ရရှိခဲ့တဲ့ဆယ်ရက်ဆိုတဲ့အချိန်အတွင်းမှာ ဇူယွမ်ကသူ့ရဲ့စွမ်းအင်အားလုံးကို အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံး လေ့လာသည့်နေရာတွင်သာ အသုံးချခဲ့သည်။ ဒါ့အပြင် ယောင်ယောင်ဒီတစ်ကြိမ်ရွေးချယ်ခဲ့တဲ့နည်းလမ်းက အနည်းငယ်ပြင်းထန်ရက်စက်သည့်ဘက်သို့ရောက်နေကာ အနည်းငယ်မျှသောအမှားလေးကပင် ပိန်လှီဖျော့တော့နေသည့်ဝေဘင်းကို သေဆုံးသွားစေနိုင်ပေလိမ့်မည်။
ထို့အပြင် ဇူယွမ့်မှာရွေးချယ်စရာမရှိခဲ့သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရန်အတွက်သာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ဆတက်ထမ်းပိုးပြုလုပ်ခဲ့ရပေသည်။ ဒီလိုမှသာသူ့အနေဖြင့် သူ၏သားဖြစ်သူကိုဆုံးရှုံးလိုက်ရသည့်အတွက် ရူးသွပ်သွားသူတစ်ယောက်အလားဖြစ်သွားမည့် ဝေကန်းလန်ရဲ့သတ်ဖြတ်ခြင်းကို ရှောင်ဖယ်နိုင်လိမ့်ပေမည်။
ကံအားလျော်စွာပင် သူ့ရဲ့မူလမှော်စာလုံးရေးသားခြင်းပါရမီက အလွန်ပင်ကောင်းမွန်လှသည့်အပြင် သူ့ရဲ့စိတ်ဝိညာဉ်ကလည်း ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ရောက်ရှိနေခဲ့ရသည်။ ဒါ့ကြောင့်ပင် အဆင့် ၂မူလမှော်စာလုံးအသစ်တစ်ခုကို လေ့လာဖို့ရန်မှာ သူ့အတွက်အရမ်းကြီးပင်ပန်းခက်ခဲသည့်အရာတစ်ခုမဟုတ်ခဲ့ပေ။
ခုနှစ်ရက်ကုန်ဆုံးသွားခဲ့ပြီးနောက်မှာ ဇူယွမ်တစ်ယောက် အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးကို နားလည်သဘောပေါက်သွားခဲ့ရသည်။ ထို့နောက်တွင် သူကစတင်ပြီးလေ့ကျင့်ခဲ့လိုက်သည်။
…
ဗိုလ်ချုပ်ကြီးအိမ်တော် စာကြည့်ခန်းအတွင်း…
ဝေကန်းလန်က ဝေချင်းချင်းကိုမော့ကြည့်လိုက်ပြီး မေးလိုက်၏… “ဒီကုန်လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ မင်းသားလေးဇူယွမ် ဘာတွေလုပ်နေခဲ့လဲ…”
ဝေချင်းချင်းက တစ်ခဏကြာတုံ့ဆိုင်းနေခဲ့ပြီးမှ ပြန်ဖြေလိုက်သည်… “သူက မူလမှော်စာလုံးရေးဆွဲခြင်းကို လေ့ကျင့်နေပါတယ်…”
ဇူယွမ်က ဗိုလ်ချုပ်ကြီးအိမ်တော်မှာပင် နေထိုင်နေသည့်အတွက် သူလုပ်သမျှအရာအားလုံးကို မည်မျှပင်သေးငယ်တဲ့အရာဖြစ်နေစေကာမူ အလွယ်တကူစောင့်ကြည့်စစ်ဆေးနိုင်ပေသည်။
ဝေကန်းလန်ရဲ့မျက်နှာက လှုပ်ရှားသွားခဲ့ရသည်။ ဒါက အချိန်နီးကပ်နေကာမှ အလောတကြီးကြိုးစားအားထုတ်နေခြင်းတစ်ခုလား။ မင်းသားလေးဇူယွမ်က ဘာတွေလုပ်နေတာလဲ။
“ဒါ့အပြင်… လုတိန်ရှန်းက မကြာသေးမီရက်ပိုင်းအတွင်းမှာ မြို့တော်ထဲက ပစ္စည်းတော်တော်များများဝယ်ယူခဲ့တာကို သမီးရှာတွေ့ခဲ့တယ်…” ဝေချင်းချင်းက အနည်းငယ်တုံ့ဆိုင်းသွားခဲ့ရပေမဲ့ နောက်ဆုံးမှာ စာရွက်ပိုင်းလေးတစ်ခုကိုထုတ်လိုက်ပြီး ဝေကန်းလန်လက်ထဲကိုထည့်ပေးလိုက်သည်။ စာရွက်ပေါ်မှာရေးသားထားသည့်အရာတွေက လုတိန်ရှန်းကို ဇူယွမ်ဝယ်ယူခိုင်းထားသည့် အဆိပ်သဘာဝရှိသည့်ပါဝင်ပစ္စည်းစာရင်းပင်ဖြစ်သည်။
ဝေကန်းလန်က စာရွက်ကိုယူပြီး ကြည့်လိုက်မိသည်။ မကြာမီမှာပင် သူ့ရဲ့မျက်နှာက နောက်တစ်ကြိမ်ထပ်မံ၍ လှုပ်ရှားသွားခဲ့ရ၏။ အကယ်၍သူကသာ ဇူယွမ်က မည်သူမည်ဝါဖြစ်ကြောင်းကို သိမထားခဲ့ဘူးဆိုလျင် ဇူယွမ်ရဲ့တိတ်တဆိတ်လှုပ်ရှားနေမှုကို သူ့အနေဖြင့်မယုံသင်္ကာဖြစ်မိရပေလိမ့်မည်။
“အဖေ… သမီးတို့တွေ မင်းသားလေးဇူယွမ်ကို မောင်လေးကိုကုသပေးဖို့ အမှန်တကယ်ခွင့်ပြုပေးလို့ဖြစ်ပါ့မလား… သမီးတို့တွေ သူ့အစားအခြားတစ်ယောက်ရှာသင့်လား…” ဝေချင်းချင်းကမေးလိုက်သည်။ ဇူယွမ်ရဲ့အခြေအနေက အမှန်တကယ်ပင် လူတိုင်းကိုစိုးရိမ်ပူပန်မှုဖြစ်စေရသည်။
ဝေကန်းလန်က သက်ပြင်းချကာပြောသည်… “အဖေတို့မှာ အချိန်အများကြီးမရှိတော့ဘူး… သမီးက ကြိုးစားပြီးရှာချင်သေးလို့လား… တကယ်လို့ အဆိပ်ဘုရင်ရဲ့ နတ်ဆိုးမြူအဆိပ်က ဖယ်ရှားရှင်းလင်းဖို့လွယ်ကူနေမယ်ဆိုရင် သူကနှစ်ပေါင်းများစွာကြာအောင် အဆိပ်ရေအိုင်မှာ အရှင်သခင်တစ်ယောက်အဖြစ်ကြီးစိုးထားနိုင်လိမ့်မှာမဟုတ်ဘူး…”
“အခုအချိန်မှာတော့… အဖေတို့တွေက မင်းသားလေးဇူယွမ်အပေါ်မှာပဲ အလုံးစုံယုံကြည်ထားရတော့မှာပဲ…”
ဝေကန်းလန်ရဲ့အကြည့်က ဧည့်သည့်နားနေဆောင်ရှိရာအရပ်ကိုရောက်ရှိသွားခဲ့ရပြီး သူ့ရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ကာ ပြောလိုက်သည်… “ဒါ့အပြင် မင်းသားလေးက အရမ်းဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ… သူ့အနေနဲ့ ဘင်းလေးကို မဆင်မခြင်ကုသပေးလိုက်လို့ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ဘာဖြစ်လာမယ်ဆိုတာကို သေချာပေါက်နားလည်ထားမှာပဲ…”
သူ့ရဲ့စကားကိုကြားလိုက်ရသည့်အခါ ဝေချင်းချင်းက ခေါင်းညိတ်ပြလိုက်မိသည်။ ထိုနေ့က ဇူယွမ်၏ပုံစံက တည်ကြည်လေးနက်ကာ အလွန်ပင်စိတ်အားထက်သန်မှုရှိနေခဲ့ပြီး သူ့ရဲ့တောင်းဆိုမှုနှစ်ခုကိုတောင်မှ ပြုလုပ်ခဲ့သေးသည်။ သူ့မှာသာ ယုံကြည်ချက်အချို့ရှိမနေခဲ့ဘူးဆိုရင် သူက ဒီလိုအရာမျိုးကိုလုပ်ဆောင်ရဲလိမ့်မည်မဟုတ်သည့်အပြင် ဒါက သူ့အနေနဲ့ ကိုယ်ကိုကိုယ်အရှက်တကွဲဖြစ်အောင် ပြုလုပ်ရာလည်းကျပေလိမ့်မည်။
“ဒါဆိုရင်သမီးတို့တွေ နောက်ထပ်သုံးရက်ထပ်စောင့်ရမှာပေါ့… သူကမောင်လေးကို ကယ်နိုင်ပါစေလို့ပဲ သမီးမျှော်လင့်မိတယ်…” ဝေချင်းချင်းက သက်ပြင်းချကာပြောလိုက်သည်။ ဝေဘင်းရဲ့အဆိပ်က သူမတို့ဝေမိသားစုရဲ့နှလုံးသားထဲမှာ ဒဏ်ရာတစ်ခုအဖြစ်ရှိနေခဲ့ရသည်။ ဒီဒဏ်ရာကိုသာ ဖယ်ရှားနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးရဲ့အိမ်တော်က ဒီဖိအားအောက်မှာ ဆက်လက်နစ်မွန်းနေရပေလိမ့်ဦးမည်။
ဇူယွမ်ကသူတို့အတွက် မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခု ယူဆောင်လာခဲ့ပေမဲ့ ဒီမျှော်လင့်ချက်က ပိုပြီးစိတ်ပျက်စရာကောင်းတဲ့အရာဖြစ်လာလိမ့်မလားဆိုတာကို ဘယ်သူမှမသိနိုင်ပေ။
…
မြို့တော်အတွင်းရှိ ကြီးမားသည့်အိမ်တော်တစ်ခုထဲ၌…
“ဟီးဟီး… ဇူယွမ်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုက တကယ်ကိုတစ်ခုခုပဲ… သူက သူ့ရဲ့တောင်းဆိုမှုတွေကိုတောင် ပြုလုပ်ခဲ့သေးတယ်ပေါ့…” အခန်းတစ်ခုအတွင်းမှာ ဝေတင်းက ဒေါသထွက်နေသည့်ချီဟောင်၏ရှေ့တွင် ရပ်နေလျက်ရှိသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ချီဟောင်က ဗိုလ်ချုပ်ကြီးအိမ်တော်အတွင်းရှိ ဇူယွမ်ရဲ့လက်ရှိအခြေအနေကို သူမထံမှကြားသိခဲ့ရခြင်းဖြစ်သည်မှာ ထင်ရှားသည်။
ဝေတင်းက အထင်သေးစွာဖြင့်ပြောသည်… “အဲ့ဒီကောင်လေးက တကယ်ကိုစိတ်ကြီးဝင်နေတာပဲ… နင်ဖိတ်ခေါ်လာခဲ့တဲ့ဆရာယင်တောင်မှ နတ်ဆိုးမြူအဆိပ်ကို မဖယ်ရှားနိုင်ခဲ့တာကို သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီးဖယ်ရှားပေးနိုင်မှာလဲ…”
“တခြားသတင်းတွေရောရှိသေးလား…” ချီဟောင်က မေးလိုက်သည်။
ဝေတင်းက အားပါးတရပြုံးလိုက်ပြီး သူမက ချီဟောင့်အပေါ်မှာထိုင်ချလိုက်ခဲ့သလို ချီဟောင်ရဲ့လက်တစ်ဖက်ကလည်း သူမရဲ့သေးကျဉ်တဲ့ခါးလေးကို ထွေးဖက်ထားခဲ့လိုက်သည်။ ပြီးသည့်နောက်တွင် ဝေတင်းက သူမရဲ့အင်္ကျီလက်အတွင်းမှ စာရွက်ပိုင်းလေးတစ်ခုကို ထုတ်ယူကာပြောသည်… “ဒါက လွန်ခဲ့တဲ့ရက်ပိုင်းက မြို့တော်ထဲမှာ လုတိန်ရှန်းဝယ်ယူခဲ့တဲ့ပစ္စည်းစာရင်းပဲ…”
ချီဟောင်က စာရွက်ကိုယူ၍ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ရဲ့မျက်ခုံးတွေတွန့်ကွေးသွားခဲ့ရသည်… “ဒါတွေအားလုံးက အဆိပ်ရှိတဲ့ပစ္စည်းတွေချည်းပဲ… သူတို့တွေက အမှန်တကယ်ဘာလုပ်ချင်ကြတာလဲ…”
သူက အချိန်တစ်ခုကြာအောင် တွေးတောနေခဲ့ပေမဲ့ အဖြေကိုစဉ်းစားနိုင်စွမ်းမရှိခဲ့ချေ။ ထို့ကြောင့်ပင် သူကအေးစက်စွာရယ်မောကာ ပြောလိုက်၏… “သူတို့လုပ်ချင်တဲ့အရာကို ခွင့်ပြုပေးရမှာပေါ့… သူတို့ရဲ့အမှားကြောင့် ဝေဘင်းသာ သေခြင်းနဲ့အဆုံးသတ်သွားခဲ့မယ်ဆိုရင် ဝေကန်းလန်တစ်ယောက် ရူးသွပ်သွားမလားဆိုတာ ငါတို့တွေမြင်တွေ့ရလိမ့်မယ်…”
သူသည်လည်းပဲ ဇူယွမ့်မှာ နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်တဲ့စွမ်းရည်ရှိလိမ့်မယ်လို့ ယုံကြည်ထားခြင်းမရှိခဲ့ပေ။
ချီဟောင်ကပြောသည်… “တင်းတင်း… ငါ့ကိုကူညီပြီး ဗိုလ်ချုပ်ကြီးအိမ်တော်ထဲမှာ ဇူယွမ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားပေးဦး… ထူးခြားတာတစ်ခုခုတွေ့တာနဲ့ ငါ့ကိုသတင်းပေးဦးနော်… တကယ်လို့ဇူယွမ်သာ အမှားအနည်းငယ်လုပ်ခဲ့မိတယ်ဆိုရင် ဝေကန်းလန်ရဲ့ဒေါသကို အဆုံးစွန်ထိရောက်သွားအောင် တိတ်တဆိတ်လုပ်ဆောင်ပေးရမယ်… ငါတို့တွေဇူယွမ့်ကို ဗိုလ်ချုပ်ကြီးအိမ်တော်ကနေ အသက်ရှင်လျက်ပြန်ထွက်သွားခွင့်မပြုနိုင်ဘူး…”
“ဒါ့အပြင် ဝေဘင်းသာ ဇူယွမ်ရဲ့လက်ထဲမှာ သေသွားခဲ့မယ်ဆိုရင် ဝေချင်းချင်းက သေချာပေါက်ဝမ်းနည်းပက်လက်ဖြစ်သွားလိမ့်မယ်… အဲ့ဒီလိုဖြစ်လာတဲ့အခါကျရင် နင်ကသူမကို ငါ့အတွက်အပြင်ကိုခေါ်ထုတ်ပေးလာနိုင်မလား… သူမရဲ့အစောင့်အရှောက်တွေက အရမ်းကိုအားနည်းတဲ့အတွက် ဒါကငါ့အတွက်တော့ အခွင့်အရေးယူနိုင်ဖို့ အချိန်ကောင်းပဲ…”
ချီဟောင်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ဝေတင်းရဲ့နှုတ်ခမ်းကစူသွားခဲ့ရပြီး… “ငါကနင့်အတွက် အခြားမိန်းမတစ်ယောက်ရအောင်လို့ ကူညီပေးစေချင်တာလား…”
ချီဟောင်က ခပ်ဖွဖွပြုံးလိုက်ပြီး ရှင်းပြလိုက်သည်… “တင်းတင်း… ချီအိမ်တော်မှာ လက်ထပ်ဖို့အတွက်ဆိုရင် နင်ကငါ့အဖေရဲ့ခွင့်ပြုမှုကိုရဖို့လိုလိမ့်မယ်… နင်ကသာ ငါဝေချင်းချင်းကို ရဖို့ကူညီပေးနိုင်မယ်ဆိုရင် ငါရဲ့လက်ထဲမှာကန်းလန်စစ်တပ်ကိုချုပ်ကိုင်ထားပြီး ငါ့စိတ်ကြိုက်လုပ်နိုင်စွမ်းရှိလာလိမ့်မယ်… ငါတို့သာအောင်မြင်ခဲ့မယ်ဆိုရင် ချီအိမ်တော်အတွက်ကြီးမားတဲ့အကူအညီတစ်ခုရရှိလိမ့်မှာဖြစ်ပြီး ငါ့အဖေကလည်း နင်နဲ့ငါ့ကိုလက်ထပ်ဖို့ ခွင့်ပြုပေးလိမ့်မယ်…”
ကန်းလန်စစ်တပ်အတွင်းမှာ တစ်နှစ်ကျော်ကြာအမှုထမ်းခဲ့ပြီးတာတောင်မှ သူကစစ်တပ်အတွင်းပိုင်းထဲအထိကို အလုံးစုံဝင်ရောက်နိုင်စွမ်းမရှိခဲ့ပေ။ ဒါက ဝေကန်းလန်သူ့အပေါ်မှာသတိထားနေခြင်းကြောင့်ဖြစ်သည်ကို သူသိပေသည်။ ထို့ကြောင့် ကန်းလန်းစစ်တပ်ကိုချုပ်ကိုင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ပထမဦးစွာ ဝေချင်းချင်းကိုရယူနိုင်မှသာဖြစ်ပေလိမ့်မည်။
ဒီမိန်းကလေးက ကန်းလန်စစ်တပ်အတွင်းမှာ အလွန်ပင်လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်သည်။
ဝေတင်းက ရူးမိုက်စွာမေးလိုက်သည်… “တကယ်လား…”
ချီဟောင်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။
ဝေတင်းက သူမရဲ့နှုတ်ခမ်းကို ကိုက်ထားမိလိုက်သည်။ ထို့နောက်မှာပင် သူမက ခပ်မြန်မြန်ခေါင်းညိတ်လိုက်၍ပြောသည်… “ကောင်းပြီ… ငါအတတ်နိုင်ဆုံး နင့်ကိုကူညီပေးမယ်…”
လူနှစ်ယောက်က အချိန်အတော်ကြာအောင် ပွေ့ဖက်နေခဲ့ပြီးနောက်မှာ ဝေတင်းကကျေနပ်စွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူမရဲ့ထွက်ခွာသွားတဲ့ပုံရိပ်ကိုကြည့်နေရင်း ချီဟောင်၏မျက်နှာထက်မှအပြုံးက အေးစက်ခြင်းသို့ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် သူကအနည်းငယ်ဒေါသဖြစ်စွာဖြင့် သူ့ရဲ့အဝတ်အစားတွေကို ဆွဲဆန့်လိုက်ပြီး ပျင်းစရာကောင်းသည့်လေသံဖြင့်ပြောသည်… “ဘယ်လောက်တောင်လှည့်စားရလွယ်လိုက်တဲ့မိန်းမလဲ…”
လူတစ်ယောက်က သူ့နောက်ရှိခန်းဆီးနောက်ကွယ်ကနေ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။ ၎င်းကချီအိမ်တော်၏ အိမ်တော်ထိန်းဖြစ်သူ ချီလင်းပင်ဖြစ်သည်။
ချီလင်းက သက်ပြင်းတစ်ချက်ချကာပြောသည်… “ပထမသခင်လေး… ဇူယွမ်က ဘာတွေများလုပ်နေတာလဲ… သူက အမှန်တကယ်ရော ဝေဘင်းကို ကုသပေးနိုင်မလား…”
ချီလင်းရဲ့စကားတွေကိုကြားလိုက်ရပြီးနောက်မှာ ချီဟောင်က ချက်ချင်းဆိုသလိုပင် အေးစက်စက်တစ်ချက်ရယ်လိုက်ပြီး ပြန်ဖြေသည်… “သူ့လိုမျိုး လူရှုပ်တစ်ယောက်အတွက်ကလား… သူက အိပ်မက်မက်နေတာပဲ…”
နတ်ဆိုးမြူအဆိပ်ကြောင့် ဝေကန်းလန်တစ်ယောက် နှစ်တွေဘယ်လောက်ကြာအောင် ရုန်းကန်လှုပ်ရှားခဲ့ရပြီးပြီလဲ။ သူ့ရဲ့အဆိပ်ကိုကုသနိုင်ဖို့အတွက် ဝေကန်းလန်က များစွာသောကျင့်ကြံသူတွေ၊ ဆရာသခင်တွေကို ပင့်ဖိတ်ကာပြသခဲ့ပေသည်။ သို့ပေမဲ့လည်း သူတို့အားလုံးတစ်ဦးတစ်လေမျှ ဘာမှမတတ်နိုင်ခဲ့ပေ။ ဒီအချက်တွေကြောင့်ပင် ချီဟောင်က ဇူယွမ့်လို ချီစုဆောင်းမှုအဆင့်ကိုမရောက်သေးတဲ့ကျင့်ကြံသူတစ်ယောက်က ကျန်တဲ့သူအားလုံးကုသပေးနိုင်ခြင်းမရှိခဲ့တဲ့ဒီအဆိပ်ကို ကုသပေးနိုင်စွမ်းရှိတယ်ဆိုတာကို များစွာသံသယဖြစ်မိရပေသည်။
“ငါက အဲ့ဒီလူရှုပ်အောင်မြင်သွားလိမ့်မယ်လို့ ယုံကြည်မထားခဲ့ပေမဲ့ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်မလာစေဖို့အတွက် ငါတို့မှာအစီအစဉ်တစ်ခုတော့ ရှိထားသင့်တယ်…” အေးစက်မှုတွေက ချီဟောင်ရဲ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားခဲ့ရ၏။
တကယ်လို့ ဇူယွမ်က မျက်စိကန်းနေတဲ့ကြောင်တစ်ကောင်က ကြွက်တစ်ကောင်နဲ့ဝင်တိုက်မိသွားသကဲ့သို့ အကြောင်းကြောင်းကြောင့် အံ့အားသင့်ဖွယ်အောင်မြင်သွားခဲ့ရမယ်ဆိုရင် ဝေကန်းလန်က ဇူယွမ်မီးဝိညာဉ်အစေ့ရရှိဖို့အရေး အကူအညီပေးဖို့အတွက် မလွဲမသွေရွေးချယ်ပေလိမ့်မည်။
ချီဟောင်ကခေါင်းမော့လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေ တစ်ဟုန်ထိုးထွက်ပေါ်လာရကာ ဗိုလ်ချုပ်ကြီးအိမ်တော်ရှိရာအရပ်ကို ကြည့်လိုက်မိသည်။
“ဝေကန်းလန်… ဝေကန်းလန်… တကယ်လို့ ခင်ဗျားကသာ ဇူယွမ်ကိုကူညီဖို့ရွေးချယ်ခဲ့မယ်ဆိုရင် ငါ့မှာရွေးချယ်စရာရှိလိမ့်မှာမဟုတ်ဘဲနဲ့ ခင်ဗျားကိုဖယ်ထုတ်ပြစ်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရတော့မှာပေါ့… မစိုးရိမ်ပါနဲ့… ခင်ဗျားသေသွားတဲ့အခါကျရင် ခင်ဗျားရဲ့သမီးနဲ့ ကန်းလန်းစစ်တပ်ကို ငါသေချာစောင့်ရှောက်ပေးပါမယ်…”
…
များစွာသောမျက်လုံးတွေရဲ့စောင့်ကြည့်နေမှုအောက်မှာ နောက်ဆုံးသုံးရက်က အေးအေးချမ်းချမ်းဖြင့်ပင် ကုန်လွန်သွားခဲ့ရသည်။
အိမ်တော်ဝင်းအတွင်း၌ ဇူယွမ်က သူ့ရဲ့ပစ္စည်းတွေကို သိမ်းဆည်းခြင်းဖြင့် အလုပ်ရှုပ်နေလျက်ရှိသည်။ ထို့နောက်မှာသူက လုတိန်ရှန်း၊ ယောင်ယောင်နှင့် စုယုဝေတို့ကိုကြည့်လိုက်ပြီး မေးဆတ်ပြကာ အချက်ပြခဲ့လိုက်သည်။
“သွားကြစို့… ဒီနေ့က ငါတို့ရဲ့သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလိမ့်မယ်…”