စာစဉ် (၁၁) အပိုင်း(၁၄၁)

ရန်သူများ မလွဲမသွေတွေ့ဆုံမှု

ကန်မင်ကုန်းမြေကြီး၏ မရေမတွက်နိုင်သော ပါရမီရှင်များက သူတော်စင် အကြွင်းအကျန် နယ်မြေ၌ ဝင်ရောက် နေကြစဉ်မှာပင် အခြား ဝေးကွာသော ကုန်းမြေကြီး တစ်ခုတွင် အရေးကြီးသည့် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိကြချေ။

ထိုအချိန်မှာပင် ပုံရိပ်ငါးခုက ကြီးမားလှသည့် မှော်စာလုံး အစီအရင် နယ်မြေ၏ အလယ်တွင် မတ်တတ် ရပ်လျက် ရှိကြသည်။

ထိုအစီအရင် အပြင်ဘက်၌ ပုံရိပ်အချို့ကလည်း လေထဲတွင် ရပ်လျက်ရှိ၏။ သူတို့ ခန္ဓာကိုယ်မှ စွမ်းအား ပြည့်ဝလှသည့် မူလချီများက ထွက်ပေါ်လျက် ရှိကာ ကြောက်မက်ဖွယ် ဖိအားက ထိုဧရိယာကို ဖိနှိပ်ထားကာ မွန်းကျပ်စေသည်။

မှော်စာလုံး အစီအရင်၏ အပြင်ဘက်၌ မာထန်သည့်ပုံစံ ရှိသော အကြီးအကဲ တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ “ယဲ့မင် … ကန်မင်ရဲ့ သူတော်စင် အကြွင်းအကျန် နယ်မြေက ဖွင့်နေပြီး ငါတို့က မင်းတို့ ငါးယောက်ကို နေရာ ရွှေ့ပြောင်းခြင်း မှော်စာလုံး အစီအရင်နဲ့ အဲဒီနေရာကို ပို့ပေးမယ်…။ မင်းတို့ ငါးယောက်လုံးက ငါတို့ တုံးရွမ်ကုန်းမြေကြီးရဲ့ ဂုဏ်အယူရဆုံး ပါရမီရှင်တွေပဲ…။ ဒါကြောင့် ငါတို့ကလန်ငါးခုက မင်းတို့ကို ပြုစုပျိုးထောင်ဖို့ အများကြီး စိုက်ထုတ် ထားကြတယ်…။ ဒါကြောင့် မင်းတို့က ကန်မင်ကုန်းမြေရဲ့ ပါရမီရှင်တွေကို ရှုံးနိမ့်လို့ မရဘူး…”

အစီအရင်ထဲရှိ တစ်ယောက်က သူ့ခေါင်းကို ကုတ်ကာ မေးလိုက်သည်။ “ကန်မင်ကုန်းမြေမှာ အင်အားကြီး အုပ်စုတွေ မရှိပေမဲ့ မြင့်မြတ်သော ကလန်ခြောက်ခုက တမန်တော် တွေလည်း အဲဒီနေရာမှာ ရှိနေကြတယ်…။ သူတို့က ငါတို့ကို တွေ့သွားရင် ခက်ခဲစေလိမ့်မယ်…”

အကြီးအကဲက မထူးမခြား ပြန်ဖြေလိုက်၏။ “ကမ္ဘာကြီးမှာ ကောင်းချီးပေး ခံရတဲ့ လက်ဆောင်က တစ်ဦးတည်း အတွက် မဟုတ်ဘူး။ ကန်မင်ကုန်းမြေရဲ့ ပါရမီရှင်တွေက သူတို့ကို ကမ်းလှမ်းလာတဲ့ လက်ဆောင်ကို လက်ခံနိုင်တဲ့ စွမ်းရည် မရှိဘူးဆိုရင် တခြား စွမ်းရည်ရှိတဲ့ လူတွေကို ပေးလိုက်ရမှာပဲ…။ ဒါကြောင့် မြင့်မြတ်သော ကလန်ခြောက်ခုရဲ့ တမန်တော်တွေက မင်းတို့ကို တွေ့သွားရင်လည်း ဘာမှ ပြောမှာ မဟုတ်ဘူး…။ မင်း အောင်မြင်အောင် လုပ်နိုင်တာနဲ့ မင်းတို့က မြင့်မြတ်သော ကလန်ခြောက်ခုကို ဝင်ရောက် နိုင်လိမ့်မယ်…”

မှော်စာလုံး အစီအရင်ထဲမှ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် မိန်းကလေးက သူမလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ “အေးဆေးပါ…။ ဒါက ကန်မင်ကုန်းမြေလေးပဲ။ ငါတို့က သူတို့ရဲ့ ထိပ်တန်း ပါရမီရှင်တွေကို သိပြီးသားပဲ…။ ပြီးတော့ ဒါက ငါတို့အတွက် ဘာပြဿနာမှ မရှိပါဘူး…”

မည်းနက်သော အသားအရေနှင့် အဘွားအိုက အုပ်စု၏ အလယ်တွင် ရှိသော အနက်ရောင် ဝတ်စုံဖြင့် လူငယ်ကို ကြည့်လိုက်သည်။ “ယဲ့မင် … ဒီတာဝန်မှာ နင်က အုပ်စုခေါင်းဆောင် လုပ်ရမယ် … လူတိုင်းက သူ့စကားကို နားထောင်ပါ…”

အမည်းရောင် ဝတ်ရုံဖြင့် လူငယ်က အစကတည်းက သူ့မျက်လုံးကို မှိတ်ထားပြီး အဘွားအိုစကားကို ကြားလိုက်သည့်အခါ ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများက နက်မှောင်နေပြီး အစစ်အမှန် အမှောင်ထုများ ပါဝင်နေသလို ထင်ရပြီး နှိုင်းလို့မရအောင် ထူးဆန်း၏။ သူက အဘွားအိုစကားကို ပြန်မဖြေဘဲ ထိုအစား အခြား လေးယောက်ကို  သံယောဇဉ် ကင်းမဲ့စွာ ကြည့်၍ ပြောလိုက်သည်။ “ကန်မင်ကုန်းမြေက ပါရမီရှင်တွေပဲ ဖြစ်ဖြစ် မင်းတို့လေးယောက်ပဲ ဖြစ်ဖြစ် ငါ့ကို လာပိတ်ပင် တားဆီးမယ်ဆိုရင် အသတ်ခံ ရလိမ့်မယ်…”

သူ့လေသံက ပုံမှန်ပင်ဖြစ်ပြီး စိတ်လှုပ်ရှားမှုလည်းမရှိ၊ အသတ်အဖြတ် ဆန္ဒလည်း မရှိပေ။ သို့ရာတွင် သူက ထိုသို့ ပြောလိုက်ရုံဖြင့် တုံးရွမ်ကုန်းမြေကြီး၏ အခြား ပါရမီရှင် လေးယောက်မှာ ထိတ်လန့် တုန်လှုပ်မိပြီး မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်ရဲချေ။

တစ်ယောက်မှ သူ့အား ပြန်ပြောခြင်း မရှိသည်ကို သိရပြီးနောက် အမည်းရောင် ဝတ်ရုံနှင့် လူငယ်က ခေါင်းမော့လိုက်ပြီး မှော်စာလုံး အစီအရင် အပြင်ဘက်ကို ကြည့်၍ ပြောလိုက်သည်။

“သွားကြရအောင်…”

မာထန်သည့် အကြီးအကဲနှင့် အခြား လေးယောက်က ခေါင်းညိတ် လိုက်သည်။ သူတို့က အင်္ကျီလက်များကို ဝှေ့ယမ်း လိုက်သည့်အခါ အားကောင်းသော မူလချီများက ဝုန်းခနဲ ထွက်ပေါ်လာပြီး မူလ မှော်စာလုံး အစီအရင်ကို ထောက်ပံ့ပေးသည်။ ချက်ချင်းပင် လေဟာနယ်က စတင် ပုံပျက်လို့ လာသည်။ လေဟာနယ် တွန့်ကြေ သွားပြီးသည်နှင့် မှော်စာလုံး အစီအစဉ်ထဲရှိ ပုံရိပ်ငါးခုက လက်ခနဲ လင်းကာ ပျောက်ကွယ်လို့ သွား၏။ ထိုလူငယ် ငါးယောက် လုံးဝ ပျောက်ကွယ်လို့ သွားမှ မာထန်သည့် အကြီးအကဲက စိတ်အေးစွာ သက်ပြင်းချ နိုင်တော့သည်။

“ကန်မင်ကုန်းမြေက ဘာမှ အရေးမပါလှဘူး…။ သူတို့က သူတော်စင် အကြွင်းအကျန် နယ်မြေတစ်ခု ပိုင်ဆိုင်ထားရုံပဲ…။ ငါတို့က သတ်မှတ်ပြီးသား အရာတွေကို အပြစ်တင် နေလို့တော့ မရဘူး…။ ဟားဟား … စိတ်အေးအေး ထားပါ။ ယဲ့မင်နဲ့ အခြားလူတွေက ငါတို့ ကလန်ငါးခုရဲ့ အထူချွန်ဆုံးတွေပဲ…။ သူတို့နဲ့ယှဉ်ရင် ကန်မင်ကုန်းမြေက ပါရမီရှင်တွေက သေးငယ် သွားလိမ့်မယ်…”

“ဟုတ်တယ်…။ ဘာပိတ်ပင် တားဆီးမှုမှ ရှိမှာ မဟုတ်ဘူး…။ သူတို့က အကြီးကျယ်ဆုံး လက်ဆောင်ကို ရယူနိုင်လိမ့်မယ်…။ သူတော်စင် ဥပဒေသ နယ်မြေကို ဖွင့်လှစ်နိုင်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ငါတို့ ကလန်ငါးခုမှာ ရှိလာလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာရင် ငါတို့က ကန်ရွမ် ကောင်းကင်ဘုံမှာ စစ်မှန်တဲ့ ပုံရိပ်တစ်ခု ဖြစ်လာလိမ့်မယ်…”

ဇူယွမ်ရှေ့၌ အဆုံးမရှိသည့် ရှေးဟောင်း ကုန်းမြေကြီးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ရှေးဟောင်း သစ်ပင်ကြီးများက မိုးထိအောင် ထိုးတက်နေပြီး ကြီးမားသည့် တောင်တန်းကြီးများ ကလည်း တိမ်တွေကြား ထိုးဖောက်နေသလို ရှိ၏။ ကုန်းမြေကြီး တစ်ခုလုံးက ရှေးဆန်ကာ ရိုင်းစိုင်းသော အရှန်အဝါများ ပြည့်နှက်လို့ နေသည်။

တစ်စုံ တစ်ယောက်က ကောင်းကင်ကို မော့ကြည့်မည်ဆိုလျှင် မြူများကလွဲ၍ အခြား အရာများကို မမြင်ရပေ။ အဝါရောင် မှိန်ဖျော့ဖျော့ အသွေးအရောင်သာ ရှိပြီး ပြင်ပကမ္ဘာနှင့် လုံးဝ ခြားနားလေသည်။

ဇူယွမ်က သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။ “သူတော်စင် အကြွင်းအကျန် နယ်မြေက ခြားနားတဲ့ အချိန် ဟင်းလင်းပြင်တစ်ခု ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်…”

ဖြစ်နိုင်သည်မှာ သူတော်စင် အကြွင်းအကျန် နယ်မြေသည် ကန်မင်ကုန်းမြေ၏ ထောင့်တစ်နေရာတွင် တည်ရှိပုံ ပေါ်သည်။ သို့သော် သူ မြင်နေသည့် နေရာက အလွန် ကြီးမား ကျယ်ပြန့်လွန်း နေသည်။ နှိုင်းယှဉ်မည် ဆိုပါက သည်နေရာသည် ကန်မင်ကုန်းမြေ တစ်ခုလုံးထက်ပင် ပိုမို ကြီးမားသည့်ဟန် ရှိနေ၏။

“သူတော်စင် တစ်ယောက်ရဲ့ သွေးတစ်စက်တည်းက အခုလို ထူးဆန်းသည့် ကုန်းမြေကြီးကို ဖြစ်လာစေတယ်လား…” ဇူယွမ်က သက်ပြင်း ချလိုက်မိသည်။ သူ့သွေးစက်ကပင် ကိုယ်ပိုင်ကမ္ဘာ တစ်ခုကို ဖြစ်ပေါ် စေသည့်အတွက် အစစ်အမှန် သူတော်စင် တစ်ယောက်က မည်မျှ သန်မာမည်ကို ဇူယွမ်က တွေးကြည့်မိ၏။

“ဟမ်…။ ငါက ယောင်ယောင်ကော အခြား လူတွေနဲ့ကော ကွဲထွက်လာပုံပဲ…” ဇူယွမ်က သူ့ပတ်ဝန်းကျင်ကို သေချာ လေ့လာ ကြည့်လိုက်သည်။ သူက မည်သည့်အရာကိုမျှ မတွေ့ချေ။ စိတ်ဝိညာဉ် တစ်ခုကိုပင် မတွေ့မိ။ ထို့ကြောင့် ယောင်ယောင်နှင့် အခြားလူတွေက သည်နေရာမှာ မရှိသည်မှာ ထင်ရှား ပေသည်။

“ငါက တစ်ယောက်တည်း ဖြစ်နေပုံပဲ…” ဇူယွမ်က သူ့ခေါင်း ယမ်းလိုက်မိသည်။ သူက ယောင်ယောင်ကို စိတ်မပူပေ။ သူမက မူလချီလုံးဝ အသုံးမပြု နိုင်သော်လည်း သူမ၏ စိတ်ဝိညာဉ် ကျင့်ကြံမှုက အလွန် အံ့ဩစရာ ကောင်း၏။ ကန်မင်ကုန်းမြေကြီး၏ လက်တစ်ဆုပ်စာ ပါရမီရှင်များပင် သူမကို မခြိမ်းခြောက်နိုင်ပေ။

ဇူယွမ်က အချိန်ဆွဲ မနေတော့ဘဲ မူလချီများ စုစည်းကာ ရှေ့သို့ တစ်ဟုန်ထိုး ထွက်သွားတော့သည်။ ဆယ့်နှစ်မိနစ်ခန့် အရှိန်အပြည့်ဖြင့် လျင်မြန်စွာ သွားပြီးနောက် ရုတ်တရက် ဇူယွမ် မျက်လုံးများက တစ်ခုခုကို အာရုံစိုက်မိ လိုက်သည်။ သူ့ရှေ့တွင် ရေကန်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ဇူယွမ်က အာရုံစူးစိုက် ကြည့်လိုက်သည့်အခါ ရေကန်၏ အခြား တစ်ဖက်၌ ပုံရိပ်တစ်ခု ရှိနေသည်ကို တွေ့ရလေသည်။

ရွှေရောင်ဝတ်စုံနှင့် ခန့်ညားသော အရှိန်အဝါ…။ ထိုပုံရိပ်နှင့် ပတ်သက်၍ သူက ရင်းနှီးလွန်း နေသည်။ သူက ဝူဟောင်ပင် ဖြစ်၏။

“ဆိုရိုးစကား ရှိသည့်အတိုင်း ရန်သူတွေက မလွဲမသွေ ဆုံကြသည်”   လူများစွာက တစ်နေရာစီ ဖြစ်သွားကြသော်လည်း  သူက ဝူဟောင်နှင့်မှ လာဆုံနေသေး၏။

ဇူယွမ်က ဝူဟောင်ကို တွေ့ပြီးပြီးချင်း ဝူဟောင်ကလည်း တစ်ယောက်ယောက်ကို အာရုံခံမိလေသည်။ သူက ခေါင်းမော့ ကြည့်လိုက်တော့ ဇူယွမ်ကို တွေ့သည်အခါ ခဏမျှ မှင်တက်လို့ သွားသည်။ သို့ရာတွင် ဝူဟောင်က မြန်ဆန်စွာ သတိပြန်ထားမိပြီး သူက တဖြည်းဖြည်းချင်း ကျယ်လောင်စွာ ရယ်မော လိုက်သည်။

ဝူဟောင်က ခဏကြာ လှောင်ရယ်ပြီးနောက် ဇူယွမ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းအခု ငါ ဘာတွေးနေတယ် ဆိုတာ သိလား…”

“ငါက ဇူကလန်ရဲ မသန်စွမ်း ဖြစ်နေတဲ့နဂါးကို ဘယ်လို လိုက်ရှာရမလဲဆိုတာ တွေးနေတာ …။ နောက်ဆုံးတော့ မင်းက မင်းဘာသာ ရောက်လာခဲ့ပြီ…”

“ဒီပြဿနာက မင်း ထွက်ပေါ်လာလို့ ဖြစ်လာတာ…”

“ငါ ဘာဆိုလိုတယ် ဆိုတာ သိတယ်မလား…”

“ငါက စစ်မှန်သော ကောင်းချီးပေး ခံရတဲ့ လူပဲ…”

ဝူဟောင်က ဇူယွမ်ကို စူးစိုက် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ ဇူယွမ်က သူ့လက်ထဲကနေ မည်သည့်နည်းနှင့်မျှ မလွတ်မြောက် နိုင်သည်မှာ သေချာ နေပေသည်။

“ဇူကလန်ရဲ့ မသန်စွမ်း ဖြစ်နေသောနဂါး…။ ငါကတော့ စစ်မှန်သော နဂါးပဲ…”

“ဒီချိန်မှာ မင်းကို ကာကွယ်ပေးမဲ့လူ မရှိတော့ဘူး…။ ဇူကလန်ရဲ့ မသန်စွမ်း ဖြစ်နေသောနဂါး…၊ မင်းမသေခင် ယက်ကန်ယက်ကန် ဖြစ်အောင် ဘယ်လို လုပ်ပေးရမလဲ…”

Comment

Leave a Reply

Options

not work with dark mode
Reset