စာစဉ်(၈) အပိုင်း(၁၀၁)

စစ်ပွဲရောက်ရှိလာခြင်း

ချီယန်ရဲ့စကားသံက ဇူအင်ပါယာမြို့တော်ရဲ့နေရာအနှံ့ကို ပျံ့နှံ့သွားသည့်အခါ များစွာသောလူတွေက စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်လာခဲ့ရသည်။ ထို့အပြင် မူလစဦးအဆင့်ကျင့်ကြံသူခုနှစ်ယောက်ထံမှ ထွက်ပေါ်လာသည့်ဖိအားကလည်း အလွန်ပင်လွှမ်းမိုးနိုင်စွမ်းရှိလှပေသည်။

ဒီလိုအင်အားတောင့်တင်းတဲ့အစုအဖွဲ့နဲ့ဆိုရင် မြို့တံခါးကို အလွယ်တကူချိုးဖျက်ဝင်ရောက်နိုင်ဖို့ဆိုတာက လုံလောက်တာထက်ပင်ပိုနေသေးသလို ချီဘုရင်ရဲ့စစ်တပ်ကို အနည်းငယ်မျှသောကန့်သတ်မှုတွေပင် ရှိနေစေလိမ့်မည်မဟုတ်ပေ။

ဒီလိုမျိုးစစ်မြေပြင်တစ်ခုမှာ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းနဲ့ အဖျက်စွမ်းအားက လွန်စွာအရေးပါလှသည်။

ထို့ကြောင့်ပင် မြို့တော်အတွင်းရှိ အိမ်တော်အများစုက ထိုအခိုက်အတန့်မှာ စတင်ပြီးထိတ်ထိတ်ပျာပျာဖြစ်လာခဲ့ရသည်။

မြို့ရိုးအထက်ရှိ စစ်ရေးဆွေးနွေးခန်းအတွင်းဝယ် ဇူချင်ရဲ့အမူအယာက ဒေါသကြောင့် နက်မှောက်နေလျက်ရှိလေသည်။ ဝေကန်းလန်ရဲ့မျက်ခုံးတွေကလည်း တစ်ခုနဲ့တစ်ခု ထိစပ်သွားတော့မတတ် တွန့်ကွေးနေခဲ့ရပြီး အဆိပ်ဘုရင်ရဲ့အမူအယာက အလွန်အမင်းပျက်ယွင်းနေရပေသည်။ မူလက သူတို့ဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ရှိနေသည့်အတွက် ဒီတိုက်ပွဲမှာ အလွယ်တကူအနိုင်ရနိုင်လိမ့်မည်လို့ သူတို့တွေထင်မြင်ယူဆထားခဲ့သည်။ သို့ပေမဲ့လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ချီယန်ရဲ့ဘေးမှာ နောက်ထပ်မူလစဦးအဆင့်ကျင့်ကြံသူခြောက်ယောက် ထပ်ပြီးပေါ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

ထို့ကြောင့်ပင် အခုအချိန်မှာ အနိုင်ရဖို့ဆိုတာက သူတို့ဘက်မှာ အခွင့်အရေးရှိမနေခဲ့တော့ပေ။

ဒါကနေသူတို့တွေမြင်နိုင်ခဲ့တာက သူတို့အားလုံး အမှားလေးတစ်ခုပြုလုပ်လိုက်ခဲ့တာနဲ့ ဒီနေ့ကသူတို့အတွက် သေနေ့ဖြစ်သွားစေပေလိမ့်မည်။

မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်မှာတောင် ဒီလိုအတွေးမျိုးရှိနေခဲ့တယ်ဆိုရင် ကျန်တဲ့စစ်တပ်အရာရှိတွေအတွက်က ပြောစရာပင်လိုလိမ့်မည်မဟုတ်ပေ။ သူတို့ရဲ့မူလကမြင့်တက်နေခဲ့ရသည့်စိတ်ဓာတ်တွေက အခုအချိန်မှာ လုံးလုံးလျားလျားကျဆင်းသွားခဲ့ရပြီဖြစ်သလို စစ်ရေးဆွေးနွေးခန်းအတွင်းရှိ လေထုကလည်း အနည်းငယ်သက်တောင့်သက်သာမဖြစ်သလို ခံစားလိုက်မိကြရသည်။

“လူတိုင်းက ဒါနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်နေစရာမလိုအပ်ပါဘူး… သူတို့ဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူ ခုနှစ်ယောက်ရှိနေတယ်ဆိုရင်တောင်မှပဲ ဇူအင်ပါယာက ဒီလောက်ကြီးတော့ အားမနည်းသေးပါဘူး…” ဇူယွမ်က တည်ငြိမ်စွာပြောလိုက်သည်။

များစွာသောအကြည့်တွေက ဇူယွမ့်ထံ ကျရောက်လာခဲ့သည်။ ခုနှစ်ယောက်နဲ့ သုံးယောက်ရင်ဆိုင်တိုက်ခိုက်ရမှာက ပြဿနာတစ်ခုမဟုတ်ဘူးဆိုလျင်တောင် ဒီဇူအင်ပါယာကအရမ်းကြီးအားမနည်းပါဘူးဆိုတဲ့စကားကရော ဘာကိုဆိုလိုတာဖြစ်နိုင်လိမ့်မည်နည်း။

ဇူယွမ်က သူတို့အားလုံးရဲ့အကြည့်တွေကို နားလည်ထားခဲ့ရသလို သူတို့ရဲ့စိတ်ဓာတ်တွေကို ပြန်လည်မြင့်တက်လာအောင်ပြုလုပ်ဖို့ လိုအပ်သည့်အတွက် ချက်ချင်းဆိုသလိုပင် ယောင်ယောင့်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ယောင်ယောင်က ထန်ထန်ကိုပွတ်သပ်ပေးနေလျက်မှပင် ပြန်၍တုန့်ပြန်လိုက်သည်။

ထို့နောက်မှာ ထန်ထန်က ပျင်းရိလေးပင်စွာဖြင့် အကြောတစ်ချက်ဆန့်လိုက်ပြီး ၎င်းရဲ့သေးငယ်တဲ့ခန္ဓာကိုယ်မှ အံ့အားသင့်စရာကောင်းလှသည့် အရှိန်အဝါတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာခဲ့ရသည်။

“မူလစဦးအဆင့် မှော်သားရဲတစ်ကောင်လား…” အခန်းအတွင်းရှိ စစ်တပ်အရာရှိတွေရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ရသကဲ့သို့ သူတို့အားလုံး ထန်ထန့်ကို ထိတ်လန့်တုန်လှုပ်စွာစိုက်ကြည့်လိုက်မိကြသည်။ ဒီလိုမျိုးချစ်စရာကောင်းပြီး သေးငယ်လှတဲ့သတ္တဝါလေးက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ခွန်အားမျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူတို့တွေထင်မှတ်မထားမိခဲ့ပေ။

ဇူယွမ်က တစ်ချက်ပြုံးလိုက်ပြီး ယောင်ယောင့်ကို ညွှန်ပြကာပြောလိုက်သည်… “ငါရဲ့ဆရာတူအစ်မက အဆင့် ၄မူလမှော်စာလုံးပညာရှင်တစ်ယောက်ပဲ… သူမရဲ့စွမ်းအားကလည်း မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်စွမ်းရှိတယ်…”

များစွာသောအကြည့်တွေက ယောင်ယောင့်ထံကျရောက်သွားခဲ့ရပြီးနောက်မှာ တီးတိုးရေရွတ်သံတွေ ထွက်ပေါ်လာခဲ့ရပြီး အခန်းအတွင်းရှိ လေးလံတဲ့ဖိအားတွေက ရုတ်ချည်းပင် အနည်းငယ်လျော့ကျသွားသည့်အလား ခံစားမိလိုက်ကြရသည်။

ဇူယွမ်ရဲ့စကားတွေကသာ အမှန်ဆိုရင် သူတို့ရဲ့ဘက်မှာ မူလစဦးအဆင့်ကျင့်ကြံသူငါးယောက်ရဲ့ တိုက်ပွဲစွမ်းအားရှိလာမည်ဖြစ်ပေသည်။ သူတို့တွေအနေနဲ့ အသာစီးရယူနိုင်ခြင်းမရှိသေးသော်ငြား ဒါကလည်း အထင်ကြီးစရာကောင်းလောက်သည့်အင်အားတစ်ခုဖြစ်ပေသည်။

ဇူယွမ်ရဲ့အကြည့်က များစွာသောအရာရှိတွေထံကျရောက်သွားခဲ့ရသကဲ့သို့ သူကလေသံတိုးတိုးဖြင့်ပြောလိုက်သည်… “လူတိုင်းက ကိုယ့်နေရာကိုကိုယ် ကာကွယ်ထားဖို့ပဲလိုအပ်တယ်… မူလစဦးအဆင့်ကျင့်ကြံသူတွေကို အချိန်ဆွဲထားနိုင်ရင်ကိုရပြီ…”

“နားလည်ပါပြီ…”

ဇူယွမ်ရဲ့အကြည့်ကို မြင်လိုက်ရသည့်အခါ အခန်းအတွင်းမှာရှိနေကြသည့် အရာရှိအားလုံးက တရိုတသေပင်ပြန်ပြောလိုက်ကြသည်။ သူတို့တွေအနေနဲ့ မင်းသားလေးဇူယွမ်ကို သူ့ရဲ့အသက်အရွယ်နဲ့ယှဉ်ပြီး လွန်စွာငယ်ရွယ်နေသေးသည်လို့ မထင်ရဲကြတော့ပေ။

အခန်းအတွင်းရှိ အရာရှိတွေရဲ့စိတ်ဓာတ်တွေ ပြန်လည်မြင့်တက်လာသည်ကို မြင်လိုက်ရတဲ့အခါ ဇူချင်ရဲ့အမူအယာက အနည်းငယ်သက်သာရာရသွားခဲ့သည်။ ထို့နောက်သူတို့ကို နှစ်သိမ့်ပေးလိုက်ပြီးနောက်မှာ သူကသူတို့ကို ထွက်သွားစေလိုက်သည်။

သူတို့အားလုံးထွက်ခွာသွားခဲ့ပြီးကာမှ ဇူချင်က ဇူယွမ်ကိုကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ စိုးရိမ်သည့်လေသံဖြင့်ပြောလိုက်သည်… “ဒီလိုဆိုရင်တောင်မှပဲ အဖေတို့တွေက မူလစဦးအဆင့်ကျင့်ကြံသူငါးယောက်ကိုပဲ ဟန့်တားထားနိုင်လိမ့်မယ်… ကျန်တဲ့နှစ်ယောက်ကို ဟန့်တားနိုင်ဖို့ကတော့ ခက်ခဲမှုရှိလိမ့်မယ်…”

အကယ်၍ထိုမူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ကို မြို့တံခါးတွေကိုချိုးဖျက်ပြီး မြို့တော်ကိုသူတို့စိတ်ရှိသလို ဖျက်စီးစေခဲ့မယ်ဆိုရင် ဇူအင်ပါယာမြို့တော်က မယုံကြည်နိုင်စရာကောင်းလောက်သည့် ဆုံးရှုံးမှုတွေနဲ့ သေချာပေါက်ကြုံတွေ့ရပေလိမ့်မည်။ ဒီလိုသာဆိုရင် အင်ပါယာရှိစစ်သည်တော်တွေရဲ့ စိတ်ဓာတ်က အလုံးစုံကျဆင်းသွားရမည်မှာ သေချာသည်။

ဇူယွမ်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပြီး သူကပြန်ပြောလိုက်သည်… “အဖေ့အနေနဲ့ ဒါအတွက်စိုးရိမ်နေစရာမလိုအပ်ပါဘူး… ကျွန်တော်က အဲ့ဒီမူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်နဲ့ ရင်ဆိုင်နိုင်မဲ့နည်းလမ်းတစ်ခုကို စဉ်းစားလိုက်ပါ့မယ်…”

“သားကလား…” ဇူချင်အံ့အားသင့်သွားခဲ့ရပြီး သူ့ရဲ့မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေ အတိုင်းသားထင်ဟပ်လာခဲ့ရသည်။ ဇူယွမ်က ယောင်ယောင်နဲ့ထန်ထန်တို့ကို ဝင်ပြီးတိုက်ခိုက်ပေးနိုင်မလားမေးခဲ့ပေမဲ့ သူမတို့နှစ်ယောက်စလုံးက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ရကာ ဇူယွမ်ကိုယ်တိုင်က စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်မျှသာဖြစ်ပေသည်။ ဒီလိုစွမ်းအားလောက်နဲ့ သူကမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်လိမ့်မည်နည်း။

ဇူချင်တစ်ယောက်မစဉ်းစားတတ်အောင်ဖြစ်သွားခဲ့ရပေမဲ့ သူကတစ်စုံတစ်ရာပြောခဲ့ခြင်းမရှိဘဲ ခေါင်းကိုသာညိတ်ပြလိုက်သည်။

အချို့အကြောင်းအရာအနည်းငယ်ကို ဆွေးနွေးခဲ့ပြီးနောက်မှာ ဇူယွမ်က ယောင်ယောင်နဲ့အတူ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။

အခန်းအပြင်ဘက်ရောက်သည့်အခါ ယောင်ယောင်ကရုတ်တရက်မေးလိုက်သည်… “နင်က အဲ့ဒီမူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ဘယ်လိုဟန့်တားမှာလဲ…”

သူမအနေဖြင့် ဇူယွမ်ရဲ့ခွန်အားကို ကောင်းစွာနားလည်ထားပေသည်။ လက်ရှိသူ့ရဲ့ခွန်အားက မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်တဲ့စွမ်းရည်အနည်းငယ်လေးမျှပင် ရှိမနေချေ။

ထိုအခိုက်မှာ ယောင်ယောင်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ရပြီး သူမကဇူယွမ့်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်… “နင်က ငွေရောင်အရိပ်ရဲ့စွမ်းအားကို အသုံးပြုဖို့ကြံရွယ်ထားတယ်ဆိုရင်တော့ နင်ရဲ့လက်ရှိစိတ်ဝိညာဉ်အဆင့်နဲ့ဆိုရင် နင်ကဒါကိုအသက်သွင်းနိုင်ခြင်းတောင်ရှိမှာမဟုတ်ဘူးဆိုတာကို ငါနင့်ကိုပြောချင်တယ်…”

သူမက ဉာဏ်ကောင်းသည့်မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် ဇူယွမ်က ငွေရောင်အရိပ်လို့အမည်ပေးထားတဲ့ တိုက်ပွဲဂိုလမ်ရဲ့စွမ်းအားကို အသုံးပြုဖို့ကြံရွယ်နေတယ်ဆိုတာကို သူမကခန့်မှန်းနိုင်ခဲ့ရသည်။

ဇူယွမ်က သူ့ရဲ့ခေါင်းကိုကုတ်လိုက်ပြီး ပြုံး၍ပြောလိုက်သည်… “အစ်မကြီးယောင်ယောင်က အရမ်းကိုဉာဏ်ကောင်းတာပဲ…”

ယောင်ယောင်က သူမရဲ့ခေါင်းကိုခါယမ်းပြလိုက်ပြီး… “နင်ကဒါကို အသက်သွင်းနိုင်မှာမဟုတ်ဘူး… ဒါ့ကြောင့် နင်ကကိုယ့်ကိုကိုယ်အတင်းအကျပ် ဖိအားမပေးသင့်ဘူး…”

ဇူယွမ်က တစ်ချက်ရယ်မောလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာပြောသည်… “လက်ရှိငါ့ရဲ့စိတ်ဝိညာဉ်အဆင့်နဲ့ဆိုရင် ငွေရောင်အရိပ်ကို အသက်သွင်းဖို့ဆိုတာက တကယ့်ကိုဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး… ဒါပေမဲ့… အဲ့ဒီလက်စွပ်နဲ့ဆိုရင်ရော ဖြစ်နိုင်လိမ့်မယ်မလား…”

ယောင်ယောင်တစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။ ဇူယွမ်အခုပြောနေသည့်လက်စွပ်ဆိုတာက သူအဆိပ်ရေအိုင်အတွင်းရှိ ကျောက်စိမ်းသစ်ပင်ထံမှ ရရှိလာခဲ့သည့်လက်စွပ်ကို ပြောနေသည်မှန်း သူမသဘောပေါက်မိသည်။ ထိုလက်စွပ်က လူတစ်ယောက်ရဲ့စိတ်စွမ်းအားကိုတိုးမြှင့်ပေးနိုင်ပေမဲ့ ကံမကောင်းရင် စိတ်ဝိညာဉ်က ထိခိုက်ပျက်စီးသွားရပေလိမ့်မည်။ ဒါ့အပြင်သူမက ထိုလက်စွပ်ကို အရင်ဆုံးပြန်ပြီးပြင်ဆင်နိုင်ဖို့ ကြိုးစားရပေဦးမည်။

“ဒါဆိုဒါက နင့်ရဲ့အစီအစဉ်ပေါ့…” ယောင်ယောင်ရဲ့မျက်ခုံးတွေက အနည်းငယ်တွန့်ကွေးသွားခဲ့ရပြီး… “ဒါပေမဲ့ ငါကတော့ ဒီနည်းလမ်းကို သဘောမတူချင်ဘူး… ဒီလက်စွပ်က နင့်ရဲ့စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်စေပေမဲ့လည်း ဒါကနင့်ကိုယ်နင် မနိုင်ဝန်ထမ်းရာရောက်သွားစေလိမ့်မယ်… သေးငယ်တဲ့ဂရုမစိုက်မိမှုလေးတစ်ခုက နင့်ရဲ့စိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေလိမ့်မယ်…”

ဇူယွမ်က လက်စွပ်ရဲ့အကူအညီနဲ့ဆိုရင် ငွေရောင်အရိပ်ရဲ့စွမ်းအားကို ယာယီအသုံးပြုနိုင်စွမ်းရှိပေမဲ့လည်း ၎င်းကလွန်စွာအန္တရာယ်ရှိနေသေးတုန်းပင်ဖြစ်သည်။ ဒါ့အပြင် ဒီလိုစွမ်းအားမျိုးကို ထိန်းချုပ်ထားနိုင်ဖို့က သူ့အတွက်အရမ်းကို ခက်ခဲမှုရှိပေလိမ့်မည်။

ဇူယွမ်ကရယ်မောလိုက်ပြီးနောက်မှာ တည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်… “တကယ်လို့ငါက ဒီအခက်အခဲကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ငါ့ရဲ့စိတ်ဝိညာဉ်ပျက်စီးသွားခဲ့မယ်ဆိုရင်တောင်မှပဲ ဘာမှဖြစ်တော့မှာမဟုတ်ဘူး…”

တကယ်လို့ဇူအင်ပါယာကသာ စစ်ရှုံးသွားခဲ့မယ်ဆိုရင် ချီယန်က ဘယ်သူ့ကိုမှ အသက်ရှင်လျက်ထားလိမ့်မည်မဟုတ်ပေ။ ဇူယွမ်က သူ့ကိုယ်သူလွတ်မြောက်သွားနိုင်စွမ်းရှိပေမဲ့ သူ့အဖေနဲ့အမေတွက်ကရော ဘယ်လိုဖြစ်သွားလိမ့်မည်နည်း။ ထို့အပြင် ဇူအင်ပါယာရဲ့မြို့သူမြို့သားတွေအတွက်ကရော ဘယ်လိုအခြေအနေရှိလိမ့်မည်နည်း။

သူကတစ်ယောက်တည်းလွတ်မြောက်သွားခဲ့ရစဉ်မှာ သူ့ရဲ့နိုင်ငံကဖျက်စီးခံရလိမ့်မည်ဖြစ်ကာ သူ့ရဲ့အနာဂတ်မှာ လက်စားချေနိုင်မယ့်နေ့ကို မျှော်လင့်စောင့်စားရင်းနဲ့သာ ပင်ပန်းဆင်းရဲကြီးစွာဆက်ပြီး လေ့ကျင့်နေရပေလိမ့်ဦးမည်ဖြစ်သည်။ ဇူယွမ်က ဒီလိုအရာမျိုးကို မနှစ်ခြိုက်ပေ။

ဒီလိုမျိုးသူ့ကိုယ်သူ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ထက်စာရင် အနိုင်ရရှိဖို့အတွက် သေးငယ်တဲ့မျှော်လင့်ချက်အလင်းရောင်လေးတစ်ခုပဲရှိနေတယ်ဆိုရင်တောင် သူကဒါကိုသာမလွတ်တမ်းဆုပ်ကိုင်ထားလိမ့်မည်ဖြစ်သည်။

ယောင်ယောင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ရပြီးနောက်မှာ သူမကနောက်ဆုံးတွင်ပြောလိုက်သည်… “ဒီလိုဆိုရင်တောင် နင်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပဲ ရင်ဆိုင်နိုင်လိမ့်မယ်…”

“ကျန်တဲ့မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ထိန်းထားဖို့အတွက် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူအချို့ကို စေလွှတ်ပေးနိုင်မလားလို့ ငါအဖေ့ကိုမေးကြည့်လိုက်မယ်… ပေးဆပ်ရမဲ့တန်ဖိုးကကြီးတယ်ဆိုပေမဲ့လည်း သူတို့တွေက ငါတို့ထဲကတစ်ယောက်ယောက် ငါတို့ရဲ့ပြိုင်ဘက်ကို အနိုင်ယူပြီးတဲ့အထိ ထိန်းထားနိုင်မယ်ဆိုရင် အခြေအနေအားလုံးအဆင်ပြေသွားရလိမ့်မယ်…”

ယောင်ယောင်က သက်ပြင်းချလိုက်ပြီး ညင်သာစွာပြောလိုက်သည်… “နင့်ရဲ့မြင့်မြတ်တဲ့နဂါးလမ်းကြောင်းက အမှန်တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ မရေမတွက်နိုင်တဲ့ အဟန့်အတားအနှောင့်အယှက်တွေနဲ့ ပြည့်နှက်နေတယ်…”

ကပ်ဘေးတစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ခြင်းက ကမ်းပါးတစ်ခုပေါ်မှာ လျှောက်လှမ်းနေခြင်းနှင့်ပင် အလားသဏ္ဍာန်တူလှကာ အနည်းငယ်သောအမှားအယွင်းလေးတစ်ခုကပင် သူ့ကိုအဆုံးမရှိတဲ့ချောက်နက်ထဲကို ကျဆင်းသွားစေပေလိမ့်မည်။

ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ကပြုံးရုံမျှသာပြုံးလိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်… “ဒါကစမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်… ဒါပေမဲ့ ငါကသာအစစ်အမှန်မြင့်မြတ်တဲ့နဂါးတစ်ကောင်ဆိုရင် ငါကဒီစမ်းသပ်မှုကို သေချာပေါက်ကျော်ဖြတ်နိုင်ရလိမ့်မယ်…”

နေ့တစ်ဝက်သာအချိန်ရမယ်ဆိုခြင်းက ဇူအင်ပါယာမြို့တော်တစ်ခုလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။ အဆိုပါသတင်းက မြို့တော်အတွင်းပျံ့နှံ့သွားသည့်အခါ များစွာသောလူတွေက ကြောက်ရွံ့ထိတ်လန့်သွားခဲ့ကြရပြီး သက်တောင့်သက်သာမရှိလှတဲ့ဖိအားတစ်ခုက ပိုပြီးကြီးထွားလာခဲ့ရသည်။

မြို့တော်ရဲ့တောက်ဘက်ပိုင်းတစ်နေရာတွင်တော့ သေးသေးသွယ်သွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်က သန့်ရှင်းတဲ့မြေကွက်လပ်တစ်ခုအတွင်းမှ လျှောက်လှမ်းထွက်ပေါ်လာခဲ့ပြီး သူမနောက်ဘက်ရှိတံခါးကို ပိတ်လိုက်သည်။

စုယုဝေက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသလို သူမရဲ့လှပတဲ့မျက်နှာလေးကလည်း ပတ်ဝန်းကျင်ရှိအကြည့်များစွာကို စုစည်းသိမ်းယူသွားခဲ့သည်။

သူမကထိုအကြည့်တွေကို အာရုံထားခြင်းမရှိခဲ့ဘဲ ကျောက်စိမ်းလိုကြည်လင်သန့်ရှင်းတဲ့သူမရဲ့မျက်နှာလေးက မြို့တော်ရဲ့မြို့ရိုးထံသို့ ကြည့်လိုက်မိသည်။

သူမသည်လည်း ပုံမှန်အားဖြင့် ဖြစ်ပျက်နေတဲ့အရာမှန်သမျှကို ကြားသိခဲ့ရပြီး ဇူအင်ပါယာမြို့တော်က လက်ရှိမှာဘယ်လိုအန္တရာယ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရသည်ဆိုတာကို နားလည်နိုင်ပေသည်။

များစွာသောလူတွေက တိတ်တဆိတ်ထွက်ပြေးလွတ်မြောက်သွားနိုင်ဖို့ ပြင်ဆင်နေကြပေမဲ့ သူမရဲ့စိတ်ထဲမှာ ဒီလိုအတွေးမျိုးရှိမနေခဲ့ပေ။ မြို့တော်ရဲ့အခြေအနေက လက်ရှိမှာ များစွာရှုပ်ထွေးနေရပေမဲ့လည်း သူမရဲ့ရင်ထဲမှာ ခပ်ဖွဖွပြုံးနေသည့်လူငယ်လေးတစ်ယောက်ရဲ့မျက်နှာက သူမမသိလိုက်စဉ်မှာပင် ဝင်ရောက်နေရာယူနေခဲ့ရပြီဖြစ်သည်။ သူကဘယ်နေရာမှာမဆို သူမအပေါ်မှာ အမြဲတမ်းယုံကြည်မှုရှိပေသည်။

သူကသာဒီနေရာမှာရှိနေတယ်ဆိုရင် မြို့ကိုချိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုတာက လွယ်ကူနိုင်လိမ့်မည်မဟုတ်ပေ။

ဒီအတွေးတွေက စုယုဝေရဲ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ရစဉ်မှာ သူမကမြို့ရိုးဆီသို့ ဦးတည်ကာလျှောက်လှမ်းလာခဲ့သည်။

သူမကလမ်းတစ်ခုရဲ့ ထောင့်ချိုးကွေ့တစ်နေရာကို ရောက်ရှိလာသည့်အခါ သူမရဲ့မျက်လုံးတွေက ရုတ်တရက်ပင် နံရံကိုမှီ၍ထိုင်နေသည့် အဘိုးအိုတစ်ယောက်ထံကျရောက်သွားခဲ့ရသည်။ အဖိုးအိုရဲ့အသက်ရှူသံက အားပျော့နေပေမဲ့လည်း ဖြတ်သန်းသွားလာနေကြသူအားလုံးက ကြောက်ရွံ့ထိတ်လန့်နေမှုတို့ကြောင့် ထိုအဖိုးအိုကို သတိထားမိခြင်းမရှိခဲ့ကြပေ။

သူမကထိုအဖိုးအိုကို တွေ့လိုက်ရသည့်အခါ သူမရဲ့အဘိုးကို သတိရမိလိုက်သည်။ ထို့ကြောင့်ပင် သူမရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့ရပြီး အချိန်ခဏကြာအောင် အတွေးထဲမှာနစ်မျောသွားခဲ့ရသည်။ ထို့နောက်မှာ သူမက အသားညှပ်ဘီစကွတ်မုန့်တစ်ခုကို ထုတ်ယူလိုက်ပြီး အဖိုးအိုရဲ့ရှေ့မှာ ညင်သာစွာချပေးလိုက်မိသည်။

သူမရဲ့အပြုအမူကို ခံစားမိလိုက်ရလျင် အဖိုးအိုရဲ့မျက်လုံးတွေက ပွင့်လာခဲ့ရပြီး သူ့ရဲ့မှုန်ဝါးဝါးမျက်လုံးတွေက သူ့ရှေ့ရှိမိန်းမငယ်လေးကို ကြည့်လိုက်မိသည်။ ထို့နောက်မှာ အားနည်းဖျော့တော့နေတဲ့အသံတစ်ခုက ထွက်ပေါ်လာခဲ့ရသည်… “မိန်းကလေး… မင်းက ဒီလိုအချိန်မှာတောင် ထွက်မပြေးသေးဘဲ ဘာကြောင့်ဒီနေရာမှာရှိနေရသေးတာလဲ…”

စုယုဝေရဲ့နီထွေးထွေးနှုတ်ခမ်းလေးတွေက အနည်းငယ်ပွင့်ဟသွားခဲ့ရပြီး ပြုံးလိုက်မိပေမဲ့ တစ်စုံတစ်ရာပြန်လည်ပြောဆိုခဲ့ခြင်းတော့မရှိခဲ့ပေ။ သို့ပေမဲ့လည်း သူမရဲ့လက်တွေက ဖြည်းညှင်းစွာပင် လက်သီးဆုပ်လိုက်မိသည်။

“အဖိုး… အဖိုးက စားပြီးတာနဲ့ ဒီနေရာကနေအမြန်ဆုံးထွက်သွားပါတော့…” စုယုဝေကပြောလိုက်ရင်း ထရပ်လိုက်သည်။ ထို့နောက်မှာ သူမရဲ့မျက်နှာထက်တွင် တစ်ခုခုကိုဆုံးဖြတ်လိုက်ဟန် ထင်ဟပ်လာခဲ့ရကာ နောက်လှည့်၍ မြိုးရိုးဆီသို့ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

အဖိုးအိုက ထွက်ခွာသွားတဲ့စုယုဝေရဲ့ပုံရိပ်ကို ကြည့်နေလျက်မှ ပြုံးလိုက်မိသည်။ ထို့နောက်မှာ သူ့ရဲ့မှုန်ဝါးဝါးမျက်လုံးတွေထဲမှာ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ချက်လက်သွားခဲ့ရပြီး သူ့ရှေ့ရှိအသားညှပ်ဘီစကွတ်မုန့်ကို ဆုပ်ကိုင်လိုက်ရင်း တီးတိုးရေရွတ်လိုက်မိသည်… “ဒီလိုဝေးလံလှတဲ့နေရာတစ်ခုမှာ ယင်ယန်ချီပင်လယ်ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး…”

“ဒါပေမဲ့လည်း သူမရဲ့မျက်လုံးတွေထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုတွေကို ငါမြင်နေရပြီးတော့ သူမက ပြင်ပစွမ်းအားတစ်ခုကို ငှါးယူသုံးစွဲဖို့ ရည်ရွယ်ထားနေတဲ့ပုံပဲ… ကျွတ်… ဒီလိုငယ်ရွယ်ပြီးလှပတဲ့ မိန်းမငယ်လေးတစ်ယောက်က ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေမှာကို ကြောက်ရွံ့ထိတ်လန့်မှုမရှိဘူးလား…”

Comment

Leave a Reply

Options

not work with dark mode
Reset