ဝေါင်း…
ထန်ထန်၏ခြေထောက်အောက်တွင် တောက်ပသည့်အနီရောင်မူလချီတွေ မြင့်တက်လာခဲ့ရသည်။ တောက်ပတဲ့အနီရောင်မူလချီတွေက အနက်ရောင်အလင်းတွေနဲ့ ပေါင်းစပ်သွားသည့်ပုံပေါ်ပြီး ၎င်းကိုအနည်းငယ်ထူးခြားဆန်းကြယ်သွားစေခဲ့သည်။
ထန်ထန်ရဲ့လက်သည်းလေးခုအောက်ရှိ စွမ်းအားပြည့်ဝသည့်မူလချီတွေက ၎င်းကိုလေထဲသို့မြင့်တက်သွားစေခဲ့ပြီးနောက်မှာ ၎င်းကအနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး အဆိပ်ဘုရင်ထံသို့ ဦးတည်၍ပြေးထွက်သွားခဲ့သည်။
ထန်ထန်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ဝေကန်းလန်နဲ့တိုက်ခိုက်နေသည့် အဆိပ်ဘုရင်ကလည်း ပုံမှန်အားဖြင့်မြင်တွေ့နေရပေသည်။ အခုလိုမျိုးထန်ထန်က သူ့ဆီကိုဝင်ရောက်လာသည်အားတွေ့လိုက်ရသည့်အခါ သူ့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့ရသည်။ ဝေကန်းလန်နဲ့ သူ့ရဲ့တိုက်ပွဲက အခုအချိန်မှာ မတိုးသာမဆုတ်သာအခြေအနေတွင် ရောက်ရှိနေခဲ့ရကာ ထို့ကြောင့်ပင် အခုလိုမျိုးရက်စက်ကြမ်းကြုတ်လှသည့် မူလမှော်သားရဲတစ်ကောင်ပါ ထပ်မံပါဝင်လာခဲ့ခြင်းက သူ့အတွက် အကျိုးရှိစေနိုင်လိမ့်မည်မဟုတ်ပေ။
အစောပိုင်းတုန်းက သူ့အနေနဲ့ ဝေကန်းလန်နှင့် အပြင်းအထန်တိုက်ခိုက်နေခဲ့ရပေမဲ့လည်း တိုက်ပွဲဂိုလမ်စပါးအုံးမြွေ မည်ကဲ့သို့ပျက်စီးသွားခဲ့ရသည်ကို ကောင်းစွာမြင်တွေ့ခဲ့သည်။ ထို့ကြောင့်ပင် ဒီထူးဆန်းတဲ့မူလမှော်သားရဲက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုတာကို သူ့အနေဖြင့် ကောင်းစွာနားလည်နိုင်ပေသည်။
“မင်းကငါနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာတောင်မှ မင်းရဲ့စိတ်ကိုပျံ့လွင့်သွားစေရဲတာလား…” သို့ပေမဲ့လည်း အဆိပ်ဘုရင်ရဲ့နှလုံးက လှုပ်ခတ်သွားစဉ်မှာပင် ဝေကန်းလန်ရဲ့အေးစက်စက်ရယ်မောသံက ထွက်ပေါ်လာခဲ့ရသလို ထက်မြတဲ့ရွှေရောင်မူလချီတွေပါဝင်နေသည့် ပြင်းထန်တဲ့လက်သီးတစ်ချက်က လေထုကိုဖြတ်သန်း၍ အဆိပ်ဘုရင်၏ သေစေနိုင်တဲ့နေရာတွေကို ဝင်ရောက်လာခဲ့သည်။
ဝှစ်…
အဆိပ်ဘုရင်ရဲ့အင်္ကျီလက်စတွေက လှုပ်ရှားသွားခဲ့ပြီး အနက်ရောင်မူလချီတွေ ထွက်ပေါ်လာခဲ့ရကာ ရွှေရောင်မူလချီတွေကို တားဆီးလိုက်သည်။ သို့ပေမဲ့လည်း သူ့ရဲ့ခန္ဓာကိုယ်က နောက်ဘက်သို့လွင့်ထွက်သွားခဲ့ရသည်။
“ဘာကြောင့် ဒီလောက်အထိရန်လိုနေရတာလဲ ဗိုလ်ချုပ်ကြီးဝေ… ဒါတွေအားလုံးက ချီအိမ်တော်ရဲ့အကြံအစည်တွေချည်းပဲ…” အဆိပ်ဘုရင်က အလျင်အမြန်ပင်ပြောလိုက်သည်။ သူ့ရဲ့လက်ရှိအခြေအနေက ဘယ်လောက်တောင်ကြောက်မက်ဖွယ်ရာကောင်းနေရလဲဆိုတာကို သတိပြုမိသည့်အတွက် အဆိပ်ဘုရင်ရဲ့လေသံထဲမှာ အသနားခံခြင်းတို့ ပါဝင်လို့နေရပေသည်။
“ဟမ့်… မင်းကဒါကို မင်းအနောက်က ကောင်ကြီးကိုသွားပြောသင့်တယ်…” ဝေကန်းလန်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့၏။
အဆိပ်ဘုရင်ရဲ့နှလုံးက တုန်ခါသွားခဲ့သလို တစ်ချိန်တည်းမှာ သူ့ရဲ့နောက်ကျောမှ တိုက်ခိုက်မှုတစ်ခုဝင်ရောက်လာခဲ့သည်ကို ခံစားမိလိုက်သည်။ သူကလျင်မြန်စွာပင် နောက်ကိုလှည့်လိုက်ပြီး ပြင်းထန်တဲ့မူလချီတွေသူ့ရဲ့လက်ဝါးထဲကို စုစည်းလာခဲ့ကာ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်… “နတ်ဆိုးအဆိပ်လက်ဝါး…”
ဘန်း…
အနက်ရောင်အလင်းတွေ ဖုံးလွှမ်းနေသည့် လက်သည်းတွေကလည်း ရှေ့ကိုဝင်ရောက်လာခဲ့ကာ ပြင်းထန်တဲ့အဆိပ်တွေပါဝင်နေသည့် လက်ဝါးရိုက်ချက်နှင့် ပြင်းပြင်းထန်ထန်ရင်ဆိုင်သွားမိခဲ့သည်။
ဘုန်း…
ကျယ်လောင်သည့်အသံတစ်ခု လေထုထဲမှာပေါက်ကွဲထွက်ပေါ်လာခဲ့ရကာ အဆိပ်ဘုရင်၏ခန္ဓာကိုယ်က အမြောက်ဆံတစ်ခုအလား နောက်ဘက်သို့လွင့်ထွက်သွားခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က တောင်ကုန်းတစ်ခုနဲ့ဝင်တိုက်မိခဲ့ပြီး တောင်ကုန်းရဲ့ထိပ်ပိုင်းတစ်ခုလုံး ပြိုကျသွားခဲ့ရ၏။
လေထဲမှာရှိနေသည့် ထန်ထန်ကလည်း နောက်ကိုခြေလှမ်းဝက်လောက် ဆုတ်ခွာခဲ့လိုက်ရသည်။
ထန်ထန်ရဲ့လက်သည်းပတ်လည်မှာ အနံ့အသက်ဆိုးရွားလှသည့် အနက်ရောင်ချီတွေလှည့်ပတ်နေပြီး ၎င်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ဖို့ကြိုးစားနေကြသည်။
အဟွတ်…
အဆိပ်ဘုရင်က အပျက်အစီးပုံကြားမှ ဖြည်းညှင်းစွာထရပ်လိုက်၏။ သူ့ရဲ့ရင်ဘတ်မှာ နက်ရှိုင်းလှသည့်လက်သည်းရာငါးခုရှိနေပြီး ၎င်းတို့ထံမှသွေးတွေစီးကျနေလျက်ရှိသည်။ ဒါကိုကြည့်ခြင်းအားဖြင့် အဆိပ်ဘုရင်တစ်ယောက် ထန်ထန်ကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်မှာ ထင်ရှားလှပေသည်။ သူ့ရဲ့မျက်နှာထက်မှာ မုန်းတီးမှုတွေထွက်ပေါ်လာခဲ့ရပြီး သူကထန်ထန်ကိုကြည့်လိုက်သည်။
“ဘယ်လောက်တောင် ဦးနှောက်မရှိလိုက်တဲ့အကောင်လဲ… ဒင်းရဲ့ခန္ဓာကိုယ်က ငါ့ရဲ့အဆိပ်ကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မယ်လို့ ထင်မထားမိလိုက်ဘူး…”
သို့ပေမဲ့လည်း ဒီအတွေးကသူ့ရဲ့ခေါင်းထဲမှာသာ ထွက်ပေါ်လာခဲ့ရသကဲ့သို့ တစ်ချိန်တည်းမှာပင် ထန်ထန်က သူ့ရဲ့ခေါင်းကိုရုတ်တရက်ငုံ့ချလိုက်ပြီး ၎င်းရဲ့ပါးစပ်ကပွင့်ဟလာခဲ့ရကာ ၎င်းရဲ့လက်သည်းနဲ့ ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေသည့် အနက်ရောင်အဆိပ်ချီတွေကို စုပ်ယူဝါးမျိုလိုက်သည်။
ဟူး…
ထန်ထန်က ၎င်းရဲ့ခေါင်းကိုခါယမ်းလိုက်ပြီး အနက်ရောင်အခိုးအငွေ့တွေက သူ့ရဲ့နှာခေါင်းထဲမှ ပြန်အံထွက်လာခဲ့ကာ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ၎င်းကအဆိပ်ချီရဲ့အနံ့အသက်ကြောင့် လွန်စွာမပျော်မရွှင်ဖြစ်သွားခဲ့ရသည်မှာ ထင်ရှားလှပေသည်။
အဆိပ်ဘုရင်၏မျက်နှာထက်က အမုန်းတရားတွေက ရုတ်ချည်းအေးခဲသွားခဲ့ရပြီး သူကမယုံကြည်နိုင်စွာဖြင့် ထန်ထန်ကိုစိုက်ကြည့်လိုက်မိသည်။ သူ့ရဲ့ပြင်းထန်လှသည့် နတ်ဆိုးမြူအဆိပ်က ထန်ထန့်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်လိမ့်မည်မဟုတ်ဘူးလို့ သူ့အနေဖြင့်ထင်မှတ်ထားခဲ့ခြင်းမရှိပေ။
ထန်ထန်ရဲ့အဆိပ်ကို ခုခံကာကွယ်နိုင်မှုက သူမျှော်မှန်းထားသည်ထက်ပင် များစွာသာလွန်မှုရှိပေသည်။
ဝေါင်း…
သို့ပေမဲ့လည်း ထန်ထန်က အဆိပ်ချီရဲ့ဆိုးရွားလှတဲ့ အရသာကြောင့် ဒေါသထွက်သွားခဲ့ရပြီး ၎င်းရဲ့နီရဲရဲမျက်လုံးတွေက အဆိပ်ဘုရင်ထံ ကျရောက်သွားခဲ့ရသည်။ ထို့နောက်မှာ ၎င်းက တောက်ပတဲ့အနီရောင်မူလချီတွေကို စီးနင်းလျက် နောက်တစ်ကြိမ်ရှေ့သို့ပြေးထွက်သွားခဲ့ပြီး အဆိပ်ဘုရင်ကို ခုန်အုပ်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ဝေကန်းလန်က ထိုအခွင့်အရေးကိုလက်လွှတ်မခံခဲ့ဘဲ သူ့ရဲ့ရွှေရောင်မူလချီတွေက ရှေ့ကိုပြေးထွက်သွားခဲ့ပြီး အဆိပ်ဘုရင်ရဲ့ ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်းအားလုံးကို တားဆီးထားလိုက်သည်။
ကောင်းကင်ထက်မှာ အဆိပ်ဘုရင်တစ်ယောက် သနားစရာကောင်းလောက်အောင် တိမ်းရှောင်ထွက်ပြေးနေခဲ့ရပြီး ထန်ထန်နဲ့ ဝေကန်းလန်တို့က အလှည့်ကျဖြင့် သူ့ရဲ့ထွက်ပြေးနိုင်မည့်လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ထားကြကာ သူ့ကိုသေခြင်းတရားနဲ့အဆုံးသတ်စေဖို့ တဖြည်းဖြည်းဖိအားပေးလာခဲ့ကြသည်။
“မင်းသားလေး ငါအရှုံးပေးပါပြီ… တကယ်လို့ မင်းကသာငါ့ကို ထွက်သွားခွင့်ပြုခဲ့မယ်ဆိုရင် အဆိပ်ရေအိုင်က အင်အားစုတွေကို ဇူအင်ပါယာရဲ့နယ်မြေထဲကို ကျူးကျော်ဖို့အတွက် ဘယ်သူမှစိတ်မကူးရဲအောင် ငါတားမြစ်ပေးပါ့မယ်…” သေခြင်းတရားနဲ့နီးကပ်လာခဲ့ရသည့်အတွက် နောက်ဆုံးမှာအဆိပ်ဘုရင်တစ်ယောက် ထိတ်လန့်ကြောက်ရွံ့လာခဲ့ရကာ ဇူယွမ်ကြားအောင် အလျင်အမြန်ပင်အော်ပြောလိုက်လေသည်။
အရင်တုန်းက အဆိပ်ရေအိုင်အတွင်းမှာ ဘယ်သူကမှရပ်တန့်နိုင်ခြင်းမရှိလောက်အောင် ရက်စက်ကြမ်းကြုတ်လှပြီး ဘယ်သူကမှ အနည်းငယ်သောမကျေမနပ်မှုလေးကိုတောင်မှ မဖြစ်စေရဲခဲ့ရသည့် အဆိပ်ဘုရင်က အခုအချိန်မှာကြောက်ရွံ့ထိတ်လန့်နေရသည်ကို မြင်လိုက်ရတဲ့အခါ များစွာသောအင်အားစုတွေက တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။
မူလကမီးဝိညာဉ်အစေ့ကို သွားရောက်လုယက်ဖို့ ကြံစည်ထားကြသည့် သူတို့ရဲ့အတွေးတွေကလည်း အလုံးစုံပျောက်ကွယ်သွားခဲ့ရသည်။
ဇူယွမ်ရဲ့အမူအယာက အေးစက်ကာ ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ အဆိပ်ဘုရင်က ဇူအင်ပါယာအပေါ် များစွာထိခိုက်နစ်နာစေခဲ့ပြီးမှ ဇူယွမ့်အနေနဲ့ သူ့ကိုဘယ်လိုလုပ်ပြီး ဒီလိုလွယ်လွယ်ကူကူနဲ့ လွှတ်ပေးနိုင်လိမ့်မည်နည်း။
ထို့ကြောင့်ပင်သူက ထန်ထန်နှင့်ဝေကန်းလန်တို့ကို မဟန့်တားခဲ့ခြင်းဖြစ်သည်။
ဇူယွမ်ရဲ့လူသတ်လိုစိတ်ကို ခံစားလိုက်မိသည့်အတွက် အဆိပ်ဘုရင်တစ်ယောက် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားခဲ့ရသည်။ သူကအတွေးအားလုံးကို ရှင်းထုတ်လိုက်ပြီး လျင်မြန်စွာပင်ပြောလိုက်သည်… “မင်းသားလေး… ငါက တော်ဝင်ကလန်ရဲ့လက်အောက်မှာ အညံ့ခံလိုစိတ်ရှိသလို တော်ဝင်ကလန်အတွက်လည်း အမှုထမ်းပေးပါ့မယ်…”
အဆိပ်ဘုရင်က ဒီစကားကိုပြောလိုက်သည့်အခါ ဇူယွမ်ရဲ့အမူအယာက အနည်းငယ်လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရသည်။ အဆိပ်ဘုရင်ဆိုသည်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။ အကယ်၍သူကသာ တော်ဝင်ကလန်ဘက်မှာ ရှိနေခဲ့မယ်ဆိုရင် ဒါကသံသယရှိစရာမလိုလောက်အောင်ပင် သူတို့တော်ဝင်ကလန်ရဲ့အင်အားကို များစွာမြင့်တက်သွားစေလိမ့်ပေမည်။
ဒါကိုကြားလိုက်ရသည့်အခါ ဝေချင်းချင်းက လွန်စွာမှပင်အလေးအနက်ရှိလှသည့်ပုံစံဖြင့် အကြုံပြုလာခဲ့သည်… “မင်းသားလေး… ဒီမိစ္ဆာကောင်ကြီးက ရက်စက်ကြမ်းကြုတ်လှသလို ဉာဏ်နီဉာဏ်နက်ကလည်း အရမ်းများတယ်… သူကသစ္စာဖောက်သွားမှာကို အထူးသတိထားရလိမ့်မယ်…”
ဗိုလ်ချုပ်ကြီးဝေရဲ့အင်အားစုက အဆိပ်ဘုရင်နှင့် အကြိမ်များစွာ ရင်ဆိုင်တိုက်ခိုက်ဖူးခဲ့သည့်အတွက် သူကဘယ်လိုလှည့်စားတတ်လဲဆိုတာကို ကောင်းစွာသိထားရပေသည်။
ဇူယွမ်က ဝေချင်းချင်းပြောသည်ကို သိရှိကြောင်းခေါင်းညိတ်ပြလိုက်သည်။ သူကလည်း ပုံမှန်အားဖြင့် ဒီအရာကိုသတိပြုမိပေသည်။ ထို့ကြောင့်ပင် သူကယောင်ယောင့်အနားတိုးကပ်သွားခဲ့ပြီး မေးလိုက်သည်… “အစ်မကြီးယောင်ယောင်… နောက်ပိုင်းမှာသူက နောက်ကျောကိုဓားနဲ့ထိုးမယ့်အတွေးတွေ တွေးမလာနိုင်အောင် ထိန်းချုပ်ထားနိုင်မယ့်နည်းလမ်းလေးများ နင့်မှာမရှိဘူးလား…”
ယောင်ယောင်က တစ်ခဏမျှတွေးတောသွားခဲ့ရပြီးနောက်မှာ သူမရဲ့ခေါင်းကို ဖြည်းညှင်းစွာညိတ်ပြလိုက်သည်… “ပုံမှန်အားဖြင့်တော့ နည်းလမ်းကရှိပါတယ်… ဒါပေမဲ့ အဆိပ်ဘုရင်က ခုခံကာကွယ်မှုနည်းနည်းလေးတောင် မပြုလုပ်ဖို့လိုအပ်တယ်… ဒီလိုမှမဟုတ်ရင် ဒီနည်းလမ်းက အောင်မြင်နိုင်လိမ့်မှာ မဟုတ်ဘူး…”
ဇူယွမ်ကခေါင်းညိတ်ပြလိုက်ပြီး ခေါင်းမော့ကာအဆိပ်ဘုရင်ကိုကြည့်လိုက်၍ အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်… “ခင်ဗျားက ဒီလိုလုပ်ဖို့တကယ်လိုလားတယ်ဆိုရင် ခင်ဗျားနဲ့ကျုပ်ရင်ဆိုင်တဲ့အချိန်ကျရင် ခင်ဗျားရဲ့ခုခံကာကွယ်မှုတွေကို လုံးဝမပြုလုပ်ဖို့လိုအပ်တယ်…”
အဆိပ်ဘုရင်ရဲ့မျက်လုံးတွေ ဖြတ်ခနဲတောက်ပသွားခဲ့ရသကဲ့သို့ သူ့ရဲ့မျက်နှာထက်မှာလည်း တွန့်ဆုတ်မှုတွေဖြတ်ပြေးသွားခဲ့ရသည်။ ခုခံကာကွယ်မှုအားလုံးကို လက်လွှတ်ထားခဲ့ရခြင်းက သူ့ရဲ့အသက်ကို ဇူယွမ်ရဲ့လက်ထဲသို့ ပေးအပ်ထားခြင်းနဲ့ တူညီပေသည်။
“ကြည့်ရတာ ခင်ဗျားက ဒီလိုလုပ်ဖို့ဆန္ဒမရှိဘူးထင်တယ်… ဒီလိုဆိုမှတော့ ခင်ဗျားက ခင်ဗျားသတ်ဖြတ်ခဲ့တဲ့ ဇူအင်ပါယာမြို့သူမြို့သားတွေနဲ့အတူ လိုက်သွားပေတော့…” ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေ စီးဆင်းသွားလျက်မှ ပြောလိုက်၏။
ထန်ထန်နဲ့ ဝေကန်းလန်တို့ရဲ့တိုက်ခိုက်မှုတွေက ချက်ချင်းဆိုသလိုပင် ပိုပြီးရက်စက်ကြမ်းကြုတ်သွားခဲ့ရသည်။
အဆိပ်ဘုရင်က တည်ငြိမ်အောင်ရပ်တန့်နေခဲ့ပေမဲ့လည်း သူ့ရဲ့နှလုံးသားထဲမှာ သေခြင်းတရားရဲ့အငွေ့အသက်တွေက အလွန်အမင်းနီးကပ်လာခဲ့သည်ကို ခံစားလိုက်ရသည်။ နောက်ဆုံးမှာ သူကအံကိုတင်းတင်းကြိတ်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်… “မင်းသားလေး… မင်းပြောတာကို ငါလက်ခံပါမယ်…”
သူကဒီစကားတွေကိုပြောလိုက်သလို သူထုတ်ဖော်ထားသည့်မူလချီတွေကလည်း သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ဝှစ်…
ဝေကန်းလန်က အဆိပ်ဘုရင်၏ရှေ့တွင် ပေါ်ထွက်လာခဲ့သကဲ့သို့ လက်ဝါးရိုက်ချက်တစ်ချက်ကလည်း အဆိပ်ဘုရင်ရဲ့ရင်ဘတ်ထံသို့ တိုးဝင်သွားခဲ့ရသည်။
အား…
အဆိပ်ဘုရင်က ပါးစပ်အပြည့်နဲ့ သွေးတစ်လုပ်အန်ထုတ်ခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်ကကောင်းကင်ပေါ်မှကျဆင်းလာခဲ့ကာ ဇူယွမ်တို့ရှေ့ရှိမြေပြင်နှင့် ပြင်းပြင်းထန်ထန်ထိရိုက်သွားခဲ့သည်။ အဆိပ်ဘုရင်၏မျက်နှာက အလွန်အမင်းဖြူဖျော့နေခဲ့ကာ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပုံပေါ်သည်။
အဆိပ်ဘုရင်က သူ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုတွေကို လျစ်လျူရှုလိုက်ပြီး အလျင်အမြန်ပင်ပြောလိုက်သည်… “မင်းသားလေး… မင်းသားလေး… ငါအညံ့ခံပါတယ်…”
ဝေကန်းလန်က ဇူယွမ်ရဲ့ဘေးတွင် ဆင်းသက်လာခဲ့သလို သူ့ရဲ့မျက်နှာထက်မှာလည်း သတိထားနေသည့်အမူအယာတစ်ခု ထွက်ပေါ်နေလျက် အဆိပ်ဘုရင်ကို စိုက်ကြည့်လိုက်မိသည်။
ထန်ထန်သည်လည်းပဲ ပြန်လည်၍ဆင်းသက်လာခဲ့ပြီး ၎င်းရဲ့ကြီးမားသည့်ခန္ဓာကိုယ်ကြီးက လျင်မြန်စွာပင်သေးငယ်သွားခဲ့သည်။ ထို့နောက်မှာ ၎င်းရဲ့မူလအရွယ်အစားကို ပြန်ရောက်သွားခဲ့ရပြီး ယောင်ယောင်ရဲ့လက်ပေါ်သို့ ခုန်တက်လိုက်ခဲ့သည်။
သို့ပေမဲ့လည်း ၎င်းရဲ့ဒီပုံစံကိုပင် မည်သူကမှ လျော့တွက်ရဲခြင်းမရှိခဲ့ပေ။ ဝေကန်းလန်တောင်မှပင် ၎င်းကိုကြည့်လိုက်သည့်အခါ သူ့ရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုတို့ထင်ဟပ်သွားခဲ့ရသည်။
“တကယ်လို့ခင်ဗျားက အညံ့ခံဖို့စိတ်ကူးရှိတယ်ဆိုရင် ခင်ဗျားအနေနဲ့ နောက်ပိုင်းမှာပုန်ကန်ဖို့အတွေးမရှိရအောင်လို့ ငါကဒီအရာကို လုပ်ရလိမ့်မယ်…” ဇူယွမ်က အဆိပ်ဘုရင်ကိုစိုက်ကြည့်နေရင်းမှ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
ဒီစကားတွေကိုကြားလိုက်ရသည့်အခါ အဆိပ်ဘုရင်ရဲ့နှလုံးသားထဲမှာ များစွာမသက်မသာဖြစ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း ဝေကန်းလန်နဲ့ ထန်ထန်တို့ရဲ့ စောင့်ကြည့်နေမှုကြောင့် သူ့အနေဖြင့် ခေါင်းညိတ်ရုံမှလွဲပြီး အခြားအရာတွေကို ပြုလုပ်နိုင်စွမ်းမရှိခဲ့ပေ။ ဒီနေ့ကိုအသက်ရှင်လျက် ကျော်ဖြတ်သွားနိုင်ဖို့ ဇူယွမ်ရဲ့တောင်းဆိုချက်ကို လက်ခံလိုက်ခြင်းကသာ အကောင်းဆုံးသောလမ်းကြောင်းဖြစ်ပေလိမ့်မည်။
“ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက မူလချီတွေကို ထိန်းသိမ်းထားပြီးတော့ ဒါကိုမလှည့်ပတ်သွားစေနဲ့… ဒါ့အပြင် ခင်ဗျားက ခုခံကာကွယ်မယ်ဆိုတဲ့အတွေးကိုလည်း လုံးဝမတွေးမိစေနဲ့…” ဇူယွမ်ရဲ့လေသံက အေးစက်နေခဲ့သလို သူကဆက်ပြီးပြောလိုက်သည်… “ဒီနည်းလမ်းက တစ်ကြိမ်တစ်ခါပဲ အသုံးပြုလို့ရတယ်… တကယ်လို့ဒါကသာ မအောင်မြင်ခဲ့ဘူးဆိုရင် ခင်ဗျားကသေရလိမ့်မယ်…”
ဇူယွမ်ရဲ့လူသတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့်စကားတွေကို နားထောင်ခဲ့လိုက်ရပြီးနောက်မှာ အဆိပ်ဘုရင်တစ်ယောက် တုန်လှုပ်သွားခဲ့ရ၏။
ထို့နောက်မှာ ဇူယွမ်က ယောင်ယောင့်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည့်အခါ သူမက ဖြည်းညှင်းစွာပင် ရှေ့ကိုလျှောက်လာခဲ့ကာ သူမရဲ့လက်ထဲမှာလည်း ကျောက်စိမ်းရောင်မူလစုတ်တံတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ စုတ်တံရဲ့ထိပ်ဖျားက အဆိပ်ဘုရင်၏မျက်ခုံးနှစ်ခုကြားနေရာနှင့် သုံးလက်မအကွာတွင်ရပ်တန့်သွားခဲ့ပြီး စတင်၍ရေးဆွဲလိုက်သည်။ ထို့နောက်မှာ အလွန်အမင်းရှုပ်ထွေးနက်နဲလှသည့် မူလမှော်စာလုံးတစ်ခုက တဖြည်းဖြည်းပုံပေါ်လာခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက်မှာ ပြီးပြည့်စုံတဲ့မူလမှော်စာလုံးတစ်ခု ဖြည်းညှင်းစွာဆင်းသက်လာခဲ့ပြီး အဆိပ်ဘုရင်၏မျက်ခုံးနှစ်ခုကြားသို့ ကျဆင်းလာခဲ့ရသည်။ ၎င်းမှော်စာလုံးက သူ့ရဲ့အသားအရေနဲ့ တဖြည်းဖြည်းပေါင်းစပ်သွားခဲ့ရပြီးနောက်မှာ အစိမ်းရောင်မှော်စာလုံးတစ်ခုအဖြစ် မျက်ခုံးနှစ်ခုကြားတွင် ထင်ကျန်နေရစ်ခဲ့သည်။
ယောင်ယောင်က အဆိပ်ဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်… “ဒါကို စိတ်ဝိညာဉ်သော့ခတ်ခြင်း မိခင်နဲ့သားမှော်စာလုံးလို့ခေါ်တယ်… တကယ်လို့ ရှင့်မှာပုန်ကန်ဖို့အတွေးရှိခဲ့မယ်ဆိုရင် မိခင်မှော်စာလုံးကို အသက်သွင်းလိုက်တာနဲ့ ရှင့်ရဲ့စိတ်ဝိညာဉ်က ချက်ချင်းပျက်စီးသွားရလိမ့်မယ်…”
အဆိပ်ဘုရင်ရဲ့မျက်နှာက ဖြူဖျော့သွားခဲ့ရ၏။ သူ့အနေနဲ့ သူ့ရဲ့စိတ်ဝိညာဉ်အပေါ်မှာ တစ်စုံတစ်ခုက ချုပ်နှောင်ထားသည်ကို ခံစားမိလိုက်သည်။
ထို့နောက်မှာ ယောင်ယောင်က ပိုပြီးရှုပ်ထွေးနက်နဲလှသည့် မူလမှော်စာလုံးတစ်ခုရေးဆွဲထားသည့် ကျောက်စိမ်းပြားတစ်ခု ဇူယွမ့်ထံပေးလိုက်သည်… “ဒါက မိခင်မှော်စာလုံးပဲ… တကယ်လို့သူက သစ္စာဖောက်မယ့်အရိပ်အယောင်ကို မြင်လိုက်ရတာနဲ့ ဒီကျောက်စိမ်းပြားကို ချိုးလိုက်မယ်ဆိုရင် သူသေရလိမ့်မယ်…”
ဇူယွမ်က ကျောက်စိမ်းပြားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိခဲ့သလို အနည်းငယ်ပျော်ရွှင်သွားခဲ့ရသည်။ အဲ့ဒီနောက်မှာ သူကအဆိပ်ဘုရင်ကိုကြည့်ကာပြောလိုက်သည်… “ဒါဆိုရင်အခုချိန်ကစပြီး နောက်ပိုင်းမှာ ခင်ဗျားက တော်ဝင်ကလန်အတွက် အမှုထမ်းရလိမ့်မယ်… ဒါက ခင်ဗျားလက်ထဲမှာသေဆုံးသွားခဲ့ရတဲ့ များစွာသောလူတွေအတွက် စိတ်ကျေနပ်အောင်ပြုလုပ်ပေးတယ်လို့ပဲ သတ်မှတ်ထားသင့်တယ်…”
ဒီစကားကိုကြားလိုက်ရသည့်အခါ အဆိပ်ဘုရင်တစ်ယောက် ငိုရမလို ရယ်ရမလိုဖြစ်သွားခဲ့သည်။ သို့ပေမဲ့လည်း သူကခေါင်းကိုသာညိတ်ပြနိုင်ခဲ့ရသည်။ သူ့အတွက်တော့ ကောင်းမွန်တဲ့သေခြင်းထက် ဆိုးရွားစွာအသက်ရှင်နေထိုင်နေရခြင်းကို ပိုပြီးခုံမင်နှစ်သက်ရသလို သေခြင်းထက်စာရင် ဆက်လက်ပြီးရှင်သန်နေထိုင်နိုင်ခြင်းက ပိုပြီးကောင်းမွန်မှုရှိပေသည်။
“နားလည်ပါပြီ မင်းသားလေး…”