“ဘန်း“
ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော လှိုင်းများ ဇူယွမ်၏ မျက်ခုံးနှစ်ခု ကြားတွင် လှုပ်ခတ်သွားသော အချိန်မှာတော့ သူ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ ရွှေရေကန်၏ အောက်ခြေတွင် တုန်ခါလာပြီး ကြီးမားသော ရေဝဲကြီး တစ်ခုက ဇူယွမ်ကို ဦးတည်၍ ဖြစ်ပေါ်လာသည်။
ရွှေရောင် အလင်းတန်းများက ဇူယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွမ်းခြုံသွားသည်။
“ဖတ်ဖတ်“
မိနစ်အချို့ခန့် ကြာသောအခါမှာ ဇူယွမ်၏ ခန္ဓာကိုယ်မှာ ဆိုးဝါးသော အနံ့များနှင့် အနာဖေးပုံစံ အလွှာတစ်ခုက ဇူယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ထွက်ပေါ်လာသည်။ ထိုဖြစ်စဉ်က ခန္ဓာကိုယ် အတွင်းမှာ မသန့်စင်သော အရာများကို စွန့်ထုတ်သော ဖြစ်စဉ်ဖြစ်သည်။
ဇူယွမ်က တစ်ချက်ခါ ထုတ်လိုက်သည်နှင့် အနာဖေးပုံစံ အလွှာတစ်ခုလုံး ကွာကျသွားခဲ့ပြီး ရွှေရောင်အလင်းများ စီးဆင်းနေသည့် အရည်ပြားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းက အလွန်အမင်းပင် မှော်ဆန်လှပေသည်။
ဇူယွမ်၏ မျက်စိအတွင်းတွင် မျက်စိ ကျိန်းမတတ် အလင်းတန်းကြီးတစ်ခု ပွင့်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှ လိမ့်တက်လာသော သန်မာမှုများကို ခံစားမိကာ ဝမ်းသာမှုများက သူ၏ မျက်နှာတွင် ပေါ်လာခဲ့ပေသည်။
ဇူယွမ်က သူ၏ မျက်လုံးပြန်မှိတ်ကာ သူ၏ စိတ်ဝိညာဉ်အား စတင် စစ်ဆေးလိုက်သည်။ သူ၏ မျက်ခုံးနှစ်ခု ကြားတွင် ထိုင်နေသည့် သဏ္ဌာန်ပုံရိပ်က နူးညံ့သော အလင်းတန်းများ ထုတ်လွှတ်နေသည်။ ရွှေရေကန်ထဲ မဝင်ခင်က အခြေအနေနှင့် နှိုင်းယှဉ်ပါက သူ၏ စိတ်ဝိညာဉ်မှာ သိသာထင်ရှားစွာ စုစည်းပြီး ခန္ဓာပုံသဏ္ဌာန် ပေါ်ခဲ့ပြီဖြစ်သည်။
ဒီအဓိပ္ပာယ်က သူ၏ စိတ်ဝိညာဉ်က ဒြပ်ထည်အဆင့် ရောက်ရှိကြောင်း ဖော်ပြနေသည်။
သူ၏ စိတ်ဝိညာဉ်က စိတ်ဝိညာဉ် ဒြပ်ထည်အဆင့် တက်လှမ်းခဲ့ပြီ ဖြစ်သည်။ ထိုအရာက အလွန်အမင်း အံ့အားသင့်ဖွယ် ရောက်ရှိမှု ဖြစ်သည်။ ထိုအဆင့်တွင် စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာ၍ မရေမတွက် နိုင်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။ မတွေးတော နိုင်အောင်ပင် ခက်ခဲသော အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
“ဘယ်လောက်တောင် ရူးသွပ်စရာ ကောင်းတဲ့ ကောင်းချီးပေးမှုလဲ။ စိတ်ဝိညာဉ် ကျင့်ကြံခြင်းက လွန်စွာခက်ခဲတယ်။ ငါအရင် တစ်နှစ်က အားကုန်သုံးပြီး ကျင့်ကြံတုန်း ကတောင် ငါ့ရဲ့ စိတ်ဝိညာဉ်က ပုံဖော်ခြင်း ပထမ အဆင့်ကိုပဲ ရောက်ရှိခဲ့တယ် ဒါပေမဲ့ ငါအခု လျင်မြန်စွာ ပြီးဆုံးခဲ့ပြီ” ဇူယွမ်၏ နှလုံးသားတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
အတိတ်က သူ့အနေဖြင့် စိတ်ဝိညာဉ် ပုံဖော်ခြင်း အဆင့်သို့ ရောက်ရှိရန် တစ်နှစ်နီးပါး ကျင့်ကြံ ခဲ့ရပေသည်။
သူ၏ ထိုင်နေသော သဏ္ဍာန် စိတ်ဝိညာဉ် ပေါ်တွင် နို့နှစ်ရောင် စိတ်ဝိညာဉ် သလင်းလုံးက ရစ်ဝဲနေကာ အလင်းတန်းများ ထွန်းလင်းလျက် သူ၏ စိတ်ဝိညာဉ် တစ်စထက်တစ်စ ကြီးထွားလာရန် ကူညီနေသည်။
ထိုအရာက ဂူကလန်မှ ရရှိလာသည့် စိတ်ဝိညာဉ်သလင်း ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် အဆင့်တက်ရခြင်း အကြောင်းမှာ ရွှေရေကန်၏ ကောင်းချီးက အဓိက နေရာမှ ပါဝင်နေသော်လည်း သူတော်စင် သလင်းတုံး၏ စွမ်းအားအာဟာရ ဖြည့်တင်းပေးမှုကိုလည်း လျစ်လျူရှု၍ မရပေ။
နောက်ထပ် ဖြည့်စွက်မှု အနေဖြင့် ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားရှိ ဇူယွမ်၏ စိတ်ဝိညာဉ်ပေါ်တွင် ရှေးဟောင်း မှော်စာလုံး တစ်ခုကို ရေးရေးလေး မြင်နိုင်ပေသည်။
ရှေးဆန်သော မှော်စာလုံးက တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး လွန်စွာ ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းသည်။ ထိုအရာက ကမ္ဘာမြေကြီးအား ဖန်တီးခြင်းနဲ့ အတူ မွေးဖွားလာဟန် ရသည်။
“ဒါက … သူတော်စင် စာလုံးလား”
ဇူယွမ်၏ နှလုံးသားမှ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့မျက်ခုံး နှစ်ခုကြားတွင် ဖြစ်ပေါ်နေသော စာလုံးက ထိုလေးနက် ဆန်းကြယ်သော သူတော်စင် စာလုံးနှင့် ဆင်တူပြီး ထိုအရာမှာ ဖြစ်ပေါ်လာဟန်ရသည်။
“ဒီဆန်းကြယ်တဲ့ သူတော်စင် စာလုံးက ငါ့ရဲ့ စိတ်ဝိညာဉ် ပေါ်မှာ တံဆိပ်ခတ် လိုက်တာလား” ဇူယွမ် တုန်လှုပ်သွားသည်။
သူ့အနေဖြင့် ဒီလျှို့ဝှက်ဆန်းကြယ်သော သူတော်စင်စာလုံးက မည်သို့သော အရာမှန်း အတိအကျ မသိပေမဲ့ ထိုအရာ၏ မူလဇစ်မြစ်က မယုံကြည်နိုင်ဖွယ် ဖြစ်မည်ကိုတော့ သိသည်။ ထိုအရာက စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ကျောက်တုံးကိုပင် ရင်ဆိုင်နိုင်ခဲ့သည် မဟုတ်ပါလော။
“ဒီလျှို့ဝှက် ဆန်းကြယ်တဲ့ သူတော်စင် စာလုံးက ဘယ်လို အသုံးဝင်မှု တွေရှိမလဲ ငါတကယ်ကို သိချင်မိတယ်”
ဇူယွမ်အနေဖြင့် သူတွင်ရှိသော နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြည့်သော်လည်း ထိုသူတော်စင်စာလုံးက တုံပြန်မှု အနေဖြင့် အနည်းငယ်မျှပင် တောက်ပခြင်း မရှိပေ။
“အဲတာက ငါ့ရဲ့ စွမ်းအင်တွေကို ခုန်ပေါက်ပြီး တိုးစေရုံပဲလား”
ဇူယွမ်က ခါးသက်စွာ ရယ်မောလိုက်သည်။ ထင်ရှားစွာပင် ထိုလျှို့ဝှက် ဆန်းကြယ်သော မူလမှော်စာလုံးကို နိုးထစေရန် အံ့သြတုန့်လှုပ်ဖွယ် များပြားလှသည့် စွမ်းအားပမာဏ လိုအပ်ဟန်ရပြီး သူ၏ ယခု အခြေအနေနှင့် လုပ်နိုင်စွမ်းမရှိပေ။
ဇူယွမ်က သူ့ခေါင်းကို ခါယမ်းပြီးနောက် ခဏ အကြံရသွားပုံ ပေါ်ပြီး သူ၏ ချီသိုလှောင်ခန်း အတွင်းသို့ အာရုံစိုက်လိုက်သည်။
“ငါခန္ဓာကိုယ်အတွင်းက မူလချီစွမ်းအား တွေလည်း နောက်တစ်ဆင့် မြင့်သွားပြီ ငါ အလယ်လတ်အဆင့် ကောင်းကင်တံခါး အဆင့်ကို ရောက်သွားပြီ ထင်တယ်”
ဇူယွမ်က သူ၏ သွေးနီရောင် ချီသိုလှောင်ခန်း ထဲတွင် သူ၏ နက်ရွှေရောင် မူလချီများက ယခင်ကထက် များပြားစွာ စုစည်း တည်ရှိနေသည်ကို တွေ့လိုက်ရပြီး ထိုသင်္ကေတကား အလယ်အလတ် ကောင်းကင်တံခါး အဆင့်သို့ ရောက်ရှိပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
“သူတော်စင် အကြွင်းအကျန် ဒေသက တကယ်ကိုပဲ ကောင်းချီးပေးခြင်း တစ်ခုက ကောင်းကင်ကို ခြေတစ်လှမ်းတည်းနဲ့ တက်သွားစေတယ်”
ဇူယွမ်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ စီးဆင်းသွားသည်။ သူသည် ကြာမြင့်စွာ မကျင့်ကြံ လိုက်ရသော်လည်း သူ၏ စိတ်ဝိညာဉ်က ပိုမိုရုပ်လုံး ပေါ်လာခဲ့ပြီး သူ၏ မူလချီ များကလည်း နောက်တစ်ဆင့် ချိုးဖောက် ဝင်ရောက်ကာ အလယ်အလတ် အဆင့် ကောင်းကင်ဘုံ တံခါးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပိုပြီးအဓိက ကျသည်မှာ သူအနေဖြင့် လျှို့ဝှက်ဆန်းကြယ်သော သူတော်စင် စာလုံးကို ရရှိခဲ့သည်။ သူသာ ထိုအရာ၏ စွမ်းရည်များကိုသာ ရှာဖွေနိုင်ပါက သာမန်ထက် ထူကဲသော စွမ်းအားများ ရရှိမည်ကို သူသေချာပေါက် သိပေသည်။
“ဝူဟောင်နဲ့ နောက်တစ်ကြိမ် ပြန်ဆုံရင် ငါတကယ်ကို မျက်နှာချင်းဆိုင်ပြီး သူနဲ့ တိုက်ခိုက်နိုင်ပြီ”
တိုက်ပွဲ ဆာလောင်စိတ်များ ဇူယွမ်၏ မျက်လုံးတွင် တောက်ပ လာခဲ့သည်။ ဝူဟောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က အရှိန်အဝါလေး တစ်ခုကပင် သူ့အား ဖိနှိမ့် ထားနိုင်ပေသည်။
သိုသော်လည်း ထိုအရာက သူ့ကို စိတ်မချမ်းသာမှု မဖြစ်စေပါ။ အဲအစား ရိုက်နှက်မှုတိုင်းက သူ့အား သန်မာလာစေရန် အထောက်အကူ ပြုခဲ့ပြီး သူတို့နှစ်ယောက်ကြား ကွာခြားချက်က တဖြည်းဖြည်း သေးငယ်လာသည်။
ယနေ့ အချိန်မှာတော့ “ဝူဟောင် ငါတို့နှစ်ယောက် ကြားက အာဃာတတွေ အားလုံးကို စာရင်းရှင်းဖို့ အချိန်ရောက်ပြီ”
ဇူယွမ်၏ မျက်ဝန်းတွင် အေးစက်မှုများဖြင့် ပြည့်နှက်သွားသည်။
“ခရပ် … “
ရုတ်တရက် ရေကန်၏ အောက်ခြေမှ တစ်စုံတစ်ခု ကွဲကြေသွားသော အသံထွက် ပေါ်လာသည်။ ဇူယွမ်က အောက်သို့ ကြည့်လိုက်လျှင် ကျောက်ပြားတစ်ခုက ကြေမွပျက်စီးသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ထိုကျောက်ပြား ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော မူလမှော်စာလုံး မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဇူယွမ်က သူ၏ နဖူးကို ပွတ်ကြည့်လိုက်သည်။ ထိုစာလုံးက သူ၏ စိတ်ဝိညာဉ်တွင် ခပ်နှိပ်သွားကြောင်း သူသိပေသည်။
ကျောက်ပြား တစ်စစီ ကြေကွဲသွား ကတည်းက ရွှေရေကန်၏ ရွှေရောင်ရေများမှာ တဖြည်းဖြည်း ကြည်လင် သွားသည်ကို ဇူယွမ် ခံစားမိလိုက်သည်။
ထိုရေကန်ကို အားဖြည့် ပေးထားသည့် ဆန်းကြယ်သော စွမ်းအားများ လွင့်ပြယ်ကုန်သည်။
“ဒီရွှေရေကန်ရဲ့ စွမ်းအားတွေက သူတော်စင် စာလုံးတွေက ဖြစ်တည် လာတာလားပဲ” ဇူယွမ်က သူဘာသာ ရေရွတ်လိုက်သည်။
သူတော်စင် စာလုံးက သူ၏ စိတ်ဝိညာဉ်တွင် ခပ်နှိပ်ထားပြီ ဖြစ်သောကြောင့် ထိုအရာသည် သဘောတရား အရ ရွှေရေကန်အား ဆက်လက်ပြီး စွမ်းအင် ထောက်ပံ့ပေးခြင်း မရှိတော့ပဲ သာမန်ရေကန် တစ်ခု ပြန်ဖြစ်သွားစေသည်။
ထိုစဉ် ရေကန်မှ လှိုင်းဂယက်များ ထလာပြီး ဇူယွမ်၏ အတွေးများကို ရပ်တန့် သွားစေသည်။
ထန်ထန်က ရေထဲတွင် ကူးခပ်လာပြီး ဇူယွမ်အား လှည့်ပတ်လျက် ဇူယွမ်၏ မျက်ခုံးနှစ်ခု ကြားက အမှတ်နေရာကို တစ်စုံတစ်ခု ခံစားမိဟန်ဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
“ငါမင်းကြောင့် သေတော့မလို့ပဲ” ဇူယွမ်က ရှုသိုးသိုးဖြင့် ပြောလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော သူတော်စင် စာလုံးမှာ အံ့အားသင့်ဖွယ် စွမ်းအား ရှိသော်လည်း ထိုအရာက သူ့အား ဆရာ ကန်ယွမ် ပေးခဲ့သော စိတ်ဝိညာဉ် ဖျက်ဆီးခြင်း နတ်ဘုရား ကျောက်တုံးကို ဖယ်ရှားခဲ့သည်။ ဒီအရာနှစ်ခု ယှဉ်ပြိုင်စဉ် အခါက သူ့အနေဖြင့် ကြီးစွာသော ဖိအားကို ခံစားရပေသည်။
ကံအားလျော်စွာပဲ ဇူယွမ်က ထိုအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကြီးမားသော ဆုလာဘ် တစ်ခုကို ရရှိခဲ့ပေသည်။
အန္တရာယ်နှင့် အခွင့်အရေးက တစ်ဖက်စီတွင် ရှိနေပေသည်။
ထိုကြောင့် ဇူယွမ်အနေဖြင့် နောက်ထပ် ညည်းတွားခြင်း မပြုတော့ပဲ ထန်ထန်အား အချက်ပြပြီး ရေမျက်နှာပြင် ပေါ်သို့ ကူးခပ်သွားသည်။ ခဏအကြာတွင် ရုန်းထွက်လာသံ နှင့်အတူ သူက ရေကန်၏ တစ်ဖက်ရှိ ရေမျက်နှာပြင် ပေါ်သို့ ထိုးတက်လာသည်။
“ဇူယွမ် နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့”
သူပေါ် ထွက်လာသည်နှင့် လုလျို၏ အသံကို ကြားလိုက်ရပေသည်။
ဇူယွမ် လှည့်ကြည့်လိုက်ချိန်တွင် လုလျိုက သူ့အား ခါးထောက်လျက် ကြည့်နေသည်ကို တွေ့ခိုက်ရသည်။
သူမက သူ့အား အံ့အားသင့်စွာ စိုက်ကြည့်နေရင်းမှ “နင်ဒီထဲမှာ ရှိနေတာ လဝက်တောင် ကြာခဲ့ပြီ”
“လဝက်တောင် ရှိသွားပြီလား”
ဇူယွမ် ကြက်သေသေ သွားခဲ့သည်။ သူ့အနေဖြင့် ရေထဲတွင် ရှိနေသော အချိန်မှာ နေ့တစ်ဝက်မျှသာ ရှိနေမည်ဟု ထင်ထားသော်လည်း ယခု အချိန်များစွာ ကုန်လွန်ခဲ့ပေပြီ။
“တောင်းပန်ပါတယ်”
ဇူယွမ်က လုလျိုနှင့် ကျိန်းရွီးတို့ နှစ်ယောက်စလုံးကို အားနာစွာ ကြည့်လိုက်သည်။ သူတို့ နှစ်ယောက်လုံးက ဒီအပေါ်တွင် တစ်ချိန်လုံး စောင့်နေခဲ့ကြဟန် တူသည်။
ကျိန်းရွီး၏ မျက်နှာကား အရင်တိုင်းပင် ဖြူရော်စွာ ရှိနေသော်လည်း သူ၏ မူလချီများက သူ၏ ခန္ဓာကိုယ်မှ မှုလချီများက ရုန်းကြွနေပြီး သေချာစွာပင် သူလည်း ရွှေရောင် ရေကန်မှ အကျိုးအမြတ်များစွာ ရရှိခဲ့ဟန် တူသည်။
သူက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “သို့သော်လည်း သူတော်စင် အကြွင်းအကျန် ဒေသမှာ ပြီးခဲ့တဲ့ လက တွေ့ဆုံမှုတွေ တော်တော်များများ ဖြစ်ပျက်သွားပြီး မင်း အဓိက ကိစ္စတော်တော် များများကို လွဲချော်သွားတယ်”
ထိုအရာကို ကြားချိန်၌ ဇူယွမ်က ချက်ချင်းပင် ကောင်းကင် အမြင့်တွင် တည်ရှိနေသော သူတော်စင် ကျောက်ပြားကို မော့ကြည့်လိုက်သည်။ ထို့နောက် အံ့အားသင့်မှု များက သူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။
“သူတော်စင် ကျောက်ပြားပေါ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ခဲ့တယ်ထင်တယ်”