စာစဉ် (၄) အပိုင်း (၅၂)

အစစ်အမှန်စွမ်းအား

“ဇူယွမ်… မင်းက သေချင်နေတာပဲ…”

ဒေါသတကြီးအော်ဟစ်လိုက်သံက ချီယွဲ့၏ပါးစပ်ထဲမှထွက်ပေါ်လာခဲ့သလို သူ့ခန္ဓာကိုယ်မှလည်း သတ်ဖြတ်လိုတဲ့ဆန္ဒတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ သွေးကြောတွေယှက်သန်းလာခဲ့ရပြီး သူ့ရဲ့ပုံစံကို အလွန်အမင်း ရက်စက်ကြမ်းကြုတ်သွားစေခဲ့သည်။

သူ့အနေနဲ့မူလက ဒီတိုက်ပွဲဟာ သူ့အတွက် လွန်စွာမှပင်လွယ်ကူလိမ့်မည်လို့ ချွင်းချက်မရှိ ယုံကြည်ထားခဲ့မိသည်။ ဒါ့အပြင် သူ့ရဲ့ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့်ခွန်အားက ကျောင်းတော်ထဲရှိ ဘယ်ကျောင်းသားကိုမဆို အနိုင်ယူနိုင်ဖို့ လုံလောက်ပေသည်။

သူက ဝင်ပေါက်ငါးခုသာဖွင့်ထားနိုင်သည့် ဇူယွမ်ကို ပြတ်ပြတ်သားသားအနိုင်ရယူနိုင်လိမ့်မယ်လို့ တွေးထင်ထားခဲ့ပေမဲ့ ဒါက အခုချိန်မှာ ထင်မှတ်မထားတာတွေဖြစ်လာခဲ့ရသည်။

ချီယွဲ့အတွက် ဒီရလဒ်က သံသယရှိစရာမလိုလောက်အောင်ပင် မျက်နှာပျက်ရစေသည်။

“ဘယ်သူသေမယ်ဆိုတာကို မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး…” ဇူယွမ်ရဲ့လေသံက တည်ငြိမ်နေသော်ငြား သူ့ရဲ့မျက်လုံးထဲမှာ လူသတ်ချင်စိတ်တွေ ပြင်းထန်နေရသည်။

ချီယွဲ့ရဲ့သွေးရောင်လွှမ်းနေတဲ့မျက်လုံးတွေက ဇူယွမ်ကို ကြည့်လိုက်မိသည်။ တစ်ခဏအကြာမှာ သူ့မျက်နှာပေါ်က လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အမူအယာတွေက ဖြည်းညှင်းစွာပျောက်ကွယ်သွားခဲ့ပြီး ထိုအစား တည်ငြိမ်မှုက အစားထိုးဝင်ရောက်လာခဲ့သည်။ သို့ပေမဲ့လည်း သူက ပိုပြီးခြောက်ခြားစရာကောင်းသည့်လေသံဖြင့် ပြောသည်… “ဇူယွမ်… မင်းက ငါမျှော်မှန်းထားတာထက် ပိုပြီးစွမ်းဆောင်နိုင်ခဲ့တာပဲ…”

“ဒါပေမဲ့လည်း မင်းက ဒီလောက်နဲ့ ငါ့ကိုအနိုင်ရလိမ့်မယ်လို့ ယုံကြည်နေတာလား…”

ချီယွဲ့၏ ခြောက်ခြားစရာကောင်းသည့်အမူအယာကို မြင်လိုက်ရသည့်အခါ ဇူယွမ်၏အမူအယာက ပိုလို့လေးနက်သွားရသည်။ ချီယွဲ့က ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်လာခဲ့မည်ကို သူသိပေသည်။

ချီယွဲ့က အသက်ကိုပြင်းစွာရှူရှိုက်လိုက်သလို သူ့ရဲ့မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ပေါ်ထွက်လာခဲ့သည်။ ချက်ချင်းပင် သူ့ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ပြီး ကျယ်လောင်စွာဟစ်ကြွေးလိုက်သည်…

“ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်…”

ဝှစ်…

ရုတ်တရက် ပတ်ဝန်းကျင်ရှိမူလချီတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး ချီယွဲ့ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားသည်ကို လူတိုင်းက ကြည့်နေခဲ့သလို ချီယွဲ့ရဲ့အရှိန်အဝါကလည်း လျင်မြန်စွာမြင့်တက်လာသည်ကို ခံစားမိလိုက်ကြသည်။

ဒီအချိန်မှာ ဇူယွမ်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့ရပြီး ဖြည်းညှင်းစွာပြောသည်… “မင်းက ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်ကို အသုံးပြုလိမ့်မယ်လို့ ထင်မထားမိဘူး… မင်းက တကယ့်ကို ဆုံးဖြတ်ချက်ပြတ်သားတာပဲ…”

ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်က မူလကျင့်စဉ်အမျိုးအစားတစ်ခုပင်ဖြစ်ပြီး ၎င်းက နောက်ထပ်စွမ်းအင်ဝင်ပေါက်တစ်ခုကို ဖိအားပေးကာ ယာယီဖွင့်ပေးခြင်းဖြစ်သည်။ ချီယွဲ့က ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ နောက်ထပ်ဝင်ပေါက်တစ်ခုထပ်ဖွင့်နိုင်မည်ဖြစ်သည့်အတွက် ဝင်ပေါက်ရှစ်ခုလုံးဖွင့်နိုင်သည့်ကျင့်ကြံသူတစ်ယောက်အဖြစ်ယာယီမြင့်တက်သွားရပေလိမ့်မည်။

သို့ပေမဲ့လည်း ဒီကျင့်စဉ်က လူတစ်ယောက်၏ခန္ဓာကိုယ်ကို အလွန်အမင်းနာကျင်စေလိမ့်မည်ဖြစ်ကာ ရှစ်ခုမြောက်ဝင်ပေါက်ကို ဖွင့်နိုင်ဖို့အတွက် အချိန်ကြာမြင့်သွားစေမည်ဖြစ်သည်။

မူလချီတွေက ချီယွဲ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေသကဲ့သို့ သူ့ရဲ့အဝတ်အစားတွေကလည်း တဖျပ်ဖျပ်လှုပ်ခါနေလျက်ရှိသည်။ သူ့ရဲ့လက်ကို တင်းတင်းဆုပ်လိုက်သည့်အခါ ချိုးချိုးချွတ်ချွတ်အသံတွေ ထွက်ပေါ်လာခဲ့ကာ သူ့ခန္ဓာကိုယ်ထဲမှစွမ်းအားတွေ များစွာတိုးမြင့်လာတာကို ခံစားခဲ့ရသည်။

“တော်ဝင်ဇူကျောင်းတော်ကို ရရှိနိုင်ဖို့အတွက် ဒီလိုသေးငယ်တဲ့ပေးဆပ်မှုလေးက ဘာမှမဟုတ်ဘူး…” ချီယွဲ့က စိတ်ဝင်စားခြင်းမရှိဘဲ ဆက်ပြောသည်… “ဒါ့အပြင် ချီအိမ်တော်က ငါ့ရဲ့ဒဏ်ရာတွေကို အမြန်ဆုံးပြန်ပြီးသက်သာနိုင်စေဖို့ ထူးခြားတဲ့ရတနာတွေကို ကြိုပြီးပြင်ဆင်ထားခဲ့ပြီးပြီ…”

“ဒါပေမဲ့လည်း အဲ့ဒါမတိုင်ခင်မှာ မင်းက ပထမဆုံးပေးဆပ်ရမဲ့လူဖြစ်လာလိမ့်မယ်လို့ ငါခံစားမိရတယ်…”

ဘန်း…

သူ့ရဲ့ပါးစပ်ကနေ နောက်ဆုံးစကားလုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်က ရှေ့ကိုပြေးထွက်သွားခဲ့သည်။

“ဒီအမြန်နှုန်း…” ဇူယွမ် အနည်းငယ်တော့ အံ့အားသင့်သွားသည်။ ချီယွဲ့က သူ့ရဲ့ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖိအားပေးဖွင့်လှစ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ခွန်အားက နောက်ထပ်အဆင့်တစ်ခုကို ရောက်သွားခဲ့ရသည်။

“နဂါးခြေလှမ်း…”

ဇူယွမ်တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ သူ့ရဲ့ခြေထောက်တွေကို ရွေ့လျားလိုက်သည်။

ဘုန်း…

မူလချီအလင်းတွေလှည့်ပတ်နေတဲ့ လက်သီးတစ်ချက်က ရက်စက်ကြမ်းကြုတ်စွာဖြင့်ပင် နောက်ကျောမှ သူ့ထံသို့ဝင်ရောက်လာခဲ့ပြီး သူ့ရင်ဘတ်ရှေ့မှ ပွတ်ကာသီကာလေးကျော်ဖြတ်သွားခဲ့သည်။

သို့ပေမဲ့လည်း တိုက်ခိုက်မှုလွဲချော်သွားခဲ့ချိန်မှာ ချီယွဲ့ရဲ့လက်သီးက လက်ဝါးအဖြစ်ပြောင်းလဲသွားခဲ့ပြီး အောက်ကိုရိုက်ချလိုက်သည်။ မူလချီတွေက လေထုကိုအဝေးသို့ လွင့်ပြယ်သွားစေခဲ့ကာ ပြင်းထန်တဲ့အင်အားအရှိန်ကြောင့် လေထုပေါက်ကွဲသံပင် ထွက်ပေါ်လာခဲ့ရပြီး လက်ဝါးရိုက်ချက်က ဇူယွမ်၏ရင်ဘတ်ပေါ်သို့ ကျဆင်းလာခဲ့ရသည်။

ဝုန်း… ဝုန်း…

ဇူယွမ်က သူ့ရင်ဘတ်မှ နာကျင်မှုကိုခံစားမိလိုက်သည့်အတွက် လျင်မြန်စွာပင် နောက်ဆုတ်ရှောင်တိမ်းလိုက်သည်။ ချီယွဲ့ရဲ့ အစောပိုင်းတိုက်ခိုက်မှုကနေ လေထုပေါက်ကွဲမှုက သူ့ကိုအနည်းငယ်ထိခိုက်မှုရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှုသာ ဒီထက်ပိုပြီး ထိခိုက်မိခဲ့မယ်ဆိုရင် သူ့ကိုပိုပြီးတော့တောင်မှ ထိခိုက်ဒဏ်ရာရစေလိမ့်မည်။

ဒါက ချီယွဲ့ဟာ သူ့ရဲ့ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖိအားပေးဖွင့်လှစ်ခဲ့ပြီးနောက်မှာ သူ့ရဲ့စွမ်းအားတွေပိုပြီးမြင့်တက်လာခဲ့သည်မှာ ထင်ရှားလှသည်။

“မင်းဘယ်လောက်ဆက်ပြီး ရှောင်နေနိုင်မလဲ ကြည့်ရသေးတာပေါ့…” အေးစက်တဲ့အလင်းရောင်တွေက ချီယွဲ့ရဲ့မျက်လုံးထဲမှာ ထွက်ပေါ်လာခဲ့ရသလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း ရှေ့ကိုနောက်တစ်ကြိမ်ပြေးထွက်လာခဲ့သည်။ လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှတဲ့တိုက်ခိုက်မှုတွေက ဇူယွမ့်ကို လှိုင်းတွေအလား ဖုံးလွှမ်းသွားခဲ့သည်။

ယခုလက်ရှိမှာ အလွန်အမင်းပြင်းထန်လှတဲ့ ချီယွဲ့ရဲ့တိုက်ခိုက်မှုတွေကို ဇူယွမ်က အဆက်မပြတ် နောက်ဆုတ်ရုံသာတတ်နိုင်ခဲ့သည်။

ဇူယွမ်က ချက်ချင်းဆိုသလိုပင် အန္တရာယ်များလှသည့်အခြေအနေအတွင်းသို့ ကျဆင်းသွားခဲ့ရသည်။

ကွင်းပြင်ထဲမှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် အထိတ်တလန့်အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ရသည်။ ချီယွဲ့က လက်ရှိအချိန်မှာ လုံးဝအသာစီးရနေသည်ကို သူတို့အားလုံးပြောနိုင်ပေသည်။ ဇူယွမ်ရဲ့ လက်ထဲမှာ နောက်ထပ်လျှို့ဝှက်ချက်တွေမရှိတော့ဘူးဆိုရင် ဒီတိုက်ပွဲက သေချာပေါက်ကို ချီယွဲ့၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပေလိမ့်မည်။

ပါရမီရှင်အတန်းဘက်မှာတော့ ကျောင်းသားအားလုံးရဲ့မျက်နှာပေါ်မှာ လေးနက်မှုတွေ စိုးရိမ်မှုတွေဖြင့် ပြည့်နှက်နေကြသည်။ စုယုဝေက သူမရဲ့လက်ကလေးတွေကို တင်းတင်းဆုပ်ကိုင်ထားလိုက်မိပြီး သူမရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်သောကရောက်နေသည့်ပုံပင်။ လက်ရှိချီယွဲ့က အမှန်တကယ်ကိုပင် စွမ်းအားမြင့်လွန်းလှပေသည်။

ပွဲကြည့်စင်ထက်မှာတော့ ဇူချင်ရဲ့အမူအယာက ခက်ထန်သွားခဲ့ရသည်။ သူနဲ့ဆန့်ကျင်စွာပင် ချီယန်ရဲ့မျက်နှာထက်မှာတော့ ကျေနပ်တဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝုန်း…

လူရိပ်နှစ်ခုက တိုက်ပွဲစင်မြင့်ထက်မှာ ဆက်လက်၍တိုက်ခိုက်နေလျက်ရှိကြသည်။ ချီယွဲ့ရဲ့တိုက်ခိုက်မှုတွေက ရက်စက်ကြမ်းကြုတ်လှပြီး သေစေနိုင်လောက်တဲ့ အားလှိုင်းတွေ တစ်ခုပြီးတစ်ခုကို ဇူယွမ်က အဆက်မပြတ်တိမ်းရှောင်နေခဲ့ရသည်။

သို့ပေမဲ့လည်း ချီယွဲ့ရဲ့ဖိအားပေးမှုအောက်မှာ ဇူယွမ်ရဲ့ရှောင်ရှားနိုင်ဖို့နေရာက ပိုပြီးကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာခဲ့ရသည်။

တစ်ကြိမ်မှာ သူ့ရဲ့ခြေထောက်က တိုက်ပွဲစင်မြင့်ရဲ့အစွန်ကို ရောက်ရှိသွားရ၏။ ထိုအခိုက်မှာ ချီယွဲ့ရဲ့မျက်နှာက ပြုံးသွားခဲ့ရပြီး လက်သီးလှိုင်းတွေက ရုတ်တရက်အောက်သို့ ကျဆင်းလာခဲ့ရကာ သူတို့အောက်ခြေမှာရှိတဲ့ စင်မြင့်ပေါ်မှအခင်းတွေကို လုံးဝကွဲကြေသွားစေခဲ့သည်။

ဒီလက်ဝါးရိုက်ချက်က ဇူယွမ့်ကို စင်မြင့်ပေါ်မှ လွင့်ထွက်သွားစေနိုင်ကာ အနိုင်ရရှိမည့်သူကို အဆုံးအဖြတ်ပေးနိုင်ဖို့ လုံလောက်သည်။

ဒါ့ကြောင့်ပင် အထိတ်တလန့်အော်ဟစ်သတိပေးသံတွေက ကွင်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။

“မင်းစင်မြင့်ပေါ်က ဆင်းသွားဖို့အချိန်ကျပြီ… မင်းက အရာရာတိုင်းကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ထင်နေတာလား…” ဒီအခိုက်အတန့်မှာ ချီယွဲ့က မနှစ်မြို့စရာကောင်းလောက်အောင် ရယ်မောလိုက်ပြီး အော်ပြောလိုက်သည်။

လက်ဝါးလေလှိုင်းတွေက ဇူယွမ်ရဲ့မျက်နှာကို ရိုက်ခတ်မိသွားသည့်အခါ သူကခေါင်းကို မော့လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့တဲ့အရိပ်အယောင်တစ်စွန်းတစ်စလေးတောင်မှ မြင်တွေ့ခဲ့ရခြင်းမရှိဘဲ ထိုအစား အေးစက်စက်အပြုံးတစ်ခုကိုသာ ပြုံးခဲ့လိုက်သည်။

“ငါအစောကြီးကတည်းက ပြောခဲ့ပြီးသားပဲ… မင်းက ကိုယ့်ဘာသာကိုယ်အရှုံးပေးခဲ့လိုက်မယ်ဆိုရင် အခြေအနေတွေက ဒီလောက်ဆိုးသွားတော့မှာ မဟုတ်ဘူး…”

ဝုန်း…

ရုတ်တရက် ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိမူလချီတွေက သူ့ထံစီးဝင်သွားခဲ့ရကာ သူ့ခန္ဓာကိုယ်ထဲက မူလချီလှုပ်ရှားမှုတွေက တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရသည်။

ဇူယွမ်ရဲ့ပြောင်းလဲမှုက လူတိုင်းရဲ့အာရုံတွေကို ဖမ်းစားသွားခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိကြသည်… “မင်းသားလေးဇူယွမ်က သူ့ရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီလား…”

“သူလည်းပဲ ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်ကို အသုံးပြုခဲ့တာလား…”

“ဒါက ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်မဟုတ်ဘူး… မင်းသားလေးဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲက မူလချီတွေက အရင်ကအတိုင်းပဲ အားအင်ပြည့်ဝနေတုန်းပဲ… မင်းသားလေးက ဒါကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပြီးတော့ ဖရိုဖရဲဖြစ်သွားတဲ့လက္ခဏာတွေကို မတွေ့ရဘူး… ဒါ့ကြောင့် ဒါက ဝင်ဖောက်ချိုးဖျက်ခြင်းပညာရပ် မဟုတ်နိုင်ဘူး…”

“ဒါက သူ့ရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို အစစ်အမှန်ချိုးဖျက်နိုင်ခဲ့တာ ဖြစ်နိုင်တယ်…”

“မင်းသားလေးဇူယွမ်ရဲ့ ခြောက်ခုမြောက်ဝင်ပေါက်က အချိန်ကြာမြင့်စွာကတည်းက ပွင့်နေခဲ့ပြီးတော့ သူက သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာပဲ ဖြစ်ရမယ်…”

“မင်းသားလေးက တော်တော်ဉာဏ်များတာပဲ… ချီယွဲ့ကို သူအနိုင်ရတော့မယ်လို့ ယုံကြည်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အားနည်းချင်ယောင်ဆောင်ခဲ့ပြီးတော့ ချီယွဲ့ကို ဂရုစိုက်မှုလျော့သွားအောင် လုပ်ခဲ့တာပဲ…”

“……”

များစွာသောအသံတွေ ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်ရဲ့စွမ်းအားတွေ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာမှုက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” ဒီအချိန်မှာ ချီယွဲ့တစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့မိသည်။ သူ့အနေနဲ့ အစောပိုင်းက ဇူယွမ်ကို သူ့ရဲ့အဆုံးသတ်ရောက်အောင် ဖိအားပေးထားနိုင်ပြီလို့ ယုံကြည်ထားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဇူယွမ်က သူ့ရဲ့လျှို့ဝှက်ထားတဲ့အရာတွေကို ရုတ်တရက်ထုတ်သုံးလာလိမ့်မယ်လို့ ဘယ်သူကများထင်ထားမိပါ့မလဲ။

“အနက်ရောင်သစ်တောတောင်တန်းထဲမှာ ငါနှစ်လကြာအောင် လေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ငါးခုမြောက်ဝင်ပေါက်ကိုပဲ ဖွင့်နိုင်ခဲ့တယ်လို့ မင်းက ထင်ထားတာလား…” ဇူယွမ်စွာ အေးစက်စွာရယ်လိုက်သည်။ သူ့အနေနဲ့ အနက်ရောင်သစ်တောတောင်တန်းအတွင်း၌ နေ့ရောညပါ မူလမှော်သားရဲတွေကို တိုက်ခိုက်နေခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ ဒါ့အပြင်ကို ယောင်ယောင်က သူ့ကိုကူညီပြီး သားရဲသုံးဆယ့်ခြောက်ကောင် ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးကို ရေးဆွဲပေးခဲ့ပေသည်။ ဒါ့ကြောင့်ပင် သူ့အနေနဲ့ အမျိုးမျိုးသောဝေဒနာတွေကို တောင့်ခံနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ပြော၍ရသည်။ နောက်ဆုံးမှာ သူတောင်တန်းအတွင်းမှ ပြန်မထွက်မီ ငါးရက်အလိုကပင် သူ့ရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့ပေမဲ့လည်း သူ့အနေနဲ့ ဒီအချက်ကို ဖုံးကွယ်ထားခဲ့ပြီး ဝင်ပေါက်ငါးခုဖွင့်ထားနိုင်သည့်စွမ်းအားကိုသာ ထုတ်ပြခဲ့သည်။

“နဂါးလက်ဝါး… မြေကိုခွဲခြင်း…”

ဇူယွမ်၏ တန်ပြန်တိုက်ခိုက်မှုက လျင်မြန်ပြီး ပြင်းထန်သည်။ သူ့ရဲ့လက်ဝါးက အလျားလိုက် လှုပ်ရှားသွားခဲ့သလို မူလချီတွေကလည်း တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ကာ လေထုက အဆက်မပြတ်ပေါက်ကွဲနေခဲ့ရသည်။ ၎င်းရဲ့အရှိန်အဟုန်ကို သေချာပေါက်တားဆီး၍မရနိုင်ပေ။

ဇူယွမ်ရဲ့တန်ပြန်တိုက်ခိုက်မှုက ချီယွဲ့ခန္ဓာကိုယ်ပေါ်က အားလှိုင်းတွေကို ရပ်တန့်သွားစေသကဲ့သို့ သူ့အပေါ်အန္တရာယ်အငွေ့အသက်တစ်ခု ကျရောက်လာတာကိုလည်း ခံစားလိုက်ရသည်။ သူ့မှာတွေးတောနေဖို့ပင် အချိန်မရှိခဲ့ဘဲ သူ့မှာရှိတဲ့ မူလချီအားလုံးကို စုစည်း၍ ခုခံဖို့သာတတ်နိုင်ခဲ့သည်။

“မိုးကြိုးလက်သီး…”

ချီယွဲ့ရဲ့လက်သီးက လှုပ်ရှားသွားခဲ့ပြီး စက္ကန့်အနည်းငယ်အကြာမှာပင် ဇူယွမ်ရဲ့လက်ဝါးနဲ့ ပြင်းပြင်းထန်ထန်ရင်ဆိုင်မိလိုက်သည်။

ဘန်း…

ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်တဲ့အားလှိုင်းတစ်ခုက ပေါ်ထွက်လာခဲ့ရပြီး သူတို့နှစ်ယောက်ခြေထောက်အောက်ရှိ အခင်းကျောက်ပြားတွေက လုံးဝကိုပင် ကွဲကြေသွားခဲ့ရကာ စင်မြင့်ပေါ်ရှိလေထဲသို့ဝဲပျံသွားခဲ့ရသည်။

ကျောက်ပြားအပိုင်းအစတွေ လေထဲမှာလွင့်ပျံနေသကဲ့သို့ ချီယွဲ့ရဲ့ခန္ဓာကိုယ်ကလည်း ဆတ်ခနဲတုန်ခါသွားခဲ့ရပြီး မြေပြင်ပေါ်တွင်လျှောတိုက်၍ နောက်ဘက်သို့ အဆက်မပြတ်ဆုတ်ခွာခဲ့သွားခဲ့ရသည်။ နောက်ဆုံးသူရပ်တန့်နိုင်လိုက်သည့်အချိန်တွင် ညည်းညူသံတစ်ချက်ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်းတစ်ခု စီးကျလာခဲ့ရသည်။

သူနဲ့ဆန့်ကျင်စွာပင် ဇူယွမ်က သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် နောက်သို့ ခြေလှမ်းဝက်သာ ဆုတ်ခဲ့လိုက်ရသည်။

ကွင်းပြင်ထဲမှာ အထိတ်တလန့်အော်ဟစ်လိုက်သံတွေဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။

ဆူညံသံတွေက ကွင်းပြင်ထဲမှာ နောက်တစ်ကြိမ်ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ များစွာသောလူတွေက အော်ဟစ်အားပေးလိုက်ကြသည်။ ဇူယွမ်ရဲ့ပြိုင်ဘက်အပေါ် အားနည်းချင်ယောင်ဆောင်သည့်ဗျူဟာက အမှန်တကယ်ကိုပင် ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ရရှိခဲ့ရပေသည်။

“တိုက်ပွဲအပေါ်ဆင်ခြင်သုံ့သပ်နိုင်စွမ်းက အရမ်းကိုလိမ္မာပါးနပ်မှုရှိတာပဲ…” များစွာသောစွမ်းအားမြင့်ကျင့်ကြံသူတွေက သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်မိကြသည်။ ချီယွဲ့က စွမ်းအားအရာမှာ ပိုပြီးသန်မာသည်ဆိုသော်ငြားလည်း ဇူယွမ်နဲ့ယှဉ်လိုက်ရင် တိုက်ပွဲအပေါ်ဆင်ခြင်သုံ့သပ်နိုင်စွမ်းက လွန်စွာမှပင် အားနည်းလှသည်။

ဒါ့အပြင် ဇူယွမ်ရဲ့ပြင်းထန်သည့်တိုက်ခိုက်မှုက လေ့ကျင့်သားပြည့်ဝသည့်တိုက်ခိုက်ရေးသမားတစ်ယောက် တိုက်ခိုက်သည်နှင့်ပင် အလားသဏ္ဍာန်တူလှသည်။ စွမ်းအားတွေရဲ့ ပေါက်ကွဲမှုတစ်ခုချင်းစီက သေချာပေါက်ပင် အကျိုးသက်ရောက်မှုများပေသည်။

တိုက်ပွဲစင်မြင့်ပေါ်မှာ ချီယွဲ့က သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ စီးကျနေတဲ့သွေးတွေကို ဖြည်းညှင်းစွာသုတ်လိုက်သကဲ့သို့ သူ့ရဲ့မျက်နှာကလည်း အနည်းငယ်လှုပ်ရှားသွားရပေသည်။ အဆုံးမှာ သူက အသက်ကို ပြင်းစွာရှူလိုက်ပြီး ရင်ထဲကဒေါသတွေကို ချိုးနှိမ်လိုက်ကာ သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ချီယွဲ့က အေးစက်စွာပင် မှတ်ချက်ပြုသည်… “မင်းက မင်းရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်ထားနိုင်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ ငါတွေးမထားမိခဲ့ဘူး…”

ဇူယွမ်က အနည်းငယ်ပြုံးလိုက်ပြီး ပြန်ပြောသည်… “ဒါပေါ့… ငါ့ရဲ့အင်္ကျီလက်ထဲမှာ အချို့အရာတွေကို လျှို့ဝှက်ထားဖို့ လိုအပ်တယ်မဟုတ်လား…”

သူကသာ တိုက်ပွဲစကတည်းက သူ့ရဲ့လျှို့ဝှက်ချက်တွေအားလုံးကို ထုတ်သုံးခဲ့မယ်ဆိုရင် သူ့အနေနဲ့ ချီယွဲ့ကို အလစ်အငိုက်ရယူနိုင်လိမ့်မည်မဟုတ်ပေ။ အခုချိန်မှာ အနည်းဆုံးတော့ ချီယွဲ့က သူ့ရဲ့ပေါ့လျော့မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ရပြီဖြစ်သည်။

ဇူယွမ်ကို ကြည့်နေသည့် ချီယွဲ့ရဲ့မျက်လုံးတစ်စုံက အေးစက်နက်မှောင်နေလျက်ရှိပြီး သူက ဖြည်းညှင်းစွာ ပြန်ပြောသည်… “အမှန်ပဲ… မင်းက ငါ့ကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခု သင်ပေးခဲ့တာပဲ…”

သူက သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး ခေါင်းညိတ်လိုက်လျက် အေးစက်စွာဖြင့်ပြောသည်… “ဒီအတွက်တော့ မင်းကို ငါကျေးဇူးတင်ရမယ်… ငါက မင်းကို အနိုင်ယူနိုင်ဖို့အတွက် ငါ့ရဲ့အစွမ်းအထက်ဆုံးတိုက်ခိုက်မှုကို အသုံးပြုရတော့မှာပေါ့… မင်းဂုဏ်ယူနေရတဲ့ မင်းရဲ့ဝှက်ဖဲကို ငါက တစ်ချက်တည်းနဲ့ဆုတ်ဖြဲပြီးတော့ မင်းကို မျှော်လင့်ချက်တွေပျောက်ဆုံးသွားတဲ့အရသာက ဘယ်လိုလဲဆိုတာကို ခံစားရအောင် လုပ်ပေးရလိမ့်မယ်…”

သူ့ရဲ့စကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချီယွဲ့က သူ့ရဲ့လက်ကို ဖြည်းညှင်းစွာမြှောက်လိုက်သည်။ လူတိုင်းက သူ့ရဲ့လက်မှာ မှိန်ဖျော့ဖျော့အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်ခဲ့ရသည်။ ထိုအလင်းရောင်က မတည်မငြိမ်ဖြစ်နေသကဲ့သို့ ၎င်းထံမှ ထက်ရှတဲ့အရှိန်အဝါတစ်ခု ထုတ်လွှတ်နေခြင်းကြောင့် လူတိုင်း၏ အမူအယာတွေပြောင်းလဲသွားခဲ့ရသည်။

၎င်းအစိမ်းရောင်အရှိန်အဝါကြောင့် လေထုပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။

ပိုပြီးဗဟုသုတကြွယ်ဝတဲ့ ကျွမ်းကျင်သူအချို့ရဲ့ အမူအယာတွေက ပြောင်းလဲသွားခဲ့ရကာ တုန်လှုပ်သည့်အသံဖြင့် အော်လိုက်မိသည်… “ဒါက… ချီအိမ်တော်ပိုင်ဆိုင်တဲ့ ထိပ်တန်းအဆင့်မူလကျင့်စဉ်တွေထဲကတစ်ခုဖြစ်တဲ့ မီးလျှံအလင်းကျင့်စဉ်လား…”

“ချီယွဲ့က မီးလျှံအလင်းကျင့်စဉ်ကို တတ်မြောက်နေခဲ့တာလား…”

“မကောင်းတော့ဘူး… မင်းသားလေးဇူယွမ်မှာ အန္တရာယ်ရှိနေပြီ… မီးလျှံအလင်းကျင့်စဉ်က အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုဖြစ်ပေမဲ့လည်း သူ့ရဲ့စွမ်းအားက အနက်ရောင်အလယ်အလတ်အဆင့်မူလကျင့်စဉ်တော်တော်များများကို ဖိနှိပ်နိုင်စွမ်းရှိတယ်…”

“ဒီကျင့်စဉ်နဲ့သာဆိုရင် ချီစုဆောင်းမှုအဆင့်အောက်က ဘယ်သူမဆို ချီယွဲ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး…”

Comment

Leave a Reply

Options

not work with dark mode
Reset