ်သွားခဲ့ပြီး တောင်ကိုခုတ်ပိုင်းလိုက်သကဲ့သို့ ရက်စက်ကြမ်းကြုတ်လှတဲ့ မီးလျှံကြံ့၏မျက်နှာပေါ်ကို ပြင်းပြင်းထန်ထန်ပိုင်းချလိုက်သည်။

ရွှပ်…

သူ့ရဲ့လက်ကျရောက်သွားတဲ့အချိန်မှာ ခပ်သဲ့သဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာ လတ်ဆတ်တဲ့သွေးတွေ ပန်းထွက်လာခဲ့ပြီး လွန်စွာကြီးမားသည့်မီးလျှံကြံ့၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားခဲ့ရသည်။

၎င်းရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နောက်ကွယ်မှာ ပါဝင်နေခဲ့တဲ့အရှိန်ကြောင့် နှစ်ပိုင်းပြတ်နေတဲ့ကြံ့ကြီးရဲ့ခန္ဓာကိုယ်က တော်တော်ဝေးကိုရောက်တဲ့အထိ ဆက်လက်တိုးဝင်သွားခဲ့ပြီးမှ ကျယ်လောင်သည့်အသံနဲ့အတူ မြေပြင်ပေါ်ပြုတ်ကျသွားခဲ့ကာ သွေးတွေက မြေပြင်ပေါ်မှာ အိုင်ထွန်းသွားရသည်။

တစ်ဖက်မှာတော့ ဇူယွမ်က နေရာမှာပင်မလှုပ်မယှက်ရပ်နေပြီး သွေးတွေပေကျံနေလျက် ခုတ်ပိုင်းလိုက်သည့်အနေအထားအတိုင်းပဲ ရှိနေသည်။ သူ့ရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအယာတစ်ခုက ထင်ဟပ်နေပေသည်။

သူ့ရဲ့လက်မှ အစိမ်းရောင်အလင်းက မှေးမှိန်ပျောက်ကွယ်သွားခဲ့စဉ်မှာပင် သူ့ရဲ့ခန္ဓာကိုယ်က တုန်ယင်လျက်မြေပြင်ပေါ်လဲကျသွားခဲ့ရသည်။ အစောပိုင်းတုန်းက ခုတ်ပိုင်းချက်မှာ သူ့ရဲ့စွမ်းအားအကုန်အစင် အသုံးပြုခဲ့ရပေသည်။

သူ့ရဲ့ခေါင်းကို ဖြည်းညှင်းစွာလှည့်လိုက်ပြီး နှစ်ပိုင်းပြတ်နေသည့် ကြံ့ကြီးကိုကြည့်ကာ ပြုံးလိုက်မိသည်။

မီးလျှံအလင်းကျင့်စဉ်၏ အဖျက်စွမ်းအားက လွန်စွာမှပင်ကြောက်စရာကောင်းလှသည်။

ဒါ့အပြင် အခုအချိန်မှစပြီး ဒီနေရာတစ်ဝိုက်ရဲ့အရှင်သခင်အသစ်က ဇူယွမ်ဆိုသည့် သူဖြစ်သွားခဲ့ရပြီဖြစ်သည်။

တောင်တန်းအတွင်းမှာ အချိန်တွေက လျင်မြန်စွာပဲ ကုန်ဆုံးသွားခဲ့ရသည်။

ဇူယွမ်က တောင်တန်းအတွင်း၌ သူ့ရဲ့လေ့ကျင့်မှုတွေထဲမှာပဲ နစ်မြှုပ်နေခဲ့စဉ်မှာ ချီယွဲ့အတွက်ကတော့ အခြေအနေမကောင်းခဲ့ပေ။ သူတို့တွေ ဘယ်လောက်ပင်ကြိုးစားပြီး ရှာဖွေနေခဲ့သော်ငြား လူဟောင်နဲ့ မီးလျှံအလင်းကျင့်စဉ်ရဲ့ အရိပ်အယောင်လေးကိုတောင်မှ ရှာတွေ့နိုင်ခြင်းမရှိခဲ့ပေ။

အခန်းတစ်ခုအတွင်းမှာ ချီလင်းက အမူအယာပျက်ယွင်းစွာဖြင့် ပြောလိုက်သည်… “ဒုတိယသခင်လေး… ကျွန်တော်တို့တွေ မြို့ပေါင်းများစွာမှာ လှည့်ပတ်ရှာဖွေခဲ့ပေမဲ့ လူဟောင်ရဲ့ သဲလွန်စအနည်းငယ်လေးကိုတောင်မှ ရှာမတွေ့နိုင်ခဲ့ဘူး… သူက လေထဲမှာ ပျောက်ကွယ်သွားခဲ့တဲ့အတိုင်းပဲ…”

ချီယွဲ့ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ရသည်။ တော်တော်လေးကြာသွားခဲ့ပြီးမှ သူက ပြန်ပြောလိုက်သည်… “ငါတို့တွေ ဒီလောက်ရှာတာတောင်မတွေ့နိုင်ဘူးဆိုရင် သူ့ရဲ့အလောင်းတောင် မကျန်ရစ်နိုင်တော့မှာကို ငါစိုးရိမ်မိတယ်…”

ချီလင်းက ဖြည်းညှင်းစွာသက်ပြင်းချလိုက်ပြီး… “သူအသတ်ခံလိုက်ရပြီလို့ သခင်လေးက ပြောချင်တာလား…”

ချီယွဲ့က အံကိုတင်းတင်းကြိတ်လိုက်ကာ… “သူ့ကို ဘယ်သူသတ်သွားလဲဆိုတာကို ငါမသိပေမဲ့လည်း မီးလျှံအလင်းကျင့်စဉ်က ဇူယွမ်ရဲ့လက်ထဲမှာရှိနေတယ်လို့ ငါခံစားနေရတယ်…”

ချီလင်းရဲ့အမူအယာက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်… “ဒီအတိုင်းသာဆိုရင် ဒါက အရမ်းကိုခက်ခဲသွားလိမ့်မယ်…”

ပြီးခဲ့တဲ့မတော်တဆမှု ဖြစ်သွားပြီးခဲ့ကတည်းက ဇူချင်က ဇူယွမ်ရဲ့လုံခြုံရေးကို တိုးမြှင့်ပေးထားခဲ့သည်။ လုတိန်ရှန်းကလည်း ဇူယွမ်ရှိနေတဲ့ နေရာတစ်ဝိုက်က ပြင်ပလူတွေအားလုံးကို မောင်းထုတ်ထားခဲ့သည်။ သူတို့တွေအနေနဲ့ အရင်တစ်ခေါက်ကလိုထပ်လုပ်ဖို့ သေချာပေါက်ကို ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

ချီယွဲ့ရဲ့မျက်လုံးထဲမှာ ရက်စက်တဲ့အကြည့်တွေ ထွက်ပေါ်လာခဲ့သည်။ တိတ်ဆိတ်မှုကခဏကြာသွားခဲ့ပြီးနောက်မှာ သူကအေးစက်စွာပြောလိုက်သည်… “လျှိုစီကို သွားခေါ်လိုက်…”

ချီလင်းက ချီယွဲ့ကို ကြည့်လိုက်မိသည်။ သူ့အနေနဲ့ ချီယွဲ့ဘာစီစဉ်နေတယ်ဆိုတာကို မသိနိုင်ခဲ့သည့်အတွက် သူခိုင်းတဲ့အတိုင်းသာ လုပ်ဖို့ပဲရှိတော့သည်။

မနက်ခင်းရဲ့ လှပတဲ့နေရောင်ခြည်က ဇူအင်ပါယာမြို့တော်အပေါ်ကို ဖြန့်ကျက်ကာဖုံးလွှမ်းထားလျက်ရှိသည်။

တော်ဝင်ဇူကျောင်းတော်အတွင်းမှာ စုယုဝေက သူမရဲ့အတန်းပြီးဆုံးသွားခဲ့ချိန်တွင် ကျောင်းတော်ထဲမှထွက်လာခဲ့ပြီးနောက် သူမရဲ့အိမ်တည်ရှိရာ မြို့တော်ရဲ့တောင်ဘက်ပိုင်းသို့သွားသည့်လမ်းအတိုင်း လျှောက်လှမ်းလာခဲ့လိုက်သည်။ ဇူယွမ်က ကျောင်းတော်ကို အချိန်ကြာမြင့်စွာရောက်လာခဲ့ခြင်းမရှိတာကြောင့် သူမသည်လည်း ကျောင်းတော်ထဲမှာပဲ အချိန်ဖြုန်းနေလိုခြင်းမရှိခဲ့ပေ။

ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ ရှည်လျားသေးသွယ်တဲ့ ခြေထောက်လေးတွေက ရေမြောင်းကို ပေါ့ပေါ့ပါးပါးဖြတ်ကျော်ခဲ့လိုက်သည်။ သူမရဲ့ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ကျစ်ဆံမြီးကျစ်ထားတဲ့ဆံနွယ်လေးတွေ ခုန်ပေါက်လှုပ်ရှားသွားမှုက လမ်းသွားလမ်းလာတွေရဲ့အကြည့်ကို ဆွဲဆောင်သွားခဲ့သည်။

ရင်းနှီးနေတဲ့လမ်းတွေကို တစ်လမ်းပြီးတစ်လမ်းဖြတ်ကျော်လာခဲ့ပြီးနောက် ထောင့်ချိုးတစ်ခုကိုရောက်တဲ့အခါ သူမရဲ့ခြေလှမ်းတွေက ရုတ်တရက်ရပ်တန့်သွားခဲ့ရပြီး သူမရဲ့ခေါင်းကိုမော့ကာ ရှေ့ကိုကြည့်လိုက်မိသည်။

လျှိုစီက သူမရဲ့သွားလမ်းကို ပိတ်ထားခဲ့ပြီး နံရံကိုမှီ၍ရပ်နေသလို သူမရဲ့နောက်မှာလည်း လူများစွာရပ်နေလျက်ရှိသည်။

လျှိုစီရဲ့လှပတဲ့မျက်နှာလေးက စုယုဝေကို ရေခဲတမျှအေးစက်စွာ စိုက်ကြည့်နေသည်။ သူမရဲ့မျက်လုံးတွေထဲမှာ မနာလိုမှုတွေ ဖြစ်ပေါ်လာခဲ့ရပြီး အေးစက်စက်ပြုံးလိုက်ပြီးပြောသည်… “စုယုဝေ ငါနဲ့အတူလိုက်လာခဲ့…”

“နင်က ဘာလုပ်ဖို့ကြံနေတာလဲ…” စုယုဝေရဲ့မျက်ခုံးတွေ တွန့်ကွေးသွားခဲ့ရသည်။

လျှိုစီက နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ ပြောသည်… “ဟမ့်… ဇူယွမ်က ချီယွဲ့ဆီကနေ တစ်ခုခုခိုးယူသွားခဲ့တယ်… နင့်ကို အဲ့ဒါနဲ့ပြန်လဲဖို့ အသုံးပြုရလိမ့်မယ်…”

ဒါကိုကြားလိုက်ရတဲ့အခါ စုယုဝေရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်အေးစက်သွားခဲ့ရသည်… “ဘယ်လိုမျိုးဟာသလဲ… ချီယွဲ့ရဲ့ပစ္စည်းကို မင်းသားလေးက မျက်စိကျလိမ့်မယ်လို့ နင်ကထင်နေတာလား…”

“တော်တော်စကားများတဲ့ အောက်တန်းစားမိန်းမပဲ…” လျှိုစီရဲ့မျက်ခုံးတွေလှုပ်ရှားသွားခဲ့ပြီး အော်ပြောလိုက်သည်… “သူ့ကို ဖမ်းလိုက်စမ်း…”

သူမရဲ့ စကားသံထွက်ပေါ်လာတာနဲ့တစ်ချိန်တည်းမှာ သူမနောက်မှ လူနှစ်ယောက်က ချက်ချင်းဆိုသလို ရှေ့ကိုပြေးထွက်လာခဲ့သည်။ အနည်းငယ်အားပျော့လှတဲ့ မူလချီအလင်းတွေ သူတို့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်စလုံးက ဝင်ပေါက်ငါးခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတွေဖြစ်ကြောင်းကို သိနိုင်ပေသည်။

စုယုဝေက လှုပ်ရှားခြင်းမရှိဘဲနဲ့ သူမဆီတိုးဝင်လာတဲ့လူနှစ်ယောက်ကို အေးစက်စက်စိုက်ကြည့်နေလိုက်သည်။ သူတို့ရဲ့လက်တွေက သိမ်းငှက်လက်သည်းပုံစံပြုလုပ်လိုက်သည့်အခါမှသာ သူမက ရုတ်တရက်လှုပ်ရှားလိုက်သည်။

ကျောက်စိမ်းရောင်အလင်းတွေလှည့်ပတ်နေလျက် ကြောက်မက်ဖွယ်ကောင်းသည့်မူလချီတွေပါဝင်နေသည့် လက်ချောင်းနှစ်ချောင်းက လေထုကိုဖြတ်သန်းသွားခဲ့ပြီး ရှေ့ကိုတိုးဝင်သွားခဲ့သည်။

ရွှစ်… ရွှစ်…

လက်ချောင်းနှစ်ချောင်းကျရောက်လာသည့်အခါ ဝင်ရောက်လာသည့်လူနှစ်ယောက်က နောက်ဘက်ကို ပြန်လည်၍လွင့်ထွက်သွားခဲ့ရပြီး သူတို့ရဲ့ပခုံးတွေထံမှ သွေးတွေစီးကျလာခဲ့သည်။

စုယုဝေရဲ့လက်တွေက သူမရဲ့ခန္ဓာကိုယ်ဘေးမှာ ချထားလျက်ရှိသလို မူလချီအလင်းတွေကလည်း သူမကိုလှည့်ပတ်နေလျက်ရှိကာ သူမရဲ့အရှိန်အဝါက တဖြည်းဖြည်းပို၍မြင့်တက်လာခဲ့သည်။

လျှိုစီက စုယုဝေကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်လိုက်မိပြီး သူမရဲ့သွားတွေကျိုးကြေသွားတော့မတတ် အံကိုတင်းတင်းကြိတ်လျက်မှပြောလိုက်သည်… “နင်က ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီလား…”

သူမအနေနဲ့ စုယုဝေက လွန်ခဲ့တဲ့တစ်လကမှ သူမရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့တယ်ဆိုတာကို သိထားခဲ့သည်။ သူမရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ဘယ်လိုလုပ်ဒီလောက်မြန်မြန်ချိုးဖျက်နိုင်ခဲ့ရတာလဲ။

စုယုဝေက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်… “လွန်ခဲ့တဲ့ဆယ်ရက်လောက်တည်းက ချိုးဖျက်နိုင်ခဲ့တာ…”

ဇူယွမ်ကျောင်းတော်မှာ မရှိတဲ့အချိန်အတွင်းမှာ စုယုဝေကလည်း ပျင်းရိမနေခဲ့ပေ။ သူမအနေနဲ့ ကျောင်းအုပ်ချူထျန်းယန်ရဲ့ ကိုယ်တိုင်သင်ကြားပေးမှုကို ရရှိခဲ့သည်။ ချူထျန်းယန်၏ထင်မြင်ချက်က ဇူယွမ်ထက်စာလျှင် စုယုဝေရဲ့တည်ငြိမ်တဲ့ပုံစံအပေါ် အနည်းငယ်စိုးရိမ်မိပေသည်။ ဒါ့ကြောင့်ပင် ဒီအချိန်တွေအတွင်းမှာ သူမရဲ့လေ့ကျင့်မှုတွေကို သူကိုယ်တိုင်သင်ကြားပြသပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ဇူယွမ်တစ်ယောက် တိုးတက်မှုရှိလာတဲ့အချိန်မှာ သူမကလည်းရပ်တန့်မနေခဲ့ပေ။

လျှိုစီရဲ့မျက်နှာက ဒေါသကြောင့်အရောင်ပြောင်းသွားခဲရပြီး သူမရဲ့မျက်လုံးတွေထဲမှာ ပူပန်မှုတွေထွက်ပေါ်လာခဲ့ရသည်။ သူမက များစွာသောအရင်းအမြစ်တွေကို အသုံးပြုခဲ့ပြီး အချိန်ကြာမြင့်စွာလေ့ကျင့်ခဲ့ပြီးနောက်မှာမှ သူမရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို လွန်ခဲ့တဲ့လဝက်တုန်းကမှ ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ စုယုဝေက သူမရဲ့အချိန်တစ်ဝက်သာကြာမြင့်ခဲ့ပြီး သူမကို နောက်ကောက်ချထားခဲ့သည်။ ဒါကဘယ်လိုလုပ် သူမကို မနာလိုမဖြစ်စေဘဲနေလိမ့်မည်နည်း။

လျှိုစီက အေးစက်စွာပြောသည်… “နင်က ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တာနဲ့ ဒီနေရာကနေ လွတ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားတာလား…”

“လျှိုယီ… ငါ့အတွက်သူမကို သွားဖမ်းပေးစမ်း… ဒီအရှက်မရှိတဲ့မိန်းမရဲ့မျက်နှာကို နင်ကဖျက်စီးနိုင်ရင် ပိုကောင်းတယ်…”

လျှိုစီရဲ့စကားသံထွက်ပေါ်လာသကဲ့သို့ သူမနောက်မှ လူတစ်ယောက်ကလည်း ဖြည်းညှင်းစွာလျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားတွေက ချက်ချင်းဆိုသလို သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ဒါကိုမြင်လိုက်ရသည့်အခါ နောက်ဆုံးမှာ စုယုဝေရဲ့အမူအယာက လေးနက်သွားခဲ့ရသည်။ သို့ပေမဲ့ သူမက အစီအစဉ်တစ်ခု စဉ်းစားရန်ကြိုးစားနေစဉ်မှာပင် လူနှစ်ယောက်က သူမနောက်ဘက်မှထွက်ပေါ်လာခဲ့ပြီး သူမဘေးတွင်ရပ်တန့်ခဲ့သောကြောင့် သူမက အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။

ထိုလူနှစ်ယောက်ရဲ့ပုံစံက သာမန်လို့သာထင်ရပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ မူလချီတွေရဲ့လှုပ်ရှားမှုအရ ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတွေဖြစ်ကြောင်း အလွယ်တကူသိရှိနိုင်ပေသည်။

“ရှင်တို့က ဘယ်သူတွေလဲ…” နောက်ထပ်အသစ်ရောက်လာတဲ့ လူနှစ်ယောက်ကိုမြင်လိုက်ရသည့်အခါ စုယုဝေ အံ့အားသင့်စွာမေးလိုက်မိသည်။

ထိုလူနှစ်ယောက်က ဖြည်းညှင်းစွာရယ်မောလိုက်ပြီး ပြန်ပြောသည်… “ကျွန်တော်တို့က မိန်းကလေးကို ကာကွယ်ပေးဖို့အတွက် မင်းသားလေးလွှတ်ထားတဲ့လူတွေပါ… မင်းသားလေးက ချီယွဲ့ရဲ့ဒေါသတွေ မိန်းကလေးအပေါ်ကျရောက်လာမှာကို စိုးရိမ်တဲ့အတွက် ကျွန်တော်တို့ကို တိတ်တဆိတ်စောင့်ရှောက်ခိုင်းထားတာပါ…”

စုယုဝေက ဒါကိုကြားလိုက်ရသည့်အခါ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်မိသည်။ သူမအနေနဲ့ ဘာတစ်ခုမှမပြောခဲ့သော်လည်း အစောပိုင်းက လျှိုစီရဲ့အပြုအမူကို စိတ်ထဲမှာမရှိတော့သည့်အလား သူမရဲ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်မသိမသာမြင့်တက်သွားခဲ့ရသည်။

ထိုလူနှစ်ယောက်က သူတို့ရဲ့ခေါင်းတွေကိုမော့၍ လျှိုစီကိုကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပြောလိုက်သည်… “ကိုယ့်ကိုကိုယ်ပြန်စဉ်းစားပါဦး မိန်းကလေးလျှို… ချီယွဲ့ရဲ့နယ်ရုပ်တစ်ခု ဖြစ်မသွားပါစေနဲ့…”

လျှိုစီရဲ့မျက်နှာပေါ်မှာ ဒေါသတွေဖြင့် ပြည့်နှက်နေခဲ့ရပေမဲ့လည်း သူမအနေနဲ့ အခုအချိန်မှာ စုယုဝေကို ဘာတစ်ခုမှ လုပ်နိုင်လိမ့်မည်မဟုတ်ဘူးဆိုတာကို သိပေသည်။

“ဒီခွေးကောင်ဇူယွမ်…”

လျှိုစီဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။ အဲ့ဒီနောက်မှာ လမ်းပိတ်ထားတာကို ဖွင့်ပေးလိုက်ပြီး ခြေတစ်ချက်ဆောင့်ကာ သူမလူတွေကို ဦးဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့သည်။

နန်းတော်အစောင့်အရှောက်နှစ်ယောက်က စုယုဝေဘက်ကို ပြန်လှည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်… “မိန်းကလေးစု… ကျွန်တော်တို့တွေ မိန်းကလေးကို အိမ်ပြန်လိုက်ပို့ပေးပါမယ်…”

“စီနီယာတို့ကို ဒုက္ခများစေမိပြီ…” စုယုဝေက ငြင်းပယ်ခဲ့ခြင်းမရှိခဲ့ချေ။ သူမက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်… “မင်းသားလေးဘာလုပ်နေလဲဆိုတာကို စီနီယာတို့များသိပါသလား… သူက နှစ်လနီးပါးလောက်ပျောက်နေလို့ပါ…”

“မစိုးရိမ်ပါနဲ့ မိန်းကလေးစု… မင်းသားလေးက သူ့ရဲ့လေ့ကျင့်မှုမှာ အရေးကြီးတဲ့အချိန်ကို ရောက်နေလို့ပါ… အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအတွက် ဒီလဝက်အတွင်းမှာ သေချာပေါက်ပြန်လာပါလိမ့်မယ်…”

စုယုဝေခေါင်းညိတ်ပြလိုက်သည်။ သူမအနေနဲ့ ဇူယွမ်ရဲ့ လေ့ကျင့်မှုအခြေအနေကို သိရခြင်းမရှိပေမဲ့လည်း ချီယွဲ့က သူ့ရဲ့ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ခဲ့ပြီဆိုတာကို သူမကြားခဲ့ရသည်။ ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ သူမတို့ပါရမီရှင်အတန်းရဲ့ပထမနေရာကို ပြန်လည်ရယူနိုင်ဖို့အတွက်ဆိုရင် ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ရှောင်ရှားလို့ရလိမ့်မည်မဟုတ်သည်မှာတော့ အသေအချာပင်။

Comment

Leave a Reply

Options

not work with dark mode
Reset