စာစဉ်(၈) အပိုင်း(၁၀၅)

ဓားတစ်ချက်နောက်ကွယ်ကခံစားချက်များ

မြို့တော်တောင်ဘက်ဂိတ်တံခါး…

ပြင်းထန်တဲ့တိုက်ပွဲကဆက်လက်ဖြစ်ပွားနေသကဲ့သို့ လေထုထဲမှာလည်း သွေးနံ့တွေလှိုင်လှိုင်ထနေရပေသည်။

မြို့ရိုးထက်မှာ လင်းနင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ သန်မာတဲ့မူလချီတွေ တစ်ဟုန်ထိုးထွက်ပေါ်နေလျက်ရှိပြီး သူ့ရဲ့တိုက်ခိုက်မှုတိုင်းမှာ ကြီးမားတဲ့စွမ်းအားတွေပါဝင်နေကာ မြေပြင်ကိုတောင် ကွဲအက်သွားစေနိုင်ပေသည်။ လုတိန်ရှန်းနဲ့ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူများစွာက လင်းနင်ကိုဝိုင်းရံတိုက်ခိုက်နေလျက်ရှိပြီး သူ့ကိုမြို့တော်ဂိတ်တံခါးကို ချိုးဖျက်နိုင်ခြင်းမရှိစေရန် အဆက်မပြတ်ကြိုးစားဟန့်တားနေလျက်ရှိသည်။

သို့ပေမဲ့လည်း မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရပ်တန့်နိုင်ဖို့ဆိုတာက မည်သို့လွယ်ကူလိမ့်မည်နည်း။

လုတိန်ရှန်းအပါဝင် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူ စုစုပေါင်းခုနှစ်ယောက် ဝိုင်းရံတိုက်ခိုက်နေတာတောင်မှပင် တစ်ယောက်က လင်းနင်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရသလို နောက်ထပ်နှစ်ယောက်ကလည်း ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ရသည်။ ကျန်တဲ့လူတွေအားလုံးရဲ့ခန္ဓာကိုယ်တွေမှာလည်း သွေးတွေနဲ့ရွဲစိုနေကာ သူတို့ရဲ့ပုံစံတွေက လွန်စွာမှပင်သနားစရာကောင်းသည့်အခြေအနေတွင် ရောက်ရှိနေရပေသည်။

ဘေးမှကြည့်နေသူအားလုံးက မကြာမီမှာပင် လုတိန်ရှန်းတို့အားလုံး ရှုံးနိမ့်သွားကြရတော့မည်ကို မြင်နေကြရသည်။

နှစ်ဖက်စလုံးရှိစွမ်းအားမြင့်ကျင့်ကြံသူတွေကလည်း အလားတူပင် ထိုမြင်ကွင်းကိုမြင်တွေ့နေကြရပေသည်။

“ဟားဟား… ကြည့်ရတာ မင်းတို့ရဲ့တောင်ဘက်ဂိတ်က ကျတော့မှာပဲ…” ဝမ်ကောင်းရှန်က ဇူယွမ်နဲ့တိုက်ခိုက်နေစဉ်မှာ ဇူယွမ်မခံချိမခံသာဖြစ်ပြီး သူ့ရဲ့စိတ်အာရုံတွေပျက်ပြားသွားစေရန် မျှော်လင့်ချက်ဖြင့် မကြာခဏလုပ်ဆောင်နေခဲ့သည်။

သို့ပေမဲ့လည်း သူ့ရဲ့နည်းလမ်းက ဇူယွမ့်အပေါ်အကျိုးသက်ရောက်ခြင်းမရှိသည့်အပြင် ဇူယွမ်ရဲ့တိုက်ခိုက်မှုတွေကိုတောင်မှပင် ပိုပြီးပြင်းထန်လာစေခဲ့သည်။ သူ့အနေနဲ့ မြို့တော်တောင်ဘက်ဂိတ်တံခါးက အားအနည်းဆုံးနေရာဖြစ်တယ်ဆိုတာကိုသိပေမဲ့လည်း သူတို့တွေရဲ့လက်ရှိအခြေအနေက ဘယ်သူမှအမှားခံလို့မရသည့်အခြေအနေတွင် ရောက်ရှိနေသည်။ သူတို့ရဲ့ပြိုင်ဘက်တွေကို တတ်နိုင်သမျှမြန်မြန်ဆန်ဆန်အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် သူတို့တွေက အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပြစ်နိုင်လိမ့်မည်ဖြစ်သည်။

“ငါ့ကိုမြန်မြန်ရှင်းပြစ်နိုင်ဖို့ ကြံစည်နေတာလား… ဘယ်လိုတောင် စိတ်ကြီးဝင်နေလိုက်တဲ့ အရူးကောင်လဲ…”

ဝမ်ကောင်းရှန်ကလည်း ဇူယွမ်ရဲ့ရည်ရွယ်ချက်ကို ရိပ်မိသည့်အတွက် ခပ်ဖွဖွရယ်လိုက်မိသည်။ သူ့လိုမြေခွေးအိုကြီးတစ်ယောက်အနေဖြင့် ဇူယွမ်နဲ့ထိပ်တိုက်ရင်ဆိုင်လိမ့်မည်မဟုတ်ဘဲ ထိုအစားလင်းနင်က တောင်ဘက်ဂိတ်တံခါးကို ချိုးဖျက်နိုင်သည်အထိ ဇူယွမ်ကိုထိန်းထားနိုင်ရန်အတွက် လှည့်ပတ်၍တိုက်ခိုက်သည့်နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။ လင်းနင်ကသာ တောင်ဘက်ဂိတ်တံခါးကို ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် ဇူအင်ပါယာရဲ့စွမ်းအားမြင့်ကျင့်ကြံသူတွေအားလုံးက သေချာပေါက်စတင်ပြီးချောက်ချားသွားကြပေလိမ့်မည်။

ဇူယွမ်ရဲ့မျက်လုံးတွေက ရေခဲတမျှအေးစက်နေသည်။ သူကပူပန်ခြင်းမရှိသကဲ့သို့ သူ့ရဲ့တိုက်ခိုက်မှုတွေက ပိုပြီးပြင်းထန်လာခဲ့ရသည်။

ဝုန်း…

တောင်ဘက်ဂိတ်တံခါးအထက်တွင် ပြင်းထန်တဲ့မူလချီစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ရပြီး လုတိန်ရှန်းတို့အားလုံး နောက်ကိုလွင့်ထွက်သွားခဲ့သည်။ သူတို့အားလုံး မြို့ရိုးနံရံနဲ့ဝင်တိုက်မိသွားခဲ့ကြပြီး သွေးတွေအန်ထုတ်လိုက်ရသည်။

သူတို့ရဲ့ပတ်လည်ရှိ မူလချီလှုပ်ရှားမှုတွေက အလွန်အမင်းအားပျော့နေကြရပြီဖြစ်ကာ ၎င်းကသူတို့အားလုံး ဒဏ်ရာပြင်းထန်စွာရရှိနေပြီဖြစ်ကြောင်းကို ဖော်ပြနေပေသည်။

ထိုတိုက်ပွဲရဲ့ပြင်ပမှာရှိနေကြသည့် ဇူအင်ပါယာစစ်သည်တွေရဲ့မျက်လုံးထဲမှာ ကြောက်လန့်မှုတွေမြင့်တက်လာခဲ့ရပြီး သူတို့အားလုံးက ရပ်တန့်နိုင်ခြင်းမရှိသည့် လင်းနင်ကိုကြည့်လိုက်မိကြသည်။ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေတောင်မှပင် သူ့ကိုဟန့်တားနိုင်ခြင်းမရှိဘူးဆိုမှတော့ သူတို့လိုသာမန်စစ်သည်တွေ သူ့ကိုသွားရောက်ဟန့်တားခြင်းက ကျောက်တောင်ကိုကြက်ဥနဲ့ပေါက်သလို ဖြစ်သွားပေလိမ့်မည်။

လုတိန်ရှန်းရဲ့မျက်လုံးထဲမှာ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသွားသည့်အလား သူကအော်ပြောလိုက်သည်… “ငါ့ရဲ့ရောင်းရင်းတို့… အရှင်မင်းကြီးက အမြဲတမ်းငါတို့အပေါ်မှာ ကြင်ကြင်နာနာနဲ့ဆက်ဆံခဲ့တယ်… ဒီအချိန်က ငါတို့နိုင်ငံအတွက် ငါတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ ပြန်ပြီးပေးဆပ်ဖို့ အချိန်ကျရောက်လာခဲ့ပြီ..”

လုတိန်ရှန်းရဲ့စကားကိုကြားလိုက်ရသည့်အခါ ကျန်တဲ့ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေအားလုံးက ခေါင်းညိတ်ပြလိုက်သလို သူတို့ရဲ့မျက်လုံးထဲမှာလည်း ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ထင်ဟပ်လာခဲ့ရသည်။ အကယ်၍သူတို့တွေ တိုက်ခိုက်ရင်းနဲ့သေဆုံးသွားခဲ့မယ်ဆိုရင်တောင်မှ သူတို့အားလုံးလင်းနင်ကို ဟန့်တားထားရပေလိမ့်မည်။

ထို့ကြောင့်ပင် လူတိုင်းရဲ့အကြည့်အောက်မှာ လုတိန်ရှန်းတို့အားလုံးက ခက်ခက်ခဲခဲထရပ်ခဲ့လိုက်ကြပြီး နောက်တစ်ကြိမ်ရှေ့ကိုတိုးဝင်တိုက်ခိုက်လိုက်ကြပြန်သည်။

လင်းနင်က လက်နောက်ပစ်ကာ ရပ်နေလျက်ပင်ရှိနေသည်။ သူက လုတိန်ရှန်းတို့ကို ထူးမခြားနားစွာပင်ကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းကိုခါယမ်းလိုက်ကာ… “စဉ်းစားဉာဏ်မရှိကြတဲ့အရူးတွေပဲ… မင်းတို့လူအင်အားဒီလောက်လေးနဲ့ ငါ့ကိုဟန့်တားဖို့ကြိုးစားနေတာက တကယ်ကိုအိပ်မက်မက်နေတာပဲ…”

လုတိန်ရှန်းက သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းက သွေးတွေကိုသုတ်လိုက်ပြီး ပြုံးလျက်ပြောလိုက်သည်… “တကယ်လို့ငါတို့တွေ သေသွားခဲ့မယ်ဆိုရင်တောင်မှ ငါတို့အားလုံးက ရန်သူ့လက်အောက်ကို အညံ့ခံသွားခဲ့တဲ့ပုန်ကန်သူတွေထက်စာရင် ပိုကောင်းပါသေးတယ်…”

လင်းနင်ရဲ့မျက်လုံးတွေက အလွန်အမင်းအေးစက်သွားခဲ့ရပြီး လူသတ်လိုစိတ်တွေတစ်ဟုန်ထိုးမြင့်တက်လာခဲ့ရကာ လုတိန်ရှန်းတို့ကိုစိုက်ကြည့်လိုက်ပြီး ကျောချမ်းစရာကောင်းလှသည့်လေသံဖြင့်ပြောလိုက်သည်… “ကြည့်ရတာမင်းက တကယ်ကိုသတ္တိရှိတာပဲ… ဒီလိုဆိုမှတော့ ငါကမင်းရဲ့ခန္ဓာကိုယ်ထဲက အရိုးတွေကိုတစ်လက်မချင်း ဘယ်လိုချိုးမလဲဆိုတာ ကြည့်ရသေးတာပေါ့…”

ထို့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်မှ စွမ်းအားပြည့်ဝလှတဲ့မူလချီတွေက မုန်တိုင်းတစ်ခုအလား ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့အောက်မှာရှိနေသည့် အုတ်ချပ်တွေကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေခဲ့သည်။

ဝှစ်…

သူကအရိပ်တစ်ခုအလား လှုပ်ရှားသွားခဲ့ပြီး လုတိန်ရှန်းထံ တိုးဝင်သွားခဲ့သည်။

“သူ့ကိုဟန့်တားကြ…” အခြားကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေက အော်ဟစ်လိုက်ကြပြီး သူတို့ထံမှ မူလချီတွေတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ကာ လင်းနင်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ကြသည်။

ဝုန်း…

သို့ပေမဲ့လည်း လင်းနင်ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည့်မူလချီစွမ်းအားတွေက သူတို့အားလုံးကို နောက်သို့လွင့်ထွက်သွားစေခဲ့ကာ သူကမျက်စိတစ်မှိတ်အတွင်းမှာပင် လုတိန်ရှန်းရဲ့ရှေ့ကို ရောက်ရှိသွားခဲ့သည်။ လင်းနင်းရဲ့လက်က သိမ်းငှက်လည်းသည်းတစ်ခုအလား ထွက်ပေါ်လာခဲ့ပြီး လုတိန်ရှန်းရဲ့လည်ပင်းကိုဆုပ်ကိုင်ကာ လေထဲသို့ဖြည်းဖြည်းချင်းပင့်မြှောက်လိုက်သည်။

လင်းနင်က သူ့ရဲ့ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး လုတိန်ရှန်းကို စိုက်ကြည့်ကာပြောလိုက်သည်… “ဒီလိုအသုံးမကျတဲ့ခွန်အားလေးနဲ့ မင်းကသတ္တိရှိသလို လုပ်နေရဲတာလား…”

သို့ပေမဲ့လည်း လုတိန်ရှန်းထံမှ တစ်စုံတစ်ရာတုံ့ပြန်သံထွက်မလာခဲ့ဘဲ သူ့ရဲ့မျက်လုံးတွေထဲမှာ အထင်သေးမှုတွေသာ ထင်ဟပ်လာခဲ့ရသည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ အနည်းငယ်မျှသော ကြောက်ရွံ့မှုလေးတောင် ရှိမနေခဲ့ပေ။

ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ အနီးအနားမှာရှိနေကြသည့် စစ်သည်အားလုံးရဲ့မျက်လုံးတွေက နီရဲသွားခဲ့ကြပြီး သူတို့တွေအားလုံးဟစ်ကြွေးလိုက်ကာ လင်းနင်ကိုတိုက်ခိုက်လိုက်ကြသည်။

သို့ပေမဲ့လည်း လင်းနင်ရဲ့ခန္ဓာကိုယ်မှ မူလချီတွေက မုန်တိုင်းတစ်ခုအလားထွက်ပေါ်လာခဲ့ပြီး သူတို့အားလုံးကို ပြန်လည်၍လွင့်ထွက်သွားစေခဲ့သည်။

“မင်းရဲ့မျက်လုံးထဲက အဲ့ဒီအကြည့်ကို ငါတကယ်မနှစ်သက်ဘူး… ဒါ့ကြောင့်မင်းက ဒီနေ့သေချာပေါက်ကို သေရလိမ့်မယ်… မစိုးရိမ်ပါနဲ့… မင်းရဲ့သခင်ကလည်း မကြာခင်မှာ မင်းနောက်ကိုအတူတူလိုက်လာရလိမ့်မယ်…” လင်းနင်ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့လက်မှာမူလချီတွေကိုစုစည်းလိုက်ကာ လုတိန်ရှန်းရဲ့ခေါင်းကို တစ်စစီဖြစ်သွားအောင်ပြုလုပ်ရန်ပြင်လိုက်သည်။

“တကယ်လို့ကျွန်မသာရှင့်နေရာမှာဆိုရင် သူ့ကိုသေချာပေါက်လွှတ်ပေးမိလိမ့်မယ်…”

လင်းနင်က လုတိန်ရှန်းကို သတ်ဖို့ပြင်လိုက်ပေမဲ့လည်း သွေးတွေအိုင်ထွန်းနေတဲ့ မြို့ရိုးပေါ်မှ ရုတ်တရက်ရေခဲတမျှအေးစက်တဲ့လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လင်းနင်က ထိုခဏမှာ အံ့အားသင့်သွားခဲ့ရသည်။ သူကနောက်ကိုလှည့်ကြည့်လိုက်သည့်အခါ မြို့ရိုးထက်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက သွေးအိုင်ရဲ့အလယ်မှာရပ်တန့်နေခဲ့ပြီး သူမရဲ့တောက်ပတဲ့မျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေလျက်ရှိလေသည်။

“စောစောက မင်းပြောလိုက်တာလား…” လင်းနင်က စုယုဝေကို အနည်းငယ်စိတ်ဝင်စားမှုရှိစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူမရဲ့လှပတဲ့ပုံစံကြောင့် သူ့ရဲ့မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့အမူအယာတစ်ခု ထွက်ပေါ်လာခဲ့ရပြီးနောက်မှာ သူကပြုံး၍ပြောလိုက်သည်… “မင်းရဲ့ရုပ်ရည်ကမဆိုးဘူးမိန်းမငယ်လေး… ငါ့မှာလည်းကိုယ်လုပ်တော်မရှိသေးလို့လိုက်ရှာနေတာ မင်းရဲ့ရုပ်ရည်နဲ့ဆို တကယ်ကိုသင့်တော်မှုရှိတာပဲ…”

စုယုဝေထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ လုတိန်ရှန်းတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပြီး သူ့ရဲ့မျက်နှာကနီရဲသွားခဲ့ရကာ အော်ဟစ်ဟန့်တားလိုက်မိသည်… “မြန်မြန်ထွက်သွားတော့ မိန်းကလေးစု…”

စုယုဝေက ဇူယွမ်ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ကာ ထိုထက်ပို၍အရေးကြီးတာက သူမသည် ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေခြင်းပင်ဖြစ်သည်။ သူမသာဒီနေရာမှာဆက်ရှိနေမယ်ဆိုရင် ဘာမှအသုံးဝင်နိုင်လိမ့်မည်မဟုတ်ဘဲ သူမရဲ့အသက်ကိုသာ အလဟဿဆုံးရှုံးသွားရပေလိမ့်မည်။

သို့ပေမဲ့လည်း စုယုဝေရဲ့လှပတဲ့မျက်နှာလေးက တည်ငြိမ်အေးချမ်းလျက်ပင်ရှိနေသေးကာ သူမရဲ့တောက်ပတဲ့မျက်လုံးလေးတွေက ကန်ရေပြင်အလားကြည်လင်စွာဖြင့် လင်းနင်ကို စိုက်ကြည့်နေလျက်ရှိသည်။ ထို့နောက်မှာ အပြုံးတစ်ခုက သူမရဲ့မျက်နှာထက်တွင် တဖြည်းဖြည်းထွက်ပေါ်လာခဲ့ရသည်။

ဒီအပြုံးက ပန်းမျိုးတစ်ရာအတူတကွ ပွင့်လန်းလာသည့်အလား လွန်စွာမှပင်လှပလွန်းသည့်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ ထိုအခိုက်အတန့်မှာ မြို့ရိုးအထက်မှာဖုံးလွှမ်းနေသည့် နီရဲသည့်သွေးတွေတောင် အနည်းငယ်မှိန်ဖျော့သွားခဲ့ရပုံပေါ်သည်။

လင်းနင်က စုယုဝေရဲ့အပြုံးကိုမြင်လိုက်ရသည့်အခါ သူ့ရဲ့နှုတ်ခမ်းကို တစ်ချက်သပ်လိုက်မိသလို သူ့ရဲ့မျက်လုံးထဲမှာ ရယူပိုင်ဆိုင်လိုမှုနဲ့ ရာဂမီးတွေအလျှံညီးညီးတောက်လောင်သွားခဲ့ရသည်။

သူကအလှအပတွေကို ချစ်ခင်မြတ်နိုးသူတစ်ယောက်ဖြစ်ကာ ဒီကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ သူကများစွာသောမိန်းမလှလေးတွေနဲ့ကြည်နူးပျော်ပါးခဲ့ပေမဲ့ သူတို့အားလုံးက အခုသူ့ရှေ့မှာရှိနေတဲ့ မိန်းကလေးရဲ့အလှအပကိုတော့ မမှီကြပေ။ သူတို့တွေအားလုံးက မိန်းကလေးချင်းတူညီတာမှန်ပေမဲ့ လှပမှုခြင်းကတော့ ကွဲပြားခြားနားမှုရှိပေသည်။

“မင်းက ငါပိုင်ဆိုင်တဲ့အရာပဲ…” လင်းနင်က သေချာမှုရှိနေသည့်အလား ပြောလိုက်သည်။

သို့ပေမဲ့လည်း မိန်းကလေးထံမှ တုန့်ပြန်မှုတစ်စုံတစ်ရာပြန်မလာခဲ့ပေ။ ထို့နောက်မှာ သူမကလက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမရဲ့လက်ဝါးအလယ်မှ အဖြူအနက်ရောစပ်နေတဲ့အလင်းရောင်တွေတောက်ပနေသည့် ဓားအရိပ်တစ်ခုက ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့ရသည်။

စုယုဝေရဲ့လက်ထဲရှိဓားအရိပ်က အနည်းငယ်တုန်ခါနေသကဲ့သို့ တိုးညှင်းတဲ့အသံတစ်ခုလည်း ထွက်ပေါ်နေပေသည်။

ရွှီး…

မူလကခပ်တိုးတိုးသာထွက်ပေါ်နေသည့် ဓားရဲ့အော်သံက စက္ကန့်အနည်ငယ်အတွင်းမှာပင် နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ရသကဲ့သို့ ဖော်ပြနိုင်ခြင်းငှါမစွမ်းသာသည့် ပြင်းထန်ရက်စက်တဲ့ဓားအရှိန်အဝါတစ်ခု စုယုဝေရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် လင်းနင်တစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့ရပြီး သူ့ရဲ့ခြေလှမ်းကတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားခဲ့ရသည်။ သူကစုယုဝေကို သေချာစိုက်ကြည့်လိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ချီစုဆောင်းမှုအဆင့်မိန်းကလေးတစ်ယောက်က ဘာကြောင့်ဒီလိုမျိုးအံ့အားသင့်စရာကောင်းလှသည့် ဓားအရှိန်အဝါတစ်ခု ထုတ်ဖော်နိုင်စွမ်းရှိလဲဆိုတာကို သူ့အနေနဲ့သဘောပေါက်နိုင်ခြင်းမရှိပေ။

ထိုဓားအရှိန်အဝါက သူ့လိုမျိုးမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကိုမှပင် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားစေခဲ့ရသည်။

စုယုဝေက သူမကိုကြည့်နေကြတဲ့အကြည့်တွေအားလုံးကို လျစ်လျူရှုလိုက်ပြီး သူမရဲ့အာရုံကိုအပြည့်အဝစုစည်းလိုက်ကာ သူမလက်ထဲရှိ အဖြူအနက်ရောစပ်နေသည့်ဓားအရိပ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသည်။ ထို့နောက်မှာသူမကရုတ်တရက်လှုပ်ရှားလာခဲ့ပြီး လင်းနင်ထံသို့ဓားကိုညွှန်လိုက်ပြီး ပေါ့ပါးစွာခုတ်ပိုင်းချလိုက်သည်။

သူမခုတ်ပိုင်းချလိုက်သည်နှင့်တစ်ပြိုင်နက် အဖြူအနက်ဓားချီတစ်ခု မြို့ရိုးအထက်ကောင်းကင်ပေါ်တွင် ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။

လျင်မြန်စွာနီးကပ်လာသည့် အဖြူအနက်ဓားချီက လင်းနင်ရဲ့ခန္ဓာကိုယ်ပေါ်ရှိအမွှေးအားလုံးကို ထောင်ထသွားစေခဲ့သလို သူ့ရဲ့မျက်လုံးတွေထဲမှာလည်း ကြောက်ရွံ့ထိတ်လန့်မှုတို့ ဝင်ရောက်နေရာယူသွားခဲ့ရသည်။ သူကနောက်ထပ်တုန့်ဆိုင်းတွေဝေရဲခြင်းမရှိခဲ့ဘဲ သူ့ရဲ့ခန္ဓာကိုယ်ထဲမှ မူလချီတွေကိုစုစည်းလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ခိုင်မာတဲ့မူလချီအရံအတားတစ်ခုပြုလုပ်ကာ ကာကွယ်ထားလိုက်သည်။

ရွှစ်…

အဖြူအနက်ဓားက ကျဆင်းလာခဲ့ပြီး မူလချီအရံအတားနဲ့ ထိတွေ့သွားခဲ့ပြီးနောက်မှာ ထူးဆန်းစွာပင်ပျောက်ကွယ်သွားခဲ့ရသည်။

အဖြူအနက်ဓားက လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ပိုပြီးလျင်မြန်စွာဖြင့်ပျောက်ကွယ်သွားခဲ့ရသည်။

၎င်းကအသက်ရှူချိန်အနည်းငယ်ကြာသည်အထိသာ တည်ရှိနေခဲ့ပြီးနောက်မှာ ဒီကမ္ဘာမြေကြီးပေါ်မှ လုံးဝပင်ပျောက်ကွယ်သွားခဲ့ရသည်။

များစွာသောအကြည့်တွေက လင်းနင်ထံမှ မျက်လုံးမလွှဲတမ်းစိုက်ကြည့်နေကြလျက်ရှိသည်။ သူ့ရဲ့မူလချီအရံအတားက သူ့ကိုလှည့်ပတ်နေတုန်းပင်ရှိနေသေးကာ အနည်းငယ်မျှပင်ထိခိုက်ပျက်စီးသွားသည့်ပုံမပေါ်ပေ။

လင်းနင်ရဲ့မျက်လုံးတွေက အလုံးစုံစိတ်မချနိုင်သည့်အလား အချိန်တစ်ခုကြာအောင် အတွေးထဲနစ်မြောသွားခဲ့ရသည်။ သို့ပေမဲ့လည်း သူကမူလချီအရံအတားကို ပြန်လည်သိမ်းဆည်းခြင်းမရှိခဲ့ဘဲ စုယုဝေထံအေးစက်စက်ကြည့်လိုက်သလို အေးစက်တဲ့လေသံဖြင့်ပြောလိုက်သည်… “နင်ဘာလုပ်လိုက်တာလဲ…”

“ပထမတော့ ငါကနင့်လိုလှပတဲ့ပန်းကလေးတစ်ပွင့်ကို ထိခိုက်စေဖို့ဆန္ဒမရှိခဲ့ဘူး… ဒါပေမဲ့နင်ကငါ့ကို မကျေမနပ်ဖြစ်စေခဲ့တယ်… ဒါပေမဲ့လည်း ငါ့မှာနင့်ရဲ့အလောင်းနဲ့ ပျော်စရာအချိန်တစ်ခုတော့ ရှိလာနိုင်မှာပါ…”

သူ့ရဲ့စကားတွေပျောက်ကွယ်သွားသည့်အခိုက်အတန့်မှာ သူကလှုပ်ရှားဖို့ရန်ပြင်လိုက်သည်။

သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် သူ့ကိုကြည့်နေကြတဲ့အကြည့်တွေက ထူးဆန်းနေသည်ကို ရုတ်တရက်သတိထားမိလိုက်ရသည်။

ထို့နောက်မှာ သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှအရည်တွေက သူ့ရဲ့မြင်ကွင်းကိုပိတ်သွားစေတော့မတတ် ကျဆင်းလာခဲ့သည်။ ထို့အပြင်၎င်းအရည်တွေက သူ့ရဲ့လက်ဆတ်တဲ့သွေးတွေဖြစ်နေတာကို သိလိုက်ရသည့်အတွက်ကြောင့် လင်းနင်တစ်ယောက် အလွန်အမင်းကြောက်ရွံ့ထိတ်လန့်သွားခဲ့ရသည်။

လင်းနင်ကတုန်လှုပ်စွာဖြင့်ပြောလိုက်သည်… “နင်… နင်ဘာလုပ်ခဲ့တာလဲ…”

လင်းနင်ရဲ့ခေါင်းထက်မှ ကြီးမားသည့်သွေးစီးကြောင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ရပြီး သွေးစီးကြောင်းတစ်လျှောက်လတ်ဆတ်တဲ့သွေးတွေက မြေပြင်ပေါ်သို့ကျဆင်းလာခဲ့ရသည်။

စုယုဝေရဲ့လက်ထဲမှ အဖြူအနက်ဓားက ဖြည်းညှင်းစွာပျောက်ကွယ်သွားခဲ့သကဲ့သို့ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရပြီး နူးညံ့စွာပြောလိုက်သည်… “ကြည့်ရတာ ရှင်ကတောင်ဘက်ဂိတ်တံခါးကို မကျော်ဖြတ်နိုင်တော့ဘူးထင်တယ်…”

လင်းနင်ရဲ့အမြင်အာရုံတွေက တဖြည်းဖြည်းအမှောင်ကျလာခဲ့ရပြီး အဆုံးထိတိုင်အောင် သူ့ရဲ့မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေတုန်းပင်ရှိနေသေးသည်။ သူ့ရဲ့အိပ်မက်ထဲမှာတောင် သူ့ရှေ့ရှိမိန်းကလေးက ဒီလိုမျိုးကြောက်မက်ဖွယ်ရာဓားချက်ကို ထုတ်ဖော်နိုင်လိမ့်မည်လို့ ထင်ထားမိလိမ့်မည်မဟုတ်ပေ။

ဒီဓားချက်က သူ့ရဲ့ခံစစ်ကို ဘယ်လိုများချိုးဖျက်သွားခဲ့တာလဲ။

ထို့အခိုက်အတန့်မှာပင် သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်လည်နေသည့် မူလချီတွေအားလုံး လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းရဲ့ကြောက်ရွံ့ထိတ်လန့်နေသည့်အကြည့်တွေအောက်မှာပင် သူ့ရဲ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားခဲ့ပြီး သွေးတွေဒလဟောစီးထွက်လာခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်နှစ်ခြမ်းက မြေပြင်ပေါ်သို့တဖြည်းဖြည်းလဲပြိုကျသွားခဲ့သည်။

သူကသေဆုံးသွားသည့်တိုင်အောင် သူ့ရဲ့မျက်နှာထက်မှာ ဝေခွဲမရဖြစ်မှုတွေ ထင်ကျန်နေလျက်ရှိတုန်းပင်ဖြစ်သည်။

ထိုအခိုက်အတန်မှာ တောင်ဘက်ဂိတ်တံခါးအနီးရှိ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လို့သွားခဲ့ရသည်။

ထိုတိတ်ဆိတ်ငြိမ်သက်မှုတွေကြားမှာ စုယုဝေက အားအင်ချည်နဲ့စွာဖြင့် ထိုင်နေလျက်ရှိပြီး သူမရဲ့ခန္ဓာကိုယ်က စွမ်းအားတွေအလွန်အကျွံအသုံးပြုမှုကြောင့် လှုပ်ရှားနိုင်စွမ်းမရှိတော့လောက်အောင်ပင် အားအင်ကုန်ခမ်းသွားခဲ့ရသည်။ သူမရဲ့လက်တွေက အနည်းငယ်တုန်ယင်နေရသကဲ့သို့ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးထက်မှာ ပျော်ရွှင်သွားရတဲ့အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ယန်မင်… ကျေးဇူးတင်ပါတယ်… ငါနောက်ပိုင်းမှာ သေချာပေါက်နင့်ရဲ့စွမ်းအားကို သေချာပေါက်ပြန်ပြီးအားဖြည့်ပေးပါမယ်…”

သူမရဲ့ချီပင်လယ်အတွင်းမှာရှိနေတဲ့ အဖြူအနက်ဓားအရိပ်က ထိုအခိုက်အတန့်မှာ အနည်းငယ်လှုပ်ခါသွားခဲ့ပြီးနောက်မှာ ပိုပြီးမှေးမှိန်သွားခဲ့သလို မူလကထွက်ပေါ်နေသည့် ခပ်မှိန်မှိန်အလင်းရောင်လေးတောင်မှပင် ပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက်မှာသူမကခေါင်းမော့လိုက်ပြီး ဇူယွမ်ရှိနေသည့် မြို့တော်ဂိတ်တံခါးဆီသို့ကြည့်လိုက်သလို သူမရဲ့နှုတ်ခမ်းထက်မှာလည်း အပြုံးတစ်ခုခိုတွဲလာခဲ့ရသည်။

“မင်းသားလေး… ငါနင့်ကိုကူညီပြီး ဒီမြို့တော်ဂိတ်တံခါးကို ကာကွယ်နိုင်ခဲ့ပြီ…”

သူမရဲ့စကားသံပျောက်ကွယ်သွားခဲ့ပြီးနောက်မှာ သူမရဲ့အမြင်အာရုံတွေကလည်း ရုတ်ချည်းမှောင်အတိကျသွားခဲ့ရသည်။

တောင်ဘက်ဂိတ်တံခါးဆီမှ ကြိုတင်မမြင်နိုင်တဲ့အလှည့်အပြောင်းက နှစ်ဖက်စလုံးရှိစွမ်းအားမြင့်ကျင့်ကြံသူတွေအားလုံးကို အံ့အားသင့်တုန်လှုပ်သွားစေခဲ့ရသည်။ လင်းနင်လို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်က ချီစုဆောင်းမှုအဆင့်မှာရှိနေသည့် မိန်းကလေးတစ်ယောက်ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့ရလိမ့်မယ်လို့ မည်သူကများထင်မှတ်ထားလိမ့်မည်နည်း။

ထိုမိန်းကလေးက ကောင်းကင်ကိုတောင်တုန်လှုပ်သွားစေနိုင်သည့်ဓားချက်တစ်ချက်ကိုထုတ်ဖော်ခဲ့ပြီးနောက်မှာ စွမ်းအားကုန်ခမ်းမှုကြောင့် သတိမေ့သွားခဲ့ရပြီး ဒုတိယမြောက်ဓားချက်ကို ထပ်မံထုတ်ဖော်နိုင်ခြင်းမရှိတော့သည့်အတွက် ချီစစ်တပ်ဘက်ရှိ စွမ်းအားမြင့်ကျင့်ကြံသူတွေအားလုံး စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းကိုယ်စီချလိုက်မိကြသည်။

လက်ရှိတောင်ဘက်ဂိတ်တံခါးဆီသို့ကြည့်နေတဲ့ ဇူယွမ်ရဲ့မျက်လုံးတွေထဲမှာ ရှုပ်ထွေးတဲ့အမူအယာတွေ ထွက်ပေါ်လာခဲ့ရသကဲ့သို့ တီးတိုးရေရွတ်လိုက်မိသည်… “ကျေးဇူးပဲ ယုဝေ…”

အကယ်၍စုယုဝေသာ ထွက်ပေါ်မလာခဲ့ဘူးဆိုလျှင် ဇူအင်ပါယာအတွက် ပေးဆပ်ရမယ့်တန်ကြေးက လွန်စွာမှပင်ကြီးမားသွားရပေလိမ့်မည်။

ထို့နောက်မှာ သူကအသက်ကိုပြင်းစွာရှူရှိုက်လိုက်ပြီး သူ့ရဲ့ခံစားချက်တွေအားလုံးကို ထိန်းချုပ်လိုက်သလို သူ့ရဲ့မျက်လုံးတွေကလည်း ရှေးကျတဲ့အရှိန်အဝါအငွေ့အသက်တွေထုတ်လွှတ်နေသည့် တွင်းနက်ကြီးတစ်ခုအလား နက်ရှိုင်းလို့သွားခဲ့ရသည်။ သူက စိတ်ရှုပ်ထွေးနေခဲ့ရသည့်ဝမ်ကောင်းရှန်ရဲ့မျက်နှာကို ကြည့်လိုက်သကဲ့သို့ သူ့ရဲ့လက်ကကောင်းကင်ယွမ်စုတ်တံကို ဆုပ်ကိုင်လိုက်ပြီး သိုင်းပညာပုံစံသို့ပြောင်းလဲစေလိုက်သည်။

၎င်းရဲ့လှံတစ်ချောင်းအလားထက်မြနေသည့်ထိပ်ဖျားဖြင့် ဝမ်ကောင်းရှန်ထံ ဖြည်းညှင်းစွာချိန်ရွယ်လိုက်သလို ဇူယွမ်ရဲ့မျက်လုံးထဲမှာလည်း လူသတ်လိုစိတ်တွေ အဆမတန်မြင့်တက်သွားခဲ့ရသည်။ အခုအချိန်မှာ သူကတောင်ဘက်ဂိတ်တံခါးအပေါ်စိုးရိမ်စရာမလိုတော့သည့်အတွက် ဝမ်ကောင်းရှန်နဲ့တိုက်ခိုက်သည့်အပေါ်တွင်သာ အပြည့်အဝအာရုံစိုက်နိုင်လာခဲ့သည်။

“ခင်ဗျားက ကစားရတာကို သဘောကျတယ်ပေါ့ဟုတ်လား…”

“ဒါဆိုရင်တော့ ကျုပ်တို့တွေရှေ့ဆက်ပြီး ဘယ်လိုမျိုးပျော်စရာတွေနဲ့ တွေ့လာရလိမ့်မလဲဆိုတာကို ကြည့်ကြသေးတာပေါ့…”

“ဒါကခင်ဗျားအတွက် အရမ်းကြီးများလွန်းနေမှာကိုပဲ ကျူပ်စိုးရိမ်နေမိတယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset