စာစဥ် (၃) အပိုင်း (၃၉)

ရန်သူနှင့်ထိပ်တိုက်တွေ့ဆုံခြင်း

မှောင်မည်းနေတဲ့တောအုပ်အတွင်းမှာ မိုးထိအောင်မြင့်မားလှသည့် သစ်ပင်ကြီးတွေပေါက်ရောက်နေပြီး ရော်ရွက်ဝါတွေက မြေပြင်ပေါ်မှာ ကြွေကျကာဖုံးလွှမ်းနေပေသည်။ နေရဲ့အလင်းရောင်က ထူထပ်အုံ့ဆိုင်းနေတဲ့ သစ်ရွက်တွေကြားမှာ တစ်ခါတစ်ရံမှသာ ထွက်ပေါ်နေသည်။ ဒီနေရာက အန္တရာယ်တွေနှင့် ပြည့်နှက်နေပေသည်။

တောအုပ်အတွင်းတစ်နေရာမှာတော့ ဇူယွမ်၏ခန္ဓာကိုယ်က အသင့်အနေအထားဖြင့် သတိကြီးစွာထားလျက် သူ့ရဲ့မျက်လုံးတွေကလည်း ရှေ့မှငွေရောင်ဦးချိုပါ အနက်ရောင်မူလမှော်သားရဲကို ကြည့်နေသလို ၎င်းကလည်းသူ့ရဲ့သားရဲမျက်လုံးတွေနဲ့ ဇူယွမ်ကို ပြန်လည်စိုက်ကြည့်နေလျက်ရှိပေသည်။

၎င်းက အဆင့် ၁ မူလမှော်သားရဲတစ်ကောင်ဖြစ်တဲ့ ငွေရောင်ဦးချိုမှော်သားရဲပင်ဖြစ်သည်။

ဂါး…

ငွေရောင်ဦးချိုမှော်သားရဲ၏ ခန္ဓာကိုယ်က ဖြည်းညှင်းစွာနိမ့်ဆင်းသွားခဲ့ပြီး စက္ကန့်အနည်းငယ်အကြာမှာပင် အရိပ်တစ်ခုအလား ရှေ့ကိုတစ်ဟုန်ထိုးပြေးထွက်လာခဲ့သည်။ ဆိုးရွားလှတဲ့သွေးညှီနံ့က ပြင်းထန်စွာထွက်ပေါ်လာခဲ့ရသလို ၎င်းက ဇူယွမ့်ထံခုန်အုပ်လိုက်သည်။

“နဂါးခြေလှမ်း…”

ငွေရောင်ဦးချိုမှော်သားရဲက လျင်မြန်ပြီးရက်စက်ကြမ်းကြုတ်တဲ့အတွက် ဇူယွမ်အနေဖြင့် မပေါ့ဆရဲပေ။ သူ့ရဲ့ခြေထောက်တွေက ချက်ချင်းလှုပ်ရှားသွားခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း ရွေ့လျားပျောက်ကွယ်သွားခဲ့သည်။

ရွှစ်…

ငွေရောင်ဦးချိုသားရဲ၏ လက်သည်းတွေက ဇူယွမ်ရဲ့မျက်နှာအရေပြားကို ရှပ်ထိသွားခဲ့ရသည်။

ဇူယွမ်ကလည်း လက်သီးဆုပ်လိုက်ပြီး မူလချီအလင်းတွေလှည့်ပတ်နေလျက် ငွေရောင်ဦးချိုမှော်သားရဲ၏ နောက်ပိုင်းကို ပြင်းပြင်းထန်ထန်ထိုးလိုက်သည်။

ဘုန်း…

ငွေရောင်ဦးချိုမှော်သားရဲက ကျယ်လောင်စွာမြည်ကြွေးလိုက်သလို ၎င်းရဲ့ခန္ဓာကိုယ်ကလည်း မြေပြင်နှင့်ပြင်းထန်စွာထိရိုက်မိသွားခဲ့ပြီး ချိုင့်ကြီးတစ်ခုဖြစ်ပေါ်သွားခဲ့သည်။

ဇူယွမ်ရဲ့ခန္ဓာကိုယ်ကလည်း နောက်ဘက်ကို ပြန်လည်လွင့်ထွက်လာခဲ့ရပြီး ခြေဆယ်လှမ်းကျော်မှသာ သူ့ကိုယ်သူတည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။

သူ့လက်မောင်းက နာကျင်မှုကို မသိကျိုးကျွန်ပြုကာ ဇူယွမ်က ရှေ့ကိုနောက်တစ်ကြိမ်ထပ်ပြီး ခုန်အုပ်လိုက်သလို သူ့ခန္ဓာကိုယ်ထဲက မူလချီတွေက စွမ်းအင်ဝင်ပေါက်တွေကို ဖြတ်သန်းပြီး လက်ဝါးထဲကို တစ်ဟုန်ထိုးစုစည်းလာခဲ့ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“နဂါးလက်ဝါး… တောင်ကိုဖြိုခြင်း…”

လေတိုးသံခပ်သဲ့သဲ့ထွက်ပေါ်လာခဲ့သလို တစ်ဆက်တည်းမှာ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

ဘန်း…

ငွေရောင်ဦးချိုမှော်သားရဲ ပြန်လည်ရပ်တန့်နိုင်တဲ့အချိန်ထိ မစောင့်ခဲ့ဘဲ ဇူယွမ်ရဲ့လက်က အရှိန်ပြင်းစွာဖြင့် ၎င်း၏ခေါင်းပေါ်ကိုရိုက်ချလိုက်ပြီး ချက်ချင်းဆိုသလို ၎င်းရဲ့မာကျောတဲ့ဦးခေါင်းခွံကွဲကြေသွားခဲ့ရကာ ၎င်း၏ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်ကို ကျယ်လောင်စွာဖြင့် လဲကျသွားခဲ့သည်။

ငွေရောင်ဦးချိုမှော်သားရဲကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီးမှပဲ ဇူယွမ်တစ်ယောက်သက်ပြင်းချနိုင်လိုက်ကာ သူ့ရဲ့တောင့်တင်းနေတဲ့ခန္ဓာကိုယ်က ပြေလျော့သွားခဲ့ရသည်။

ဝှစ်…

သို့ပေမဲ့ သူအနားယူနေစဉ်အခိုက်အတန့်မှာပင် သူ့ရဲ့နောက်ကျောမှာရှိတဲ့ သစ်ပင်အရိပ်ထဲမှ အရိပ်တစ်ခု ရုတ်တရက်လွင့်ပျံလာသည်။ ချွန်ထက်တဲ့အစွယ်တွေက အေးစက်မှုအပြည့်ဖြင့် ဇူယွမ်ရဲ့လည်ချောင်းထံ ကြောက်စရာကောင်းလောက်အောင် နီးကပ်လာခဲ့သည်။

“သိုင်းပညာပုံစံ…”

ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ဇူယွမ်ရဲ့လက်ထဲမှာ အလင်းရောင်တွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရပြီး အရောင်တွေစွန်းထင်းနေလျက်ရှိသည့် အနက်ရောင်စုတ်တံတစ်ချောင်းပေါ်ထွက်လာသည်။ စုတ်တံထိပ်ဖျားက နှင်းလိုဖြူဖွေးတဲ့အမွှေးတွေက ကြာပန်းသဏ္ဍန်စုစည်းသွားခဲ့ပြီး လှံတံတစ်ချောင်းအလား လွန်စွာထက်မြသွားခဲ့ရသလို ၎င်းရဲ့ပတ်ပတ်လည်မှာလည်း မူလချီအလင်းတွေ လှည့်ပတ်နေသည်။ တစ်ချက်ဝှေ့ယမ်းမှုနဲ့အတူ ၎င်းကလေထုထဲကို ထိုးဖောက်ထွက်သွားခဲ့ပြီး ထွက်ပေါ်လာခဲ့သည့်အရိပ်ကို ထွင်းဖောက်သွားခဲ့ကာ သစ်ပင်၏ပင်စည်မှာ စိုက်ဝင်သွားခဲ့သည်။

ဇူယွမ်ရဲ့လက်တွေက ကောင်းကင်ယွမ်စုတ်တံရဲ့အစွန်ကို ကိုင်ထားလျက် ခေါင်းမော့ကြည့်သည့်အခါ သစ်ပင်၏ပင်စည်မှာ စိုက်ဝင်နေတဲ့ ကြီးမားသည့်မြွေကြီးတစ်ကောင်ကို တွေ့လိုက်ရသလို ၎င်းထံမှလည်းလတ်ဆတ်တဲ့သွေးတဲ့ စီးကျနေလျက်ရှိလေသည်။

၎င်းက နောက်ထပ်အဆင့် ၁ မူလမှော်သားရဲတစ်ကောင်ဖြစ်သည့် အရိပ်စပါးအုံးမြွေတစ်ကောင်ပင်။

“ငါနဲ့လာပြီး ရင်ဆိုင်ချင်တာလား…” ဇူယွမ်က မြွေရဲ့အလောင်းကိုကြည့်ကာ ပြုံးဖြဲဖြဲဖြင့်ပြောသည်။ သူက အစောပိုင်းတုန်းက တိုက်ခိုက်မှုမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ တကယ်လို့သူရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအဆင့်ကို ရောက်မနေခဲ့ဘူးဆိုရင် သူ့ကိုအာရုံခံစားနိုင်မှုလျော့နည်းစေနိုင်ပြီး ဒီအကောင်နဲ့ပထမဆုံးထိပ်တိုက်တွေ့မှုမှာပင် သူက ၎င်းရဲ့အစာအဖြစ် ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို ပြန်ဆွဲထုတ်လိုက်ပြီး ရေးဆွဲခြင်းပုံစံပြောင်း၍ သူ့ကျောပြင်မှာ ပြန်လည်ချိတ်ဆွဲလိုက်သည်။ တစ်ဆက်တည်းမှာ သူက စပါးအုံးမြွေနဲ့ ငွေရောင်ဦးချိုမှော်သားရဲနှစ်ကောင်လုံးရဲ့ အလောင်းတွေကို မယူလိုက်ပြီး တောအုပ်အပြင်ဘက်ကို လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။

တောအုပ်အတွင်းမှ ထွက်ခွာလာခဲ့ပြီးနောက်မှာ တောင်ကြားထဲကို ပြန်ရောက်ဖို့ ဆယ်မိနစ်ကျော်လောက် လမ်းလျှောက်ခဲ့လိုက်ရသည်။ ယောင်ယောင်က စမ်းချောင်းလေးဘေးက ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်နေသကဲ့သို့ သူမရဲ့ခြေထောက်လေးတွေကို အေးမြတဲ့ရေထဲမှာ နစ်မြှုပ်ထားလျက် ညင်သာစွာဆော့ကစားနေလျက်ရှိသည်။ တစ်ချိန်တည်းမှာ ထန်ထန်က စမ်းချောင်းထဲကို တက်လိုက်ဆင်းလိုက်ဖြင့် ကူးခတ်လျက် ငါးဖမ်းနေပေသည်။

အသံတစ်ချို့ကို ကြားလိုက်ရသည့်အတွက် ယောင်ယောင်ရဲ့ခေါင်းလေးက လှည့်လာခဲ့ပြီး ဇူယွမ်ကိုကြည့်၍ ပြောသည်… “မဆိုးဘူး… အနည်းဆုံးတော့ နင်က ဒီတစ်ကြိမ်မှာ ဒဏ်ရာမရခဲ့ဘူးပဲ…”

သူမရဲ့စကားကို ကြားလိုက်ရသည့်အခါ ဇူယွမ်က အနည်းငယ်ကသိကအောက်ဖြစ်သွားခဲ့ရကာ မူလမှော်သားရဲအလောင်းနှစ်ခုကို မြေပြင်ပေါ်ပစ်ချလိုက်သည်။ ဒါက သူ့အနေနဲ့ အနက်ရောင်သစ်တောတောင်တန်းထဲမှာ ငါးရက်မြောက်နေ့ဖြစ်ပြီး မူလမှော်သားရဲတွေနှင့် တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းတွေကို သူက အနည်းငယ်ကျင့်သားရနေခဲ့ပြီဖြစ်သည်။

သို့ပေမဲ့လည်း ဒီနေရာမှာ သူ့ရဲ့ပထမဆုံးနေ့က သူ့မှာများစွာသော ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ရသည်။ အထူးသဖြင့် လက်သည်းကုတ်ချက်တစ်ချက်က သူ့ရဲ့ရင်ဘတ်မှာ အရိုးတွေကို မြင်တွေ့ရသည်အထိ ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့သည်။ နောက်ဆုံးမှာ ဇူယွမ်က လေ့ကျင့်တိုက်ခိုက်မှုနဲ့ အစစ်အမှန်သေခြင်းရှင်ခြင်းတိုက်ပွဲအကြား ကွာခြားချက်တွေကို နားလည်ခဲ့ရသည်။

ဒီမူလမှော်သားရဲတွေက များစွာသောတိုက်ခိုက်မှု အတွေ့အကြုံတွေရှိနေခဲ့ကြသလို တစ်ကောင်ချင်းစီကလည်း ရက်စက်ကြမ်းကြုတ်ကာ အကြင်နာတရားကင်းမဲ့လှပေသည်။ သူ့အနေနဲ့ ဒီသားရဲကောင်တွေကို လွယ်လွယ်ကူကူမသတ်ဖြတ်နိုင်ခဲ့ဘူးဆိုရင် သူလည်းဒီတောင်ထဲက ပြန်လည်ထွက်ခွာနိုင်လိမ့်မည်မဟုတ်ပေ။

ကုန်လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ တွေ့ကြုံခဲ့ရတဲ့အန္တရာယ်တွေက လွန်စွာကြီးမားခဲ့ရသော်ငြား ဒါက ဇူယွမ်ကို သိသိသာသာပြောင်းလဲသွားစေခဲ့သည်။ အရင်အချိန်တုန်းက ဇူယွမ့်ထံမှ ထွက်ပေါ်နေတဲ့ အရှိန်အဝါအငွေ့အသက်က အားနည်းကာ နူးညံ့လှပေသည်။

သို့ပေမဲ့ အခုအချိန်မှာတော့ ဇူယွမ်နဲ့ရင်ဆိုင်တိုက်ခိုက်လိုက်သည်နှင့် သူ့ထံတွင် အန္တရာယ်ပေးနိုင်စွမ်းရှိတဲ့ အရှိန်အဝါတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ယောင်ယောင်က ပုလင်းနှစ်လုံးပစ်ပေးလိုက်ရင်းမှ ပြောသည်… “မှော်သားရဲသွေးတွေ စုဆောင်းလိုက်… ရိုင်းစိုင်းကြမ်းကြုတ်တဲ့စွမ်းအင်တွေ အများဆုံးရှိတဲ့ နှလုံးသွေးတွေကိုပဲ ယူဖို့မှတ်ထားဦး…”

ဇူယွမ် ပုလင်းတွေကိုဖမ်းယူကာ ခေါင်းညိတ်ပြသည်။ သူက သေးငယ်တဲ့ဓားတစ်ချောင်းကို အသုံးပြုပြီး မှော်သားရဲနှစ်ကောင်ရဲ့အရေပြားကို ချက်ချင်းလှီးဖြတ်လိုက်ကာ ၎င်းတို့ရဲ့နှလုံးသွေးတွေကို ပုလင်းထဲထည့်လိုက်သည်။

“နင်က အခုမူလမှော်သားရဲ ၁၅ကောင်သတ်ပြီးသွားခဲ့ပြီ… နောက်ထပ် ၂၁ကောင်ကျန်သေးတယ်…” ယောင်ယောင်က ပြောလိုက်သလို ကျောက်တုံးပေါ်မှာလည်း မတ်တပ်ထရပ်ခဲ့လိုက်သည်။ နှင်းလိုဖြူဖွေးကာလှပတဲ့သူမနဲ့ယှဉ်လိုက်ရင် ပတ်ဝန်းကျင်အလင်းရောင်ကတောင် အနည်းငယ်မှိန်ဖျော့သွားသည့်ပုံရှိသည်။

ဇူယွမ်က သိရှိကြောင်းကို ခေါင်းညိတ်ပြလိုက်သည်။ သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးအတွက် မတူညီတဲ့ အဆင့် ၁မူလမှော်သားရဲ သုံးဆယ့်ခြောက်ကောင် လိုအပ်သည်။ ဒါ့ကြောင့်ပင် ဒါတွေအားလုံးပြည့်စုံနိုင်ဖို့ အချိန်တစ်ခုတော့ လိုအပ်ပေသည်။ သို့ပေမဲ့လည်း ဒီအရာက အလျင်စလိုလုပ်စရာမလိုတဲ့အတွက် ဒါကိုအသုံးချကာ သူက သူ့ကိုယ်သူတိုးတက်အောင် လေ့ကျင့်နိုင်ပေသည်။

သူက တစ်နေ့ပြီးတစ်နေ့ သူ့ရဲ့ခန္ဓာကိုယ်ရော စိတ်ပါဖြည်းဖြည်းချင်းသန်မာလာတာကို ခံစားနိုင်ခဲ့ရသည်။ အနည်းဆုံးတော့ သူ့ရဲ့လက်ရှိအခြေအနေက အနက်ရောင်သစ်တောတောင်တန်းထဲကို မဝင်ရောက်ရသေးခင်တုန်းက အခြေအနေနဲ့သူ့ကို သက်တော့သက်သာပဲအနိုင်ယူနိုင်စွမ်းရှိနေပြီဖြစ်သည်။

ဇူယွမ်က အနက်ရောင်သစ်တောတောင်တန်းထဲမှာ မှော်သားရဲတွေကို သတ်ဖြတ်နေစဉ်မှာ ဇူအင်ပါယာမြို့တော်အတွင်းမှာလည်း အကြောင်းအရာအချို့ ဖြစ်ပေါ်သွားခဲ့ရသည်။ ဒီအထဲမှာ လူစိတ်ဝင်စားသတိထားမိမှုအများဆုံးက ချီအိမ်တော်လုယက်ခံခဲ့ရပြီး အရေးကြီးတဲ့အရာတစ်ချို့ဆုံးရှုံးသွားခဲ့ရသည်ဆိုသည့် အကြောင်းပင်။ ချီအိမ်တော်ရဲ့လူအားလုံးက မြို့တော်အနှံ့ လုယက်သွားတဲ့သူခိုးတွေကို လိုက်လံရှာဖွေနေမှုက မြို့တော်တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။

သို့ပေမဲ့လည်း ဒီအရာက ချီအိမ်တော်ရဲ့ ကိစ္စသာဖြစ်သည်။ ဒါ့ကြောင့်ပင် လူတိုင်းက ဘေးကနေသာ စောင့်ကြည့်နေခဲ့ကြပြီး သူတို့တွေအနေနဲ့ ဒါကိုအချိန်ကြာမြင့်စွာ စိတ်ဝင်စားမှုမရှိခဲ့ကြပဲ အနည်းငယ်ကသာ ဆက်လက်စောင့်ကြည့်နေလျက်ရှိကြတော့သည်။

ချီအိမ်တော်ဖောက်ထွင်းခိုးယူခံရပြီး ဒုတိယမြောက်နေ့မှာတော့ ချီအိမ်တော်၏ အိမ်တော်ထိန်းဖြစ်သူ ချီလင်းက လူအချို့ကိုဦးဆောင်ပြီး မြို့တော်ထဲမှထွက်ခွာ၍ သဲလွန်စအချို့ကို ရှာတွေခဲ့သည်ဟုပြောကြသည့် အနက်ရောင်သစ်တောတောင်တန်းရှိရာသို့ ဦးတည်သွားခဲ့ကြသည်။

ချီလင်းက လက်နောက်ပစ်လျက် အနက်ရောင်သစ်တောတောင်တန်းအဝင်မှာ ရပ်တန့်လိုက်သည်။ သူ့ရဲ့နက်ရှိုင်းလှတဲ့ မျက်လုံးတစ်စုံက သိမ်းငှက်တစ်ကောင်အလား တောင်တန်းပေါ်မှမခွာဘဲ စိုက်ကြည့်နေသည်။

လူတစ်ယောက်က နောက်ဘက်မှ တိုးညှင်းသည့်လေသံဖြင့် သတင်းပို့သည်… “ဆရာချီ… သူတို့နှစ်ယောက် အနက်ရောင်သစ်တောတောင်တန်းထဲကို ဝင်ရောက်သွားခဲ့ပြီးတော့ ပစ်မှတ်ရှိတဲ့နေရာနဲ့ နီးကပ်နေပါပြီ…”

ချီလင်းက ခေါင်းညိတ်လျက်မှ ပြောသည်… “တောင်ထဲကို ဝင်ရောက်ရှာဖွေဖို့ ပြင်ဆင်ပြီးတော့ ကြီးမားတဲ့အနှောင့်အယှက်တစ်ခုဖြစ်အောင် သေချာလုပ်လိုက်… ငါတို့တွေက လုတိန်ရှန်းရှိတဲ့နေရာကို သွားလိုက်မယ်…”

“နားလည်ပါပြီ…” အနောက်ဘက်မှလူက ပြန်လည်တုန့်ပြန်လိုက်ပြီး သူ့ရဲ့လက်ကိုဝှေ့ယမ်းကာ လူဆယ်ယောက်ကျော်ကို ဦးဆောင်လျက် တောင်တန်းအတွင်းကို ဝင်ရောက်သွားခဲ့ကြသည်။

နေ့ဝက်ကြာပြီးနောက်မှာ…

တောင်တန်းအတွင်းတစ်နေရာမှာ လုတိန်ရှန်းက မြင့်မားတဲ့သစ်ပင်ကြီးတစ်ပင်ရှေ့တွင် တင်ပျဉ်ခွေထိုင်နေလျက်ရှိသည်။ ရုတ်တရက်သူ့ရဲ့မျက်လုံးတွေပွင့်သွားခဲ့ရပြီး သူ့ရှေ့က တောအုပ်ထဲကို စိုက်ကြည့်လျက် တင်းမာသည့်လေသံဖြင့်အော်လိုက်သည်… “ဘယ်သူလဲ…”

သူ့ရဲ့နောက်မှာရှိတဲ့လူတွေကလည်း သူတို့ရဲ့လက်နက်တွေကို ဆွဲကိုင်လိုက်သလို သူတို့ရဲ့ခန္ဓာကိုယ်မှာလည်း မူလချီတွေက စတင်၍လှည့်ပတ်လာခဲ့ကြသည်။

“ဟီးဟီး… စိတ်မဆိုးပါနဲ့ အစ်ကိုလု… ကျွန်တော်ပါ…” ရယ်မောသံတစ်ခုက တောအုပ်အတွင်းမှထွက်ပေါ်လာခဲ့သလို ချီလင်းနဲ့သူ့ရဲ့လူတွေကလည်း တစ်ပြိုင်တည်းထွက်ပေါ်လာခဲ့ကြသည်။

“ချီလင်းလား…” လုတိန်ရှန်းက အံ့အားသင့်သွားခဲ့ရပြီး သက်ပြင်းချလိုက်ကာ မေးသည်… “မင်းက ဒီကို ဘာလာလုပ်တာလဲ…”

ချီလင်းက တည်ငြိမ်စွာဖြင့် ပြန်ပြောသည်… “ချီအိမ်တော်က လုယက်ခံခဲ့ရပြီး အဲ့ဒီသူခိုးတွေက အနက်ရောင်သစ်တောတောင်တန်းထဲမှာ ပုန်းနေတယ်လို့ ကြားခဲ့ရတယ်… ကျွန်တော်နဲ့ ကျွန်တော့်လူတွေက သူတို့ကိုဖမ်းဖို့ ဒီကိုလာခဲ့တာပါ…”

လုတိန်ရှန်းရဲ့ မျက်ခုံးတွေက တွန့်ကွေးသွားခဲ့ပြီး အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ သူကလည်း မကြာခင်ကချီအိမ်တော်ရဲ့ လုယက်ခံရမှုသတင်းကို ကြားခဲ့ရသည်။ သူ့ရဲ့ပုံစံက လူဝံတစ်ကောင်အလား ကြီးမားတုတ်ခိုင်ပေမဲ့ သတိထားမှုနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပေသည်။ ဒီလိုမှမဟုတ်ရင် သူက နန်းတော်အစောင့်အရှောက်ခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ဒါ့ကြောင့်ပင် သူနဲ့သူ့ရဲ့အစောင့်အကြပ်တွေက စိတ်သက်သာရာရသွားခဲ့သော်ငြား သူ့ရဲ့ခေါင်းကိုပြန်လှည့်ကြည့်ကာ နောက်မှနန်းတော်အစောင့်အရှောက်တွေကို အမိန့်ပေးလိုက်သည်… “မင်းသားလေးကို ကာကွယ်ဖို့ နှစ်ယောက်သွားလိုက်…”

နန်းတော်အစောင့်အရှောက်နှစ်ယောက်က ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့ကြသည်။

ချီလင်းက ဒါကို ပြုံး၍သာ ကြည့်နေခဲ့လိုက်သည်။ သူက လုတိန်ရှန်းကို နှုတ်ဆက်ဖို့ရန် ရှေ့ကိုတက်သွားခဲ့လိုက်ပြီး သူ့ရဲ့နောက်ကျောမှာရှိတဲ့ လက်တွေကိုအနည်းငယ်ဝှေ့ယမ်းပြလိုက်သကဲ့သို့ အမှောင်ထဲမှာရှိနေတဲ့ လူရိပ်တွေကလည်း အဝေးကိုထွက်ခွာပျောက်ကွယ်သွားခဲ့ကြသည်။

တောင်ကြားအတွင်းတစ်နေရာမှာတော့ ယောင်ယောင်က ကျောက်တုံးတစ်ခုအပေါ်မှာ ခြေချိတ်ထိုင်နေလျက်ရှိပြီး ထန်ထန်က သူမရဲ့ပေါင်ပေါ်မှာ လဲလျောင်းနေသည်။ သူမရဲ့နူးညံ့တဲ့ အနက်ရောင်ဆံကေသာလေးတွေက သူမရဲ့ပခုံးပေါ်မှာဖြာဝဲကျနေခဲ့ရသလို အိုမင်းလှတဲ့သစ်ပင်ကြီးထက်မှလည်း သစ်ရွက်ခြောက်တွေက သူမနောက်ဘက်မှာ ကြွေကျနေလျက်ရှိသည်။ ဒီလှပတဲ့မြင်ကွင်းက ပန်းချီကားတစ်ချပ်နှင့်ပင် တူသည်။

ဝေါင်း…

ရုတ်တရက် သူမရဲ့ပေါင်ပေါ်မှာ လဲလျောင်းနေတဲ့ ထန်ထန်ရဲ့မျက်လုံးတွေကပွင့်လာခဲ့ပြီး အနီးရှိအမှောင်ထုထဲကို ကြည့်လိုက်ကာ သူ့ရဲ့လည်ချောင်းထဲမှ ဟိန်းသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ယောင်ယောင်ရဲ့မျက်ခုံးတွေက တစ်ခုနဲ့တစ်ခုထိစပ်လုမတတ် တွန့်ကွေးသွားခဲ့ရပြီး သူမရဲ့လှပတဲ့မျက်နှာလေးက တူညီတဲ့အရပ်ကို ကြည့်လိုက်မိသည်။

“ဟဲဟဲ… တောင်ရဲ့အတွင်းပိုင်းထဲမှာ ဒီလိုမျိုးအရမ်းလှပတဲ့မိန်းကလေးတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါထင်မထားမိဘူး…” မနှစ်မြို့စရာကောင်းတဲ့အသံတစ်ခု လွင့်ပျံထွက်ပေါ်လာခဲ့သလို အမှောင်ထုထဲမှ လူနှစ်ယောက်ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာတဲ့လူနှစ်ယောက်၏ပုံစံက ကျားတစ်ကောင်လို ရက်စက်ကြမ်းကြုတ်ပြီး ဝက်ဝံတစ်ကောင်အလား ကြံ့ခိုင်သန်စွမ်းလှပေသည်။ အရှေ့ဘက်က လူရဲ့မျက်နှာပေါ်မှာ ဆေးမင်ကြောင်တစ်ခုရှိနေပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ မကောင်းတဲ့အငွေ့အသက်တစ်ခု ယှက်သန်းနေပေသည်။ တစ်ချိန်တည်းမှာ သူ့ရဲ့ရှေ့က လွန်စွာလှပသည့်ပုံရိပ်လေးကို တစ်ချက်တည်းဝါးမျိုတော့မည့်အလား ရမ္မက်မီးတွေတောက်လောင်လျက် ကြည့်နေမိသည်။

မျက်နှာမှာ ဆေးမင်ကြောင်ရှိတဲ့လူက သူ့အဖော်ကို အနီးတွင်ရှိသည့် တောအုပ်အတွင်းသို့ ညွှန်ပြ၍ ပြောလိုက်သည်… “လူတောင်း… မင်းက ပစ်မှတ်ကိုသွားပြီးရင်ဆိုင်လိုက်… သူက ဒီနားမှာပဲရှိလိမ့်မယ်…”

သူက စကားသာပြောနေသော်လည်း သူ့ရဲ့မျက်လုံးတွေက ယောင်ယောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကော်နဲ့ကပ်ထားသည့်အလား လွှဲဖယ်သွားခြင်းမရှိခဲ့ပေ။

“အဲ့ဒီကောင်လေးက စွမ်းအင်ဝင်ပေါက်လေးခုပဲ ဖွင့်ထားနိုင်သေးတယ်… မင်းရဲ့ ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တဲ့ခွန်အားနဲ့ဆိုရင် သူ့ကိုအလွယ်တကူရှင်းပစ်လို့ရပါတယ်…”

လူတောင်းလို့အခေါ်ခံလိုက်ရတဲ့လူက ဒါကိုကြားလိုက်ရသည့်အခါ အနည်းငယ်အင်တင်တင်ဖြစ်သွားခဲ့ရသော်လည်း မျက်နှာမှာဆေးမင်ကြောင်ထိုးထားတဲ့လူရဲ့စကားကို မဆန့်ကျင်ရဲခဲ့ပေ။ ဒါ့အပြင် ထိုလူက ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနေသည့် လူတစ်ယောက်လည်းဖြစ်ပေသည်။

လူတောင်းက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်းမှ ပြောသည်… “ဆရာ… ကျွန်တော့်အတွက် ကောင်းတဲ့အရာတစ်ချို့တော့ ချန်ထားပေးဦး… ကျွန်တော့ဘဝမှာ ဒီလိုလှပတဲ့မိန်းကလေးမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး…”

“ဟားဟား… စိတ်မပူပါနဲ့… သေချာပေါက် မင်းပြန်လာတာကို ငါစောင့်နေမယ်… ဒါပေမဲ့ မင်းက မြန်မြန်လုပ်ဖို့တော့ လိုလိမ့်မယ်…” ဆေးမင်ကြောင်နဲ့လူရဲ့မျက်လုံးထဲမှာ ကောက်ကျစ်စဉ်းလဲတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့သလို ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ…” ဒါကို ကြားလိုက်ရတဲ့အခါ လူတောင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး တောအုပ်ထဲကို လျင်မြန်စွာပဲ ဝင်ရောက်သွားခဲ့လိုက်သည်။

လူတောင်းထွက်ခွာသွားတာကို မြင်လိုက်ရသည့်အခါ ဆေးမင်ကြောင်နဲ့လူက နေရာကနေတစ်စက်ကလေးမှ ရွေ့လျားသွားခြင်းမရှိတဲ့ ယောင်ယောင့်ဆီကို ပြုံးလျက်လျှောက်လှမ်းလာခဲ့လိုက်သည်။ သူက သူမရဲ့ဆွဲဆောင်မှုရှိတဲ့ လက်ကလေးတွေနဲ့ အသက်ရှူမှားလောက်အောင် လှပတဲ့မျက်နှာလေးကို ကြည့်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ ပူလောင်လာသလို ခံစားခဲ့လိုက်ရသည်။

“အလှလေး… ငါနဲ့အတူလာပြီး ပျော်ပါးပါလား… ငါမင်းကို ညင်ညင်သာသာဆက်ဆံပေးမှာပါ…” မျက်နှာမှာဆေးမင်ကြောင်နဲ့လူက ယောင်ယောင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီလှုပ်ရှားမှုကို အာရုံမခံမိတဲ့အတွက် သူ့အနေနဲ့ စိုးရိမ်မှုတစ်စုံတစ်ရာရှိမနေခဲ့ပေ။ ၎င်းက ပြုံးဖြဲဖြဲဖြင့် သူမကိုကြည့်နေတဲ့ သူ့ရဲ့မျက်လုံးထဲမှာ ရမ္မက်မီးတွေ တောက်လောင်နေပေသည်။

ယောင်ယောင်က သူ့ကို ထူးမခြားနားစွာပဲ ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးထဲမှာလည်း စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စမျှ မြင်တွေ့ရခြင်းမရှိပေ။ သူမရဲ့တည်ငြိမ်တဲ့မျက်နှာက ဆေးမင်ကြောင်နဲ့လူကို အံ့အားသင့်သွားစေခဲ့ရသလို အနည်းငယ်မသက်မသာဖြစ်သွားသည့်အလား သူက ခံစားလိုက်ရသည်။

“ထန်ထန်…”

သူက ဘာတစ်ခုမျှမလုပ်နိုင်သေးခင်မှာ ယောင်ယောင်ရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ပြီး လွန်စွာအေးစက်နေသည့် သူမရဲ့အသံလေးကို ကြားလိုက်ရသည်။

ယောင်ယောင်ရဲ့အသံကို ကြားလိုက်ရတဲ့အခါ ဆေးမင်ကြောင်နဲ့လူက ချက်ချင်းမျက်မှောင်ကျုံ့သွားခဲ့ရသည်။ ယောင်ယောင်ရဲ့ပေါင်ပေါ်မှာ လဲလျောင်းနေတဲ့ မူလကသေးငယ်တဲ့ခွေးလိုအကောင်လေးက တဖြည်းဖြည်းကြီးလာတာကို သူက ကြောက်ရွံ့စွာကြည့်နေခဲ့မိသည်။ ၎င်းရဲ့ အမွှေးတွေပျောက်ကွယ်သွားခဲ့ပြီး ထိုအစား လွန်မင်းစွာနီရဲတောက်ပနေတဲ့ အကြေးခွံတွေဖြစ်ပေါ်လာခဲ့သည်။ နီရဲတောက်ပနေတဲ့သားရဲမျက်လုံးတစ်စုံက အဆုံးမရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေသလို အရာအားလုံးကို တစ်ချက်တည်းဝါးမျိုနိုင်လောက်အောင် ကြီးမားတဲ့ပါးစပ်ထဲမှလည်း အနက်ရောင်အလင်းတွေ ထွက်ပေါ်လို့နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မူလက လွန်စွာသေးငယ်တဲ့အကောင်လေးက ထူးခြားဆန်းကြယ်ပြီး လွန်စွာကြောက်မက်ဖွယ်ရာကောင်းသည့် မှော်သားရဲတစ်ကောင်ဖြစ်လာခဲ့သည်။ မကောင်းတဲ့အငွေ့အသက်တွေက ကောင်းကင်ပေါ်ကို တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သလို ၎င်းရဲ့ခန္ဓာကိုယ်ထံမှလည်း ကြောက်မက်ဖွယ်ရာဖိအားတစ်ခု ဖြည်းညှင်းစွာပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset