စာစဉ်(၇) အပိုင်း(၉၃)

ငွေရောင်အရိပ်

သူတို့ရှေ့က တိုက်ပွဲဝင်ချပ်ဝတ်ကို စိုက်ကြည့်နေရင်း ဇူယွမ်နဲ့ စုယုဝေတို့ရဲ့မျက်နှာထက်မှာ အံ့အားသင့်တုန်လှုပ်နေမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။ ယောင်ယောင်ရဲ့လှပတဲ့မျက်လုံးလေးတွေထဲမှာ အံ့အားသင့်မှုအချို့ရှိနေခဲ့ကာ သူမက တိုက်ပွဲဝင်ချပ်ဝတ်ကို အချိန်အနည်းငယ်ကြာ စစ်ဆေးခဲ့ပြီးနောက်မှာ ပြောလိုက်သည်… “ဒါကတိုက်ပွဲဝင်ချပ်ဝတ်တစ်ခုမဟုတ်ဘူး… တိုက်ပွဲဂိုလမ်တစ်ကောင်ပဲ…”

“တိုက်ပွဲဂိုလမ်လား…” ဇူယွမ်နောက်တစ်ကြိမ်ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။

“တိုက်ပွဲဂိုလမ်ဂိုဏ်းမှာ စွမ်းရည်အချို့ရှိနေတာပဲ… သူတို့တွေက တိုက်ပွဲဂိုလမ်ကို ဒီအဆင့်ထိရောက်အောင် ဖန်တီးနိုင်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး…” ယောင်ယောင်ရဲ့လေသံမှာ ကျေနပ်အားရမှုအချို့ ပါဝင်နေသည်။

“ငါထင်တာသာမမှားဘူးဆိုရင် ဒီတိုက်ပွဲဂိုလမ်က သူ့ဘာသာသူသီးခြား အသုံးပြုလို့မရဘူး… ဒါပေမဲ့ လူတစ်ယောက်နဲ့ပေါင်းစပ်ပြီး အထောက်အပံ့ပေးတဲ့အရာတစ်ခုအဖြစ်အသုံးပြုမယ်ဆိုရင် မယုံကြည်နိုင်စရာကောင်းတဲ့ စွမ်းအားကိုထုတ်ဖော်နိုင်လိမ့်မယ်…”

“လူနဲ့တိုက်ပွဲဂိုလမ်ကို ပေါင်းစပ်ဖို့ဆိုရင်… ဒီတိုက်ပွဲဂိုလမ်ကဂိုဏ်းက အမှန်တကယ်ကို ထူးထူးဆန်းဆန်းတွေ ဖန်တီးနိုင်စွမ်းရှိတာပဲ…”

“လူတစ်ယောက်နဲ့ပေါင်းစပ်ခြင်းလား…” ဇူယွမ်သက်ပြင်းကိုသာချလိုက်မိပြီး သူ့အနေနဲ့ ဒီအရာကိုကောင်းစွာ နားလည်သဘောပေါက်နိုင်ခြင်းမရှိခဲ့ပေ။

“အဲ့ဒါကို နင့်လက်နဲ့ထိလိုက်…” ယောင်ယောင်က ညွှန်ကြားလိုက်သည်။

ဇူယွမ်တဒင်္ဂကြာတုန့်ဆိုင်းနေခဲ့ရပြီးနောက်မှာ သူ့ရဲ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့လက်ချောင်းတွေက ရှေ့မှာရှိနေသည့် ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်ကို သတိကြီးစွာထားကာထိတွေ့လိုက်သည်။

ဝုန်း…

ဇူယွမ်ရဲ့လက်က တိုက်ပွဲဝင်ချပ်ဝတ်နဲ့ ချိတ်ဆက်သွားမိသည့်အခါ တိုက်ပွဲဝင်ချပ်ဝတ်က လျင်မြန်စွာဖြင့်စတင်ပြီးအရည်ပျော်သွားခဲ့ရကာ ငွေရောင်အရည်တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဇူယွမ်ရဲ့လက်ချောင်းတွေမှတစ်ဆင့် သူ့ရဲ့လက်မောင်းရင်းထိတိုင်အောင် စီးဆင်းသွားခဲ့သည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ငွေရောင်အရည်တွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ရသည်။

သူ့ရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့ပြီးနောက်မှာ ငွေရောင်အရည်တွေက စတင်ပြီးခဲသွားခဲ့ရပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်၌ ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်က လျင်မြန်စွာဖြင့်ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်မှာ တင်းကျပ်စွာပိတ်ထားသည့် ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်၏မျက်လုံးတွေက ရုတ်ချည်းပွင့်လာခဲ့သည်။ မျက်လုံးတွေထဲမှာ ငွေရောင်အလင်းတွေစီးဆင်းနေကြပြီး ၎င်းရဲ့ပါးစပ်ထံမှ အံ့ဩတကြီးပြောလိုက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်… “ဘယ်လောက်တောင်ထူးခြားလိုက်တဲ့ တိုက်ပွဲဂိုလမ်တစ်ကောင်လဲ…”

ဒီလေသံကအနည်းငယ်ကွဲပြားမှုရှိပေမဲ့လည်း သိသာစွာပင် ၎င်းကဇူယွမ့်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ငါ့ရဲ့စွမ်းအားတွေက ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားခဲ့ရတယ်လို့ ငါခံစားနေရတယ်…” ဇူယွမ်လွန်စွာအံ့အားသင့်သွားခဲ့ရသည်။ ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်က သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်ရှိနေပြီး သူ့အနေဖြင့် ဒီတိုက်ပွဲဂိုလမ်ကို သူ့ရဲ့ခန္ဓာကိုယ်အလား ထိန်းချုပ်ထားနိုင်ပေသည်။

သူတို့နှစ်ခုက အမှန်တစ်ကယ်ပေါင်းစပ်သွားခဲ့ကာ တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေဖြစ်လို့နေရသည်။

ဇူယွမ့်ကို အလွန်အမင်းအံအားသင့်စေတဲ့အရာက သူ့ရဲ့စွမ်းအားတွေ အဆမတန်မြင့်တက်သွားခဲ့မှုကြောင့်ဖြစ်သည်။

ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်က မယုံကြည်နိုင်လောက်စရာကောင်းသည့်စွမ်းအားတွေ သူ့ကိုပေးအပ်ခဲ့ပေသည်။

သူကစွမ်းအားတွေတစ်ဟုန်ထိုးမြင့်တက်လာသည်ကို ခံစားခဲ့လိုက်ရသည့်အတွက် သူ့အနေနဲ့ဒါကို စမ်းသပ်ကြည့်လိုသည်။ ထို့ကြောင့်ပင် သူကရုတ်တရက်လက်သီးဆုပ်လိုက်သည့်အခါ ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်ရဲ့ ချွန်ထက်တဲ့လက်တွေကလည်း ချက်ချင်းလိုက်ပါလုပ်ဆောင်ခဲ့လေသည်။

ဇူယွမ်ကဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး သူ့အောက်ရှိမြေပြင်ပေါ်ကို ပြင်းထန်သည့်လက်သီးတစ်ချက်ထိုးထုတ်လိုက်သည်။

ဘုန်း…

ဒီလက်သီးချက်က မြေအောက်နန်းတော်တစ်ခုလုံးကို ပြင်းထန်စွာတုန်ခါသွားစေခဲ့သည်။ ထို့နောက်မှာဇူယွမ်က သူ့ရှေ့ရှိမြေပြင်ပေါ်မှာ ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး ၎င်းကလိပ်ခွံတစ်ခုကဲ့သို့ များစွာသောအက်ကွဲကြောင်းတွေ ပေါ်ထွက်လာခဲ့သည်ကို တုန်လှုပ်စွာကြည့်နေခဲ့မိသည်။

ဇူယွမ်တစ်ယောက် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်မိသည်… “ဒီစွမ်းအား… ဒီလက်သီးချက်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်နိုင်စွမ်းရှိတယ်…”

သို့ပေမဲ့လည်း သူ့ရဲ့စကားတွေပျောက်ကွယ်သွားသည့်အချိန်မှာပင် သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှ ပြင်းပြင်းထန်ထန်နာကျင်သွားခဲ့ရပြီး သူ့ရဲ့မျက်လုံးရှေ့ရှိမြင်ကွင်းတွေက လျင်မြန်စွာပင်မှောင်အတိကျသွားခဲ့ရသည်။

ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်က ရုတ်ချည်းပျောက်ကွယ်သွားခဲ့ရပြီး ငွေရောင်အလုံးအဖြစ်ကို ပြန်လည်ရောက်ရှိသွားကာ ဇူယွမ်ရဲ့ရှေ့ရှိလေထဲတွင် ရစ်ဝဲနေလျက်ရှိလေသည်။ ဇူယွမ်ချပ်ဝတ်ထဲမှထွက်ပေါ်လာချင်းမှာပင် သူ့ရဲ့ခေါင်းက မြေပြင်ပေါ်ဦးစွာကျဆင်းသွားခဲ့သည်။ သူ့ရဲ့မျက်နှာကဖြူဖျော့နေပြီး နာကျင်မှုကြောင့်ရှုံ့မဲ့နေရကာ သူ့ရဲ့မျက်လုံးတွေကမှိတ်သွားခဲ့ရသည်။

“မင်းသားလေး…” ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ စုယုဝေရဲ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားခဲ့ရပြီး ဇူယွမ့်ကိုကူညီပေးဖို့အတွက် လျင်မြန်စွာပြေးထွက်သွားလိုက်သည်။

“အစ်မကြီးယောင်ယောင်… သူဘာဖြစ်သွားတာလဲ…” စုယုဝေက စိုးရိမ်ခြင်းကြီးစွာမေးလိုက်၏။

ယောင်ယောင်ကရှေ့ကိုလျှောက်လှမ်းလာခဲ့လိုက်ပြီး ဇူယွမ်ကိုကြည့်လိုက်သည်… “သူအဆင်ပြေပါတယ်… ဒါကသူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အလွန်အကျွံသုံးစွဲလိုက်မိလို့ ဖြစ်သွားခဲ့ရတာ… ခဏအနားယူပြီးရင် သူကဖြည်းဖြည်းချင်းပြန်ကောင်းလာလိမ့်မယ်…”

ထိုအခါမှသာ စုယုဝေတစ်ယောက် သက်ပြင်းချလိုက်နိုင်ခဲ့သည်။ သူမရဲ့လှပသေးသွယ်တဲ့လက်ချောင်းလေးတွေ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ရဲ့နားထင်ကို ညင်သာစွာနှိပ်နယ်ပေးလိုက်သည်။

ဇူယွမ်တစ်ယောက် တစ်နာရီကျော်ကြာသတိလစ်နေခဲ့ရပြီးနောက်မှာ အားနည်းပြီးမူးဝေစွာဖြင့် ပြန်သတိရလာခဲ့သည်။ သတိရလာချင်းမှာပင် သူ့ရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်လိုက်မိသလို သူ့ရဲ့ခေါင်းကလည်း ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ နာကျင်မှုတွေအနည်းငယ်လျော့ကျသွားခဲ့ရပေမဲ့ သူ့ရဲ့မျက်နှာက အလွန်အမင်းဖြူဖျော့နေလျက်ပင်ရှိသေးသည်။ သူကယောင်ယောင့်ကိုကြည့်လိုက်ပြီး သူ့ရဲ့နှလုံးကပြင်းပြင်းထန်ထန်ခုန်လှုပ်နေရသလို သူသိလိုသည်ကိုမေးလိုက်သည်… “ငါဘာဖြစ်သွားခဲ့တာလဲ…”

ယောင်ယောင်က စိတ်ဆိုးစွာဖြင့်ပင် သူ့ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး မကျေနပ်သည့်လေသံဖြင့်ပြောလိုက်သည်… “နင်က ဒီစွမ်းအားကိုမဆင်မခြင်အသုံးပြုဖို့ ဘယ်သူ့ကိုမေးခဲ့လဲ…”

“ဒီတိုက်ပွဲဂိုလမ်က နင်နဲ့ပေါင်းစပ်သွားခဲ့ပြီးနောက်မှာ နင့်ရဲ့စိတ်ဝိညာဉ်နဲ့ချိတ်ဆက်သွားပြီးတော့ ဒီဂိုလမ်ရဲ့စွမ်းအားကို နင့်ရဲ့စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီးတော့ပဲ ထုတ်ဖော်နိုင်လိမ့်မယ်… နင့်ရဲ့လက်ရှိစိတ်ဝိညာဉ်အဆင့်က အရမ်းကိုမြင့်မားနေပြီလို့ ထင်နေတာလား… မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့တိုက်ပွဲဂိုလမ်ကို နင်ကလွယ်လွယ်နဲ့ အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်ထားတာလား…”

“ဒီလိုစွမ်းအားကို အတင်းအကျပ်အသုံးပြုတာက နင့်ရဲ့စိတ်ဝိညာဉ်ကို ခမ်းခြောက်သွားစေလိမ့်မယ်… ကံကောင်းတာတစ်ခုက နင်ကဒီတစ်ကြိမ်မှာ စွမ်းအားတွေအများကြီးအသုံးမပြုခဲ့လို့ဘဲ… မဟုတ်ရင်နင့်ရဲ့စိတ်ဝိညာဉ်က သေချာပေါက်ခြောက်သွေ့သွားလိမ့်မယ်…”

ဇူယွမ်ရဲ့မျက်နှာထက်မှာ အကြောက်တရားတို့ဖြစ်ပေါ်လာခဲ့သည်။

သူ့အနေနဲ့ တိုက်ပွဲဂိုလမ်ကိုအသုံးပြုသည့်အခါ ဒီလိုအန္တရာယ်မျိုးမျှော်မှန်းမထားခဲ့သည်မှာ ထင်ရှားလှပေသည်။

“နင်ကငါ့ကို ဘာလို့အစောကြီးကတည်းက မပြောခဲ့တာလဲ…” ဇူယွမ်တစ်ယောက်ညည်းညူလိုက်မိသည်။ သူကဒါကို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။

သူ့ရဲ့နှလုံးသားထဲမှာ စိတ်ပျက်မှုတွေရော ကြောက်ရွံ့မှုတွေရောကိုပါ ခံစားနေရသကဲ့သို့ လေထဲမှာလွင့်မျောနေသည့် ငွေရောင်အလုံးကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိသည်။ အစောပိုင်းတုန်းက သူ့အနေဖြင့် ဒီတိုက်ပွဲဂိုလမ်နဲ့ဆိုရင် မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင်မှပင် ယှဉ်နိုင်လိမ့်မည်လို့ ယုံကြည်ထားခဲ့မိပေမဲ့ အခုချိန်မှာဒါက နုံအတဲ့အတွေးတစ်ခုဆိုတာ နားလည်သဘောပေါက်ခဲ့ရသည်။ ဒီကမ္ဘာကြီးထဲမှာ ဒီလိုမျိုးစွမ်းအားရှိတဲ့အရာတစ်ခုကို တစ်စုံတစ်ရာမပေးဆပ်ဘဲနဲ့ ရလာနိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်သူ့ရဲ့မျက်ခုံးနှစ်ခုကြားရှိနေရာကို နှိပ်နယ်လိုက်ပြီး ပြောလိုက်သည်… “အစ်မကြီးယောင်ယောင်… ဒီဂိုလမ်ကိုနင်ယူသင့်တယ်… ဒါကနင်နဲ့ သင့်တော်တယ်…”

“ဒါက ကိုယ့်အကြောင်းကို ကိုယ်သိလို့လား…” ယောင်ယောင်ကပြုံး၍စနောက်လိုက်ပေမဲ့ ထို့နောက်မှာ သူမကခေါင်းကို ခါယမ်းပြလိုက်သည်။

“နင့်ရဲ့သွေးက အစောပိုင်းတည်းက ဒါနဲ့ပေါင်းစပ်သွားခဲ့ပြီဖြစ်သလို ငါကလည်းဒါကို ပြန်ပြီးပြင်ဆင်နိုင်မယ့်နည်းလမ်းတွေကို သိမထားဘူး… ဒါ့ကြောင့် နင်ကလွဲပြီးအခြားဘယ်သူကမှ ဒီငွေရောင်တိုက်ပွဲဂိုလမ်ကို အသုံးပြုနိုင်ခြင်းမရှိမှာကို ငါစိုးရိမ်မိတယ်…”

“အာ…”

ဇူယွမ်က ကို့ရို့ကားရားနိုင်စွာဖြင့်ပင် သူ့ရဲ့ခေါင်းကိုကုတ်လိုက်မိသည်။ အစောပိုင်းက သူချခဲ့တဲ့သွေးတစ်စက်ကြောင့် တိုက်ပွဲဂိုလမ်က သူ့ကိုသခင်အဖြစ်သတ်မှတ်သွားလိမ့်မည်လို့ သူထင်မထားမိခဲ့ပေ။

ယောင်ယောင်က အနည်းငယ်စိတ်ဝင်စားမှုရှိစွာပြောသည်… “ဒါပေမဲ့လည်း အချိန်ရရင်ငါလေ့လာဖို့ နင်ခဏငှါးပေးနိုင်တယ်… နောက်ပိုင်းမှာငါက လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းနိုင်ခဲ့လို့ရှိရင် ဒီလိုမျိုးနောက်တစ်ခု ထပ်ပြီးဖန်တီးနိုင်ဖို့ကြိုးစားကြည့်ရမယ်…”

ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။

“ကြည့်ရတာငါ့ရဲ့စိတ်ဝိညာဉ်က အနည်းဆုံးဒြပ်ထည်အဆင့်ကို ရောက်နေကာမှ ဒီတိုက်ပွဲဂိုလမ်ရဲ့စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မယ်ထင်တယ်…” ဇူယွမ်တစ်ယောက် ဒါကအနည်းငယ်သနားစရာကောင်းလှသည်လို့ ခံစားလိုက်ရသည်။ လက်ရှိသူ့ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအလယ်အဆင့်မှာပဲရှိနေရသေးကာ ဒြပ်ထည်အဆင့်ကိုရောက်ရှိဖို့က အချိန်ဘယ်လောက်ကြာဦးမလဲဆိုတာ နတ်ဘုရားတွေကသာ သိနိုင်ကြပေလိမ့်မည်။

“စိတ်ကူးဆက်ယဉ်နေလိုက်ဦး… ဒီတိုက်ပွဲဂိုလမ်က တိုက်ပွဲဂိုလမ်ဂိုဏ်းရဲ့ အကောင်းဆုံးလက်ရာတစ်ခုဖြစ်လိမ့်မယ်… လူတစ်ယောက်နဲ့ တိုက်ပွဲဂိုလမ်ကို ဒီလိုမျိုးပေါင်းစပ်နိုင်ခြင်းက လူတစ်ယောက်ရဲ့စွမ်းရည်တွေနဲ့ မူလကျင့်စဉ်တွေကို တိုက်ပွဲဂိုလမ်ရဲ့စွမ်းအားကို အသုံးပြုပြီးထုတ်ဖော်နိုင်စွမ်းရှိလိမ့်မယ်လို့ထင်တယ်… ဒီလိုစိတ်ကူးမျိုးနဲ့ သူတို့တွေ ဘယ်လိုများဖန်တီးထားခဲ့လဲဆိုတာ တွေးကြည့်နိုင်ဖို့တောင်ခက်ခဲတယ်…”

“ဒါ့အပြင် နင်ကနောက်ပိုင်းမူလမှော်စာလုံးပညာရပ်မှာ ပိုပြီးကျွမ်းကျင်လာခဲ့မယ်ဆိုရင် နင်ကဒီတိုက်ပွဲဂိုလမ်ကို ပိုပြီးစွမ်းအားမြင့်လာအောင်တောင် လုပ်နိုင်လိမ့်မယ်…”

ယောင်ယောင်က ငွေရောင်အလုံးကိုစိုက်ကြည့်လိုက်ပြီး စိတ်ကျေနပ်မှုရှိသွားသည့်အလား သက်ပြင်းတစ်ချက်ချလိုက်ကာပြောသည်… “ဒါကပိုပြီးအားကောင်းလာစေမဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားတယ်ဆိုတာနဲ့တင် အခြားတိုက်ပွဲဂိုလမ်တွေအားလုံးက ဒီတိုက်ပွဲဂိုလမ်ကို နှိုင်းယှဉ်နိုင်စွမ်းမရှိဘူးဆိုတာထင်ရှားတယ်…”

ယောင်ယောင့်ရဲ့တွက်ဆမှုကို ကြားလိုက်ရပြီးနောက်မှာ ဇူယွမ်က ဒီငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်ဟာ ဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတာကို နောက်ဆုံးမှာနားလည်သွားခဲ့ရပြီး ပြုံးလိုက်မိသည်။ ဒီတိုက်ပွဲဂိုလမ်က တကယ့်ကိုအစစ်အမှန်ရတနာတစ်ခုပင်ဖြစ်သည်။ သူ့အနေနဲ့ အခုအချိန်မှာ ဒါကိုအသုံးပြုခြင်းမရှိနိုင်ရင်တောင်မှပင် နောက်ပိုင်းမှာ၎င်းက သူ့အတွက်ကြီးမားသည့် အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။

“ငါဒါကို ငွေရောင်အရိပ်လို့ခေါ်မယ်…” ဇူယွမ်က ငွေရောင်အလုံးကို ပြုံးလျက်ကြည့်လိုက်သည်။ ဒီလိုမျိုးထူးခြားစွာတည်ရှိနေရတဲ့ပစ္စည်းတစ်ခုက သူပေးလိုက်တဲ့နာမည်နှင့် လွန်စွာသင့်လျော်မှုရှိပေသည်။

ဇူယွမ်ရဲ့စကားကိုကြားလိုက်ရလျှင် ငွေရောင်အလုံးထံမှ ငွေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဇူယွမ်က ငွေရောင်အလုံးကို ကျောက်စိမ်းသေတ္တာထဲပြန်ထည့်လိုက်ပြီး ဂရုတစိုက်ဖြင့် သူ့ရဲ့သိုလှောင်အိတ်အတွင်းထည့်ကာ သိမ်းဆည်းလိုက်သည်။

ထို့နောက်မှာသူတို့တွေက မြေအောက်နန်းတော်ကို နောက်တစ်ကြိမ်လှည့်ပတ်ရှာဖွေခဲ့ပေမဲ့ ဘာတစ်ခုမှရှာမတွေ့ခဲ့ပေ။ သို့ပေမဲ့လည်း ဇူယွမ်နဲ့စုယုဝေတို့က သူတို့ရရှိခဲ့တဲ့ရတနာပစ္စည်းတွေကြောင့် လွန်စွာစိတ်ကျေနပ်မှုရှိခဲ့ရသလို ယောင်ယောင်က ထိုအရာတွေနဲ့ပတ်သက်ပြီး ဂရုစိုက်ခြင်းအလျဉ်းမရှိခဲ့ချေ။

သူတို့တွေက မြေအောက်နန်းတော်မှ ရတနာပစ္စည်းတွေကို ရရှိခဲ့ပြီဖြစ်သည့်အတွက် ဇူယွမ်ကပြုံးကာပြောလိုက်သည်… “သွားကြစို့…”

သူတို့သုံးယောက်သား မြေအောက်နန်းတော်မှထွက်ခွာလာခဲ့ပြီး သူတို့နောက်မှာကျန်ရှိနေခဲ့သည့် ကြေးတံခါးကပြန်ပိတ်သွားခဲ့သလို မူလမှော်စာလုံးနယ်နိမိတ်ကလည်း တဖြည်းဖြည်းနဲ့ နဂိုအတိုင်းပြန်ဖြစ်သွားခဲ့ရသည်။ ဇူယွမ်က အလိုအလျောက်ပြန်ပိတ်သွားသည့် မူလမှော်စာလုံးနယ်နိမိတ်ကို တစ်ချက်ကြည့်လိုက်သလို သူ့ရင်ထဲမှ စိုးရိမ်ပူပန်နေရမှုတွေကလည်း ပျောက်ကွယ်သွားခဲ့ရသည်။ သူတို့တွေဇူအင်ပါယာမြို့တော်ကို ပြန်ရောက်သွားသည့်အခါ သူ့အဖေကိုဒီအကြောင်းတွေ ပြောပြရလိမ့်မည်ဖြစ်ပြီး ဒီနေရာကိုစီမံနိုင်ဖို့ လူအချို့ကိုစေလွှတ်ခိုင်းရပေမည်။ သူတို့ကသာ ဒီတိုက်ပွဲဂိုလမ်တွေကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဇူအင်ပါယာရဲ့အင်အားက ကျိန်းသေပေါက်မြင့်တက်သွားရပေမည်။

ဒီမြေအောက်နန်းတော်က ဇူအင်ပါယာအတွက် မျှော်လင့်ချက်ရောင်ခြည်တွေရဲ့အစပင်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset