ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို တင်းတင်းဆုပ်ကိုင်ထားသကဲ့သို့ သူ့ရဲ့မျက်လုံးတွေထဲမှာလည်း လူသတ်လိုစိတ်တွေ ဖြာထွက်နေရပေသည်။ ကောင်းကင်ယွမ်စုတ်တံက ဝမ်ကောင်းရှန်ထံချိန်ရွယ်ထားလျက်ရှိသလို ၎င်းရဲ့နှင်းလိုဖြူဖွေးတဲ့စုတ်တံထိပ်ဖျားကလည်း အလွန်အမင်းထက်မြနေရပေသည်။
ဝမ်ကောင်းရှန်က ဇူယွမ်ရဲ့လူသတ်လိုစိတ်ကို ခံစားမိသည့်အတွက် အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့ကာပြောလိုက်သည်… “စိတ်ကြီးဝင်နေတဲ့ကောင်လေး… အစောပိုင်းတုန်းကတိုက်ခိုက်မှုတွေမှာ ငါကအချိန်ဆွဲရုံသာတိုက်ခိုက်နေခဲ့တဲ့အတွက် မင်းကကိုယ့်ကိုကိုယ်ဟုတ်လှပြီဆိုပြီး စိတ်ကြီးဝင်သွားတာလား… မင်းကသေခြင်းတရားဆီ မြန်မြန်ဆန်ဆန်သွားချင်နေတယ်ဆိုမှတော့လည်း ငါကကူညီပေးရမှာပေါ့…”
သူ့ရဲ့စကားတွေပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူ့ရဲ့လက်ထဲမှာ ပုဆိန်ရှည်တစ်လက်ထွက်ပေါ်လာခဲ့သည်။ ပုဆိန်ပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ပုံစံတွေအပြည့်ရှိနေခဲ့ပြီး ၎င်းထံမှမူလချီတွေ ခုန်ပေါက်လှုပ်ရှားနေလျက်ရှိပေသည်။ ၎င်းက အနက်ရောင်အဆင့်မူလလက်နက်တစ်ခုပင်ဖြစ်သည်။
ပုဆိန်ရှည်ကိုဆုပ်ကိုင်လိုက်သည်နှင့် ဝမ်ကောင်းရှန်ရဲ့အရှိန်အဝါက အစောပိုင်းကနဲ့မနှိုင်းယှဉ်နိုင်လောက်အောင် အလွန်အမင်းထက်မြသွားခဲ့ရသည်။
သို့ပေမဲ့လည်း ဇူယွမ်ကလှုပ်ရှားခဲ့ခြင်းမရှိခဲ့ပေ။ ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်က သူ့ရဲ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့်အတွက် အခုအချိန်မှာ သူ့မျက်နှာထက်ရှိအမူအယာကို မည်သူမျှမြင်နိုင်လိမ့်မည်မဟုတ်ပေ။ သူ့ရဲ့တစ်ကိုယ်လုံးမှာ မြင်တွေ့နိုင်တဲ့တစ်ခုတည်းသောအရာက သူ့ရဲ့မျက်လုံးတွေသာဖြစ်ကာ အခုအချိန်မှာ ထိုမျက်လုံးတွေက အလွန်အမင်းအေးစက်လို့နေပေသည်။
နက်ရွှေရောင်မူလချီတွေက သူ့ရဲ့ခန္ဓာကိုယ်မှ လျင်မြန်စွာထွက်ပေါ်လာခဲ့သလို ၎င်းတို့အထဲမှလည်း တိုးညှင်းတဲ့ဟိန်းဟောက်သံတစ်ခု ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့သည်။
ဝှစ်…
ထို့နောက်မှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်က ရှေ့ကိုပြေးထွက်သွားခဲ့သလို သူဖြတ်သန်းလာရာလမ်းကြောင်းတစ်လျှောက်မှာလည်း ကောင်းကင်ယွမ်စုတ်တံက လေထုကိုထိုးဖောက်ကာ နောက်ဘက်တွင်အမှတ်အသားတွေ ထင်ကျန်နေစေခဲ့ပေသည်။ ဇူယွမ်ကကောင်းကင်ယွမ်စုတ်တံကို ဝမ်ကောင်းရှန်ထံသို့ လျှပ်စီးအလားလျင်မြန်စွာထိုးသွင်းလိုက်သကဲ့သို့ နက်ရွှေရောင်မူလချီတွေက ပတ်ဝန်းကျင်လေထုကို တုန်ခါသွားစေခဲ့သည်။
ဝမ်ကောင်းရှန်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့မူလချီတွေက ပုဆိန်ရှည်ထံစုစည်းသွားခဲ့ပြီး ဝင်ရောက်လာသည့် ကောင်းကင်ယွမ်စုတ်တံနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ထန်း… ထန်း…
စုတ်တံနဲ့ပုဆိန်တို့ ထိပ်တိုက်ရင်ဆိုင်မိသွားခဲ့ပြီး မီးပွင့်မီးပွားတွေဖြာထွက်သွားခဲ့ရသကဲ့သို့ သူတို့နှစ်ယောက်ရဲ့အလယ်မှနေ သာမန်မျက်စိဖြင့်ပင်မြင်တွေ့နိုင်စွမ်းရှိသည့် အားလှိုင်းတစ်ခုလွင့်ပျံထွက်ပေါ်လာခဲ့သည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ယောက်သား ဆယ်ကြိမ်ထက်မနည်းထိပ်တိုက်ရင်ဆိုင်မိခဲ့ကြပြီး တိုက်ခိုက်မှုတစ်ခုချင်းစီက အညှာအတာကင်းမဲ့လှကာ သေစေနိုင်တဲ့နေရာတွေကိုသာ ရွေးချယ်ကာတိုက်ခိုက်နေကြခြင်းဖြစ်သည်။
ပြင်းထန်တဲ့တိုက်ပွဲက အဆက်မပြတ်ဖြစ်ပေါ်နေသကဲ့သို့ ဝမ်ကောင်းရှန်ရဲ့အမူအယာကလည်း အလွန်အမင်းနက်မှောင်လာခဲ့ရသည်။ သူ့ရဲ့စွမ်းအားအကုန်ထုတ်သုံးနေခဲ့တာတောင်မှပင် သူကအသာစီးရယူနိုင်ခြင်းမရှိသေးတာကို စတင်ပြီးနားလည်သဘောပေါက်လာခဲ့ရသည်။
“ဒီငွေရောင်ချပ်ဝတ်က ဘယ်လိုအရာမျိုးလဲ… ဒါကဘယ်လိုလုပ်ပြီး ချီစုဆောင်းမှုအဆင့်ကောင်လေးတစ်ယောက်ကို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်စွမ်းရှိစေရတာလဲ…” ဝမ်ကောင်းရှန်ရဲ့ရင်ဘတ်က ဒေါသကြောင့် မတည်ငြိမ်နိုင်အောင်ဖြစ်လာခဲ့ရသည်။
ထန်း…
စုတ်တံနဲ့ ပုဆိန်ရှည်တို့ နောက်တစ်ကြိမ်ထပ်မံပြီးရင်ဆိုင်မိလိုက်သည်။ ရုတ်ချည်းပင် ဇူယွမ်ရဲ့မျက်လုံးထဲမှာ ငွေရောင်အလင်းတွေ တလက်လက်တောက်ပသွားခဲ့ရသကဲ့သို့ ကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ဖျားမှာ နက်ရှိုင်းလှတဲ့အစိမ်းရောင်အလင်းတစ်ခု စုစည်းလာခဲ့သည်။ ခြောက်လက်မခန့်ရှည်လျားသည့်အရှိန်အဝါတစ်ခုက လေထုကိုစုတ်ဖြဲ၍ လှုပ်ရှားထွက်ပေါ်လာခဲ့သည်။
ထိုနက်ရှိုင်းလှသည့် အစိမ်းရောင်အရှိန်အဝါက မီးလျှံအလင်းကျင့်စဉ်ပင်ဖြစ်သည်။
ငွေရောင်ချပ်ဝတ်ရဲ့စွမ်းအားနဲ့ ပေါင်းစပ်ခြင်းက မီးလျှံအလင်းကျင့်စဉ်ရဲ့ အစိမ်းရောင်အရှိန်အဝါကို ပိုမို၍နက်ရှိုင်းကာစုစည်းသွားစေခဲ့သလို လက်ရှိအချိန်မှာ ၎င်းရဲ့ထက်မြမှုက များစွာသောခံစစ်အလွှာတွေကို ချိုးဖျက်နိုင်စွမ်းရှိလာခဲ့ပြီဖြစ်သည်။
စုတ်တံကိုတစ်ချက်လှုပ်ယမ်းလိုက်မှုနဲ့အတူ ခြောက်လက်မခန့်ရှည်သည့် အစိမ်းရောင်အရှိန်အဝါက အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားကာ မြန်ဆန်လှသည့်အမြန်နှုန်းဖြင့် ဝမ်ကောင်းရှန်ထံသို့ ပစ်လွင့်သွားခဲ့သည်။
ထိုအခိုက်အတန့်မှာ ဝမ်ကောင်းရှန်ရဲ့ဆံပင်တွေ ထောင်မတ်သွားခဲ့ရသလို သူ့ရဲ့မျက်လုံးတွေကတောက်ပသွားခဲ့ရပြီး ရေရွတ်လိုက်မိသည်… “မီးလျှံအလင်းကျင့်စဉ်လား…”
သူ့အနေဖြင့် ဒီကျင့်စဉ်ကိုကောင်းစွာမှတ်မိပေသည်။ မီးလျှံအလင်းကျင့်စဉ်ကို ဝူအင်ပါယာက ချီယန့်ထံပေးထားပေမဲ့ ဒါကဘယ်လိုကြောင့် ဇူယွမ်ရဲ့လက်ထဲကို ရောက်ရှိနေခဲ့ရတာလဲ။
ဝမ်ကောင်းရှန်က မီးလျှံအလင်းကျင့်စဉ်ရဲ့စွမ်းအားကို ကောင်းစွာနားလည်ထားသည့်အတွက် အနည်းငယ်မျှပင် နှောင့်နှေးကြန့်ကြာရဲခြင်းမရှိခဲ့ပေ။ အကယ်၍ဒီထိုးနှက်ချက်နဲ့သာ ထိမိလိုက်မယ်ဆိုရင် သူ့လိုမျိုးလူတစ်ယောက်ကိုတောင်မှပင် အလွယ်တကူထွင်းဖောက်ထွက်သွားပေလိမ့်မည်။
“အနက်ရောင်အဆင့်မူလကျင့်စဉ်… စိမ်းပြာရောင်ငှက်မုန်တိုင်း…”
ပုဆိန်ကိုင်ထားသည့် ဝမ်ကောင်းရှန်ရဲ့လက်က ရုတ်ချည်းလှုပ်ရှားသွားခဲ့ပြီး စိမ်းပြာရောင်စက်ဝန်းတစ်ခုစတင်ဖြစ်ပေါ်လာခဲ့သည်။ မူလချီတွေကလှည့်ပတ်နေလျက်ရှိပြီး ၎င်းတို့က စိမ်းပြာရောင်ချီလေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်သည့်ပုံရှိသည်။ ၎င်းက ဒီအဝန်းအဝိုင်းထဲကို ဝင်ရောက်လာသည့် ဘယ်အရာကိုမဆို အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားအောင် ဖျက်ဆီးပြစ်ပေလိမ့်မည်။
ရွှစ်…
အစိမ်းရင့်ရောင်ချီတွေက စိမ်းပြာရောင်စက်ဝန်းထဲကို တိုးဝင်သွားခဲ့သည်။
ဘန်း…
စွမ်းအင်တွေက ထိန်းမနိုင်သိမ်းမရဖြစ်စွာ အပြင်ဘက်ကိုထွက်ပေါ်လာခဲ့သကဲ့သို့ စိမ်းပြာရောင်လေဆင်နှာမောင်းကလည်း တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်သွားခဲ့ကာ ပုဆိန်ရှည်က ဝမ်ကောင်းရှန်ထံပြန်ရောက်သွားခဲ့ရသည်။ သို့ပေမဲ့လည်း သူ့ရဲ့အမူအယာက ပို၍နက်မှောင်လာခဲ့ရသည်။ ထို့အပြင် မီးလျှံအလင်းကျင့်စဉ်ရဲ့တိုက်ခိုက်မှုကြောင့် သူ့ရဲ့ရင်ဘတ်ပေါ်မှာလည်း သွေးထွက်နေတဲ့ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းကပြင်းထန်လှသည့်ဒဏ်ရာတစ်ခုမဟုတ်ပေမဲ့လည်း ဒါကသူ့ကိုမျက်နှာပျက်သွားစေသည့်အလား ခံစားရစေသည်။
သူ့ရဲ့အမူအယာက လှုပ်လှုပ်ရှားရှားဖြစ်နေလျက်မှ ဇူယွမ်ကိုကြည့်လိုက်ပြီး ကျောချမ်းစရာကောင်းလောက်သည့်လေသံဖြင့် ပြောလိုက်သည်… “ဒီလိုချီစုဆောင်းမှုအဆင့်ကောင်စုတ်တစ်ကောင်ကြောင့် ငါဒီလိုမျိုးဒဏ်ရာရခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားခဲ့မိဘူး…”
ဝမ်ကောင်းရှန်ရဲ့လက်ထဲရှိ ပုဆိန်ရှည်က မြေပြင်ပေါ်ကိုခုတ်ပိုင်းချလိုက်သလို ပတ်ဝန်းကျင်ရှိလေထုက စုတ်ပြဲသွားခဲ့ရပြီး ထွက်ပေါ်လာသည့်အားလှိုင်းတစ်ခုက သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်စွမ်းရှိရပေသည်။
“ဒါပေမဲ့လည်း အခုကအရာအားလုံးကိုအဆုံးသတ်ရမယ့် အချိန်ကိုရောက်လာခဲ့ပြီ…”
ထိုစကားလုံးတွေ သူ့ရဲ့ပါးစပ်ဖျားမှထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဝမ်ကောင်းရှန်ရဲ့ခန္ဓာကိုယ်မှ စိမ်းပြားရောင်မုန်တိုင်းတစ်ခုအလား စိမ်းပြာရောင်မူလချီတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သလို အလွန်အမင်းပြင်းထန်လှတဲ့ဖိအားတစ်ခုက ထိုနေရာတစ်ဝိုက်ကို ဖုံးလွှမ်းသွားခဲ့ရသည်။
စိမ်းပြာရောင်မူလချီတွေက ပတ်ဝန်းကျင်ရှိမူလချီတွေကို ဝမ်ကောင်းရှန်ရဲ့ခြေထောက်တွေထံသို့ ဆွဲယူလိုက်သလို ပေတစ်ရာအရှည်ရှိ စိမ်းပြာရောင်လေဆင်နှာမောင်းတစ်ခုဖြစ်ပေါ်လာရသည်။
စိမ်းပြာရောင်လေဆင်နှာမောင်းက စိမ်းပြာရောင်နဂါးတစ်ကောင်ကဲ့သို့အော်ဟစ်လိုက်ပြီး ၎င်းရဲ့အထဲမှာ ကြောက်မက်ဖွယ်ရာစွမ်းအင်တွေ ပြင်းပြင်းထန်ထန်လှုပ်ရှားနေလျက်ရှိပေသည်။
ဝမ်ကောင်းရှန်က စိမ်းပြာရောင်လေဆင်နှာမောင်းရဲ့အထက်မှာ သေခြင်းရဲ့နတ်ဘုရားတစ်ပါးအလား ရပ်တန့်နေလျက်ရှိပြီး သေခြင်းနဲ့ရှင်ခြင်းရဲ့အဆုံးမဲ့စွမ်းအားတွေကို ကိုင်စွဲထားလျက်ရှိသည်။
ဒီမူလစဦးအဆင့်ကျင့်ကြံသူက နောက်ထပ်ဆော့ကစားလိုခြင်းမရှိတော့သည်ကို ဘယ်သူမဆိုပြောနိုင်ပေသည်။
ဇူချင်နဲ့ချီယန်တို့ရဲ့တိုက်ပွဲကလည်း ပင်မဂိတ်တံခါးရဲ့အထက်မှာ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေကာ သူတို့ရဲ့စွမ်းအားပြည့်ဝလှတဲ့မူလချီတွေက မြေပြင်ကိုတောင်တုန်လှုပ်သွားစေနိုင်ပေသည်။
“ဇူချင်… မင်းရဲ့သားပိုင်ဆိုင်ထားတဲ့ အဲ့ဒီရတနာက ဝမ်ကောင်းရှန်ကို ဒေါသထွက်သွားစေတဲ့ပုံပဲ… ကြည့်ရတာဒီနေ့က မင်းတို့မိသားစုရဲ့အဆုံးသတ်ဖြစ်လာလိမ့်မယ်ထင်တယ်…” ချီယန်က အဝေးတစ်နေရာရှိ ဇူယွမ်တို့တိုက်ခိုက်နေသည့်နေရာကိုတစ်ချက်ကြည့်လိုက်ပြီး ကျောချမ်းစရာကောင်းလောက်အောင်ပြုံးလိုက်ကာ… “ငါမင်းကိုပြောပြရဦးမယ်… ဝမ်ကောင်းရှန်က ဒီကျင့်စဉ်ကိုအသုံးပြုပြီးတော့ တစ်ခါတုန်းက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်…”
ဇူချင်ရဲ့အမူအယာက အနည်းငယ်ပျက်ယွင်းသွားခဲ့ရသည်။ သူကလည်း ဝမ်ကောင်းရှန်ရဲ့ကျင့်စဉ်က ဘယ်လောက်တောင်စွမ်းအားမြင့်လဲဆိုတာကို ခံစားနိုင်ခဲ့ရပေမဲ့ သူ့အနေနဲ့လည်း လက်ရှိအချိန်မှာ အရေးကြီးတဲ့အခြေအနေမှာရှိနေသည့်အတွက် စိတ်ပျံ့လွင့်သွား၍မဖြစ်ပေ။ ထို့ကြောင့်ပင် သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ဇူယွမ်တစ်ယောက် သူ့ကိုယ်သူကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားဖို့ပင်ရှိသည်။
ဟူး… ဟူး…
စိမ်းပြာရောင်လေဆင်နှာမောင်းက ဒေါသထွက်နေတဲ့နဂါးတစ်ကောင်အလား ကျယ်လောင်တဲ့အသံတွေ ထွက်ပေါ်လာခဲ့ပြီး ထိုနေရာတစ်ဝိုက်မှာ လေပြင်းတွေဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။ ၎င်းရဲ့အထဲမှာပါဝင်နေသည့် ပြင်းထန်တဲ့စွမ်းအားတွေက တောင်တွေကိုပိုင်းဖြတ်သွားစေနိုင်ဖို့ လုံလောက်တာထက်ပင် ပိုနေသေးပေသည်။
ဝမ်ကောင်းရှန်ရဲ့အဝတ်အစားတွေက တဖျပ်ဖျပ်လှုပ်ခတ်သွားသကဲ့သို့ သူရဲ့ရေခဲတမျှအေးစက်လှသည့်အကြည့်က ဇူယွမ့်အပေါ်မှာ ကျရောက်နေလျက်ရှိသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ ဝမ်ကောင်းရှန်က သူ့ရဲ့အင်္ကျီလက်စတွေကိုဝှေ့ယမ်းလိုက်ပြီး ချောက်ချားဖွယ်ကောင်းလှသည့်လေသံဖြင့်အော်ဟစ်လိုက်သည်… “စိမ်းပြာရောင်လေကောင်းကင်ဘုံငှက်ချီ… မဟာစိမ်းပြာရောင်လေဆင်နှာမောင်း…”
ဝုန်း…
စိမ်းပြာရောင်လေဆင်နှာမောင်းက လေတိုးသံတဝီဝီဖြင့် လျင်မြန်လှသည့်အရှိန်နဲ့အတူ ရှောင်လွှဲမရနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်စွာ ကျဆင်းလာခဲ့ရသည်။ အကယ်၍၎င်းရဲ့အထဲကိုသာ စုပ်ယူသွားခြင်းခံခဲ့ရမယ်ဆိုရင် မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပင် အပိုင်းပိုင်းအစစဖြစ်သွားရပေလိမ့်မည်။
စိမ်းပြာရောင်လေဆင်နှာမောင်းက ဇူယွမ်ရဲ့မျက်လုံးထဲကို ဝင်ရောက်လာခဲ့ရသကဲ့သို့ ဝမ်ကောင်းရှန်ရဲ့လူသတ်လိုစိတ်တို့နဲ့ပြည့်နှက်နေရသည့် ဒီတိုက်ခိုက်မှုက ဘယ်လောက်တောင်ပြင်းထန်မှုရှိလဲဆိုတာကို သူကခံစားနိုင်ခဲ့ရသည်။ ဝမ်ကောင်းရှန်အနေဖြင့် စိတ်မရှည်နိုင်အောင်ဖြစ်လာရသည့်အတွက် ဒီလှုပ်ရှားမှုနဲ့အတူ တိုက်ပွဲကိုအဆုံးသတ်ဖို့ ရည်ရွယ်ထားသည့်ပုံပေါ်သည်။
“ခင်ဗျားက ဒီလိုဆိုမှတော့ ကျုပ်ကလည်း တူညီတဲ့တုန့်ပြန်မှုတစ်ခုပြန်ပေးရတော့မှာပေါ့…”
ဇူယွမ်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ခြေထောက်ကို ရုတ်တရက်မြေပြင်ပေါ်တစ်ချက်ဆောင့်နင်းလိုက်သကဲ့သို့ သူ့ရဲ့ဦးခေါင်းထက်မှလည်း နက်ရွှေရောင်မူလချီတွေ ထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ်ရဲ့မူလချီတွေက ကောင်းကင်ပေါ်မှာ ရွှေရောင်တိမ်တိုက်တစ်ခုအလားဖြစ်တည်သွားခဲ့ရပြီး ၎င်းတို့အထဲမှာ မြွေတွန်သံတရွှီရွှီက ပဲ့တင်ရိုက်ခတ်ကာထွက်ပေါ်လာခဲ့သည်။
“ခင်ဗျားကို ကျုပ်လေ့ကျင့်ထားတဲ့စပါးအုံးဘုရင်ချီရဲ့အရသာက ဘယ်လိုလဲဆိုတာကို ပထမဆုံးမြည်းစမ်းကြည့်စေရတော့မှာပေါ့…”
ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ သူ့ရဲ့အင်္ကျီလက်စကို ဆတ်ခနဲလှုပ်ရှားလိုက်သလို နက်ရွှေရောင်မူလချီတွေကလည်း စတင်ပြီးစုစည်းလာခဲ့ကြသည်။ ထိုအခိုက်အတန့်မှာ ရွှေရောင်အလင်းတွေတောက်ပလာခဲ့ပြီး ကြီးမားတဲ့နက်ရွှေရောင်စပါးအုံးမြွေကြီးတစ်ကောင်က နက်ရွှေရောင်မူလချီတွေထဲမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။
ထိုစပါးအုံးမြွေကြီးက ပုံရိပ်ယောင်ဖြစ်သွားလိုက် အစစ်အမှန်ခန္ဓာကိုယ်ဖြစ်လာလိုက်ဖြင့် တဖျပ်ဖျပ်လှုပ်ရှားနေလျက်ရှိပေသည်။
“စပါးအုံးဘုရင်ချီ… ကောင်းကင်ကိုဝါးမျိုသောစပါးအုံး…”
ကြီးမားတဲ့နက်ရွှေရောင်စပါးအုံးမြွေကြီးက ဟစ်ကြွေးလိုက်ပြီး ၎င်းရဲ့ပါးစပ်ကိုဖွင့်ဟလိုက်သည်။ စပါးအုံးမြွေကြီးရဲ့ပါးစပ်က ဝါးမျိုခြင်းစွမ်းအားတွေကို ပိုင်ဆိုင်ထားပုံရကာ ထိုအခိုက်အတန့်မှာ ကောင်းကင်ကိုအုပ်မိုးကာကျဆင်းလာခဲ့ပြီး ဖျက်စီးနိုင်စွမ်းအားမြင့်မားလှသည့် စိမ်းပြာရောင်လေဆင်နှာမောင်းကို တစ်ချက်တည်းဝါးမျိုလိုက်သည်။
“မူလချီကို ပုံသဏ္ဍာန်ဖွဲ့ခြင်းလား…”
မူလချီတွေမှ ကြီးမားတဲ့နက်ရွှေရောင်စပါးအုံးမြွေကြီးဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ကောင်းရှန်က ကြောက်ရွံ့မှုကြောင့် အထိတ်တလန့်အော်ဟစ်လိုက်မိသည်။
မူလချီကိုပုံသဏ္ဍာန်တစ်ခုဖွဲ့စည်းခြင်းက သာမန်အဆင့်ရှိတဲ့မူလချီတွေအတွက်တော့ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
သာမန်အဆင့် ၅မူလချီတောင်မှပင် ဒီလိုမျိုးအောင်မြင်မှုကို အလွယ်တကူရရှိနိုင်လိမ့်မည်မဟုတ်ပေ။
စိမ်းပြာရောင်လေဆင်နှာမောင်းကို ဝါးမျိုခဲ့ပြီးနောက်မှာ ကြီးမားတဲ့စပါးအုံးမြွေကြီးရဲ့မျက်လုံးတွေက ဝမ်ကောင်းရှန်ထံသို့ လှည့်လာခဲ့သည်။ ၎င်းရဲ့ကြီးမားတဲ့ပါးစပ်ကြီးက နောက်တစ်ကြိမ်ပွင့်ဟလာခဲ့ကာ စုပ်ယူအားတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေလျက်ရှိသည့် ဝမ်ကောင်းရှန်ကို တစ်ချက်တည်းမျိုချခဲ့လိုက်သည်။
ဘန်း… ဘန်း…
ပြင်းထန်တဲ့မူလချီလှုပ်ရှားမှုတွေက စပါးအုံးမြွေကြီးရဲ့ခန္ဓာကိုယ်ထဲမှ စတင်ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကြီးက ဆန့်ထွက်လာလိုက် ကျုံ့သွားလိုက်ဖြစ်ပေါ်နေလျက်ရှိသည်။
ဖူး…
စပါးအုံးမြွေကြီးရဲ့ပါးစပ်က ရုတ်တရက်ပွင့်ဟလာခဲ့ရပြီး စိမ်းပြာရောင်အလင်းအစုအဝေးတစ်ခုကို ထွေးထုတ်လိုက်သည်။ စိမ်းပြာရောင်အလင်းအစုအဝေးအတွင်းမှာ ဝမ်ကောင်းရှန်ရှိနေပေသည်။ သို့ပေမဲ့လည်း သူ့ရဲ့အသားအရေက အလွန်အမင်းဖြူဖျော့နေရသလို သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာရှိတဲ့မူလချီတွေကလည်း ပျောက်ကွယ်သွားခဲ့ရသည့်အလား လွန်စွာမှပင်အားပျော့လို့နေခဲ့ရပေသည်။
အစောပိုင်းတုန်းက သူကစပါးအုံးမြွေကြီးရဲ့ခန္ဓာကိုယ်ထဲကို ဝါးမျိုးခြင်းခံခဲ့ရပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ထဲက မူလချီတွေ လျင်မြန်စွာလျော့ပါးပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဝမ်ကောင်းရှန်တစ်ယောက် တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူ့ရဲ့မူလချီတွေအားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ရသည်။
သူကသာလွတ်မြောက်နိုင်ဖို့အတွက် ပြင်းပြင်းထန်ထန်မကြိုးစားခဲ့ဘူးဆိုရင် သူ့ရဲ့မူလချီတွေအားလုံးကို စပါးအုံးမြွေကြီးက ဝါးမျိုသွားပေလိမ့်မည်။
“ဒီကောင်လေးက အရမ်းကိုထူးဆန်းတာပဲ… ငါ့အနေနဲ့ သူ့ကိုနောက်ထပ်ထိပ်တိုက်မရင်ဆိုင်နိုင်တော့ဘူး… ငါကသူ့ကိုနှောင့်နှေးကြန့်ကြာအောင်ပဲ ပြုလုပ်ရလိမ့်မယ်…” ဝမ်ကောင်းရှန်ရဲ့ပုံစံက အလွန်အမင်းဖြူဖျော့နေရကာ အစောပိုင်းတုန်းကလို ရက်စက်ကြမ်းကြုတ်မှုတစ်စွန်းတစ်လေမျှပင် ရှိမနေတော့ချေ။ ကြိမ်ဖန်များစွာရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီးပြီဖြစ်သည့်အတွက် သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ဇူယွမ်ကိုရင်ဆိုင်နိုင်ဖို့ဆိုတာက ဘယ်လောက်တောင်ခက်ခဲမှုရှိမလဲဆိုတာကို သူကနောက်ဆုံးမှာ နားလည်သဘောပေါက်ခဲ့ရသည်။
ဇူယွမ်က လေထဲမှာရပ်တန့်နေခဲ့သလို ငွေရောင်ချပ်ဝတ်အောက်မှ သူ့ရဲ့မျက်လုံးတွေကလည်း ဝမ်ကောင်းရှန်အပေါ်ကျရောက်နေလျက်ရှိသည်။ သူကဝမ်ကောင်းရှန်ရဲ့အကြံအစည်ကို ရိပ်မိနေသည့်အလား သူ့ရဲ့မျက်နှာထက်မှာ လှောင်ပြောင်လိုတဲ့အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရကာ သူကဝမ်ကောင်းရှန်အား လူသေတစ်ယောက်အလား ကြည့်နေလိုက်သည်။
ဇူယွမ်ရဲ့အကြည့်အောက်မှာ ဝမ်ကောင်းရှန်တစ်ယောက် ရုတ်ချည်းပင်သက်တောင့်သက်သာမရှိလှသည့် ခံစားချက်တစ်ခုကိုရလိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူ့ရဲ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားခဲ့ရပြီး သူ့ရဲ့လက်တွေပေါ်မှာ သွေးနီရောင်လိုင်းတွေ ထွက်ပေါ်လာကာ သူ့ရဲ့အရေပြားအောက်မှာလည်း ပြင်းပြင်းထန်ထန်လူးလွန့်လှုပ်ရှားသွားခဲ့သည်ကို သတိထားလိုက်မိသည်။
“ဒါကဘာလဲ…”
ဝမ်ကောင်းရှန်ရဲ့အမူအယာက ကြောက်ရွံ့မှုနှင့်စိတ်ပျက်အားငယ်မှုတို့ ရောထွေးဖြစ်ပေါ်လာခဲ့ရသလို သူ့ရဲ့မူလချီတွေကို လှည့်ပတ်လိုက်ပြီး သွေးနီရောင်လိုင်းတွေကို ချေဖျက်ဖို့ရန် အလျင်အမြန်ကြိုးစားလိုက်သည်။
သို့ပေမဲ့လည်း သူ့ရဲ့မူလချီတွေကို စတင်လှည့်ပတ်လိုက်တဲ့အခိုက်အတန့်မှာ သွေးနီရောင်လိုင်းတွေထံမှ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ စုပ်ယူအားတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ ထို့နောက်မှာ ဝမ်ကောင်းရှန်ရဲ့ခန္ဓာကိုယ်က စတင်ပြီးကျုံ့ဝင်သွားခဲ့ရကာ သူ့ရဲ့အသွေးအသားတွေကလည်း ထိတ်လန့်စရာကောင်းသည့်အမြန်နှုန်းဖြင့် လျင်မြန်စွာပင်ခြောက်ကပ်သွားခဲ့ရသည်။
သူ့ခန္ဓာကိုယ်ထဲမှ မူလချီတွေတောင်မှပင် စားသုံးခြင်းခံလိုက်ရသည်။
“အား…”
ဝမ်ကောင်းရှန်ရဲ့ပါးစပ်ထဲမှ ထိတ်လန့်တကြားအော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။
သို့ပေမဲ့လည်း သူ့ရဲ့သနားစရာကောင်းလှတဲ့အော်ဟစ်မှုက အသုံးမဝင်ခဲ့ပေ။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ လူတိုင်းရဲ့စောင့်ကြည့်နေမှုအောက်မှာပဲ ဝမ်ကောင်းရှန်ရဲ့ခန္ဓာကိုယ်က လျင်မြန်စွာခြောက်ကပ်သွားခဲ့သည်။
ထို့နောက်မှာ သူကကျယ်လောင်စွာတစ်ချက်အော်လိုက်မိကာ သူ့ရဲ့အဆုံးသတ်က ရောက်ရှိလာခဲ့ရသည်။
ဝမ်ကောင်းရှန်ရဲ့ အသက်စွမ်းအားက လျော့ပါးသွားခဲ့ရပြီး သူ့ရဲ့ခြောက်ကပ်သွားခဲ့ရတဲ့မျက်နှာထက်မှာ ထိတ်လန့်ကြောက်ရွံ့မှုတို့ ထင်ကျန်နေလျက်ရှိနေတုန်းပင်ဖြစ်သည်။
ဖောင်း…
ထူထဲလှသည့် သွေးနီရောင်အမျှင်တန်းဆယ်ခုကျော် လှည့်လည်စီးဆင်းနေခဲ့ပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပေါက်ကွဲသွားခဲ့ရသည်။ ထိုအမျှင်တန်းတွေထံမှ ပြင်းထန်ခါးသီးတဲ့အရှိန်အဝါတစ်ခု ခုန်ပေါက်ထွက်ပေါ်လာခဲ့သည်။
၎င်းက နဂါးဒေါသအဆိပ်ပင်ဖြစ်သည်။
ဇူယွမ်ရဲ့စပါးအုံးဘုရင်ချီထဲမှာလည်း နဂါးဒေါသအဆိပ်တွေ ပါဝင်လို့နေပေသည်။ အစောပိုင်းတုန်းက ဝမ်ကောင်းရှန်အနေဖြင့် နက်ရွှေရောင်စပါးအုံးမြွေကြီးထံမှ အပြင်းအထန်ကြိုးစားပြီး လွတ်မြောက်လာခဲ့ရပေမယ့် စပါးအုံးမြွေကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ပါဝင်နေသည့် နဂါးဒေါသအဆိပ်တွေက သူ့ရဲ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့သည်။
ငွေရောင်အရိပ်ရဲ့စွမ်းအားနဲ့ပေါင်းစပ်ခြင်းက ဇူယွမ်ရဲ့မူလချီတွေကို ပိုပြီးသန်မာသွားစေခဲ့ရုံသာမက ၎င်းရဲ့အထဲမှာပါဝင်နေသည့် နဂါးဒေါသအဆိပ်ရဲ့အစွမ်းကိုတောင်မှပင် တိုးမြှင့်သွားစေခဲ့သည်။ ထို့ကြောင့်ပင် ဒီအဆိပ်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့ပြီးနောက်မှာ ဝမ်ကောင်းရှန်အတွက် သေခြင်းတရားကို ဘယ်လိုမှရှောင်လွှဲနိုင်ခြင်းမရှိခဲ့ရတော့ပေ။
ဇူယွမ်တစ်ယောက် အချိန်အတော်ကြာအောင် အတွေးထဲမှာနစ်မြောနေခဲ့ရပြီး သွေးနီရောင်အမျှင်တန်းဆယ်ခုကျော်ကို ကြည့်လိုက်မိသည်။ ထို့နောက်မှာ သူ့ရဲ့လက်ချောင်းတွေကို ဆတ်ခနဲလှုပ်ရှားလိုက်သည့်အခါ သွေးနီရောင်အမျှင်တန်းတွေအားလုံး တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။
ထို့နောက်မှာ ဝမ်ကောင်းရှန်လို့ခေါ်တဲ့ မူလစဦးအဆင့်ကျင့်ကြံသူရဲ့အစအနလေးမျှကိုပင် ရှာတွေ့နိုင်ခြင်းမရှိတော့ပေ။
မြို့ရိုးအထက်မှ သူတို့ရဲ့တိုက်ပွဲဖြစ်ပွားရာနေရာအောက်မှာ ရှိနေကြသည့် များစွာသောလူတွေက ဒီမြင်ကွင်းကိုအံ့အားသင့်ထိတ်လန့်တုန်လှုပ်စွာ ငေးမောကြည့်နေကြလျက်ရှိသည်။ ဝမ်ကောင်းရှန်အနေဖြင့် သူ့ရဲ့အစွမ်းအထက်ဆုံးပညာရပ်ကို ထုတ်ဖော်အသုံးပြုခဲ့တာတောင်မှ ဒီလိုသနားစရာကောင်းတဲ့အခြေအနေမျိုးနဲ့ သေးဆုံးသွားခဲ့ရလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားခဲ့မိပေ။
“မင်းသားလေးဇူယွမ်… မင်းသားလေးဇူယွမ်…”
အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီးမှ မြေပြင်ကိုတောင်လှုပ်ခါသွားစေနိုင်သည့် အော်ဟစ်အားပေးလိုက်သံတွေက မြို့ရိုးထက်မှ ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့ရသလို ဇူအင်ပါယာစစ်သည်တွေရဲ့ စိတ်ဓာတ်ကလည်း အထွတ်အထိပ်ထိရောက်အောင် တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရသည်။
သူတို့တွေနဲ့ဆန့်ကျင်စွာပင် ချီအိမ်တော်စစ်သည်တွေအားလုံးက ရှုပ်ထွေးတဲ့အခြေအနေတစ်ခုထဲကို ကျရောက်သွားခဲ့ကြသည်။
နှစ်ဖက်စလုံးမှာရှိနေကြသည့် မူလစဦးအဆင့်ကျင့်ကြံသူတွေအားလုံး အံ့အားသင့်တုန်လှုပ်သွားခဲ့ရသလို သူတို့ရဲ့မျက်လုံးထဲမှာလည်း ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရ၏။ အားအနည်းဆုံးလို့သတ်မှတ်ထားခဲ့သည့် ဂိတ်တံခါးနှစ်ခုမှတိုက်ပွဲတွေက ယခုကဲ့သို့လျင်မြန်စွာနဲ့ အဆုံးသတ်သွားရလိမ့်မယ်လို့ သူတို့အားလုံးဘယ်လိုများ ထင်မှတ်ထားမိလိမ့်ကြမည်နည်း။
လက်ရှိအချိန်တွင် ချီအိမ်တော်ဘက်မှ မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက် ကျဆုံးသွားခဲ့ရပြီဖြစ်သည်။
ထို့အပြင် တိုက်ပွဲရဲ့ချိန်ခွင်လျှာကလည်း အခုအချိန်မှာ ဇူအင်ပါယာဘက်သို့ စတင်ပြီးအရေးသာသွားခဲ့ရပြီဖြစ်သည်။