အနည်းငယ်ကျယ်ဝန်းသည့် ရထားလုံးတစ်ခုအတွင်းမှာ…
စုယုဝေရဲ့မျက်လုံးတွေက တင်းကျပ်စွာပိတ်ထားလျက်ရှိပြီး သူမရဲ့ကျောပြင်ကဖြောင့်မတ်စွာဖြင့် ကြာပန်းပုံသဏ္ဍာန်ခြေချိတ်ထိုင်နေလျက်ရှိပေသည်။ ပတ်ဝန်းကျင်ရှိမူလချီတွေက သူမထံတစ်ဟုန်ထိုးတိုးဝင်သွားခဲ့ပြီး သူမခန္ဓာကိုယ်ထဲစီးဝင်သွားခဲ့ကာ ခပ်သဲ့သဲ့ပေါက်ကွဲသံတွေကိုပင် ကြားနိုင်ပေသည်။
ထိုပေါက်ကွဲသံတွေက သူမ၏စွမ်းအင်ဝင်ပေါက်ရှစ်ခုရဲ့တုန်ခါမှုကြောင့် ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ၎င်းကချီပင်လယ်ဖွင့်ခြင်း၏ လက္ခဏာတစ်ခုပင်ဖြစ်သည်။
သူမကိုစိုက်ကြည့်နေသည့် ဇူယွမ်ရဲ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ သိချင်စိတ်ပြင်းပြနေမှုတွေဖြင့် ပြည့်နှက်နေရပေသည်။ ဒါက သူ့အနေဖြင့် ပထမဆုံးအကြိမ် လူတစ်ယောက်ရဲ့ချီပင်လယ်တည်ဆောက်တာကို မြင်တွေ့ဖူးခြင်းဖြစ်သည်။
မူလချီတွေလှည့်ပတ်မှုက စုယုဝေရဲ့အဝတ်အစားတွေကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေခဲ့ပြီး ဇူယွမ်က အောက်ကိုစိုက်ကြည့်လိုက်သည်။ မူလချီအလင်းတန်းတွေက သူမရဲ့ဝမ်းဗိုက်အောက်ပိုင်းဆီသို့ လျင်မြန်စွာစုစည်းလာတာကို သူ့အနေနဲ့ခံစားနိုင်ခဲ့သည်။
ချီပင်လယ်ဆိုတာက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရှိ ထူးခြားဆန်းကြယ်မှုတွေထဲကတစ်ခုဖြစ်ပြီး အမြင်အားဖြင့်လွယ်ကူသည်ထင်ရပေမဲ့ ၎င်းကိုရှာတွေ့နိုင်ဖို့က ခက်ခဲလှပေသည်။ စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးကို ဖွင့်နိုင်သည့်အခါမှသာ လူတစ်ယောက်အနေနဲ့ ချီပင်လယ်ကိုရှာတွေ့နိုင်လိမ့်မည်ဖြစ်ကာ ၎င်းကိုဖွင့်နိုင်လိမ့်မည်ဖြစ်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဝင်ပေါက်တွေနဲ့လည်း ချိတ်ဆက်နိုင်မည်ဖြစ်သည်။
စုယုဝေရဲ့ဝမ်းဗိုက်အောက်ပိုင်းမှာ မူလချီတွေပိုပြီးစုစည်းလာခဲ့မိကြသည်။ ခဏအကြာမှာပင် ခပ်တိုးတိုးအသံတစ်ခုကို ကြားလိုက်ရသည်။
၎င်းက သေးငယ်တဲ့အပေါက်ကလေးတစ်ခုအလားဖြစ်ပေါ်လာခဲ့ပြီး မူလချီတွေကို ၎င်းရဲ့အထဲသို့စုပ်ယူခဲ့လိုက်သည်။
တစ်ချိန်တည်းမှာ ဇူယွမ်က စုယုဝေ၏ဝမ်းဗိုက်အောက်ပိုင်းတွင် သူမရဲ့အဝတ်အစားတွေကိုဖြတ်လျက် စိမ်းပြာရောင်အလင်းတစ်ခုပေါ်ထွက်လာသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့လိုက်ရသည်။
“စိမ်းပြာရောင်ချီပင်လယ်လား…”
ဇူယွမ်ရဲ့မျက်လုံးတွေ ဝင်းလက်သွားခဲ့ရသည်။ လူတစ်ယောက်ရဲ့များစွာသောအခြေအနေတွေကိုလိုက်ပြီး ချီပင်လယ်ဖွင့်တဲ့နေရာမှာ ယေဘူယျအားဖြင့် အဆင့်လေးဆင့်ခွဲခြားထားပေသည်။
ပထမဆုံးနဲ့ ပုံမှန်အကျဆုံးက သာမန်အရောင်မရှိသည့် ချီပင်လယ်ပင်ဖြစ်သည်။
ဒုတိယက စိမ်းပြာရောင်ချီပင်လယ်၊ တတိယက ခရမ်းရောင်ချီပင်လယ်ဖြစ်ပြီး နောက်ဆုံးတစ်ခုက ရွှေရောင်ချီပင်လယ်ပင်ဖြစ်သည်။
အဆင့်မြင့်ချီပင်လယ်တစ်ခုက ပိုပြီးခိုင်မာသလို မူလချီတွေကိုလည်း ပို၍သိုလှောင်နိုင်လိမ့်မည်ဖြစ်သည်။ လူတိုင်းက ချီပင်လယ်ဆိုတာ မူလချီတွေသိုလှောင်ရာနေရာတစ်ခုအဖြစ်သိထားကြပြီး ကျင့်ကြံခြင်းအဆင့်ကိုလိုက်၍ အဆက်မပြတ်ကျယ်ပြန့်လာလိမ့်မည်ဖြစ်သည်။
အဆင့်မြင့်ချီပင်လယ်တစ်ခုနဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းခြင်းက သံသယရှိစရာမလိုလောက်အောင် များစွာသောအကျိုးကျေးဇူးရနိုင်ပေလိမ့်မည်။ ၎င်းက ကျင့်ကြံခြင်းအဆင့်တူသူတွေကြားတိုက်ခိုက်သည့်အခါ လူတစ်ယောက်ရဲ့မူလချီတွေကို ပိုပြီးသန်မာစေရုံသာမက တိုက်ပွဲထဲမှာလည်း များပြားလှတဲ့မူလချီတွေကို အချိန်ကြာမြင့်စွာအသုံးပြုနိုင်လိမ့်မည်ဖြစ်ပေသည်။
ယောင်ယောင်ကပြောလိုက်သည်… “ဒါက စိမ်းပြာရောင်မဟုတ်ဘူး…”
ဇူယွမ်အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။ သူသေချာသတိထားပြီးကြည့်လိုက်သည့်အခါ စိမ်းပြာရောင်အလင်းတွေက ပို၍နက်ရှိုင်းသည်ထက် နက်ရှိုင်းလာခဲ့ပြီး သေးငယ်တဲ့ခရမ်းရောင်အစက်အပြောက်လေးတစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရသည်။ ခရမ်းရောင်အလင်းက တဖြည်းဖြည်းနဲ့ စိမ်းပြာရောင်အလင်းကို ဖုံးလွှမ်းသွားခဲ့သည်။
“ခရမ်းရောင်ချီပင်လယ်…”
ဇူယွမ်ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။ သူသိထားသလောက်အရ စိမ်းပြာရောင်ချီပင်လယ်ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဟာ အလွန်အမင်းထူးချွန်မှုရှိသည်လို့ ဆိုနိုင်ပေသည်။ ခရမ်းရောင်ချီပင်လယ်ကို ပိုင်ဆိုင်ထားသည့်လူတစ်ယောက်ဆိုရင်တော့ သူ့ရဲ့မျိုးဆက်မှာ ပါရမီအရှိဆုံးလူတစ်ယောက်အဖြစ် ညွှန်းဆိုနိုင်ပေသည်။
“စုယုဝေရဲ့ ပင်ကိုယ်ပါရမီက ဒီလောက်အထိမြင့်မားလိမ့်မယ်လို့ ငါ့အနေနဲ့ ဘယ်တုန်းကမှထင်မထားမိခဲ့ဘူး…” ဇူယွမ်တစ်ယောက် သက်ပြင်းကိုသာချလိုက်မိသည်။ သူမရဲ့ကျင့်ကြံခြင်းအမြန်နှုန်းတစ်ခုတည်းကိုကြည့်၍ သူမက အလွန်အမင်းပါရမီမြင့်မားသည်ကို သူ့အနေနဲ့ပြောနိုင်သော်လည်း ဒီလိုမျိုးခရမ်းရောင်ချီပင်လယ်ကို အမှန်တကယ်ဖွင့်နိုင်လိမ့်မယ်လို့ ဇူယွမ်ထင်မထားခဲ့ပေ။
ခရမ်းရောင်အလင်းက အလွန်အမင်းတောက်ပလာခဲ့ရပြီးနောက်မှာ အချိန်အနည်းငယ်ကြာပြီးတဲ့အခါမှသာ တဖြည်းဖြည်းနဲ့မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် တင်းကျပ်စွာပိတ်ထားသည့် စုယုဝေရဲ့မျက်လုံးတွေပွင့်လာခဲ့ပြီး မူလချီအလင်းတန်းတွေ တောက်ပသွားခဲ့ရသည်။ သူမရဲ့အသားအရေက ကျောက်စိမ်းအလားဝင်းလက်တောက်ပနေသကဲ့သို့ သူမရဲ့ခန္ဓာကိုယ်ထံမှ ဖိအားတစ်ခုပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ချီစုဆောင်းမှုအဆင့်…
“ဒါက ချီစုဆောင်းမှုအဆင့်လား… ဒါက တကယ့်ကိုအရေးကြီးတဲ့အရာတစ်ခုပေါ့…” ဇူယွမ် အံ့အားသင့်မှုကြောင့် သူ့ရဲ့လျှာကိုကိုက်လိုက်မိသည်။ စုယုဝေရဲ့အရှိန်အဝါက အရင်ကထက်စာရင် အဆများစွာမြင့်တက်သွားခဲ့ရပြီး သူတောင်မှပင် ဖိအားအနည်းငယ်ကို ခံစားခဲ့လိုက်ရသည်။
သူ့ရဲ့ခန့်မှန်းမှုအရ သူ့မှာသာ ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံးသာမရှိဘူးဆိုရင် သူ့အနေနဲ့ စုယုဝေနဲ့တိုက်ခိုက်ရတဲ့အခါ အခွင့်အရေးအနည်းငယ်မျှပင်ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
“အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်… နင်က ချီစုဆောင်းမှုအဆင့်ကို ရောက်သွားခဲ့ရုံတင်မကဘူး ခရမ်းရောင်ချီပင်လယ်ကိုတောင်မှ ဖွင်နိုင်ခဲ့တယ်…” ဇူယွမ်က ပြုံးလျက်ပြောလိုက်သည်။
စုယုဝေရဲ့လှပတဲ့မျက်နှာလေးက အပျော်တွေနဲ့ပြည့်နှက်လို့နေရပေသည်။ သို့ပေမဲ့လည်း ခဏအကြာမှာပင် သူမက သက်ပြင်းချလိုက်မိပြီး အနည်းငယ်တွန့်ဆုတ်နေသည့် အမူအယာဖြင့်ပြောလိုက်သည်… “ငါ့ရဲ့ချီပင်လယ်က နည်းနည်းထူးဆန်းနေတယ်လို့ ခံစားရတယ်…”
ဇူယွမ်နဲ့ ယောင်ယောင်တို့နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြပြီး သူမစကားရဲ့အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းမရှိခဲ့ကြပေ။
စုယုဝေတစ်ယောက်အနည်းငယ်ပဟေဠိဖြစ်သွားခဲ့ရပြီး အသေးစိတ်ရှင်းပြလိုက်သည်… “ဘာကြောင့်လဲဆိုတာတော့ငါလည်းမသိဘူး… ဒါပေမဲ့ ငါ့ရဲ့ချီပင်လယ်က နှစ်ပိုင်းကွဲနေတယ်လို့ ခံစားနေရတယ်…”
ဇူယွမ်ပြောစရာစကားမရှိတော့လောက်အောင်ဖြစ်သွားခဲ့ရသည်… “နင့်ရဲ့ချီပင်လယ်က ပြည့်စုံမှုမရှိဘူးလား… နင်ပြောတဲ့နှစ်ပိုင်းကွဲနေတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ…”
ယောင်ယောင်က အနည်းငယ်တွေးတောလိုက်ပြီးနောက်မှာ ရုတ်တရက်သူမက စုယုဝေထံ ချဉ်းကပ်သွားလိုက်သကဲ့သို့ ဇူယွမ်ကိုပြန်လှည့်ကြည့်လိုက်ကာ ပြောသည်… “ဟိုဘက်ကိုလှည့်…”
ဇူယွမ်တစ်ယောက် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ရပေမဲ့ ယောင်ယောင်က သူ့ကိုကြည့်နေသည့်အတွက် တစ်ဖက်ကိုလှည့်ပေးလိုက်သည်။
ဇူယွမ်တစ်ဖက်ကို လှည့်သွားတာကိုမြင်လိုက်ရပြီးနောက်မှာ ယောင်ယောင်က စုယုဝေကို တိုးညှင်းသည့်လေသံဖြင့်ပြောသည်… “ငါခဏကြည့်ကြည့်မယ်…”
စုယုဝေခေါင်းညိတ်ပြတာကို မြင်လိုက်ရသည့်အခါ ယောင်ယောင်ကလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး စုယုဝေရဲ့သေးကျဉ်တဲ့ခါးလေးထွက်ပေါ်လာသည်အထိ သူမရဲ့အင်္ကျီကို ညင်သာစွာဆွဲမလိုက်သည်။ သူမရဲ့ဝမ်းဗိုက်သားလေးက ပျော့ပျောင်းနူးညံ့နေပြီး ချပ်ချပ်ရပ်ရပ်ရှိနေကာ အဆီပိုလေးအနည်းငယ်မျှကိုပင် မြင်တွေ့ရခြင်းမရှိခဲ့ပေ။
စုယုဝေတစ်ယောက် အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရသည်။ အခုအချိန်မှာ သူမအနေနဲ့ ယောင်ယောင်က ဇူယွမ်အားတစ်ဖက်ကို ဘာကြောင့်လှည့်ခိုင်းခဲ့သည်ကို နားလည်လိုက်မိသည်။
ယောင်ယောင်က သူမရဲ့မျက်လုံးကိုမှိတ်လိုက်သလို စုယုဝေရဲ့ဗိုက်ကလေးကို ညင်သာစွာထိတွေ့လိုက်သကဲ့သို့ သူမရဲ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက ထွက်ပေါ်လာခဲ့ရသည်။
အချိန်အနည်းငယ်ကြာပြီးနောက်မှာ ယောင်ယောင်ကသူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်သလို သူမရဲ့လက်ကိုလည်းပြန်ရုတ်လိုက်သည်။ သူမရဲ့မျက်နှာပေါ်မှာတော့ အံ့အားသင့်သွားမှုတွေကို မြင်တွေ့နိုင်ပေသည်။
ယောင်ယောင်က ဖြည်းညှင်းစွာဖြင့်ပြောသည်… “နင့်ရဲ့ချီပင်လယ်က အမှန်တကယ်ကို နှစ်ပိုင်းကွဲနေတာပဲ…”
“ဒါကဘယ်လိုဖြစ်တာလဲ…” ဇူယွမ်ကနောက်ကိုပြန်လှည့်လာပြီး အနည်းငယ်စိုးရိမ်သည့်လေသံဖြင့် မေးလိုက်သည်… “ဘယ်နေရာမှာ မှားသွားတာလဲ…”
ယောင်ယောင်က အချိန်အနည်းငယ်ကြာတိတ်ဆိတ်နေခဲ့ပြီးနောက်မှာမှ ပြန်ပြီးအဖြေပေးလိုက်သည်… “ဘာမှမမှားခဲ့ဘူး… တကယ်လို့ငါထင်တာသာမှန်ခဲ့မယ်ဆိုရင် သူမရဲ့ချီပင်လယ်က ဒဏ္ဍာရီလာယင်ယန်ချီပင်လယ်ဖြစ်နိုင်တယ်…”
သူမအနေနဲ့ အရင်တုန်းက စုယုဝေရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလစုစည်းခြင်းမှော်စာလုံးကို ကူညီပြီးရေးဆွဲပေးခဲ့စဉ်ကတည်းက သူမ၏ခန္ဓာကိုယ်ထဲမှ ယင်ယန်မူလဖွဲ့စည်းပုံကို အနည်းငယ်အာရုံခံနိုင်ခဲ့ရသည်။ ၎င်းက ပြိုင်ဘက်ကင်းမူလဖွဲ့စည်းပုံတစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် ဒီနေ့မှာဖြစ်ပေါ်လာခဲ့ရသည့် ထူးဆန်းမှုတစ်ခုက ယင်ယန်မူလဖွဲ့စည်းပုံနဲ့ ဆက်စပ်မှုရှိနေသည့်ပုံပေါ်သည်။
“ယင်ယန်ချီပင်လယ်လား…” ဇူယွမ်နဲ့စုယုဝေတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး သူတို့အနေနဲ့ ဒီလိုအရာမျိုးကိုယခင်က ကြားခဲ့ဖူးခြင်းမရှိသည်မှာ ထင်ရှားလှသည်။
“စိတ်မပူပါနဲ့… ယင်ယန်ချီပင်လယ်ဆိုတာက ဆိုးဝါးတဲ့အရာတစ်ခုမဟုတ်တဲ့အပြင်ကို ပိုပြီးတော့တောင် အကျိုးကျေးဇူးတွေခံစားစေရလိမ့်မယ်…” ယောင်ယောင်က သူတို့ရဲ့စိုးရိမ်မှုတွေကို ပြေပျောက်သွားစေရန် သူမရဲ့လက်ကိုဝှေ့ယမ်းကာပြောလိုက်သည်။
“အကျိုးကျေးဇူးရနိုင်တာလား…”
“အမှန်ပဲ… ဒါကအရမ်းကိုကြီးမားတဲ့အကျိုးကျေးဇူးဖြစ်ပြီးတော့ သူမအနေနဲ့ မတူညီတဲ့ချီကျင့်ကြံခြင်းနည်းလမ်းနှစ်ခုကို တစ်ချိန်တည်းမှာ လေ့ကျင့်နိုင်စွမ်းရှိတယ်…” ယောင်ယောင်က တခေါခေါနဲ့အိပ်ပျော်နေသည့်ထန်ထန်အား သူမရဲ့လက်ထဲကိုချီမလိုက်ပြီး ၎င်းကိုညင်သာစွာပုတ်ပေးလိုက်သကဲ့သို့ ခပ်ဖွဖွပြုံးလျက်မှပြောသည်။
“မတူညီတဲ့ချီကျင့်ကြံခြင်းနည်းလမ်းနှစ်ခုလား…” ဇူယွမ်နဲ့စုယုဝေတို့နှစ်ယောက်သား အံ့အားသင့်သွားခဲ့ရသည်။ ဒါက ချီပင်လယ်ထဲမှာ မတူညီတဲ့မူလချီနှစ်မျိုးကို တစ်ချိန်တည်းမှာ လေ့ကျင့်နိုင်တယ်လို့ဆိုလိုတာလား။ မတူညီတဲ့မူလချီနှစ်ခုက တစ်ခုနဲ့တစ်ခုအချင်းချင်းတိုက်ခိုက်မှု ရှိနိုင်လိမ့်မည်လား။
“တကယ်လို့ဒါက သာမန်ချီပင်လယ်တစ်ခုဆိုရင် မူလချီအမျိုးအစားတစ်မျိုးတည်းကိုပဲ အမှန်တကယ်လေ့ကျင့်နိုင်စွမ်းရှိလိမ့်မယ်…” ယောင်ယောင်က ခေါင်းညိတ်ပြကာပြောလိုက်သည်… “ဒါပေမဲ့ ဒါကသူမအတွက်တော့ခြားနားတယ်… ယင်ယန်ချီပင်လယ်ဆိုတာက ချီပင်လယ်နှစ်ခုရှိတာနဲ့ဆင်တူတယ်… ဒါ့ကြောင့်မို့လို့ ဒါကမူလချီနှစ်ခုကို အချင်းချင်းတိုက်ခိုက်မှုမရှိစေဘဲနဲ့ လိုက်လျောညီထွေရှိနေနိုင်စေတယ်…”
“ဒါပေမဲ့လည်း နင်ကနောက်ပိုင်းမှာ ယင်ဓာတ်အထူးပြုနဲ့ ယန်ဓာတ်အထူးပြု ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုဆီကိုပဲလေ့ကျင့်နိုင်ပြီး ယင်ဓာတ်အထူးပြုချည်းပဲနှစ်ခု ဒါမှမဟုတ် ယန်ဓာတ်အထူးပြုချီကျင့်ကြံခြင်းနည်းလမ်းချည်းပဲနှစ်ခုကိုတော့ လေ့ကျင့်လို့ရလိမ့်မှာမဟုတ်ဘူး… ဒီလိုမှမဟုတ်ရင် နင့်ရဲ့ချီပင်လယ်ကို ဟန်ချက်ညီအောင်ထိန်းထားနိုင်လိမ့်မှာမဟုတ်ဘဲ အဆုံးသတ်ရလဒ်အနေနဲ့ ချီပင်လယ်ပျက်စီးသွားရလိမ့်မယ်…”
စုယုဝေ၏အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။
“ဒါ့အပြင် ယင်နဲ့ယန်ချီကျင့်ကြံခြင်းနည်းလမ်းတွေက အရမ်းကြီးအဆင့်ကွာနေလို့လည်းမရဘူး… ဒီလိုဆိုရင်လည်း ဟန်ချက်ညီမျှမှုက ပျက်စီးသွားရလိမ့်မယ်…”
ယောင်ယောင်ရဲ့အမူအယာက ပို၍တည်ကြည်လာရကာ ဆက်ပြောလိုက်သည်… “ယင်ယန်ချီပင်လယ်က အရမ်းကိုစွမ်းအားမြင့်ပေမဲ့လည်း ကန့်သတ်ချက်အများကြီးရှိတယ်… တကယ်လို့ နင့်အနေနဲ့တစ်ရက်ရက်မှာ ချီပင်လယ်ရဲ့ပိုင်းခြားထားမှုကို ချိုးဖျက်ပြီတော့ ယင်နဲ့ယန်ကို ပေါင်းစပ်သွားစေခဲ့မယ်ဆိုရင် နင်က ဒီကမ္ဘာကြီးထဲမှာ အထွတ်အထိပ်တည်ရှိမှုတစ်ခုအဖြစ်ကို သေချာပေါက်ရောက်ရှိသွားလိမ့်မယ်…”
စုယုဝေက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စိတ်ပူနေသည့်အမူအယာဖြင့် ဇူယွမ့်ကိုကြည့်လိုက်သည်။
ဇူယွမ်ရဲ့မျက်နှာပေါ်မှာတော့ အပျော်တွေနဲ့ပြည့်နှက်လို့နေရသည်။ သူက သူ့ရဲ့ဝတ်စုံထဲမှနေ ကျောက်စိမ်းစာလိပ်တစ်ခုကို အလျင်အမြန်ထုတ်ယူလိုက်ပြီးပြောသည်… “ယန်သဘာဝမူလချီကျင့်စဉ်လား… အဲ့ဒါဆို ငါတို့တော်ဝင်ကလန်ရဲ့ မီးလျှံလျှပ်စီးအလင်္ကာက ယန်ဓာတ်ကိုအထူးပြုထားတာပဲ…”
“မင်းသားလေး… ဒါကတော်ဝင်ကလန်ရဲ့ကျင့်စဉ်မဟုတ်လား…” စုယုဝေအံ့အားသင့်သွားခဲ့ရသည်။ သူမအနေဖြင့် တော်ဝင်ကလန်၏ မီးလျှံလျှပ်စီးအလင်္ကာကို ကြားခဲ့ဖူးပေသည်။ ၎င်းက အဆင့် ၄မူလချီကိုကျင့်ကြံနိုင်သည့် ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းရဲ့တန်ဖိုးဟာ အစောပိုင်းတုန်းက ကောင်းကင်ဘုံ’လို့’လက်ဝါးကျင့်စဉ်ထက် ပိုပြီးများပြားပေသည်။
“ဒါက အဆင့် ၄မူလချီပဲဟာကို…” ဇူယွမ်က ကျောက်စိမ်းစာလိပ်အား စုယုဝေ၏လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်… “အမှန်အတိုင်းပြောရရင် ဒီအဆင့်က သိပ်ပြီးတော့ကျေနပ်စရာမကောင်းသေးဘူး… ဒီအတွက်တော့မစိုးရိမ်နဲ့… အခုအချိန်မှာ ငါကမတတ်နိုင်သေးပေမဲ့လည်း နောက်ကျရင်တော့ ဒီထက်အဆင့်မြင့်တဲ့ဟာတစ်ခုနဲ့ နင့်ကိုငါသေချာပေါက်လဲပေးမယ်…”
ဇူယွမ်၏ယုံကြည်ချက်အပြည့်ရှိနေသည့်စကားကြောင့် စုယုဝေက သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးကို ကိုက်လိုက်မိသကဲ့သို့ သူမရဲ့သေးသွယ်တဲ့လက်ချောင်းလေးတွေကလည်း ကျောက်စိမ်းစာလိပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိလိုက်သည်။ နောက်ဆုံးမှာ သူမကငြင်းပယ်ခဲ့ခြင်းမရှိသကဲ့သို့ သူမရဲ့တောက်ပတဲ့မျက်လုံးတွေက ဇူယွမ့်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေလျက်ကပင် အနည်းငယ်စိုစွတ်လာခဲ့ရသည်။ ဒီမြင်ကွင်းက လူတစ်ယောက်ရဲ့နှလုံးသားကို အနည်းငယ်ဆွဲဆောင်နိုင်စွမ်းရှိပေသည်။
“သူကနင့်ကို ယန်ဓာတ်အထူးပြုချီကျင့်ကြံခြင်းနည်းလမ်းကို ပေးခဲ့တယ်ဆိုတော့ ငါကလည်းနင့်ကို ယင်ဓာတ်အထူးပြုချီကျင့်ကြံခြင်းနည်းလမ်းတစ်ခု ပေးရမှာပေါ့…” ယောင်ယောင်က ပြုံးလျက်ပြောလိုက်ကာ သူမရဲ့ခါးမှာချိတ်ဆွဲထားသည့် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းစာလိပ်တစ်ခုထုတ်ယူလိုက်ပြီး စုယုဝေကိုပေးလိုက်သည်။ ကျောက်စိမ်းစာလိပ်ထံမှ အေးစက်တဲ့အရှိန်အဝါတစ်ခု ထုတ်လွှတ်နေလျက်ရှိပေသည်။
“ဒါက ရေခဲမြူကျင့်စဉ်ဖြစ်ပြီးတော့ အဆင့် ၄ရေခဲမြူချီကို ကျင့်ကြံနိုင်တယ်…”
စုယုဝေက အနည်းငယ်တုန့်ဆိုင်းသွားခဲ့ရပြီး ဇူယွမ့်ကိုကြည့်လိုက်သည်။ ဇူယွမ်က ခေါင်းညိတ်ပြလိုက်တာကို မြင်လိုက်ရသည့်အတွက် သူမကကျောက်စိမ်းစာလိပ်ကို လက်ခံလိုက်ပြီး ကျေးဇူးတင်စွာဖြင့်ပြောလိုက်သည်… “ကျေးဇူးတင်ပါတယ် အစ်မကြီးယောင်ယောင်…”
ယောင်ယောင်က အလေးအနက်မထားစွာဖြင့် ပြန်ပြောလိုက်သည်… “ဒါက အဆင့် ၄ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲရှိတယ်… နင်ကနောက်ပိုင်းမှာ ပိုပြီးသန်မာလာတဲ့အခါ ဒီထက်ပိုပြီးအဆင့်မြင်တဲ့ ယင်နဲ့ယန်ချီကျင့်ကြံခြင်းနည်းလမ်းတွေကို ကြိုးစားပြီးရှာဖွေသင့်တယ်…”
“ဒါပေမဲ့လည်း နင့်အနေနဲ့သေချာမှတ်ထားရမှာက တစ်ခုနဲ့တစ်ခုညီမျှမှုရှိဖို့က အဓိကပဲ… တကယ်လို့တစ်ခုနဲ့တစ်ခုသာ ညီမျှမှုမရှိခဲ့ဘူးဆိုရင် ယင်နဲ့ယန်က ရှုပ်ထွေးသွားလိမ့်မှာဖြစ်ပြီးတော့ နင်ကဒါရဲ့အကျိုးဆက်တွေကို ခံစားရလိမ့်မယ်…”
စုယုဝေက လျင်မြန်စွာပင်ခေါင်းညိတ်ပြလိုက်သည်… “ငါဒါကို သေသေချာချာမှတ်ထားလိုက်ပါ့မယ် အစ်မကြီးယောင်ယောင်…”
မိန်းမလှလေးနှစ်ယောက်ကို ဘေးမှရပ်ကြည့်နေရခြင်းက ဇူယွမ့်အတွက် များစွာပျော်ရွှင်စရာကောင်းလှသည်။ တစ်ယောက်ကကြော့ရှင်းရည်မွန်ကာလှပသလို နောက်တစ်ယောက်ကလည်း အနည်းငယ်အေးတိအေးစက်နိုင်သော်ငြား နူးညံ့သိမ်မွေ့ကာလှပပေသည်။ ၎င်းက ကောင်းကင်ပေါ်မှာထွန်းလင်းတောက်ပနေသည့် စန္ဒာလမင်းနဲ့ ကြယ်တာရာလေးတွေကို ကြည့်နေရသည့်အလား စိတ်ချမ်းသာစရာကောင်းလှသည့်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
သို့ပေမဲ့လည်း သူ့အနေနဲ့ ဒီထက်ပိုပြီးမကြည့်ရသေးခင်မှာပင် ယောင်ယောင်၏တောက်ပတဲ့မျက်လုံးတွေက သူ့ထံသို့ရောက်ရှိလာခဲ့ရ၏။
“နင်က ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံးကို ကျွမ်းကျင်သွားပြီမို့လို့လား…”
ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ်ရဲ့ခေါင်းကစိတ်ပျက်စွာဖြင့် တစ်ဖက်သို့လှည့်သွားခဲ့ရပြီး မှော်စာလုံးကိုဆက်လက်လေ့လာနေလိုက်သည်။
စုယုဝေက ဇူယွမ်ရဲ့ရှုံ့မဲ့သွားခဲ့ရသည့်မျက်နှာကိုမြင်လိုက်ရတဲ့အခါ မထိန်းချုပ်နိုင်ခဲ့ဘဲ သူမရဲ့ပါးစပ်ကိုအုပ်ကာ အသံမထွက်အောင်ရယ်လိုက်မိသလို ယောင်ယောင်ရဲ့နှူတ်ခမ်းထောင့်စွန်းကလည်း အနည်းငယ်တွန့်ကွေးသွားခဲ့ရသည်။ ရထားလုံးထဲမှာ အရမ်းကိုလှပတဲ့မျက်နှာလေးနှစ်ခုက အလွန်အမင်းတောက်ပနေလျက်ရှိလေတော့သည်။