စာစဥ် (၃) အပိုင်း (၃၀)

တတိယ​မြောက်စွမ်းအင်ဝင်ပေါက်ပွင့်ခြင်း

ဗွမ်း…

ဇူယွမ်ရဲ့စိတ်လှုပ်ရှားနေတဲ့မျက်နှာက ရေကန်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူက ကြီးမားတဲ့ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကြီးကို ကြည့်နေသကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း ရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေရပေသည်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အနီးအနားက သတ္တုဓာတ်စွမ်းအင်တွေကို စုပ်ယူနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ထင်မှတ်ထားခြင်းမရှိပေ။

တခြားလူတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို ရေတွေနဲ့ထိရိုက်ခံပြီးမှသာ သတ္တုဓာတ်စွမ်းအင်ကို စုပ်ယူနိုင်မည်ဖြစ်ပေမဲ့လည်း သူ့ရဲ့စွမ်းရည်ကို အသုံးချပြီး စုပ်ယူရရှိတဲ့နှုန်းက လွန်စွာမှပင်မြင့်မားလှသည်။ ဒီနှစ်ခုကြားခြားနားမှုကို ပြောဖို့ရန်ပင်မလိုအပ်ပေ။

“ဒီနှုန်းအတိုင်းသာဆိုရင် ငါ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို ရက်အနည်းငယ်အတွင်းမှာပဲ ဖွင့်နိုင်လိမ့်မယ်…”

ဇူယွမ်ရဲ့ခန့်မှန်းချက်အရ သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ဖို့က လဝက်ဒါမှမဟုတ် ဒီထက်ပို၍ကြာနိုင်ပေလိမ့်မည်။ ဒါပေမဲ့အခုအချိန်မှာတော့ သူ့ရဲ့အမြင်အရ အချိန်ထက်ဝက်လောက်ကို ပိုပြီးမြန်ဆန်သွားရပေတော့မည်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုကို မြင်တွေ့နိုင်ပေသည်။

“ဒါက ဖွဲ့စည်းခြင်းအဆင့်စိတ်ဝိညာဉ်ရဲ့ ကျေးဇူးကြောင့်ပဲ…”

ဇူယွမ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အခြားကျောင်းသားတွေအနေနဲ့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို သိရှိနိုင်လိမ့်မည်မဟုတ်ဘဲ သူတို့ရဲ့စိတ်ဝိညာဉ်က သူ့လောက်သန်မာလိမ့်မည်မဟုတ်သည့်အတွက် ပုံမှန်အားဖြင့် သတ္တုဓာတ်စွမ်းအင်ကို အာရုံခံစားနိုင်လိမ့်မည်မဟုတ်ဘဲ ၎င်းတို့ကိုများစွာ စုပ်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ဗွမ်း…

ဇူယွမ်ပျော်ရွှင်စွာ တွေးတောနေစဉ်မှာပင် လူရိပ်တစ်ခုက သူ့ဘေးမှရေထဲကို ပြုတ်ကျလာခဲ့သည်။ ခေါင်းတစ်လုံးက ထွက်ပေါ်လာခဲ့ရပြီး ၎င်းကစုယုဝေပင်ဖြစ်သည်။ သူမရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်ဖြူဖျော့နေကာ သူမလက်ကောက်ဝတ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေအားလုံးကို မြင်တွေ့နိုင်ပေသည်။

ဇူယွမ်ရဲ့အကြည့်က ဆက်လက်ပြီးအောက်ဘက်ကို ဆင်းသွားခဲ့ပြီး နေရာတစ်ခုကိုရောက်သည့်အခါ သူ့ရဲ့မျက်လုံးတွေကို လွှဲဖယ်နိုင်ခြင်းမရှိခဲ့ဘဲ သူ့နှာခေါင်းထဲမှာ အပူလှိုင်းတစ်ခုထွက်ပေါ်လာသည့်အလား ခံစားလိုက်ရသည်။

စုယုဝေရဲ့ အဝတ်အစားတွေက ရေတွေရွှဲစိုနေကာ သူမရဲ့လှပတဲ့ခန္ဓာကိုယ်လေးမှာ တင်းကျပ်စွာကပ်နေလျက်ရှိပြီး သူမခန္ဓာကိုယ်ကောက်ကြောင်းတွေက စိတ်နှလုံးကိုညှို့ယူဆွဲဆောင်သွားခဲ့ပေသည်။ သူက နုပျိုကာတောက်ပဝင်းလက်နေသည့် သူမရဲ့အသားအရေကိုတောင်မှပင် ခပ်ရေးရေးမြင်တွေ့နိုင်ခဲ့ရသည်။

ဗွမ်း…

သို့ပေမဲ့လည်း ဇူယွမ်ကောင်းစွာမကြည့်ရသေးခင်မှာပင် သူ့ရဲ့မျက်နှာကို ရေတွေလာစင်ခဲ့ရသည်။ ဇူယွမ်မော့ကြည့်လိုက်သည့်အခါ စုယုဝေက နီရဲနေတဲ့မျက်နှာဖြင့် သူ့ကိုကြည့်နေတာကို မြင်လိုက်ရ၏။

ဇူယွမ် ဟန်လုပ်၍ ရယ်မောလိုက်မိသည်။

စုယုဝေသူမရဲ့ ပုလဲလုံးသဖွယ်ဖြူဖွေးတဲ့သွားလေးတွေကို တင်းတင်းကြိတ်လိုက်မိသည်။ ဒီလူငယ်လေးက အမှန်တကယ်အရွယ်ရောက်လာခဲ့ပြီး ဒီလိုကိစ္စမျိုးတွေကိုတောင် စိတ်ဝင်စားတတ်နေပြီဖြစ်သည်။ တကယ်လို့သာ ဒီနေရာမှာ အခြားတစ်ယောက်သာဆိုရင် သူမအနေနဲ့ အဝေးကိုလွင့်ထွက်သွားအောင် ရိုက်နှက်ကန်ကျောက်မိလိမ့်မည်ဖြစ်ပေမဲ့လည်း အခုက ဇူယွမ်ဖြစ်နေသည့်အတွက် သူမအနေနဲ့တစ်စုံတစ်ရာမုန်းတီးမိခြင်းမရှိဘဲ ရှက်ရွံ့သွားခဲ့ရသည့်အတွက်သာ စိတ်ဆိုးဒေါသထွက်ရခြင်းဖြစ်သည်။

“လူရမ်းကားကောင်…”

စုယုဝေက ဇူယွမ်ရဲ့ခေါင်းကို ရေလှိုင်းတွေထိမှန်သွားစေရန် သူမရဲ့လက်တွေနဲ့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူမကဆန့်ကျင်ဘက်အားကို အသုံးချကာ ရေထဲမှလှပစွာ ပျံဝဲထွက်ခွာသွားခဲ့သည်။ ရေကန်ရဲ့အစွန်ကို ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မူလချီအလင်းတွေက သူမခန္ဓာကိုယ်ပတ်လည်မှာ စီးဆင်းသွားခဲ့ပြီး ရေစိုနေတဲ့သူမရဲ့အဝတ်အစားတွေက လျင်မြန်စွာပဲ အငွေ့ပျံခြောက်သွေ့သွားခဲ့ရသည်။

တစ်ကိုယ်လုံးရေတွေရွှဲစိုနေတဲ့ ဇူယွမ်က သူ့ရဲ့ခေါင်းကိုသာ ခါယမ်းလိုက်မိပြီး ရေကန်ထဲမှထွက်ကာ အနားရှိမြေကွက်လပ်တစ်ခုမှာ ခြေချလိုက်သည်။

ချူထျန်းယန်ရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ ထွက်ပေါ်လာသကဲ့သို့ သူတို့နှစ်ယောက်ကိုကြည့်၍ သူကချီးကျူးလိုက်၏။

“မဆိုးဘူး… မင်းတို့နှစ်ယောက်က ၁၀ မိနစ်လောက်အထိတောင့်ခံနိုင်ခဲ့တယ်… ဒါကပထမဆုံးအကြိမ်ဝင်ရောက်သူတွေအတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုပဲ…”

ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့မှလွဲ၍ ကျန်တဲ့ပါရမီရှင်အတန်းကကျောင်းသားဟောင်းတွေက ဆယ်မိနစ်စွန်းစွန်းသာ ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။ ဒါ့ကြောင့်ပင် ဇူယွမ်နဲ့ စုယုဝေတို့က ခုမှပထမဆုံးအကြိမ်ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲကို ဝင်ရောက်ခြင်းဖြစ်သည့်တိုင်အောင် ထွက်ပေါ်လာတဲ့သူတို့ရဲ့ရလဒ်က ကောင်းမွန်မှုရှိပေသည်။

ဘေးနားမှာတော့ ယန်ဇန်း ဆောင်ချူရွှီနဲ့ ကျန်တဲ့ပါရမီရှင်အတန်းကျောင်းသားတွေရဲ့မျက်နှာမှာ အံ့အားသင့်မှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး သူတိုနှစ်ယောက်ကို ကြည့်နေကြသည်။ သူတို့အနေဖြင့် စုယုဝေက ဝင်ပေါက်လေးခုဖွင့်ထားနိုင်ပြီဖြစ်သည့်အတွက် သိပ်ပြီးအံ့အားမသင့်ခဲ့ရပေမဲ့ ဇူယွမ့်အတွက်တော့ များစွာအံ့အားသင့်ခဲ့ရပေသည်။ ဇူယွမ်က ဝင်ပေါက်နှစ်ခုတည်းသာဖွင့်ထားနိုင်သေးပေမဲ့လည်း သူ့ရဲ့ခံနိုင်ရည်က ဝင်ပေါက်လေးခုဖွင့်ထားနိုင်သူတစ်ယောက်ထက် အားနည်းလိမ့်မည်မဟုတ်ပေ။

“ဟီဟီ… ဒီလိုအသုံးမဝင်တဲ့အချိန်လေးတစ်ခုကို ကောင်းတယ်လို့ သတ်မှတ်လိုက်မယ်ဆိုရင် ကျောက်စိမ်းဝိညာဉ်ရေတံခွန်က တကယ့်ကိုအချည်းနှီးဖြစ်သွားမှာပေါ့…” သူတို့တွေအားလုံး အံ့အားသင့်နေခဲ့ရစဉ်မှာပဲ လှောင်ပြောင်တဲ့အသံတစ်ခုကို ကြားလိုက်ရသည့်အခါ လေထုက အချိန်အနည်းငယ်လောက်ရပ်တန့်သွားခဲ့ရသည်။ ရုတ်ချည်းဆိုသလို သူတို့တွေက ဒေါသထွက်သွားသည့်အကြည့်တွေဖြင့် အသံထွက်ပေါ်လာသည့်နေရာကို တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်မိကြသည်။

သို့ပေတည့်လည်း စကားပြောလိုက်သည့်လူကို သူတို့တွေတွေ့လိုက်ရသည့်အခါ သူတို့အားလုံးအေးခဲသွားခဲ့ရသည်။

ဇူယွမ်ရဲ့ မျက်ခုံးတွေကလည်း အနည်းငယ်တွန့်ကွေးသွားခဲ့ရသည်။ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ လူအုပ်စုကိုကြည့်လိုက်သည်။ လူအုပ်စုရဲ့ရှေ့မှာတော့ ခန့်ညားချောမောသည့်ချီယွဲ့က လက်နောက်ပစ်ကာ ရပ်နေလျက်ရှိပြီး ခံ့ညားလောက်တဲ့အရှိန်အဝါတွေကို ထုတ်လွှတ်နေပေသည်။ သူ့ရဲ့ဘေးမှာ လူငယ်လေးတွေရဲ့ မျက်လုံးကိုဖမ်းစားနိုင်စွမ်းရှိသည့် လျှိုစီက ရပ်နေလျက်ရှိသည်။ လက်ရှိအချိန်မှာ သူမက ပါရမီရှင်အတန်းကကျောင်းသားတွေကို အထင်သေးစွာဖြင့်ကြည့်နေသည်။ အစောပိုင်းက စကားပြောလိုက်သည့်သူမှာလည်း သူမပင်ဖြစ်၏။

ပါရမီရှင်အတန်းကကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး ဒုတိယအတန်းကကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ အထင်သေးမှုတွေ ထွက်ပေါ်နေသည်။

“ဒုတိယအတန်း…” ယန်ဇန်းရဲ့မျက်နှာပေါ်မှာ ဒေါသတွေပေါက်ကွဲထွက်ပေါ်လာရသလို အခြားသူတွေကလည်း သူတို့ကိုအထင်သေးခြင်းခံရသည့်အတွက် ဒေါသတွေထွက်သွားခဲ့ရသည်။ သူတို့တွေလေ့ကျင့်မှုလုပ်နေစဉ်မှာလာရောက်ပြီး ဝေဖန်နေခြင်းက အမှန်တကယ်ကို သည်းမခံနိုင်စရာအပြုအမူဖြစ်သည်။

ဇူယွမ်ရဲ့အကြည့်တွေက အနည်းငယ်အေးစက်သွားခဲ့ကာ လျှိုစီကိုကြည့်လိုက်ပြီး တုံးတိတိလေသံဖြင့်ပြောလိုက်သည်… “နင့်ရဲ့ပထမဆုံးအကြိမ်တုန်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ဘယ်လောက်ကြာကြာခုခံနိုင်ခဲ့လဲဆိုတာ ငါမေးလို့ရမလား…”

လျှိုစီရဲ့လှပတဲ့မျက်နှာလေးက တင်းမာသွားခဲ့ရသည်။ သူမအနေနဲ့ ဒေါသထွက်သွားခဲ့ရပေမဲ့ ပြန်လည်ပြောဆိုနိုင်ခြင်းမရှိခဲ့ချေ။

ချီယွဲ့က အပြုံးတုတစ်ခုပြုံးလိုက်ကာ ကြားကနေဝင်ပြောသည်… “သူမရဲ့အဆင့်အတွက် မင်းသားလေးက ကိုယ့်ကိုကိုယ်နှိမ့်ချနေဖို့ မလိုအပ်ပါဘူး… ငါ့အနေနဲ့ လျှိုစီကသူမရဲ့ ပထမဆုံးအကြိမ်မှာ ဘယ်လောက်ကြာအောင် ခုခံနိုင်ခဲ့လဲမသိပေမဲ့ ငါရဲ့ပထမဆုံးအကြိမ်မှာတော့ မိနစ် ၃၀ ကြာအောင်ခုခံနိုင်ခဲ့တယ်…”

သူတို့အနေဖြင့် ချီယွဲ့က ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာကိုသိပေမဲ့လည်း ယန်ဇန်း၊ ဆောင်ချူရွှီနဲ့ ကျန်တဲ့ပါရမီရှင်အတန်းက ကျောင်းသားတွေက ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ဘဲ အနည်းငယ်စိတ်ပျက်အားလျော့မှုကို ခံစားခဲ့ရသည်။ ချီယွဲ့က သူ့ရဲ့ပထမဆုံးအကြိမ်မှာတင် မိနစ် ၃၀ ကြာအောင်ခုခံနိုင်ခဲ့ပေမဲ့လည်း သူတို့တွေအားလုံးက အခုချိန်ထိကို မိနစ်နှစ်ဆယ်ကျော်စွန်းစွန်းသာ ခုခံနိုင်စွမ်းရှိသေးသည်။

ဒုတိယအတန်းမှာ ချီယွဲ့လိုမျိုး သာမန်မဟုတ်တဲ့သူတစ်ယောက်ရှိနေပေမဲ့ သူတို့ရဲ့ပါရမီရှင်အတန်းကရော နောက်တစ်ကြိမ်ပြန်ပြီး မြင့်တက်လာနိုင်ပါ့မလား။

ပါရမီရှင်အတန်းက ကျောင်းသားတွေရဲ့စိတ်ဓာတ်က အချိန်တစ်ခုကြာအောင် အနည်းငယ်ကျဆင်းသွားခဲ့ရသည်။

“မင်းတို့တွေက လေ့ကျင့်ဖို့ရည်ရွယ်နေတာလား…” သူတို့တွေ တိတ်ဆိတ်ငြိမ်သက်နေစဉ်မှာ ချူထျန်းယန်ရဲ့တင်းမာတဲ့လေသံက လေထုကိုဖြတ်ပြီး ထွက်ပေါ်လာခဲ့သည်။ သူကချီယွဲ့နဲ့ ကျန်တဲ့လူတွေကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်လိုက်ပြီးပြောသည်… “ဒုတိယအတန်းရဲ့အလှည့်မရောက်သေးရင် မင်းတို့ကဒီကိုလာပြီး အခြားလူတွေလေ့ကျင့်တာကို အနှောင့်အယှက်မပေးနဲ့… ဒီလိုမှမဟုတ်ရင် မင်းတို့ကို အပြစ်ပေးရလိမ့်မယ်…”

ဒုတိယအတန်းရဲ့ကျောင်းသားတွေက ချူထျန်းယန်ရဲ့ အေးစက်စက်အကြည့်ကြောင့် အနေကျုံ့သွားခဲ့ရသည်။ ချီယွဲ့တစ်ယောက်သာ ဘာမှဖြစ်မသွားခဲ့ဘဲ အေးဆေးတည်ငြိမ်စွာပြုံး၍ ပြောလိုက်သည်… “စိတ်ဆိုးစရာမလိုပါဘူး ကျောင်းအုပ်… ကျွန်တော်တို့က ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ ကျွန်တော်တို့လေ့ကျင့်ဖို့အလှည့်ကိုစောင့်ဖို့ ဒီနေရာမှာစုဝေးခဲ့တာပါ… ကြည့်ရုံပဲကြည့်တာက သူတို့ရဲ့လေ့ကျင့်မှုကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်ဆိုရင် ပါရမီရှင်အတန်းရဲ့ ကျောင်းသားတွေက အမှန်တကယ်ကိုပဲ နုရွလွန်းရာကျလိမ့်မနေဘူးလား…”

ဒီစကားရဲ့နောက်ကွယ်က လှောင်ပြောင်မှုကို ကြားလိုက်ရတဲ့အခါ ပါရမီရှင်အတန်းရဲ့ကျောင်းသားတွေက မုန်းတီးစွာနဲ့ အံကိုသာတင်းတင်းကြိတ်လိုက်မိကြသည်။

ချူထျန်းယန်က ချီယွဲ့ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကာ ကျယ်လောင်တဲ့အသံဖြင့်ပြောလိုက်သည်… “လေ့ကျင့်မှုကို ဆက်လုပ်ကြ…”

သူတို့တွေက ချူထျန်းယန်ရဲ့အသံကို ကြားလိုက်ရသည့်အခါ ယန်ဇန်းနဲ့ကျန်တဲ့သူတွေအားလုံးက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို နောက်တစ်ကြိမ်ဦးတည်လိုက်ကြသည်။ သို့ပေမဲ့လည်း ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့စိတ်ခံစားချက်တွေက အနည်းငယ်ထိုင်းမှိုင်းနေရပေသည်။

“ဒီကောင်က တကယ့်ကို ရွံဖို့ကောင်းတာပဲ…” စုယုဝေက တိုးညှင်းတဲ့လေသံဖြင့် ရေရွတ်လိုက်သည်။ မူလက လှပနေတဲ့ပတ်ဝန်းကျင်က ချီယွဲ့ရောက်ရှိလာမှုနဲ့အတူ အကုန်ပျက်စီးသွားခဲ့ရသည်။

ဇူယွမ်က သူ့ရဲ့လက်ချောင်းတွေကို လေထဲမှာသိမ်မွေ့စွာလှုပ်ရှားလိုက်ရင်းမှ ချီယွဲ့ကိုကြည့်ကာ ပြောလိုက်၏။

“နာရီဝက်ကို ကြာတယ်လို့ထင်နေတာလား…”

ဒီစကားကိုပြောလိုက်ပြီးသည့်နောက်မှာ သူကနောက်ထပ်ပြောစရာစကားမရှိတော့သည့်အလား နောက်လှည့်ကာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ဆီသို့ လျှောက်လှမ်းသွားခဲ့လိုက်သည်။ ချီယွဲ့က ပါရမီရှင်အတန်းက ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကျဆင်းအောင် အောက်တန်းကျတဲ့နည်းလမ်းကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့လိုက်ကတည်းက ဇူယွမ့်အနေနဲ့ သူ့ကို ဒီအတိုင်းထွက်သွားစေဖို့ရန်ခွင့်မပြုနိုင်ပေ။

“ဘယ်လောက်တောင် ထက်လိုက်တဲ့လျှာလဲ… သူ့ကိုကြည့်ရတာ သူကနင့်နဲ့တကယ်ပဲယှဉ်နိုင်လိမ့်မယ်လို့များ ယုံကြည်နေတာလား…” လျှိုစီက ထွက်ခွာသွားတဲ့ဇူယွမ်ရဲ့ပုံရိပ်ကို ကြည့်လိုက်မိသလို အထင်သေးစွာဖြင့်လည်း ရယ်မောလိုက်မိသည်။ သူမက သူရဲ့စကားကိုကြားလိုက်ရသည့်အခါ သူအနေနဲ့အရှုံးကိုလက်ခံဖို့ရန် ခေါင်းမာစွာငြင်းဆိုနေခြင်းဖြစ်သည်ဟု ထင်မှတ်သွားခဲ့သည်။

ကျောင်းသားသစ်စာမေးပွဲတုန်းက ဇူယွမ်ရဲ့စွမ်းဆောင်မှုက သိပ်မဆိုးပေမဲ့ ခုချိန်မှာ သူကဘယ်သူနဲ့ပြိုင်နေလဲဆိုတာကို သူ့အနေနဲ့သိသင့်ပေသည်။ ဒါ့အပြင်ကို ချီယွဲ့ကလက်ရှိအချိန်မှာ တော်ဝင်ဇူကျောင်းတော်ရဲ့ အသန်မာဆုံးကျောင်းသားတစ်ယောက်ဖြစ်လေသည်။

ချီယွဲ့က ကစားစရာတစ်ခုကို တွေ့လိုက်ရသည့်အလား ပြုံးလိုက်မိသည်။

“ဒါဆိုလည်း ငါကသေချာစောင့်ကြည့်ရဦးမှာပေါ့… သူရဲ့အစွမ်းကိုပြဖို့ ကြိုးစားမှုက နောက်ဆုံးမှာ ဒဏ်ရာရမှုနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်လို့ ငါမျှော်လင့်မိတယ်…”

အခြားဒုတိယအတန်းကကျောင်းသားတွေက သဘောတူစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ ထိုနည်းတူစွာပင် စွမ်းအင်ဝင်ပေါက်နှစ်ခုသာဖွင့်ထားနိုင်တဲ့ဇူယွမ်က ဘယ်လိုအရည်အချင်းတွေရှိလို့ ချီယွဲ့နဲ့ယှဉ်ပြိုင်ဖို့ ဒီလောက်ယုံကြည်မှုရှိနေရတာလဲ။

ဒုတိယအတန်းကကျောင်းသားအုပ်စုရဲ့ စူးစမ်းလိုတဲ့အကြည့်တွေအောက်မှာပဲ ဇူယွမ်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရှေ့ကို နောက်တစ်ကြိမ်ရောက်ရှိလာခဲ့သည်။ သူကအဆုံးမရှိအရှိန်အဟုန်ပြင်းစွာစီးကျနေတဲ့ ရေတံခွန်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ စတင်ခြေလှမ်းလိုက်သည်။

ဝုန်း…

ဇူယွမ်ရဲ့ခန္ဓာကိုယ်က အခုအချိန်မှာ ရေတံခွန်ထဲကို ရောက်ရှိနေသလို သူ့ရဲ့ခြေထောက်တွေကလည်း မြေပြင်မှာ မြဲမြံစွာရပ်နေလျက်ရှိသည်။ ဒေါသတကြီးစီးဆင်းနေတဲ့ရေတွေက သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာခဲ့သလို သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်က သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ စတင်ပြီးတုန်ခါလာခဲ့သည်။

သာမန်လူတစ်ယောက်အတွက် ခုခံနိုင်ဖို့ရန်ခက်ခဲလှတဲ့ စုပ်ယူအားတစ်ခုထွက်ပေါ်လာခဲ့သည်။ သတ္တုဓာတ်စွမ်းအင်အမျှင်တန်းတွေက ချက်ချင်းဆိုသလို ရေစီးကြောင်းအပေါ်မှာ စုစည်းလာခဲ့ပြီး ရေစီးနဲ့အတူ သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကိုကျဆင်းလာခဲ့ရသည်။ သူ့ရဲ့ကျောပေါ်က မူလစုစည်းခြင်းမှော်စာလုံးထံမှ အလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့ပြီး သတ္တုဓာတ်စွမ်းအင်အမျှင်တန်းတစ်ခုစီကို သူ့ရဲ့ခန္ဓာကိုယ်ထဲရောက်အောင် အဆက်မပြတ်စုပ်ယူလိုက်သည်။

နူးညံ့ပြီး သိမ်မွေ့တဲ့ စွမ်းအင်အမျှင်တန်းတွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှာ ခေါက်တုံ့ခေါက်ပြန်လှုပ်ရှားသွားလာနေခဲ့ပြီး ၎င်းဖြတ်သွားတဲ့နေရာတိုင်းက ပြင်းထန်လှတဲ့နာကျင်မှုတွေကို သက်သာရာရစေခဲ့သည်။

ဇူယွမ်ရဲ့ မူလကယိမ်းထိုးလှုပ်ရှားနေတဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ တည်ငြိမ်လာခဲ့သည်။ ရေတံခွန်ပေါ်က ပြင်းထန်တဲ့ရေစီးက သူ့ခန္ဓာကိုယ်ပေါ်ကို အဆက်မပြတ်ကျဆင်းနေသော်ငြား သူ့ရဲ့ခန္ဓာကိုယ်က ကျောက်တုံးတစ်ခုအလား လှုပ်ရှားခြင်းမရှိခဲ့ပေ။

တစ်ချိန်တည်းမှာ သတ္တုဓာတ်စွမ်းအင်အမျှင်အတန်းတွေက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ဟုန်ထိုးတက်လာခဲ့ပြီး သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေခဲ့ကာ ၎င်းကတဖြည်းဖြည်းနဲ့ လျော့ပါးသည်ထက် လျော့ပါးလာခဲ့သည်။

ဝုန်း… ဝုန်း…

ကျောင်းသားတွေက နောက်တစ်ကြိမ်တစ်ယောက်ပြီးတစ်ယောက် ရေကန်ထဲကို ပြုတ်ကျသွားခဲ့ကြသည်။ သူတို့ရဲ့စိတ်ဓာတ်တွေ ကျဆင်းနေခြင်းကြောင့် ကျောင်းသားတွေရဲ့စွမ်းဆောင်ရည်က အစောပိုင်းကထက် ပိုပြီးဆိုးရွားသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သလို သူတို့ရဲ့ခုခံနိုင်တဲ့အချိန်ကလည်း ပိုပြီးတိုတောင်းခဲ့ရသည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ရေကန်ရဲ့ဘေးမှာ ရပ်နေသည့် ချူထျန်းယန်ရဲ့မျက်နှာက နက်မှောင်သွားခဲ့ရသည်။

တခြားတစ်ဖက်မှာတော့ ချီယွဲ့၊ လျှိုစီနဲ့ အခြားဒုတိယတန်းကကျောင်းသားတွေရဲ့ မျက်နှာပေါ်မှအပြုံးတွေက ပိုပိုပြီးပီပြင်လာခဲ့ရသည်။

ဝုန်း…

စုယုဝေ ရေထဲကို ပြုတ်ကျသွားခဲ့သည်။ သူမက ဒီတစ်ကြိမ်မှာ မိနစ်နှစ်ဆယ်ကြာတဲ့အထိ တောင့်ခံနိုင်ခဲ့ပြီး ပါရမီရှင်အတန်းက ကျောင်းသားတွေကို အံ့အားသင့်သွားအောင်စွမ်းဆောင်နိုင်ခဲ့ပေသည်။ ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့ရဲ့ ဒီတစ်ကြိမ်ခုခံနိုင်မှုကလည်း အနည်းငယ်မြန်ဆန်ခဲ့ရသည်။

စုယုဝေရဲ့စွမ်းဆောင်ရည်က ချူထျန်းယန်ရဲ့အမူအယာကို အနည်းငယ်လျော့ပါးသွားစေခဲ့သည်။

စုယုဝေပြုတ်ကျသွားခဲ့ပြီး ချက်ချင်းဆိုသလို ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့နှစ်ယောက်လည်း ရေထဲကိုကျဆင်းလာခဲ့ရသည်။ သူတို့တွေအနေနဲ့ မိနစ်သုံးဆယ်ကြာသည်အထိ တောင့်ခံနိုင်စွမ်းမရှိခဲ့ကြပေ။

သူတို့တစ်အုပ်စုလုံးက တိတ်ဆိတ်စွာဖြင့် ရေထဲကနေတက်လာခဲ့သလို လေထုကလည်း အနည်းငယ်မွန်းကျပ်နေပေသည်။ ရုတ်တရက် စုယုဝေရဲ့ အထိတ်တလန့်ပြောလိုက်တဲ့အသံက ထွက်ပေါ်လို့လာခဲ့သည်… “ဇူယွမ်က အဲ့အပေါ်မှာရှိနေတုန်းပဲလား…”

သူတို့အုပ်စုက ဒါကိုကြားလိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့ရပြီး သူတို့ရဲ့အကြည့်တွေက ရေတံခွန်ဆီသို့ ရောက်ရှိလို့သွားခဲ့ရသည်။ သေချာပေါက်ပင် သူတို့တွေက ရေထဲမှာ မှုန်ဝါးဝါးအရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ဆောင်ချူရွှီက သူမရဲ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိကာ အော်ပြောလိုက်သည်… “ဇူယွမ်က မိနစ်သုံးဆယ်ကြာသွားပြီလား…”

ယန်ဇန်ကလည်း သူ့ရဲ့ခေါင်းကိုသာကုတ်လိုက်မိပြီး သူ့ရဲ့မျက်နှာပေါ်မှာတော့ မယုံကြည်နိုင်မှုတွေဖြင့် ပြည့်နှက်နေသည်။

သူတို့နဲ့မတူပဲ စုယုဝေရဲ့မျက်ခုံးတွေက တစ်ခုနဲ့တစ်ခုထိတော့မတတ် တွန့်ကွေးသွားခဲ့ရပြီး သူမရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့သည်။ သူမက ဇူယွမ်အနေနဲ့ သူ့ရဲ့အကန့်အသတ်ကိုကျော်လွန်ပြီး ခေါင်းမာစွာဖြင့် ဆက်လက်တောင့်ခံနေမည်ကို စိုးရိမ်နေမိခြင်းဖြစ်သည်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်နာကျင်စေမည့်အစား သူ့ရဲ့စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းကိုသာ ထိခိုက်သွားစေနိုင်ပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ…” ချီယွဲ့က ငြင်သာစွာရယ်မောလိုက်ရင်းမှ စောင့်ကြည့်နေလိုက်သည်။ ရေတံခွန်ထဲက မှုန်ဝါးဝါးပုံရိပ်ကို ကြည့်နေရင်းမှ သူ့ရဲ့မျက်လုံးအနက်ရှိုင်းဆုံးနေရာမှာအထင်သေးမှုတွေနဲ့ ပြည့်နှက်နေပေသည်။ သူ့အနေနဲ့မြင်တွေ့နိုင်တာက ဇူယွမ်ရဲ့ခေါင်းမာမှုက သူကိုယ်တိုင်ပဲ နာကျင်ခံစားရပေလိမ့်မည်ဆိုတာကိုပင်။

“သူ့အနေနဲ့ ဘယ်လောက်ထိဆက်ပြီး သရုပ်ဆောင်နေနိုင်မလဲဆိုတာ ငါလည်းစိတ်ဝင်စားမိတယ်…” လျှိုစီက အထင်သေးစွာပြောလိုက်၏။ သူမရဲ့လှပတဲ့မျက်နှာလေးက ဇူယွမ့်ကို နှစ်ထောင်းအားရဖြစ်စွာ ကြည့်နေလျက်ရှိသည်။

ဒါ့အပြင်ကို လူတိုင်းရဲ့အကြည့်တွေက ရေထဲမှာရှိနေတဲ့ပုံရိပ်ထံကိုသာ ရောက်ရှိလို့နေကြသည်။ သူတို့တွေက စူးစိုက်ငေးမောကြည့်နေခဲ့ကြသလို စုယုဝေနဲ့ ပါရမီရှင်အတန်းက ကျောင်းသားတွေရဲ့စိတ်ဓာတ်က နောက်တစ်ကြိမ်မြင့်တက်လာခဲ့ပြီး အဲ့ဒီနေရာကို အဆုံးထိရပ်ကာစောင့်ကြည့်နေလိုက်ကြသည်။

သူတို့ရဲ့အကြည့်တွေအောက်မှာပဲ အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရသည်။

မိနစ်သုံးဆယ်…

မိနစ်လေးဆယ်…

တစ်နာရီ…

အချိန်က တစ်နာရီအထိရောက်ရှိလာသည့်အခါ ရေကန်ရဲ့ဘေးမှာရှိနေတဲ့ လူတိုင်းက တိတ်ဆိတ်သွားခဲ့ကြရသည်။ ချီယွဲ့ရဲ့မျက်လုံးတွေတောင်မှ တည်ငြိမ်မှုမရှိတော့ပဲ စတင်လှုပ်ရှားလာခဲ့ရကာ သူ့ရဲ့ရင်ထဲမှာ စိုးရိမ်ပူပန်စွာဖြင့် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိသည်။

ဒုတိယအတန်းက ကျောင်းသားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြသည်။ တစ်နာရီလား။ ချီယွဲ့အပြင် သူတို့ဒုတိယတန်းက ဘယ်သူကမှ ဒီလိုမျိုးဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပေ။ ဒီ့ထက်ပိုပြောရရင် ချီယွဲ့က ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

ဇူယွမ်ကလား… သူကတော့ ဝင်ပေါက်နှစ်ခုသာဖွင့်ထားနိုင်သေးသည်။

လျှိုစီက အံကိုတင်းတင်းကြိတ်လိုက်မိကာ တီးတိုးရေရွတ်လိုက်သည်… “တစ်ခုခုဖြစ်သွားနိုင်မလား…”

ဝုန်း…

သူမရဲ့စကားသံပျောက်ကွယ်သွားချိန်မှာ ရေတံခွန်ဆီမှဆူညံတဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်းရဲ့စောင့်ကြည့်နေမှုအောက်မှာပဲ ဇူယွမ်ရဲ့ခန္ဓာကိုယ်က လဲကျသွားခဲ့ပြီး ရေကန်ထဲကို ဇောက်ထိုးကျသွားခဲ့သည်။

သူ့ရဲ့ပုံရိပ်က ရေကန်ထဲကနေထွက်ပေါ်လာခဲ့ပေမဲ့လည်း မျက်လုံးတွေက တင်းကျပ်စွာပိတ်ထားလျက်ပင်ရှိသေးသည်။

ဒါကိုမြင်လိုက်ရတဲ့အခါ လျှိုစီက ချက်ချင်းအထင်သေးစွာဖြင့်ပြောလိုက်၏… “ကြည့်ရတာ သူ့ရဲ့ဒဏ်ရာတွေက တော်တော်ပြင်းပုံပဲ…”

သူမရဲ့အထင်သေးစွာပြောလိုက်တဲ့စကား ထွက်ပေါ်လာခဲ့ချိန်မှာပဲ ဇူယွမ်ရဲ့မျက်လုံးတွေက ရုတ်တရက်ပွင့်လာခဲ့သည်။ လူတိုင်းက ဇူယွမ်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီအလင်းတန်းတွေ လှည့်ပတ်နေတာကို မြင်တွေ့နိုင်ပြီး ပတ်ပတ်လည်မှာရှိတဲ့ ရေအိုင်ထဲကရေတွေကို ဝဲကတော့တစ်ခုပုံစံဖြစ်သွားစေခဲ့သည်။

သူ့ရဲ့အင်္ကျီလက်က တဖျပ်ဖျပ်လှုပ်ခတ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်ကနေ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်နေခဲ့ပေသည်။ မူလချီအလင်းတန်းတွေက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည့်အခါ သူ့ရဲ့အရှိန်အဝါက တစ်ဟုန်ထိုးမြင့်တက်သွားခဲ့သည်။

“ဒါက ဘာလဲ…” ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချီယွဲ့၊ လျှိုစီနဲ့ ကျန်သည့်ဒုတိယတန်းမှ ကျောင်းသားတွေအားလုံး မျက်မှောင်ကျုံ့သွားခဲ့ရသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

စုယုဝေ၊ ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့လည်း ပင့်သက်ရှိုက်လိုက်မိသည်။

ချူထျန်းယန်ရဲ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားနေမှုတွေ ခုန်ပေါက်ထွက်ပေါ်လာခဲ့သည်။ သူရဲ့မျက်လုံးတွေက တောက်ပနေခဲ့ပြီး ဇူယွမ်ကို စိုက်ကြည့်နေမိသကဲ့သို့ စကားတစ်ခွန်းကို ရေရွတ်လိုက်မိသည်…

“သူက အမှန်တကယ် သူ့ရဲ့တတိယစွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့လိမ့်မယ်လို့ ဘယ်လိုထင်မိမှာလဲ…”

Comment

Leave a Reply

Options

not work with dark mode
Reset