စာစဉ်(၈) အပိုင်း(၁၁၂)

စုယုဝေ၏ကံကြမ္မာ

ခြံဝင်းအတွင်းဝယ် ဇူယွမ်ကသူ့ရှေ့မှ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုကို သတိထားကာစိုက်ကြည့်လိုက်မိသည်။ အဘိုးအိုရဲ့ခန္ဓာကိုယ်မှ မူလချီလှုပ်ရှားမှု အနည်းငယ်လေးမျှပင်ထွက်ပေါ်မနေပေမဲ့လည်း အဘိုးအိုက သူ့ရဲ့မူလချီတွေအား ဖုံးကွယ်ထားသည်ကို သူကကောင်းစွာနားလည်နိုင်ပေသည်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုရဲ့စွမ်းအားက လွန်စွာနက်ရှိုင်းလှကာ မူလစဦးအဆင့်ထက်မြင့်မားသည့် အဆင့်တစ်ခုမှာရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်နိုင်ပေသည်။

“အဘိုး…” ဇူယွမ်က လက်နှစ်ဖက်ဆုပ်ကိုင်ကာ ရိုသေလေးစားစွာဖြင့်ခေါ်လိုက်သကဲ့သို့ သူကစုယုဝေကိုတစ်ချက်ကြည့်လိုက်ကာ အဘိုးအိုအားပြောလိုက်သည်… “အဘိုးက ယုဝေကို ဘာကြောင့်ခေါ်သွားချင်တာလဲဆိုတာကို ကျွန်တော်မေးခွင့်ရှိမလား…”

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက တည်ငြိမ်စွာဖြင့်ပြုံးပြလိုက်ကာ ပြန်ပြောလိုက်သည်… “ငါက သူမကိုအဝေးကိုခေါ်ဆောင်သွားဖို့ စီစဉ်ထားတယ်… ဒီလိုနေရာမျိုးက သူမရဲ့ပါရမီကို အလဟဿဖြစ်စေလိမ့်မယ်… ဒါ့ကြောင့်သူမက ဒီနေရာမှာ နောက်ထပ်အချိန်ထပ်ဖြုန်းမနေသင့်တော့ဘူး…”

ဇူယွမ်တစ်ယောက် အဘိုးအိုရဲ့စကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။ သူ့ရဲ့ရင်ထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်တွေ ထွက်ပေါ်လာခဲ့ရသကဲ့သို့ သူကစုယုဝေကို ကြည့်လိုက်မိသည်။ အရင်တုန်းက ဆေးခန်းတစ်ခုရှေ့မှ သူခေါ်ဆောင်လာခဲ့သည့် ညစ်ပတ်ပေရေနေတဲ့မိန်းကလေးက အခုအချိန်မှာ သူမရဲ့ပါရမီကြောင့် တောက်ပလာခဲ့ရပြီဖြစ်သည်။

ဇူယွမ်အနေနဲ့လည်း စုယုဝေရဲ့ပါရမီက သာမန်မဟုတ်ဘူးဆိုသည်ကို အရင်ကတည်းက သိထားရပေသည်။

ဒါကအချိန်တစ်ခုတိုင်အောင်ကြာပြီးနောက်မှာ သူမရဲ့တောက်ပတဲ့အချိန်အခါက ထွက်ပေါ်လာခဲ့ရပြီဖြစ်သည်။

စုယုဝေရဲ့ပါရမီနဲ့ဆိုရင် သူမကသာ အခြားမိသားစုတွေမှာ မွေးဖွားလာခဲ့မယ်ဆိုရင် သူမကကျင့်ကြံခြင်းနဲ့ အစောကြီးကတည်းက ထိတွေ့နိုင်ရလိမ့်မည်ဖြစ်ကာ များစွာသောပါရမီရှင်တွေ လည်ပြန်ငေးမောကြည့်နေရသည့် နတ်သမီးလေးတစ်ပါးဖြစ်နေလိမ့်မည်မှာ အသေအချာပင်။

ထိုအခြေအနေမျိုးကိုသာရောက်ခဲ့မယ်ဆိုရင် သူ့လိုမျိုးသေးငယ်တဲ့အင်ပါယာလေးတစ်ခုမှ မင်းသားတစ်ပါးက သူမထံမှအကြည့်တစ်ချက်ရဖို့တောင်မှပင် ဆွဲဆောင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ဇူယွမ်က သူ့ရင်ထဲမှာသက်ပြင်းတစ်ချက်ချလိုက်မိကာ ခေါင်းကိုဖြည်းညှင်းစွာညိတ်ပြလိုက်ပြီး ပြောလိုက်သည်… “ယုဝေရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ အဘိုးက မြင့်မြင့်မားမားမှန်းထားပုံပဲ…”

ထိုမီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုပြောသည်မှာလည်း မှန်ပေသည်။ စုယုဝေရဲ့ပါရမီနဲ့ဆိုရင် သူမကဇူအင်ပါယာမှာသာ ဆက်နေမည်ဆိုပါက နွံနစ်နေသည့်ပုလဲလုံးလေးတစ်လုံးအလား ဖြစ်သွားရပေလိမ့်မည်။

ဖီးနစ်ငှက်တစ်ကောင်က သာမန်အပင်လေးတစ်ပင်ပေါ်မှာ ဆင်းသက်နားနေဖို့မသင့်ဘဲ အမြင့်ဆုံးနေရာတွင်သာ ဆင်းသက်နားနေသင့်ပေသည်။

စုယုဝေသာ ဒီလိုမျိုးဖြစ်သွားရမယ်ဆိုရင် သူကလည်း သူမအတွက် အမှန်တကယ်ပျော်ရွှင်ရပေလိမ့်မည်။

မီးခိုးရောင်ဝတ်အဘိုးအိုက ရယ်မောကာပြောလိုက်သည်… “ဒါပေမဲ့ သူမက သဘောမတူဘူးဖြစ်နေတယ်…”

ဇူယွမ် အံ့အားသင့်သွားခဲ့ရသည်။ ဇူယွမ်က စုယုဝေကိုကြည့်လိုက်သည့်အခါ သူမကသူ့ရဲ့အကြည့်ကို ရှောင်ဖယ်လိုက်ပြီး သူမရဲ့နှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရကာ ပြောလိုက်သည်… “ငါက မလိုက်ခဲ့နိုင်ဘူးလို့ပြောတာ မဟုတ်ပါဘူး…”

မီးခိုးရောင်ဝတ်အဘိုးအိုက ခေါင်းညိတ်ပြကာပြောလိုက်သည်… “ဒါပေမဲ့ သူမတောင်းဆိုထားတာတစ်ခုရှိတယ်…”

အဘိုးအိုက ဇူယွမ်ကိုစိုက်ကြည့်လိုက်မိပြီးနောက်မှာ ပြောလိုက်သည်… “သူမကငါ့ကို မင်းကိုပါခေါ်သွားစေဖို့ ဆန္ဒရှိနေတယ်…”

ဇူယွမ်တစ်ယောက် ခါးခါးသီးသီးရယ်မောလိုက်မိသည်။ စုယုဝေသည်လည်း ဒီမီးခိုးရောင်ဝတ်အဘိုးအိုရဲ့စွမ်းအားကို မည်သို့မခန့်မှန်းနိုင်ဘဲ နေလိမ့်မည်နည်း။ တကယ်လို့ သူ့ကိုပါခေါ်ဆောင်သွားနိုင်မယ်ဆိုရင် ဒါကသူ့အတွက် ကောင်းချီးပေးမှုတစ်ခုဖြစ်ရပေလိမ့်မည်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက အနည်းငယ်ပြုံးလိုက်မိသလို သူ့ရဲ့အကြည့်က ဇူယွမ့်အပေါ်ရစ်ဝဲသွားခဲ့ရပြီး ပြောလိုက်သည်… “အမှန်အတိုင်းပြောရရင် မင်းကလည်း သာမန်မဟုတ်တဲ့ကျင့်ကြံသူတစ်ယောက်ပဲ… မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကို တစ်ကြိမ်တစ်ခါကပိုင်ဆိုင်ခဲ့ဖူးတဲ့ မင်းရဲ့ပါရမီက အားနည်းလိမ့်မှာတော့မဟုတ်ဘူး…”

“ဒါပေမဲ့လည်း ငါ့ရဲ့သင်ကြားပြသမှုတွေက မင်းအတွက်တော့ သင့်တော်မှုရှိလိမ့်မှာမဟုတ်ဘူး…”

အဘိုးအိုရဲ့စကားကိုကြားလိုက်ရသည့်အခါ စုယုဝေက ထိတ်ထိတ်ပျာပျာဖြင့်ပြောလိုက်သည်… “ဘာ့ကြောင့်လဲ… မင်းသားလေးရဲ့ပါရမီက ကျွန်မထက်မနိမ့်ဘူး…”

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုရဲ့ မှုန်ဝါးဝါးမျက်လုံးတွေက အလွန်အမင်းနက်ရှိုင်းသွားခဲ့ရသည်။ ထို့နောက်မှာသူက ဇူယွမ်ကို သေသေချာချာစိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်… “သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပြင်းထန်တဲ့စွမ်းအားတစ်ခုကို ငါခပ်ရေးရေးခံစားမိရတယ်… ဒါ့ကြောင့် သူ့ရဲ့ကံကြမ္မာကို သူကိုယ်တိုင်ပဲရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်… ငါ့အနေနဲ့ ဒါကိုကြားဝင်နှောင့်ယှက်ဖို့ မသင့်တော်ဘူး…”

ဇူယွမ်တစ်ယောက် အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ ဒီအဘိုးအိုပြောတဲ့ သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စွမ်းအားက သူ့ဆရာကန်းယွမ်ပြောခဲ့တဲ့အရာဖြစ်နိုင်မလား။ သူ့ဆရာကန်းယွမ်နဲ့ခွဲခွာသွားခဲ့တာ တစ်နှစ်ကြာပြီးသွားတဲ့နောက်မှာ မီးခိုးရောင်ဝတ်အဘိုးအိုက ၎င်းကိုအာရုံခံနိုင်ခဲ့လိမ့်မယ်လို့ ဇူယွမ်တစ်ယောက် ထင်မထားမိခဲ့ပေ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီအဘိုးအိုက မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းအားမြင့်ရပေလိမ့်မည်။

စုယုဝေက အံကိုတင်းတင်းကြိတ်လိုက်ကာ ပြောသည်… “တကယ်လို့ အဘိုးကမင်းသားလေးကိုပါ အတူတူခေါ်ဆောင်မသွားဘူးဆိုရင် ကျွန်မလည်း သွားမှာမဟုတ်ဘူး…”

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ရယ်မောလိုက်ပြီး စုယုဝေကိုကြည့်ကာပြောလိုက်သည်… “မိန်းကလေး… မင်းက မင်းရဲ့ကံကောင်းမှုကို တကယ်ပဲနားလည်သဘောမပေါက်နိုင်တာလား… ငါဘယ်သူလဲဆိုတာရော မင်းသိရဲ့လား… ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ပါရမီရှင်တွေဘယ်လောက်များများ ငါ့နောက်ကိုလိုက်ချင်နေလဲဆိုတာကိုရော မင်းသိရဲ့လား…”

စုယုဝေက အဘိုးအိုကိုဦးညွတ်လိုက်ပြီး အလေးအနက်ထားကာပြန်ဖြေလိုက်သည်… “အဘိုးရဲ့မျက်နှာသာပေးမှုကိုရရှိတာ ကျွန်မအတွက်အဖိုးမဖြတ်နိုင်လောက်တဲ့ ကံကောင်းမှုတစ်ခုဆိုတာကို ကျွန်မနားလည်ပါတယ်… ဒါပေမဲ့ အဘိုးက အခုလက်ရှိကျွန်မကိုမြင်တွေ့နိုင်တာက မင်းသားလေးကကျွန်မကို တစ်ကြိမ်တစ်ခါက ကူညီပေးခဲ့လို့ပဲ… တကယ်လို့ မင်းသားလေးကသာမကူညီခဲ့ဘူးဆိုရင် လက်ရှိကျွန်မဆိုတာလည်း ရှိလာလိမ့်မှာမဟုတ်ဘူး…”

အကယ်၍သူမအဘိုးရဲ့ အဖျားရောဂါအတွက် ကုသခံရမှုကိုမရရှိခဲ့ဘူးဆိုရင် မိဘမဲ့မိန်းမငယ်လေးတစ်ယောက်က မိုးရွာကြီးထဲမှာအအေးဒဏ်ကြောင့် တဖြည်းဖြည်းသေခြင်းတရားနဲ့ နီးစပ်ကောင်းနီးစပ်သွားရပေလိမ့်မည်။

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက အနည်းငယ်အံ့အားသင့်သွားခဲ့ရသကဲ့သို့ သူ့ရဲ့မုတ်ဆိတ်မွှေးတွေကို ဖြည်းညှင်းစွာပွတ်သပ်လိုက်မိသည်။

ဇူယွမ်က သက်ပြင်းတစ်ချက်ကိုသာ ခပ်ဖွဖွချလိုက်မိသည်။ ထို့နောက်မှာ သူကစုယုဝေကိုပြုံးပြလိုက်ပြီး သူမရဲ့ပခုံးတွေကို ညင်သာစွာဆုပ်ကိုင်လိုက်ကာ နူးညံ့တဲ့လေသံဖြင့်ပြောလိုက်သည်… “ယုဝေ… အရင်တုန်းက နင့်ကိုငါကူညီပေးခဲ့တဲ့အတွက် နင်ကငါ့ကိုအရမ်းကျေးဇူးတင်နေတာကို ငါသိပါတယ်… ဒါပေမဲ့လည်း ဒီအတွက်ကြောင့်တော့ နင့်ကိုငါ့ဘေးနားမှာ အမြဲတမ်းချည်နှောင်မထားချင်ဘူး… ငါနင့်ကို ငါ့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ဆက်ဆံခဲ့တယ်… ဒါ့ကြောင့်နင်ကသာ ဒီအဘိုးနဲ့လိုက်သွားခဲ့မယ်ဆိုရင် နင့်ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပိုပြီးမြင့်မားတဲ့အခြေအနေတစ်ခုအထိရောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိတယ်…”

စုယုဝေတစ်ယောက်အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရပေမဲ့ သူငယ်ချင်းကောင်းဆိုတဲ့ စကားကိုကြားလိုက်ရတဲ့အခါ သူမရဲ့ကြည်လင်လှတဲ့မျက်လုံးလေးတွေက ချက်ချင်းဆိုသလို မှုန်ဝါးသွားခဲ့ရသည်။

“ဒါပေမဲ့ မင်းသားလေး… ဒီခွဲခွာမှုက နှစ်ပေါင်းများစွာကြာနိုင်လိမ့်မယ်…” စုယုဝေတစ်ယောက် သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးကိုကိုက်လိုက်မိသလို သူမရဲ့မျက်လုံးတွေကလည်း နီရဲလာခဲ့ရသည်။

စုယုဝေက ဇူယွမ်ရဲ့ဘေးမှာ သူ့ရဲ့တည်ရှိနေမှုကိုခံစားပြီး သူ့ရဲ့အသံကို နားထောင်နေခြင်းနဲ့သာ အချိန်တွေကို ကုန်ဆုံးခဲ့ရသည်။ သူမရဲ့အတွေးထဲမှာ သူမရဲ့အနာဂတ်က ဘယ်လိုအံ့အားသင့်စရာတွေ ဖြစ်လာလိမ့်မလဲဆိုတာကို တွေးမထားမိပေ။ လွန်ခဲ့တဲ့နှစ်အတွင်း တော်ဝင်ဇူကျောင်းတော်မှာဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကို သူမအနေဖြင့် ဘယ်တော့မှမေ့နိုင်လိမ့်မည်မဟုတ်ပေ။

တကယ်လို့သူတို့တွေခွဲခွာသွားခဲ့ကြရမယ်ဆိုရင် ဘယ်အချိန်ကျမှ နောက်တစ်ကြိမ်ပြန်တွေ့ရနိုင်လိမ့်မယ်ဆိုတာကို သူမတောင်မှမသိနိုင်ပေ။

ဒီအတွေးတွေက စုယုဝေကို အမှန်တကယ်ဝမ်းနည်းနာကျင်စေရပေသည်။

ဇူယွမ်ကပြုံးလိုက်ပြီး သူ့ရဲ့လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ကာ မိန်းမငယ်လေးရဲ့ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စတွေကို ညင်သာစွာသုတ်ပေးကာပြောလိုက်သည်… “မစိုးရိမ်ပါနဲ့… ငါ့ကိုယုံပါ… ငါတို့တွေ နောက်တစ်ကြိမ်သေချာပေါက် ပြန်ပြီးဆုံတွေ့နိုင်မှာပါ…”

သူကအချိန်ခဏကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှ ရယ်မောကာပြောလိုက်သည်… “နင်ကသာ ထူးချွန်လာတဲ့အချိန်ကျရင် ငါ့လိုသေးငယ်တဲ့နေရာလေးက မင်းသားတစ်ပါးကိုသိခဲ့ရတာက နင့်ကိုအရှက်ရသလိုခံစားစေရမှာကိုပဲ ငါစိုးရိမ်မိတယ်…”

စုယုဝေရဲ့မျက်ရည်စတွေက အပြုံးအဖြစ်သို့ပြောင်းလဲသွားခဲ့ရပြီး သူမကညင်သာစွာပြောလိုက်သည်… “မင်းသားလေး… ငါ့ရဲ့မျက်လုံးထဲမှာတော့ ဘယ်လောက်ပဲအံ့ဩစရာကောင်းတဲ့နေရာတွေဖြစ်နေပါစေ တော်ဝင်ဇူကျောင်းတော်ကိုတော့ ယှဉ်နိုင်လိမ့်မှာမဟုတ်ဘူး… အဲ့ဒီလိုပဲ ဘယ်လောက်ပဲထူးချွန်တဲ့ပါရမီရှင်ဖြစ်နေပါစေ ဘယ်သူကမှနင့်ကို ယှဉ်နိုင်လိမ့်မှာမဟုတ်ဘူး…”

စုယုဝေရဲ့စကားကိုကြားလိုက်ရသည့်အခါ အဘိုးအိုကမျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်… “မိန်းကလေး… မင်းမြင်တွေ့ထားရတာတွေက နည်းနည်းလေးပဲရှိသေးတယ်… ဒီကောင်လေးမှာ မင်းပြောခဲ့သလိုမျိုး ကောင်းတာတစ်ခုမှလည်းမတွေ့ရဘူး…”

သို့ပေမဲ့လည်း စုယုဝေက အဘိုးအိုရဲ့စကားကို ပြန်လည်တုန့်ပြန်ခြင်းမရှိခဲ့ပေ။

“မင်းသားလေး… နင်က နောက်ကျရင်ငါ့ကို လာရှာမှာလား…” စုယုဝေက ဇူယွမ်ကိုစိုက်ကြည့်လိုက်ပြီး မျက်ရည်ရွဲနေတဲ့မျက်လုံးတွေက မျှော်လင့်ချက်အပြည့်ဖြင့်မေးလိုက်သည်။

“ငါလာရှာမှာပေါ့… ငါသေချာပေါက်လာရှာမှာပါ…” ဇူယွမ်က လေးနက်စွာပြန်ပြောလိုက်သည်။ စုယုဝေသည်လည်း သူ့ရဲ့ရင်ထဲက အရေးကြီးတဲ့နေရာမှာ ရှိနေပေသည်။ တကယ်လို့သာ အခွင့်အရေးတစ်ခုရှိလာခဲ့မယ်ဆိုရင် သူကသူမထံအလည်အပတ်သွားရောက်ပြီး သူမဘာတွေလုပ်နေလိမ့်မည်လဲဆိုတာကို သေချာပေါက်သွားကြည့်ရဦးပေမည်။

စုယုဝေက ခပ်ဖွဖွပြုံးလိုက်သလို သူမရဲ့ပြုံးနေတဲ့မျက်နှာလေးက လက်ရာမြောက်ထုဆစ်ထားတဲ့ ပန်းပုရုပ်ထုလေးတစ်ခုအလား လွန်စွာလှပလို့နေရသည်။ သူမကအချိန်အနည်းငယ်ကြာတွန့်ဆုတ်တွေဝေနေခဲ့ပြီးနောက်မှာ သတ္တိမွေးကာ ရုတ်တရက်ရှေ့ကိုခြေတစ်လှမ်းတက်လိုက်ပြီး သူမရဲ့တုန်ယင်နေသည့်လက်တွေကိုဆန့်ထုတ်လိုက်ပြီး ဇူယွမ့်ကိုပွေ့ဖက်လိုက်သည်။

ရုတ်တရက် နွေးထွေးကာ နူးညံ့အိစက်တဲ့အထိအတွေ့က ဇူယွမ်ကို အချိန်ခဏကြာအောင် မိန်းမောတွေဝေသွားစေခဲ့သည်။ သူတို့ရဲ့ခွဲခွာမှုကြောင့် စုယုဝေရဲ့ရင်ထဲက ဝမ်းနည်းမှုတွေကို သူကလည်းခံစားနိုင်ပေသည်။ ထို့ကြောင့်ပင်သူကလည်း စုယုဝေကိုပြန်လည်ပွေ့ဖက်လိုက်ပြီး သူမရဲ့ကျောပြင်ကို ညင်သာစွာပုတ်ပေးလိုက်ကာ သူမကိုနှစ်သိမ့်လိုက်သည်။

ထို့နောက်မှာ စုယုဝေရဲ့မျက်နှာက ရှက်စိတ်ကြောင့်နီရဲနေရကာ ဇူယွမ်ရဲ့လက်တွေထဲမှ လျင်မြန်စွာထွက်ပြေးသွားခဲ့ပြီး အခန်းတွင်းသို့ဝင်ရောက်သွားခဲ့သည်။

နူးညံ့နွေးထွေးမှုက ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရသည့်အတွက် ဇူယွမ်တစ်ယောက် အနည်းငယ်စိတ်ပျက်သွားခဲ့ရသလို မချင့်မရဲလည်းဖြစ်သွားခဲ့ရသည်။ သူတို့နှစ်ယောက်ရဲ့ခွဲခွာမှုက သူ့ရင်ထဲမှာလည်း ဝမ်းနည်းမှုကို ခံစားရစေခဲ့သည်။ ကုန်လွန်ခဲ့တဲ့အချိန်တွေအတွင်းမှာ စုယုဝေက သူ့နောက်ကိုအမြဲတမ်းလိုက်ပါပြီး သူ့အနားမှာအမြဲတမ်းရှိနေတာကို ကျင့်သားရနေပြီဖြစ်သည့်အတွက် သူတို့နှစ်ယောက်ရဲ့ခွဲခွာမှုကို သူကလည်း ဘယ်လိုလုပ်ဝမ်းမနည်းဘဲနေလိမ့်မည်နည်း။

အဟမ်း…

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဇူယွမ်ကိုကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောသည်… “ကောင်လေး… ဒီနေ့ကိုကျော်လွန်သွားရင်တောင် မင်းက ဒီမိန်းကလေးကိုဖျောင်းဖျပေးခဲ့တဲ့အတွက် ငါမင်းကိုကျေးဇူးတင်နေမှာပါ…”

သူ့အနေနဲ့ ဒီစကားတွေကို အမှန်တကယ်မပြောလိုပေမဲ့လည်း တကယ်လို့ဇူယွမ်သာ ရောက်မလာခဲ့ဘူးဆိုရင် ဒီခေါင်းမာတဲ့မိန်းကလေးက သူနဲ့လိုက်လာလိမ့်မှာမဟုတ်ဘူးဆိုတာကို အဘိုးအိုကကောင်းစွာသိပေသည်။

ဇူယွမ်ကပြုံးလိုက်ပြီး မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာပြောလိုက်သည်… “အဘိုးက သူမကိုနောက်ပိုင်းမှာ သေသေချာချာဂရုစိုက်ပေးဖို့ ကျွန်တော်မျှော်လင့်မိပါတယ်…”

“ဒါနဲ့ပတ်သက်ပြီးတော့ မင်းစိုးရိမ်နေစရာမလိုပါဘူး… ငါကတပည့်လက်ခံတဲ့နေရာမှာ အရမ်းကိုဇီဇာကြောင်တဲ့အတွက် ဘယ်သူကမှ ငါ့နောက်ကိုမလိုက်ချင်ကြဘူး… ငါကငါ့ရဲ့ရွေးချယ်မှုကို ပြုလုပ်ပြီးပြီဆိုကတည်းက ငါကသူမကိုသေချာဂရုစိုက်မှာပါ…” မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ဇူယွမ်ကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်… “ငါကမင်းကိုပါ ခေါ်မသွားတဲ့အတွက် မင်းကစိတ်မပျက်မိဘူးလား…”

ဇူယွမ်က ခပ်ဖွဖွရယ်လိုက်ပြီး… “လူတစ်ယောက်မှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာတွေရှိတယ်လို့ အဘိုးပဲပြောခဲ့တယ်လေ… ကျွန်တော်က အဘိုးနဲ့မလိုက်ခဲ့ဘူးဆိုရင်တောင်မှ ကျွန်တော်ရဲ့အနာဂတ်က သာမန်ကျင့်ကြံသူအဆင့်လောက်နဲ့ အဆုံးသတ်သွားလိမ့်မှာမဟုတ်ဘူး…”

ဒီအရာက စိတ်ကြီးဝင်မှုတစ်ခုမဟုတ်ပေ။ သူက ဘိုးဘေးနဂါးပုရပိုက်ကိုလေ့ကျင့်ခဲ့သလို မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းကိုလည်း လေ့ကျင့်ထားခဲ့ပေသည်။ ဒီအဘိုးအိုက ဘယ်နေရာကလာခဲ့တာလဲဆိုတာကို သူမသိပေမဲ့လည်း သူ့မှာရှိတဲ့အရာတွေကိုသာ ကျွမ်းကျင်အောင်လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် ဒီကမ္ဘာကြီးထဲမှာ သူ့ကိုယ်သူရပ်တည်နိုင်စွမ်း ရှိလာနိုင်လိမ့်မည်ဖြစ်သည်။

“အိုး… မင်းမှာခံယူချက်အနည်းငယ်တော့ ရှိနေသေးတာပဲ…”

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ရယ်မောလိုက်သလို အခုအချိန်မှာ သူကဇူယွမ်နဲ့ပတ်သက်လို့ အနည်းငယ်သဘောကျလာခဲ့ရသည်။ အဘိုးအိုက အချိန်ခဏကြာတွေးတောနေခဲ့ပြီးနောက်မှာ သူကပြောလိုက်သည်… “ငါကသူများအပေါ် အကြွေးတစ်ခုတင်နေတာကို မကြိုက်ဘူး… မင်းကငါ့ကိုကူညီခဲ့တယ်ဆိုတော့ ငါကလည်းမင်းကို ဒီတစ်ကြိမ်တော့ ပြန်ပြီးကူညီပေးလိုက်မယ်…”

“ငါ့အနေနဲ့မင်းကို သင်ပေးစရာဘာမှမရှိပေမဲ့လည်း ငါကမင်းကိုတော့ နည်းနည်းပါးပါးလမ်းညွှန်ပေးနိုင်သေးပါတယ်…”

အဘိုးအိုရဲ့စကားကိုကြားလိုက်ရသည့်အခါ ဇူယွမ်ကသေချာအာရုံစိုက်လိုက်ပြီး လေးနက်စွာဖြင့်ပြန်ပြောလိုက်သည်… “ဒီလိုဆိုရင်တော့ ဒီလူငယ်လေးက အဘိုးပြောတဲ့စကားတွေကို လေးလေးစားစားနဲ့နားထောင်ပါ့မယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset